တွေးမိတွေးရာ ရေးမိရေးရာ စာလေးများ
တွေးမိတွေးရာ
ရေးမိရေးရာ စာလေးများ
ကျွန်တော် (၂၀၁၅) ဇွန်လပိုင်းထဲမှာ
ရေးခဲ့တဲ့ ဝတ္ထုတိုလေးဟာ ဒီနေ့(၂၀၁၇) ဇွန်လထဲမှာပဲ ပုံနှိပ်စာမျက်နှာထက်ကို ရောက်လာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီဇာတ်လမ်းလေးထဲက ဇာတ်ဆောင်အသက်ဟာ (၃၆)နှစ်ဆိုပြီး ဖွဲ့ထားသလို
ကျွန်တော့်အသက် (၃၆)နှစ်ပြည့်တဲ့လထဲမှာပဲ ပုံနှိပ်ခံရတာလည်း တိုက်ဆိုင်မှုပါ။ ဇာတ်ဆောင်တစ်ယောက်လို
အောင်မြင်မှုမရသေးတာက တစ်ပိုင်းပေါ့။ အဲဒီ ဝတ္ထုတိုလေးကို ကျွန်တော်မွေးနေ့ ဇွန်လ(၉)ရက်နေ့မှာ
တင်ပေးပါ့မယ် သူငယ်ချင်းတို့။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး။
အဲဒီဝတ္ထုတိုလေး ရေးဖြစ်သွားပုံက မျက်လုံးလှတဲ့
ညီမငယ်တစ်ယောက်ကို မြင်ပြီး ရေးဖြစ်သွားတာပါ။ ရေးမယ် စိတ်ကူးတုန်းက မျက်လုံးအကြောင်း
အက်ဆေးလေးပါ။ နောက်တော့ ဝတ္ထုတိုလေးအဖြစ် ပုံဖော်ဖြစ်လိုက်တယ်။ အဲဒီ ညီမငယ်ကိုလည်း အက်ဆေးတင်ဖြစ်တဲ့အခါ
သူ့ရဲ့မျက်လုံး(Photo) လေးတင်ချင်ကြောင်းနဲ့ ဓာတ်ပုံရိုက်ထားချင်ကြောင်းပြောပြီး ခွင့်တောင်းဖြစ်ခဲ့တယ်။
အွန်လိုင်းမှာဖြစ်ဖြစ်၊ မိုဒယ်လ်တွေထဲမှာဖြစ်ဖြစ် မျက်လုံးလှသူတွေ အများကြီးပါ။ ကျွန်တော့်စာအတွက်
သီးသန့်ဘယ်သူမှ မသုံးရသေးတဲ့ ဆိုလိုတာက ဒီစာအတွက် ဒီပုံသီးသန့်ဖြစ်ချင်တဲ့ ခံစားချက်မျိုးပါ။
သူကလည်း ခွင့်ပြုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ကျွန်တော် မရိုက်ဖြစ်လိုက်ဘူး။
စာကိုတော့ ရေးဖြစ်သွားတယ်။
ကျွန်တော် လူတစ်ယောက်ကိုကြည့်ရင် ဆစ်ပိုင်းကြည့်တတ်တယ်။
အဲဒါလည်း ညီငယ်တစ်ယောက်ကြောင့်ပါ။ သူက ပြောတယ်။ အစ်ကိုဖွဲ့တာတွေက ရိုးစင်းလွန်းတယ်။
လှတဲ့မိန်းကလေးတွေကို သေချာကြည့်ပါ။ မှတ်သားပါတဲ့။ သူ့အကြံပေးချက်က ကျွန်တော့်အတွက်
အထောက်အကူဖြစ်ပါတယ်။ သူပြောသလို လှတဲ့မိန်းကလေးတွေ သေချာကြည့်တဲ့ နည်းတော့ မဟုတ်ဘူး။
အရာရာတိုင်းကို အမှတ်တမဲ့ မနေဖြစ်အောင် သတိထားလိုက်တာမျိုးပါ။ သူပြောသလိုသာ လိုက်လုပ်ကြည့်ရင်
ကိုယ်တွေ ဖရုံသီးဖြစ်သွားမှာပေါ့။ ကိုယ့်ဝန်းကျင်မှာရှိတဲ့အရာတွေကို ပိုအလေးထားလိုက်တယ်။
အဲဒီတော့ လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ကိုယ်စီရှိတယ်ဆိုတာ မြင်လာတော့တာပေါ့။
လူတိုင်းမှာ အလှကိုယ်စီရှိတယ်ဆိုတာလည်း သိလာရဲ့။
သိပ်လှတယ်လို့ လူပြောများတဲ့ မိန်းကလေးတစ်ယောက်ကို
တွေ့လိုက်ပြီဆိုပါစို့။ သူဘာလှတာလဲ ဆံပင်လား၊ မျက်လုံးလား၊ မျက်နှာလား၊ အပြုံးလား စသဖြင့်ခွဲခြားမိတော့တယ်။
နောက်ပြီး သိပ်မလှဘူးပြောကြတဲ့သူတွေကြည့်မိပြန်ရင် တစ်ခုခုလှနေတာကို တွေ့ရပြန်ရော။
တချို့ကျတော့ စိတ်ထားလေးက လှနေပြန်ရော။ အဲလိုသူတွေကတော့ ရုတ်တရက်မြင်ရုံနဲ့ မသိပါဘူး။
သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေ မြင်လာတာများမှပေါ့။
တချို့တွေက သိပ်လှတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်
လှမှန်းသိရင် မာနတွေဘာတွေကြီးလာတတ်တယ်။ မယုံသိပ်လှတဲ့ ကောင်မလေးတွေကြည့်။ သူတို့ပေါင်းတဲ့
သူငယ်ချင်းထက်လှနေရင် သူတို့ရဲ့ ပြုမူပြောဆိုပုံတွေကို သတိထားကြည့်။ တွေ့လာလိမ့်မယ်။
ကျွန်တော်က အဲလိုလေဒီလေးတွေဆို ဗီလိန်လုပ်ပစ်လိုက်တယ်။ ဆံပင်ရှည်ကြီးနဲ့ သိပ်လှတဲ့သူကို
ဆံပင်ဖျောက်ပြီး ကတုံးမလိုကြည့်လိုက်တဲ့အခါ သူရဲ့ တကယ့်အလှက ပေါ်လာရော။ (၂၀၀၀ ဝန်းကျင်က
ကျွန်တော် သဘောကျတဲ့ မမကြီးက ဆံပင်ရှည်ကြီးနဲ့ဗျ…)။ ကျောင်းတုန်းက ကျွန်တော်သဘောကျတဲ့
သူငယ်ချင်းမလေးနဖူးမှာ အမာရွတ်သေးသေးလေးရှိတာ ခုထိမှတ်မိသေးတယ်။ ကျွန်တော့်မဒီဆိုလဲ
ရှေ့သွားလေးပဲ့နေတာ ဟိုးတုန်းကတည်းကသိတယ်။ မေးကြည့်တော့ ကလေးတုန်းက ရေတုံကင်နဲ့ ခိုက်မိလို့
ပြောတယ်။ ပြောချင်တာက မြင်မြင်သမျှ အလေးမထားမိပေမယ့် တစ်ခုခုကိုတော့ သတိထားမိသွားတတ်တယ်လို့
ဆိုချင်တာပါ။ အဲဒီလိုနဲ့ ကျွန်တော်ချစ်တဲ့ အက်ဆေးလေးတွေ၊ ဝတ္ထုတိုလေးတွေက ပိုပြီးသက်ဝင်လှပလာတယ်လို့
ထင်ပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
အခုဆိုရင် ကျွန်တော့်စာမူလေးတွေ မဂ္ဂဇင်းစာမျက်နှာထက်ပါလာရင်
ဖတ်ပေးတဲ့ ချစ်ဇနီးတစ်ယောက် ရှိတယ်။ (သူက မဂ္ဂဇင်းမှာပါမှ ဖတ်ပေးချင်တာ၊ လက်ရေးစာမူ
ဒါမှမဟုတ် ကွန်ပြူတာစာစီထားလို့ကတော့ နိုးပဲ။ စိတ်ကြည်တဲ့အခါ မုန့်ကျွေးပြီး ဖတ်ခိုင်းမှရတာ။
ဆောင်းပါးဆိုလို့ကတော့ ဘယ်မှာပါပါ ကိုင်ကိုမကြည့်တာ။ ဆောင်းပါး စာမူခကျ သူ့မပေးဘူးဆိုပြီး
နားလည်မှုယူထားလို့လေ။) ကျွန်တော်ရေးတဲ့ အသည်းကွဲရာသီကိုဖတ်ပြီး ဖေဖေက အသည်းကွဲနေတာလားဆိုတဲ့
သားကြီးကောင်းဇေယျာလင်း ရှိတယ်။ သူကတော့ ပန်းချီဝါသနာပါသတဲ့။ ကျွန်တော့်ရဲ့ အေဖိုးစာရွက်တွေတောင်းပြီး
ပန်းချီဆွဲတယ်။ ဆိုင်းထိုးတော့ ကောင်းကလေး တဲ့။ နောက် သားငယ် ကောင်းသုတ ကျတော့ ဖေဖေက
ရှဥ့်ညိုလေးနော…ရှဥ့်ညိုလေးနော ဆိုပြီး ခဏခဏပြောတတ်တယ်။ အဲလိုသားလေးတွေလည်း ရှိတယ်။
ဆရာရှဥ့် စာ ပါတယ်ဗျလို့ သတင်းကောင်းပေးတတ်တဲ့
ရေးဖော်ရေးဘက်တွေလည်း ရှိတယ်။ ကျွန်တော် အက်ဆေးတချို့၊ ဝတ္ထုတိုတချို့၊ ကဗျာလိုလို စာစုလိုလိုလေးတွေကို
ဖတ်ပေးတတ်ကြတဲ့ ပေ့ခ်ျထဲက သူငယ်ချင်းတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် တွေးမိတွေးရာတွေးရင်း
ခင်ဗျားတို့ကို ချစ်တဲ့အကြောင်း ရေးမိရေးရာ ရေးလိုက်တယ်ဗျာ။
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/
(၃.၆.၂၀၁၇
၈း၂၅မိနစ်)
Comments
Post a Comment