အသည်းကွဲရာသီ



 အသည်းကွဲရာသီ

        ကျွန်တော် သိပ်ချစ်ရသည့် ကောင်မလေးကို ညိုဟုခေါ်သည်မှာ သူမ၏ အမည်ကြောင့်ပင် ဖြစ်သည်။ သူမ၏ သူငယ်ချင်းများက ညိုမီဟု အဖျားဆွတ်ခေါ်ကြသော်လည်း ကျွန်တော်ကတော့ ချစ်သူတစ်ဦး၏ အခွင့်အရေးကို အသုံးချကာ ညိုဟုသာ တစ်လုံးတည်း အဖျားဆွတ်ခေါ်သည်။
သူမ၏နာမည်အပြည့်အစုံမှာ သုံးလုံးဖြစ်သော်လည်း ထိုသုံးလုံးကို အပြည့်အစုံခေါ်လိုက်သည့်အခါ
ကိုယ်တိုင် စစ်ကြိုခေတ်ကို ရောက်သွားသလိုခံစားရသည်။ ထိုနာမည်မျိုး ရွေးချယ်ပေးတတ်သည့် ယောက္ခမကြီး နှစ်ဦးကိုလည်း အံ့အားသင့်မိသည်။ ထိုထက်ပို၍ အံ့အားသင့်မိသည်မှာ ချောမောလှပသည့် သမီးတစ်ဦးကို မွေးထုတ်ပေးလိုက်သည့် ယောက္ခမကြီးကိုပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယောက္ခမကြီးနှစ်ဦး ကိုလည်း ကျေးဇူးတင်ပါသည်။ ကျွန်တော့်အတွက် ချစ်သူချောချောလေးကို မွေးထုတ်ပေးလိုက်၍ဖြစ်သည်။
          စစ်ကိုင်းသူလေးညိုသည် အဝေးသင်တက်ရင်း ကျွန်တော်တို့ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် နေခြင်းဖြစ်သည်။ သို့သော် သူမကို စတင်တွေ့သည်မှာ တက္ကသိုလ်နားရှိ  လက်ဖက်ရည်ဆိုင် တစ်ခု တွင်ဖြစ်သည်။ ညနေခင်းတစ်ခုမှာဖြစ်သည်။  တိတိကျကျဆိုရပါလျှင် ကျောက္ကာလမ်းမကြီးဘေးရှိ ယူနိုက်တက်လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သူငယ်ချင်းတစ်အုပ်နှင့်ဝင်လာသည့် ညိုကိုသတိထား မိခြင်းဖြစ်သည်။ အားလုံးထဲတွင် ညိုက ဆံပင်အရှည်ဆုံးဖြစ်သည်။ ထို့အတူ အသံတိတ်ဆုံးလည်း ဖြစ်သည်။ ဆူညံနေသည့် သူမတို့အုပ်စုထဲမှ သူမအသံကို အားစိုက်နားထောင်နေသည့်ကြားမှပင် သိပ်မကြားရ။ ဆူညံနေသည့် ကျွန်တော့်ရင်ခုန်သံကြောင့်လည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုညနေခင်းလေးသည့် ကျွန်တော့်အတွက် အလှပဆုံးသော ညနေခင်းတစ်ခုဖြစ်ခဲ့သည်။
          ကျွန်တော်က ညနေခင်းလေးတွေကို ချစ်သူဖြစ်သည်။ လူတစ်ယောက်အတွက် နေ့တစ်နေ့၏ တာဝန်များပြီးဆုံး၍ လွတ်လပ်ပေါ့ပါးသွားသောအချိန်၊ နောက်ရက်များအတွက် အနားယူရင်းအားသစ် တစ်ဖန် ပြန်မွေးသောအချိန်၊ နေ့ခင်းနေ့လည်လောက် အပူရှိန်မပြင်းတော့ဘဲ လေပြေလေညှင်းတိုက်ခတ် ချိန်…။ သည်အချိန်ပိုင်းလေးသည် ကျွန်တော့်အတွက်တော့ မြတ်နိုးနှစ်သက်ဖွယ်ပင်ဖြစ်သည်။ ထိုင်နေကြ လက်ဖက်ရည်ဆိုင်လေးထဲမှာ ပေါ့ဆိမ့်တစ်ခွက်နှင့် စီးကရက်ခဲရင်း နေဝင်ချိန်ကို ငေးရီရသည်မှာ မပြီးဆုံးသေးသည့် ပန်းချီကားတစ်ချပ်ကို စိတ်နှစ်ခံစားရသည့်နှယ် ဘယ်သောအခါမှ ရိုးအီမသွားခဲ့သည်မှာ သေချာသည်။
          ထိုပန်းချီကားထဲသို့ သက်ရှိပန်းချီလေးညိုဝင်ရောက်လာသောအခါ အရာရာပြီးပြည့်စုံသွားသည်။ သက်ရှိပန်းချီလေး မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်သည့်အခါ၊ ရှေ့ကိုကျလာသည့် ဆံနွယ်တို့ကို သွယ်လျသည့် လက်ချောင်းတို့ဖြင့်သပ်တင်လိုက်သည့်အခါ၊ သူငယ်ချင်းတွေ ယိမ်းထိုးကာ ဟားတိုက် ရယ်မောရသည့် အကြောင်းအရာကို သွားတက်လေးပေါ်ရုံမျှ ပြုံးလိုက်သည့်အခါ ကျွန်တော့်နှလုံးသား ပန်းချီကားသည် ဆေးရောင်စိုလက်မနေစေကာမူ ညံ့သက်တည်ငြိမ်သည့် အလှတရားတို့ဖြင့် ရုပ်လုံး ကြွလာခဲ့ပြီဖြစ်သည်။
          ကျွန်တော့်၏ အချိန်တော်တော်များများကို ပန်းချီကားလေးအတွက် အသုံးချပြီးသည့်နောက်
ဇူလိုင်လ၏ ညနေခင်းတစ်ခုတွင် ညိုနှင့် ကျွန်တော် ချစ်သူများဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့စုံတွဲကို မြင်လိုက်သည်နှင့် မအံ့သြသည့်တိုင် မျက်ခုံးပင့်သွားကြသည့် သူငယ်ချင်းများလည်း ရှိသည်။ ဓာတုဗေဒ ကျောင်းသူများကြားတွင် ညို၏ ဆံပင်ကြောင့် လူသိများသလို ရူပဗေဒကျောင်းသားများထဲတွင်လည်း အတန်းအမြဲလစ်သည့်၊ ရန်မကြာခဏဖြစ်သည့်အဖွဲ့ထဲတွင် ကျွန်တော်က ထင်ရှားသူဖြစ်သည်။ ထို့ပြင် မေဂျာမတူသည့် ချစ်သူများထုံးစံအတိုင်း ညိုတို့အခန်းရှေ့ ကော်ရစ်ဒါမှာ ကျွန်တော်က အမြဲရောက်နေ တတ်သူ မဟုတ်လား။
          ချစ်သူဖြစ်ပြီးသည့်နောက်ပိုင်း ကျွန်တော်တို့ညနေတိုင်း အမြဲထိုင်တတ်သည်က ညိုကို ပထမဆုံးစတွေ့သည့် လက်ဖက်ရည်ဆိုင်တွင်ဖြစ်သည်။ ကျွန်တော်တို့မြို့၏ အထင်ကရ ရေကန်ကြီးကို ပတ်၍ စက်ဘီးစီးခဲ့ကြသည်။ တစ်ခါတစ်ရံ ကမ်းနားလမ်းတလျှောက် တာရိုးပေါ်မှနေ၍ အနောက်ဘက် ကမ်းရှိ ဝင်လုဆဲနေမင်းကြီးကို ငေးရီကြသည်။ အလွန်နည်းပါးသည့် တစ်ခါတစ်ရံမှာတော့ သောင်ပြင်ပေါ် တွင် လက်တွဲလျှောက်ရင်း ငယ်ဘဝတွေအကြောင်း၊ ရောက်တတ်ရာရာအကြောင်း၊ ကျောင်းပြီးသွား လျှင်ဆိုသော ခေါင်းစဉ်ဖြင့် အကြောင်းအရာအမျိုးမျိုးကို ပြောတတ်ကြသည်။ သိလာရသည့် အကြောင်းခြင်းရာများနှင့်အတူ သေချာသည်က ကျွန်တော်ညို့ကို ဘယ်လိုနည်းနှင့်မျှ မစွန့်လွှတ်နိုင် ဘူးဆိုတာပဲ ဖြစ်သည်။ ကျွန်တော် ညို့ကို ချစ်သည်။ ထိုအတူ ညိုကျွန်တော့် ချစ်တာကိုလည်း သိနေသည်။
          ကျွန်တော်က ခေါင်းမာသူဖြစ်သည်။ သို့သော် ချွင်းချက်အနေနှင့် ညိုပြောလျှင် ခေါင်းမခါ တတ်သူဖြစ်သည်။ ကျွန်တော် မနှစ်သက်ဆုံးအချိန်မှာ ညိုပြန်မည့် ကားဂိတ်သို့ လိုက်ပို့ရချိန်များဖြစ်သည်။ စစ်ကိုင်းနှင့် မုံရွာသည် အကွာအဝေးအားဖြင့် ငါးဆယ့်လေးမိုင်မျှကွာဝေးကာ ဆိုင်ကယ်ဖြင့်ဆိုလျှင် နှစ်နာရီကျော်မျှသာ မောင်းရမည်ဖြစ်သော်လည်း ညိုတားထားသည့် စည်းကို မကျော်ဖြတ်ချင်သူဖြစ်သည်။ ထို့ကြောင့် ကျောင်းပိတ်၍ ညိုပြန်သွားချိန်များတွင် နေ့ရောညပါ ကျွန်တော့်မှာ အလွမ်းတို့နှင့် ပြည့်နှက် ခဲ့ရဖူးသည်။ နံပါတ်တစ်ချို့ကို နှိပ်လိုက်လျှင် ညို၏အသံကို ကြားနိုင်မည်ဖြစ်သော်လည်း  အလွမ်းတို့က တမံကျိုးသလို ကျိုးမည်စိုးသဖြင့် ဖုန်းကလေးကို အသာချကာ အလွမ်းတို့ကို နေညိုချိန်နှင့် ဖျော်သောက်ခဲ့ရ ပေါင်းလည်း များပြီဖြစ်သည်။ ယခုတော့ သည်နေညိုချိန်လေးသည် …။
***                                           ***                                           ***
          ကျွန်မတို့ မိန်းကလေး အများစုသည် ဘဝလက်တွဲဖော်ရှာရာတွင် စံသတ်မှတ်ချက် ကိုယ်စီရှိကြသည်။ လက်တွဲဖော်အတွက် သတ်မှတ်ထားသည့် စည်းမျည်းတွေ ကျွန်မမှာလည်း ရှိသည်။ မောင့်ကို စတွေ့ပြီးသည့်နောက်ပိုင်း ကျွန်မသတ်မှတ်ထားသည့် စည်းမျဉ်းများ၊ စံနမူနာများသည် လေတိုက်တိုင်း လွင့်ဝဲကြွေကျသွားတတ်သည့် သစ်ရွက်တွေလိုပင်ဖြစ်သည်။ တစ်စတစ်စနှင့် လေမှာလွင့်ဝဲရင်း ပျောက်ပျက်ကုန်တော့သည်။ မောင်က ကျွန်မရဲ့ နှလုံးသားကို ပိုင်စိုးသည်။ နှလုံးသားက ဦးနှောက်ကို နိုင်စားသည်။  သည်လိုနှင့် မောင်နှင့် ကျွန်မ ချစ်သူတွေဖြစ်ခဲ့ကြသည်။ မောင်နှင့်ကျွန်မ ချစ်သူဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့် အခန်းဖော် သူငယ်ချင်းမယု၏ ကျယ်လောင်သည့် အာမေဋိတ်သံကို ယခုထက်ထိတိုင် ကြားယောင်မိဆဲဖြစ်သည်။
          မောင်နှင့် ချစ်သူဖြစ်ပြီးမှ သိရသည်မှာ ကျွန်မကို စတွေ့မိသည့် ညနေခင်းတစ်ခုအကြောင်း
ဖြစ်သည်။ ကျွန်မ မောင့်ကို သတိထားမိသွားသည်မှာ အခန်းဖော် မယုကြောင့်သာဖြစ်သည်။ မယု၏ ပြောပြမှုဖြင့် ကော်ရစ်ဒါမှာရပ်နေကြသည့် ကျောင်းသားအုပ်စုထဲမှ တစ်ယောက်က ကျွန်မကို စိတ်ဝင်စားနေကြောင်းဖြစ်သည်။ မယုအချက်ပြသဖြင့် မသိမသာလှည့်ကြည့်မိသည်။ ဂျင်းပဲန်အပြာ၊ တီရှပ်အဖြူ၊ ကျောပိုးအိတ်အပြာလွယ်ထားသော ကျောင်းသားသည် အားလုံးထဲမှ သာမန်သာဖြစ်သည်။ တဆက်ထဲ သိလိုက်သည်က ကျွန်မ၏ စံသတ်မှတ်ချက် ဆယ်ချက်ရှိလျှင် ဆယ့်တစ်ချက်လောက် မကိုက်ညီဘူး ဆိုတာကိုဖြစ်သည်။ သို့သော် ကျွန်မ၏ရင်ခုန်နှုန်းက ပရမ်းပတာဖြစ်နေသည်။ ထိုကျောင်းသား၏ အကြည့်စူးစူးကြောင့်ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ စိတ်နှလုံးထိတိုင် ထွင်း ဖောက်မြင်နေရသည့် မျက်ဝန်းမျိုးဖြစ်သည်။ ပြုံးလိုက်သည့်အခါ အသက်ရှူမှားစေလောက်သည့် အပြုံးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။ ထိုအပြုံးပိုင်ရှင်သည် အရိပ်တစ်ခုပမာ ကျွန်မ အနားတွင် ရစ်ဝဲနေတတ်သူဖြစ်သည်။ မမြင်တွေ့ရသည့်တိုင် အနားတစ်ဝိုက်မှာ ရှိနေသည်ဆိုသော ခံစားချက်မျိုးပေးစွမ်းနိုင်သူဖြစ်သည်။
          ချစ်သူဘဝတွင် အတန်းမှန်မှန်တက်ပါ ပြောသော်လည်း အခန်းရှေ့ ကော်ရစ်ဒါမှာ ရောက်နေတတ် သူဖြစ်သည်။ မောင်သည် ခေါင်းမာသူဖြစ်သည်။ သို့သော် ကျွန်မအလေးအနက်ပြောလျှင်တော့ ခေါင်းမခါ တတ်သူဖြစ်သည်။ ကျွန်မနှင့် ပတ်သက်လျှင် သည်းသည်းလှုပ် သဝန်တိုတတ်သလို ရန်ဖြစ်ရမည် ဆိုလျှင်လည်း အသင့်ဖြစ်နေတတ်သူ ဖြစ်သည်။ တစ်ခါတုန်းက ကျွန်မကို ငေးနေမိသည့် ကောင်လေး တစ်ယောက်ကို “ ဘာကြည့်တာလဲ” ဆိုကာ ထိုးမည် ကြိတ်မည် တကဲကဲလုပ်နေ၍ မနည်းတားယူ ရဖူးသည်။ ပန်းပန်ထားလျှင်တောင် ပန်းကလေးက ကျွန်မဆံပင်ကို ခိုးနမ်းနေပါပြီဆိုပြီး သည်းသည်းလှုပ် သဝန်တိုပြတတ်သူဖြစ်သည်။
          မောင်နှင့်ထိုင်နေတုန်း ယောက်ျားလေးသူငယ်ချင်းလာ၍ စကားပြန်ပြောမိလိုက်လျှင် မောင်ဂျီကျ၍ မဆုံးတော့။ မောင့်အချစ်ကြောင့် ကျေနပ်မိသလို တစ်ခါတစ်ရံတော့ မောင့်၏ သဝန်ကြောင်မှုအတွက်လည်း စိတ်ညစ်ရသည်။ အသက်ရှုမဝသလို ခံစားရသည်။ ရန်ဖြစ်စိတ်ကောက်လိုက်၊ ပြန်ချစ်စိတ်လျော့လိုက်နှင့် ချစ်သူသက်တမ်းသုံးနှစ်ကို ဖြတ်ကျော်ခဲ့ကြသည်။
          မောင်က ညနေခင်းလေးတွေကို ချစ်သူဖြစ်သည်။ မောင်သိပ်ချစ်သည့် ညနေခင်းလေးမှာ ဆုံခဲ့ရသည်။ ညနေခင်းတစ်ခုမှာပဲ ချစ်သူတွေဖြစ်ခဲ့ကြသည်။ ညနေခင်းလေးတွေသည် ကျွန်မတို့ အတွက်တော့ အမှတ်ရစရာ များစွာနှင့်ဖြစ်သည်။ ညနေခင်း၏ လေပြေထဲတွင် မောင့်ကို သိပ်ချစ်သည့် မောင့်မေမေအကြောင်း သိခဲ့ရသည်။ အဒေါ်ကျောင်းဆရာမကြီး၏ အုပ်ထိန်းမှုအောက် မှာရှိနေကြသည့် ကျွန်မတို့ ညီအစ်မသုံးယောက်အကြောင်း ပြောပြဖြစ်သည်။ စည်းကမ်းသိပ်ကြီးသည့် မောင့်ဖေဖေကြောင့် ရန်ဖြစ်တိုင်း မောင်အပြစ်ပေးခံရပုံအကြောင်း သိခဲ့ရသည်။ လောင်းကစားမက်သည့် ဖေဖေကြောင့် မိသားစု တစ်ကွဲတစ်ပြားနေနေကြရသည့် ကျွန်မမိသားစု အကြောင်း မောင်သိထားဖို့ ပြောပြရသည်။ ကျွန်မ မောင့်အပေါ်မှာ မည်သည့်အရာကိုမျှ ထိန်ချန်လျှို့ဝှက် မထားချင်ပါ။ ကျွန်မ မြတ်နိုးတန်ဖိုးထားသည်မှာ ရိုးသားမှုဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုသာဖြစ်ကြောင်း မောင်သိထားခဲ့ပြီး ဖြစ်သည်။ သိထားသည်ထက် ကျွန်မ မြတ်နိုးသည့်အရာတွေကို မောင်တန်ဖိုးထားဖို့လိုသည်။ သို့မှသာ ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး မဖြောင့်တန်းဘူးဆိုလျှင်တောင် အခက်အခဲများကို လက်တွဲ ကျော်ဖြတ်နိုင်မှာဖြစ်သည်။ မတူညီသည့် ဘဝနှစ်ခုပေါင်းစပ်ဖို့အတွက် ချစ်ခြင်းတရားနှင့်အတူ နားလည်မှုဆိုသည်ကလည်း လိုအပ်လှသည် မဟုတ်လား။
ချစ်သူသက်တမ်း သုံးနှစ်အတွင်း မောင် ကျွန်မကို တန်ဖိုးထားချစ်ခဲ့သည်ဆိုသည်ကို မောင်၏ အပြုအမူများကိုကြည့်၍ အကြွင်းမဲ့ယုံသည်။ သို့သော် မောင် ကျွန်မအပေါ်မှာ နားလည်ခဲ့ပါသလား။ မောင်ကျွန်မအပေါ် အပြည့်အဝနားလည်မှုကိုလည်း အတ္တနည်းနည်းကြီးကာ ကျွန်မ လိုချင်ပါသေးသည်။ ထို့ကြောင့် မောင့်အိမ်သို့ အလည်သွားကာ မောင့်မေမေနှင့် မိတ်ဆက်ပေးစေခဲ့ခြင်းဖြစ်သည်။ ကျွန်မနှင့် မောင့်မေမေ၏ တွေ့ဆုံမှုသည် မောင်တို့အိမ်တွင်ဖြစ်သော်လည်း မောင်သိပ်ချစ်သည့် ညနေခင်းတစ်ခု တွင်မဟုတ်ခဲ့ချေ။ မောင့်မေမေသည် သားတစ်ယောက်၏ မိခင်ကောင်းပီသသည်ကို ကျွန်မအသက်ရှု မှားလောက်သည့် မေးခွန်းများကို ဖြေရင်း အသိအမှတ်ပြုလိုက်မိသည်။ မောင် ကံကောင်းပါသည်။ မောင်ကံကောင်းသည့်အတွက် ကျွန်မဝမ်းသာရသည်။
မောင့်မေမေ၏ ချွေးမအတွက် စံသတ်မှတ်ချက်မည်မျှရှိမည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ ရှုံးနိမ့်ခဲ့ သည်ကို သိသည်။ ကျွန်မ လက်တွဲဖော်အတွက် စံသတ်မှတ်ချက် ဘယ်နှစ်ချက်ရှိသည်ကို သိသည်။ မောင်ဘယ်နှစ်ချက်ငြိသည်ဖြစ်စေ နှလုံးသားစာမေးပွဲကိုတော့ မောင်အောင်ခဲ့သည်။ ယောက်ျား တစ်ယောက်နှင့် ပတ်သက်၍ အမျိုးသမီးနှစ်ယောက်၏စည်းမျဉ်း မည်သူကလျော့၍ မည်သူက တင်းခဲ့ သနည်း။ ကျွန်မ မစဉ်းစားချင်တော့။
ဟိုးတုန်းကတော့ နေညိုချိန်သည် ကြည်နူးစရာအတိဖြစ်သည်။ ယခုတော့ သည်နေညိုချိန်လေး သည် …။
***                                           ***                                           ***
နှစ်ယောက်စလုံးရှေ့ရှိ လက်ဖက်ရည်သည် အေးစက်ကာ အပေါ်ရေတင်းစပြုပြီဖြစ်သည်။ အတွေးကိုယ်စီနှင့်မို့ ညနေခင်းကို တိတ်ဆိတ်ခြင်းက ဝါးမြိုထားသည်။ နေ့လည်က ဖြေဆိုပြီးသွားသည့် စာမေးပွဲအကြောင်း၊ မနက်ဖြန် နောက်ဆုံးရက်ဖြေဆိုရမည့် ဘာသာရပ်အကြောင်း စဉ်းစားနေခြင်းမဟုတ် သည်ကိုလည်း နှစ်ဦးစလုံးသိနေကြသည်။
“ ဘယ်လိုသဘောရလဲ ညို … ”
“ ဟင်… အင်း၊ ညို သဘောမတူဘူး မောင် …”
နှစ်ယောက်ကြားတွင် သက်ပြင်းချသံက ကျယ်ကျယ်လောင်လောင်ထွက်လာသည်။ ညနေခင်း၏ လေပြေလေးသည်ပင် စိတ်အိုက်ကာ တိတ်ဆိတ်နေသည်လားမသိ။ ဘာလုပ်ရမည် ဆိုသည်ထက် တစ်ယောက်အတွေးကို သူဘာတွေတွေးနေပါလိမ့်ဆိုပြီး ကျန်တစ်ယောက်ကလိုက်တွေးနေပုံမျိုးဖြင့် ပို၍တိတ်ဆိတ်ဆွံ့အနေသည်။ လက်ဖက်ရည်ခွက်ဘေး ကျနေသည့် တမာရွက်ကြွေလေးကို ကောက်ကာ လက်ညှိုး၊ လက်မနှင့် ကစားစရာဂျင်လှည့်သလိုလှည့်ရင်း …
“ တကယ်တော့ ညိုနဲ့ပေါင်းရမှာက မောင်နော်၊ ဘာလို့ ကျန်တာတွေကို ခေါင်းရှုပ်ခံမလဲ၊
မောင်ချစ်တာ ညို့ကိုလေ၊ ညိုချစ်တာလည်း မောင်ပဲ မဟုတ်လား၊ ဘာလိုသေးလို့လဲ…”
“ လိုတယ်မောင်ရဲ့၊ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့… အင်း စကားလုံးသိပ်ကြီးသွား လိမ့်မယ်။ ညီမငယ်နှစ်ယောက်ရဲ့ အစ်မတစ်ယောက်အနေနဲ့ စံပြဖြစ်ချင်တယ်။ သူတို့လေးတွေ စိတ်ထဲမှာ ကျောင်းပြီးတာနဲ့ မမလည်း ယောက်ျားနောက်လိုက်သွားတယ်၊ ခိုးရာလိုက်သွား တယ်ဆိုတဲ့ အသိမှား မျိုးဖြစ်သွားမှာ စိုးရိမ်တယ်။ သူတို့လေးတွေ နည်းမကျရင် အမကြီး အမိအရာအနေနဲ့ ဆုံးမရမယ့်ညိုက လက်ညှိုးထိုးစရာ အပြစ်ရှိမနေချင်ဘူး။ နောက်ပြီး ညိုတို့ ညီအစ်မတစ်တွေက အဒေါ့်အိမ်မှာ နေ နေရတာလေ… ”
ညို၏ စိုးရိမ်မှုကို ကျွန်တော်သိသည်။ သုံးနှစ်တာ တွဲလာခဲ့သည့် ချစ်သူတစ်ယောက်၏ ခံစားချက်ကို ကျွန်တော်နားလည်သည်။ ညို ဘယ်အရာတွေကို မြတ်နိုးသလဲ၊ ဘယ်အရာတွေကို တန်ဖိုးထားသလဲ က-ကြီးက စ၊ အ-အဆုံး သင်ပုန်းကြီး ကျေသလို ကျေညက်ခဲ့သူဖြစ်သည်။ မေမေ၏တယူသန်မှုကို မဖျောင်းဖျနိုင်သည် ကျွန်တော့်ကြောင့် ဇာတ်သိမ်းခန်းသည် မချောမွေ့ခဲ့ရခြင်း ဖြစ်သည်။
          “ အမျိုးထဲမှာ လောင်းကစားသမား၊ ဆေးသမားရှိနေရင် ဘယ်တော့မှ စိတ်ချမ်းသာရမယ် မထင်နဲ့၊ သားအနေနဲ့ ကင်းနိုင်မယ်ထင်သလား၊ ဆင်းရဲတဲ့ရောဂါက ကြောက်စရာအကောင်းဆုံးပဲသား၊ ကိုယ့်ထမင်းကိုယ်စားပြီး လူအထင်သေးခံရတာ ဆင်းရဲတဲ့ရောဂါကြောင့်ပဲ၊ နောက်ပြီး မှီခိုမယ့်လူ အများကြီးနဲ့ မြင်းတစ်ကောင်လိုရုန်းကျွေးရမယ့် သားအဖြစ်ကို မေမေ မမြင်ချင်ဘူး၊ မမြင်ရက်ဘူး…”
          ခွင့်လွှတ်ပါ မေမေ။ နှလုံးသားထဲမှ စကားသံက အသံတိတ်ထွက်လာသည်။ ဘဝမှာ ကိုယ် ယုံကြည်ရာကို လျှောက်လှမ်းရင်း ကြုံလာမယ့် အဆိုးအကောင်းကို ရင်ဆိုင်ဝံ့တဲ့ လူသားတစ်ယောက် အဖြစ်နဲ့ ဖြတ်သန်းချင်ခဲ့သည်။ ကျွန်တော်၏ နှလုံးသားပုံပြင်ကို အလွမ်းဖြင့် ဇာတ်မသိမ်းစေလိုပါ။ ရွေးချယ်ခွင့်နည်းပါးခဲ့သည့်ဘဝတွင် ဆေးစက်ကျရာ အရုပ်ထင်ခဲ့ရသည့် ညို၏ ဆုံးဖြတ်ချက်ဖြင့်သာ ကျွန်တော့်ဘဝခရီးကို ရှေ့ဆက်လိုသူဖြစ်သည်။ ညို့ ဆုံးဖြတ်ချက်ကြောင့် ပျော်ရွှင်ရသည်ဖြစ်စေ၊ အလွမ်းနှင့် အဆုံးသတ်ရသည်ဖြစ်စေ ကျွန်တော် ကျေနပ်သည်။ ကျွန်တော် သူမအပေါ် နားလည်မှု အပြည့်နှင့် တန်ဖိုးထားချစ်ခဲ့ကြောင်း ညိုနားလည်ခဲ့မည် ဆိုပါလျှင်…။
          “ ညို့ ဆုံးဖြတ်ချက်ကို အလေးထားတဲ့အတွက် မောင့်ကို ကျေးဇူးအရမ်းတင်တယ်၊ ညို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်မှာပါ၊ နက်ဖြန် ညနေ ငါးနာရီမှာ ညိုနဲ့မောင် နေဝင်ချိန်ကို ငေးနေကြ ခုံတန်းပြာလေးမှာပဲစောင့်နေနော်၊ ညို ရောက်လာနိုင်အောင် ကြိုးစားပါ့မယ်၊ တကယ်လို့ … တကယ်လို့ပေါ့လေ ရောက်မလာခဲ့ရင် မောင် ညို့ကို ခွင့်လွှတ်နော်…”
          ကျွန်တော် ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။ ညို့လက်ကလေးကို ဆုပ်ကိုင်လိုက်စဉ် နှလုံးသားသည် အလိုလို မွန်းကြပ်သွားသည်။
          “ ညိုရယ် …”
***                                           ***                                           ***
          နောက်ရက် ချိန်းဆိုထားသည့် အချိန်တွင် ခုံတန်းပြာကလေးသို့ တစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ကြပါ။ နောက်ရက် နောက်ရက်များတွင်လည်း ရောက်မလာခဲ့ကြ။ တစ်ဦး၏ စိတ်ခံစားချက် ကို တစ်ဦးက နားလည်ထားသူပီပီ ရောက်မလာခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နားလည်မှုနှင့် လမ်းခွဲသွားခြင်းလည်း ဖြစ်နိုင်သည်။ တစ်ချိန်ချိန်တွင် ပြန်ဆုံနိုင်လိမ့်မည်ဆိုသော မျှော်လင့်ချက်မျိုးနှင့် နှုတ်မဆက်ခဲ့ကြခြင်းလည်း ဖြစ်နိုင်သည် မဟုတ်လား။
          ထိုနေ့မှစ၍ ယနေ့ထိတိုင် ခုံတန်းပြာလေးဆီသို့ တစ်ဦးတစ်ယောက်မျှ ပြန်ရောက်မလာခဲ့ကြသည် မှာ သေချာသည်။ အလွန်နည်းပါးသည့် တစ်ခါတစ်ရံမှာတော့ စုံတွဲတစ်ချို့ လာထိုင်တတ်ကြသေးသည်။ မိုး၊ ဆောင်းနှင့် နွေတစ်ချို့ကို အကြိမ်ကြိမ်ဖြတ်သန်းပြီးနောက်မှာတော့ ခုံတန်းပြာလေး၏ ဆေးသားတို့ အရောင်လွင့်ပြယ်ခြင်းနှင့်အတူ သံချက်တို့ကွာကျလျက်ရှိသည်။ ယိုင်နဲ့နေသည့် ခုံတန်းလေး၏ နောက်မှီ တန်းတို့ ရွဲ့စောင်းပြုတ်ကျပြီးသည့်နောက်မှာတော့ မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာတတ်ကြ တော့။ ရောက်လာသည့်တိုင် တခြားနေရာသို့ ပြန်ထွက်သွားကြသူချည်းဖြစ်သည်။
          နေဝင်ချိန်ကို ငေးရင်း စကားတွတ်ထိုးတတ်သော၊ မိုးသည်းသည်းကျနေစဉ်မှာပင် ထီးမဆောင်းပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတတ်သော၊ ဆောင်းနှင်းမြူများကြားတွင် တစ်ယောက်ကို တစ်ယောက်ထွေးရင်း ရယ်သံဟဟဖြင့် စကားဆိုတတ်သော စုံတွဲလေးကို ခုံတန်းပြာလေးနည်းတူ လွမ်းဆွတ်နေသူ တစ်ဦးလည်း ရှိသည်။ ခုံတန်းပြာလေးနောက်ဘက်ရှိ ဗာဒံပင်ကြီးဖြစ်သည်။
          ယခုအချိန်တွင် နေညိုချိန်ကိုရောက်တိုင်း တစ်ဦးကိုတစ်ဦး လွမ်းဆွတ်သတိရနေသည့် လူသား နှစ်ဦး ကမ္ဘာပေါ်မှာ ရှိနေပါသည်။ နှစ်ဦးထက်လည်း ပိုနေနိုင်သည်။ နေညိုချိန်မှာ လမ်းခွဲသွားကြသည့် ချစ်သူပေါင်း အဘယ်မျှရှိနေကြောင်း မည်သူတစ်ဦးတစ်ယောက်မျှ အတိအကျ မသိရသောကြောင့် ဖြစ်သည်။
          နေညိုချိန်သည် လမ်းခွဲသွားကြသည့် ချစ်သူတိုင်းအတွက် အသည်းကွဲရာသီတစ်ခုဖြစ်သည်။ ထိုရာသီတွင် အက်ကွဲသွားသည့် နှလုံးသားတိုင်းသည် … ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
*****                                        *****                                        *****
(28.5.2008 တွင် ရေးထားသည့် အသည်းကွဲရာသီကို ပြန်ပြင်ထားခြင်း ဖြစ်သည်။)
(14.9.2015 12း56 PM ပြင်ပြီး)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း