စာရေးသူနှင့် စာဖတ်သူ

စာရေးသူနှင့် စာဖတ်သူ

                   ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ကျွန်မတို့ဟာ ၀လုံးက စပြီး စာတွေရေးလာခဲ့ကြတာ ခုချိန်ထိဆို စာလုံးပေါင်းများစွာ ရေးခဲ့ကြပြီး .. ရေးနေကြဆဲ .. ဆက်လက် ရေးကြဦးလတ္တံ့ပေါ့။
ထိုနည်းတူစွာပါပဲ … က၊ ကာ၊ ကိ၊ ကီ ကအစပြုလို့ စာတွေ ဖတ်ခဲ့ကြတယ်၊ ဖတ်နေကြတယ် .. ဆက်လက်ပြီး တော့လည်း ဖတ်နေဦးမှာပါပဲ ..။
ဒါပေမဲ့ စာရေးတယ်ဆိုတဲ့နေရာမှာ ကိုယ့်အတွက်ကိုယ် ရေးခြင်း၊ တပါးသောသူ တဦးတယောက်အတွက်သာ ရေးခြင်းနဲ့ လူအများအတွက်ရေးခြင်း ဆိုပြီးတော့ အမျိုးမျိုးရှိနိုင်ပါတယ်။
ဒီနေရာမှာ အများအတွက် ရည်ရွယ်ပြီးရေးတဲ့ စာရေးသူ တယောက်ဆိုပါတော့။ သူဟာ အကြောင်းရာတခုကို ရိုးရိုးသာမန် အမြင်တခုနဲ့ရေးလိုက်ပေမဲ့ စာဖတ်သူတွေထဲမှာ သူနဲ့ထပ်တူ မြင်တဲ့သူ၊ သူ့ဆိုလိုရင်းကို မစေ့ငုမိတဲ့သူ၊ သူ့ထက်ပိုပြီး ကျော်လွန်အောင် တွေးတောနိုင်တဲ့သူ စသဖြင့် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
***
ကျွန်မတို့ ငယ်ငယ်က ဖတ်ခဲ့ ရေးခဲ့ အော်ဆိုခဲ့ကြတဲ့
.
ညအခါ
လသာသာ
ကစားမလား
နားမလား … ဆိုတဲ့ စာကြောင်းလေး ၄ ကြောင်းကို စဉ်းစားကြည့်မိပါတယ်။
.
ဒီစာကို ရေးတဲ့ မြန်မာစာပြဋ္ဌာန်းစာအုပ် ပြုစုတဲ့ ပညာရှင်တွေဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးခဲ့တာလဲ … ။
က - ကာ - ကား သင်ပြီးတဲ့အချိန်မှာ ဒီကာရန်တွေပါတဲ့ စာကြောင်းလေးတွေဖြစ်အောင်က တချက်၊ ကလေးတွေနဲ့လည်း စိမ်းမနေတဲ့ စကားလုံးတွေ ဖြစ်အောင်ကတချက် .. ဒီလိုတွေးတောစီစဉ်ပြီး ရေးခဲ့တယ်လို့ ယူဆပါတယ်။
.
ဖတ်သူအမျိုးမျိုးဘက်က စဉ်းစားကြည့်မယ်ဆိုရင်တော့ …
စာသင်ခါစ သူငယ်တန်းအရွယ် ကလေးတယောက်အနေနဲ့ ညရယ် လရယ် ကစားတာရယ် နားတာရယ် … ဒါကလွဲရင် တခြားဘာမှ သိမှာမဟုတ်ပါဘူး။ ကျွန်မတို့ သူငယ်တန်းဘဝကလည်း ညအခါ လသာသာကို ဘယ်လိုခံစားချက်မှ မရှိဘဲ ဆိုခဲ့ အော်ခဲ့ ဖတ်ခဲ့ ရေးခဲ့ကြပါတယ်။
.
နည်းနည်းလေးပိုတွေးတတ်ချိန်မှာတော့ …
သြော် … အချိန်အခါသည်ကား ည၊ ဘယ်လိုညလဲ .. လသာတဲ့ည၊ လသာသာ ညလေးတွေမှာ ကလေးတွေကို ကစားမှာလား .. နားမှာလား လို့ ရွေးချယ်ခိုင်းထားတဲ့ စာတပုဒ်ပဲ … ။
.
နောက် …. ဒီ့ထက်ပိုတွေးကြည့် ဖြစ်တယ်။
.
အရင်ခေတ်က ကလေးတွေဟာ လသာသာ ညဘက်တွေဆိုရင် အိမ်ရှေ့မြေတလင်းပြင်မှာ ပျော်ပျော်ပါးပါး ဆော့ကစားလေ့ ရှိကြတယ်၊ ဒါမှမဟုတ်လည်း အပူအပင်ကင်းစွာ အိပ်စက် အနားယူနိုင်ကြတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်နေတဲ့ အခုခေတ်မှာ ကလေးတွေဟာ လသာတဲ့ညတွေကို သတိပြုမိကြပါရဲ့လား။ အိမ်ရှေ့မြေတလင်းပြင်မှာရော ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ကြရဲ့လား။ အပူအပင်ကင်းစွာ အိပ်စက်အနားယူနိုင်ကြရဲ့လား။
.
တိုးတက်နေတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကြားမှာ ပျော်မွေ့နေကြတဲ့ ကလေးတွေ … ။
များပြားလှတဲ့ ကျောင်းစာ ကျူရှင်စာတွေ အောက်မှာ နစ်မြုပ်နေကြတဲ့ ကလေးတွေ … ။
ဒါမှမဟုတ်လည်း နေထိုင်စားသောက်ရေးအတွက် ရုန်းကန်ရင်း နောက်တနေ့မိုးအလင်းအတွက် စိတ်ပူပန်မှုများစွာနဲ့ ကစားဖို့ဝေးစွ အအိပ်ခက်နေကြရှာတဲ့ ကလေးတွေ …. ။
ခေတ်အခြေအနေ ပြောင်းလဲ သွားတာနဲ့အမျှ ညအခါလေးတွေမှာ လသာသာရှိပေမဲ့ ကလေးတွေဟာ ကစားလည်း မကစားနိုင် နားလည်း မနားနိုင် ရှာကြတော့ပါလား … ။
… … …
… … …
***
ဒါဟာ ဥပမာ တခုပေးကြည့်တာပါ။
.
နောက်တခုဥပမာပေးရရင် ဆရာကြီးဦးတင်မိုးရဲ့ ဧည့်သည်ကြီးကဗျာ ပါ။ ဒီအကြောင်းက ရေးပါများ ပြောပါများလို့ အားလုံးသိပြီးသား ဖြစ်နေပါပြီ။ ဆိုလိုတာကတော့ စာရေးသူတယောက်ဟာ ဘာရယ်မဟုတ် ရေးလိုက်တဲ့ စာတပုဒ်ဟာ ဖတ်သူအမျိုးမျိုးက ရှုဒေါင့်အသီးသီးကနေ ခံစားခွင့်ရှိတယ်။ ခံစားနေကြတယ်ဆိုတာပါပဲ။
.
စာပေရဲ့ အရှိန်အ၀ါဟာ အင်မတန်ကြီးပါတယ်၊ ဝီလျံရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက် ပြဇာတ်ရဲ့ လွှမ်းမိုးမှုကြောင့် အသက်ဆုံးပါးသွားကြတဲ့ ချစ်သူစုံတွဲတွေ ရှိခဲ့ဖူးတယ်။ ထိုနည်းတူစွာ မြန်မာစာပေလောကမှာလည်း လက်မထပ်ဘဲ အတူနေခြင်းကိစ္စကြောင့် အငြင်းပွားမှုလေးတွေ တချိန်က ရှိခဲ့ဖူးတယ်။
.
တချို့သော စာဖတ်သူတွေဟာ စာလုံးတွေမှာတင် ရပ်မနေကြပါဘူး။ စာလုံးတွေရဲ့ နောက်ကွယ်ကိုပါ ဖြန့်ထွက်တွေးတတ်ကြပါတယ်၊ ဖြန့်ကျက်တွေးတတ် ကြပါတယ်။ ဒီလိုတွေးမှလည်း စာတပုဒ်ရဲ့ အနှစ်သာရ ဆိုတာ ခံစားတတ်မယ် မဟုတ်လား။ ဒါပေမဲ့ ဒီလိုတွေးရင်းနဲ့ အဓိပ္ပါယ်ကောက်လွဲပြီး အတွေးချော် သွားတတ်တာမျိုးလည်း ရှိနိုင်တာမို့ စာရေးသူက အလွန်သတိထားရပါတယ်။
.
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က သူ့စာအုပ်အဖွင့်စာမျက်နှာလေးတွေမှာ …
ငါ့စာဖတ်၍
မမြတ်တိုင်စေ
မရှုံးစေသား … လို့ ရေးသားလေ့ရှိပါတယ်။
ဒါဟာ ဆရာကြီးရဲ့ စေတနာကို ဖော်ပြနေတာပါပဲ။ ကိုယ့်စာဖတ်လို့ တစုံတရာရသွားစေတယ်ဆိုရင် အမြတ်ပေါ့၊ မှားယွင်းတဲ့ အတွေးအခေါ် ၀င်သွားစေတယ်ဆိုရင် စာဖတ်သူမှာ အရှုံးပေါ့၊ သာမန်ကာလျှံကာဖတ်လို့ ဘာမှမရလိုက်လည်း အရင်းပဲပေါ့။ ဆရာကြီးဟာ သူ့စာဖတ်ပရိသတ်ကို သူ့ကြောင့် မရှုံးစေရပါဘူး။ အရင်းလောက်တော့ ကျန်စေချင်တဲ့ ဆန္ဒရှိပါတယ်။
.
ဆရာသုမောင်ကလည်း သူ့ကွမ်းစကား စာအုပ်မှာ ပြောထားပါသေးတယ်၊ ကွမ်းစားတာက အရည်လည်း ထွေးပစ်ရသလို အဖတ်လည်း မြိုချလို့မရပါဘူး။ ဒါပေမဲ့ လူတွေဟာ အရသာတခုအတွက် ကွမ်းစားနေကြတယ်၊ ဒီလိုပါပဲ .. သူ့စာကိုဖတ်တဲ့သူတွေဟာ အရည်မရ အဖတ်မရသည့်တိုင်အောင် ရသ တခုခု ပေးနိုင်တယ်ဆိုရင်ဖြင့် သူကျေနပ်ပါတယ် … တဲ့။ ဒီမှာလည်း ဦးသုမောင်ရဲ့ စေတနာကိုမြင်ရပါတယ်။
.
ဆရာကြီး ဦးရွှေအောင်ကတော့ စာဖတ်နည်းကို ခုလို ပြောထားပါတယ်။
.
“စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။ အဲဒီထဲက S ဆိုတာကတော့ Situation ခေတ်၏အခြေအနေလို့ အကြမ်းဖျင်းအနက်ရတယ်။ I ဆိုတာကတော့ Intention စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ စေတနာဖြစ်တယ်၊ M ဆိုတာကတော့ Matter အကြောင်းအရာဖြစ်တယ်၊ A ဆိုတာကတော့ Approach ချဉ်းကပ်နည်း ဖြစ်တယ်။ ယခုခေတ်ကတော့ ဇောင်းပေးခြင်းလို့ဆိုတယ်။ C ကတော့ Consistency အကြောင်း အကျိုး သို့မဟုတ် ရှေ့နှင့်နောက် ဆီလျော်ခြင်း သို့မဟုတ် ညီညွတ်ခြင်း ဖြစ်တယ်။
.
အဲဒီတော့ စာတပုဒ်ကို ဖတ်ရင်ဖြစ်စေ ရေးရင်ဖြစ်စေ ဒီအင်္ဂါ (၅) ချက်ကို တွေ့အောင် ရှာရတယ်။ ဒီအင်္ဂါ (၅) ချက်ကလဲ ပေါ်ထင်ကြီးတော့ ရှိမနေရဘူး။ ပေါ်ထင်ကြီးရှိနေပြန်ရင်လဲ ဒေါသ သင့်တယ်လို့ဆိုပါတယ်။ ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက် ရှိရမယ်၊ ဒါမှ ဂုဏ်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီ (၅) ချက်ထဲကမှ အရေးအကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲဖြစ်တယ်။”
***
ကျွန်မတို့ဟာ စာတွေ ဖတ်နေကြပါတယ်၊ စာတွေလည်း ရေးနေကြပါတယ်။
နှစ်ပေါင်းများစွာ ကြာခဲ့ပါပကော … ။
.
ဒါပေမဲ့ ...
တကယ်ရော စာဖတ်တတ်ပြီလား … တကယ်ရော စာရေးတတ်ပြီလား …
ကျွန်မ ကိုယ့်ကိုယ်ကို မေးကြည့်ရင်းသာ တွေးနေမိပါတော့တယ်။
***

မေတ္တာဖြင့်
မေဓာဝီ

25.1.07
2:30 pm
(လွန်ခဲ့တဲ့ ၁၀ နှစ်က ဘလော့မှာ တင်ခဲ့တဲ့ စာကို အနည်းငယ်ပြင်ပြီး ပြန်တင်လိုက်ပါတယ်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း