စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လိုအပ်နေပြီ

စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လိုအပ်နေပြီ 

ကလောင်အမည်=မောင်ခင်မင် (ဓနုဖြူ)

                       စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လိုအပ်နေပြီ ဆိုသူ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)စက်တင်ဘာ ၈ ရက် စာတတ်မြောက်ရေး နေ့အတွက် ပေါ်ပြူလာ ဂျာနယ်က အသိပညာရှင်၊ အတတ်ပညာရှင် တစ်ဦးဖြစ်သော၊ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန၊ ပါမောက္ခ (ငြိမ်း) ဒေါက်တာ ခင်အေး (ခ) စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) အား တွေ့ဆုံမေးမြန်း ခဲ့ရာ..
“ခုလို စာတတ်မြောက်ရေးနေ့ ကျင်းပတာ သိပ်ကောင်းတဲ အစဉ်အလာပါ။ အခုဆို နှစ် ၅ဝလောက် ရှိပြီပေါ့။ နှစ်တိုင်းနှစ်တိုင်း စက်တင်ဘာ ၈ ရက်နေ့ကို စာတတ်မြောက်ရေးနေ့ အဖြစ် သတ်မှတ်တာ၊ အရင် လှုပ်ရှားခဲ့တဲ့ လူတွေ ခေါင်းဆောင်တွေကို ဂုဏ်ပြုရာ ရောက်တာပေါ့။

အရင်တုန်းကတော့ “အ” သုံးလုံးလို့ ခေါ် တယ်။ စာ အရေးအသားအဖတ် အရွတ်တွေ တတ်မြောက်အောင် လုပ်ဆောင် ပေးသင့်တယ်။ အရင် ပညာရေး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ဆရာမများက “စာ တတ်မြောက်ရေး လှုပ်ရှားမှု”ကို “စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု” လို့ခေါ်ကြတယ်။ ခုမှ စာ တတ်မြောက်ရေး လှုပ်ရှားမှု ဆိုပြီး ပြောင်းပြန်ပြန် ခေါ်ကြတာပါ။

စာတတ်ရင် ကိုယ့်အကျိုး ကိုယ့်မိသားစု အကျိုး ကိုယ့်ပတ်ဝန်းကျင် အကျိုး ကိုယ့်မြို့နယ် အကျိုး အဆင့်ဆင့် အတွက် ကောင်းတာ ပေါ့။ စာမတတ် ရင် အသိ အမြင်တွေ နည်း သွားကြမယ်လေ။ မြန်မာပြည်မှာ အများ စုက စာမတတ် ကြဘူး။ အသိအမြင်တွေက စာမတတ်တဲ့ အခါကျတော့ နှောင့်နှေးသွားတာ ပေါ့။ မြို့ပေါ်က လူတချို့ပဲ စာတတ်ကြတာပါ။ နိုင်ငံခြားရောက်ပြီး ဘွဲ့လွန် ယူကြပေမယ့် မြို့ ပေါ်မှာပဲ စာမတတ်တဲ့လူတွေ အများကြီး ရှိပါသေးတယ်။ နယ်တွေဆို ပိုပြီးတော့ များတာပေါ့။ တစ်နေ့လုပ် တစ်နေ့စား ဒီလိုဘဝတွေ အများကြီး ရှိပါသေးတယ်။ ဒါတွေက ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုးတွေ ဖြစ်တဲ့အတွက် စာတတ်အောင် လုပ်ဆောင်ပေး သင့်တယ်။

ကိုယ်တစ်ယောက်တည်း တတ်ပြီး တခြားနိုင်ငံမြို့များ ရောက်ဖို့အတွက် မဟုတ်ဘဲ ကိုယ့် တိုင်းပြည် လူမျိုးများအတွက်လည်း လိုအပ်တဲ့ နေရာမှာ ပါဝင်ပေး သင့်တယ်။ စာမတတ်ရင် စာငတ်တယ်။ စာငတ်ရင် အသိအမြင် ငတ်မယ်။ စာမတတ်ရင် ခြောက်နေတဲ့ သစ်ပင်နဲ့ အတူတူပဲလေ။ အရင်တုန်းက ပညာရေး အတွက် လုပ်ဆောင်နေတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသား၊ ဆရာမတွေ စာသင် ကြားပေးတာတွေ အခုဆိုရင် ရာဇဝင်တွင် သွားပြီ။ စာတတ်မြောက်ရေးနေ့ တစ်နေ့တည်း အမှတ်တရ လှုပ်ရှားတာမျိုး မဟုတ်ဘဲ နေ့စဉ် နေ့တိုင်း လှုပ်ရှားဖို့ လိုအပ်တယ်။ အမြဲတမ်း နိုင်ငံနဲ့ လူမျိုး အတွက် လှုပ်ရှားပြီး တိုးတက်လာတဲ့ စာတတ်မြောက်တဲ့ လူတော် လူငယ်လေးတွေဖြစ်လာပါစေ” ဟု စာတတ်မြောက် ရေးနေ့ ကျင်းပခြင်း၏ အကျိုးကျေးဇူး များကို ရှင်းလင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စာတတ်မှ နိုင်ငံဖွံ့ဖြိုးတယ် ဆိုတဲ့စကား နဲ့အညီ လက်ရှိ မြန်မာပြည် ရဲ့အနေအထား အခြေအနေအရ ဆရာရဲ့အမြင်ကို မေးကြည့် တဲ့အခါမှာ..
“လူဦးရေ အတိအကျတော့ မပြောနိုင်ပေမယ့် ယေဘုယျအားဖြင့် တော်တော် လုပ်ဆောင်လာကြတယ်။ အရင်ကလို မဟုတ်ဘဲ အခွင့်အရေးတွေ ပေးပြီး လှုပ်ရှားလာ ကြတဲ့ အတွက် တိုးတက်လာပါပြီ။ ပညာရေး ဝန်ကြီး ဌာန ကလည်း လုပ်လာတယ်။

အဖွဲ့အစည်း တွေလည်း လုပ်လာကြတယ်၊ ပိုပြီး ကောင်းလာတဲ့ အစီအစဉ်ပါ။ အခုနောက်ပိုင်း ခက်တာက စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လုပ်ပေးရ မလိုဖြစ်နေပြီ။ မြို့ပေါ်က လူငယ်တွေဆို စာဖတ်တတ်တယ်။ ဒါ ပေမဲ့ စာမဖတ်ကြဘူး။ ခုခေတ်အနေအထား က စာတတ်တာ ၁ဝဝရာခိုင်နှုန်းမှာ စာမဖတ်ကြတာ ၉ဝရာခိုင်နှုန်း ဖြစ်နေတယ်။ ဒါတွေလည်း လုပ်ပေးဖို့လို လာပြန်ရော။ စာတတ်ရဲ့ သားနဲ့ စာမဖတ်တာကတော့ လူဖြစ်ရှုံးတာပေါ့။ စိတ်မကောင်းစရာလည်း ဖြစ်တာပေါ့။ ဥပမာ- တစ်ခုပြောပြချင်တယ်။ ဂျပန်နိုင်ငံ ဆိုရင်ဖွံ့ဖြိုး တိုးတက် တဲ့နိုင်ငံ။ ဒါပေမဲ့ သူတို့တွေ စာကို တအားဖတ်တယ်။ ကွန်ပျူတာ၊ အင်တာနက် ကိုယ်တို့နိုင်ငံထက် အများကြီး ပိုအားသန်တယ်။

ပျော်စရာရွှင်စရာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ စာတအား ဖတ်ကြတယ်။ ထွက်သမျှ စာအုပ်တွေကို အချိန်တို အတွင်းမှာ ဂျပန်လို ဘာသာပြန်ကြတယ်။ စာ ကိုခုံမင်တဲ့ အတွက်၊ ချစ်တဲ့အတွက် သူတို့တွေဟာ တိုးတက်ပြီးရင်း တိုးတက်လေပဲလေ။ ကိုယ် တို့နိုင်ငံမှာကော ဒီလိုလုပ်လို့ မရဘူးလား။ စာ ဆိုတာ ဘာစာပဲဖြစ်ဖြစ် အားလုံး ကောင်းကျိုးရှိတယ်။ အဓိပ္ပာယ်ကောက် မလွဲဖို့သာ အဓိက ပဲ။

မြန်မာပြည် အနေအထားက တိုးတက်လာပြီ။ စာဖတ်စရာ မလိုဘူးလို့ တချို့တွေက ပြောကြ၊ ထင်ကြမယ်။ ဒါပေမဲ့ စာဆိုတာ မသေနိုင်တဲ့ အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေကို ပေးနိုင်တယ်။ လူတွေ၊ ခေတ်တွေ သေကြေ ပြောင်းလဲကြပေမယ့် “စာ” ကတော့ ဘယ်တော့မှ သေမှာ မဟုတ် သလို၊ ခေတ် တွေ အဆက်ဆက်ကို ပြန်ပြောပြနိုင်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်တယ်လို့ ဆရာ ယုံကြည်တယ်။

ဒါ ကြောင့် စာမဖတ်တဲ့ လူတွေကို ကိုယ်လိုစာ တတ်မြောက်နိုင်အောင် ကိုယ်တတ်စွမ်းတဲ့ အစွမ်းအစနဲ့ ပါဝင်စေချင်တယ်။ဒါမှ မြန်မာပြည်က ဖွံ့ဖြိုးပြီး တိုးတက်လာမှာပေါ့။ တော၊ တောင် ပင်လယ်ထဲက စာမတတ်၊ ပေ မတတ်တဲ့ ကလေး ငယ်တွေ အများကြီး ရှိပါသေးတယ်။ ကူညီ လက်ဆင့် ကမ်းစေလိုပါတယ်”ဟု ပြောပြခဲ့ပါတယ်။ စာတတ်မြောက်ရေး အတွက် လုပ်ဆောင်ပေးတဲ့ အစိုးရအဖွဲ့ အစည်းနဲ့ တခြား အဖွဲ့အစည်းကို ဆရာ့အနေနဲ့ ဘယ်လို အကြံပေးချင်ပါသလဲလို့ မေးမြန်းတော့” “စာ” နဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့ အဖွဲ့တွေကို အကြံပေးချင် တာထက် ပြောပြ ချင်ပါတယ်။

ကလေးလူငယ်တွေကို စာဖတ်ချင်စိတ် ပိုရှိလာအောင် ဘယ်လိုအရင် စွမ်းဆောင်မလဲဆိုတာ နည်းအမျိုးမျိုး တီထွင် စေချင်တယ်။ စာဖတ်ချင် စိတ်ရှိမှ စာတတ်မှာပါ။ စာတတ်မြောက်ရေး အတွက် မိဘတွေ ကလည်း သားသမီးတွေကို ကျောင်းစာ တစ်ခုတည်း မဟုတ်ဘဲ အပြင် ဗဟုသုတ စာတွေကို ပါ ပေးဖတ်စေ ချင်တယ်။ “စာတတ် မြောက်ရေးနေ့” လုပ်ဆောင်သလို “စာမဖတ်သူ ပပျောက်ရေးနေ့”လည်း ဖြစ်သွားတာပေါ့” ဟု ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့သည်။

Source by :www.yoyarlay.com/

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း