ဘလော့ရေးမယ်ဆိုလျှင် (၃)

ဘလော့ရေးမယ်ဆိုလျှင် (၃) 

ကလောင်အမည်=ကိုရင်ကျော်

              ဘလော့ရေးတဲ့အခါ သိသင့်တာလေးတွေ ရေးတော့ ကျွန်တော်နဲ့သဘောထားတိုင်ဆိုင်တဲ့ သူရှိသလို မတိုက်ဆိုင် တဲ့သူလည်းရှိနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ကျွန်တော် အဓိကထားပြီး ဆက်လက်ဆွေးနွေးမယ့်အပိုင်းက အရေးအသားအပိုင်းပါ။ အရေးအသားပိုင်းကို မပြောခင် ကျွန်တော် ဘယ်အချိန်ကစပြီး စာရေးဖြစ်ခဲ့သလဲ ဆိုတာကို အရင်ပြောချင်ပါတယ်။

ကျွန်တော် ၅ တန်းကျောင်းသား အရွယ်မှာ ၀တ္ထုရှည်တစ်ပုဒ်ကို အစအဆုံးရေးဖူးတယ်။
ပုံနှိပ်ထုတ်ဝေခဲ့ခြင်းတော့မရှိပါဘူး။ အဲဒီအချိန်က ကျွန်တော်က တောရွာလေးမှာ နေတာဆိုတော့ ပုံနှိပ်စာလုံးအဆင့်ရောက်ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိပါဘူး။
ကျွန်တော်ရေးသားထားတာတွေ ပုံနှိပ်စာလုံးအနေနဲ့ မြင်ရတာကတော့ ၁၀ တန်းကျောင်းသားဘ၀မှာပါ။ သတင်းစာ၊ စာအုပ် နဲ့ စာစောင်အချို့မှာ ရေးသားဖြစ်ခဲ့တာပါ။
ငယ်ငယ်ကစာရေးခဲ့တာကတော့ ရေးတတ်သလို ရေးလိုက်တာများပါတယ်။ အခုစာတွေရေး၊ ဘလော့တွေ ရေးတင်တော့ ပြီးစလွယ် ရေးလို့ မဖြစ်တော့ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ လုပ်တဲ့လုပ်ငန်းကလည်း ကွန်ပျူတာ စာစီစာရိုက်က အဓိကဖြစ်နေတော့ အရေးအသားကို သတိထားရတယ်။ အရေးအသားကို သတိထားပေမယ့်လည်း ကျွန်တော် အခုအထိ အမှားအယွင်း မကင်းနိုင်သေးပါဘူး။
ဘလော့ရေးတင်တဲ့သူတွေကို လေ့လာကြည့်မိတဲ့အခါ တစ်ချို့က Microsoft Word ထဲမှာ သေသေချာချာရေး၊ သေသေချာချာစစ်ဆေးပြီး စိတ်တိုင်းကျဖြစ်တဲ့အခါမှသာ ပို့စ်တင်ကြတယ်။ တစ်ချို့ကတော့ ခေါင်းစဉ်ရေးရန် နေရာမှာ ခေါင်းစဉ်ရေး၊ စာကိုယ်ရေးရန်နေရာနေရာမှာ စာကိုယ်ရေးပြီး ပို့စ်တင်ကြတယ်။ ပထမ အမျိုးအစားကတော့ ကိုယ်ပိုင်အင်တာနက် သုံးတဲ့သူတွေများသောအားဖြင့် အသုံးပြုကြပါတယ်။ ဒုတိယအမျိုးအစားကတော့ အင်တာနက် ဆိုင်တွေမှာ သွားသုံးကြတဲ့သူတွေ အများဆုံးအသုံးပြုကြပါတယ်။
ဘယ်လိုပဲ ရေးရေး စာရေးကြတဲ့သူတွေကို ကျွန်တော်က ရည်မှန်းချက်ကြီးကြီးနဲ့ ရေးစေချင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဘလော့ဂါတွေဟာ မြန်မာနဲ့နိုင်ငံတကာမှာ ထင်ရှားကြော်ကြားတဲ့ စာရေးဆရာကြီး၊ ဆရာမကြီးတွေ ဖြစ်သွားကြတာ အများအပြားရှိနေကြလို့ပါ။ အပျော်တမ်းရေးသားကြတဲ့သူတွေလည်း အများအပြားရှိကြတာကို တွေ့ရပါတယ်။ တစ်ချို့က တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးပြီး အကြောင်းအကြောင်းကြောင့် ဆက်မရေးကြတာတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ မှန်မှန်လေးရေးနေကြတာ တွေ့ရပါတယ်။
ဘယ်လိုအနေအထားနဲ့ရေးရေး၊ ကိုယ်ရေးတဲ့စာလေးကို အမှားအယွင်းနည်းနည်းနဲ့ ရေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကျွန်တော်က ဒီအကြောင်းအရာကို ရေးတော့ ရေးဖော်ရေးဖက်တွေ ကျွန်တော့် စေတနာကို နားလည်ခွင့်လွှတ်ပေးပါ။ ကျွန်တော်က စာရေးတဲ့အခါမှာ လိုအပ်ရင် ကိုးကားဖို့၊ မှီငြမ်းဖို့အတွက် ရှာဖွေစုဆောင်းထားတဲ့ စာအုပ်တွေကတော့-
(၁) မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း(မြန်မာစာအဖွဲ့ဦးစီးဌာန)
(၂) မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နှင့် ခွဲထား(မြန်မာစာအဖွဲ့ဦးစီးဌာန)
(၃) မြန်မာစာမြန်မာစကား(မြန်မာစာအဖွဲ့)
(၄) လူတိုင်းအတွက် အသုံးချမြန်မာစာ [မောင်ခင်မင်(ဓနုဖြူ)]
(၅) ရေးဟန်နိဒါန်း [မောင်ခင်မင်(ဓနုဖြူ)]
(၆) မြန်မာစကားနဲ့စာပေ(မောင်သာနိုး)
(၇) မြန်မာစာသုတေသနစာတမ်းများ [ပါမောက္ခဒေါက်တာချိုချိုတင့်(မြန်မာစာ)]
(၈) မြန်မာစာညွန့်ပေါင်းကျမ်း (ပထမတွဲ မှ ပဉ္စမတွဲအထိ)
တခြား ဖတ်သင့် လေ့လာသင့်တဲ့စာအုပ်တွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်က တတ်နိုင်သလောက် ရှာဖွေ လေ့လာဖတ်ရှုပါတယ်။ စာရေးတော့မယ်ဆိုရင် ကျွန်တော်က ဒီစာအုပ်တွေကို အနားမှာထားပြီး ရေးပါတယ်။
ဘာကြောင့်လဲဆိုတော့ သတ်ပုံနဲ့ သဒ္ဒါအထားအသို အမှားအယွင်း နည်းအောင် လေ့လာဖို့အတွက်ဖြစ်ပါတယ်။ ဘလော့ရေးပြီးတင်တဲ့အခါမှာ သတ်ပုံနဲ့ သဒ္ဒါအထားအသို အမှားအယွင်းကို စစ်ဆေးပြီး ချပေးတဲ့ ဆိုဒ်တွေ လက်ချိုး ရေတွက်လို့ရပါတယ်။ ဒါဖြင့် သတ်ပုံမှားမှား၊ သဒ္ဒါအထားအသိုမှားမှား ရေချင်သလိုရေးပြီးတင်လည်း ပို့စ်တွေ ချပေးနေတာ ဂရုစိုက်စရာမလိုဘူးလို့ထင်ကြမှာဖြစ်ပါတယ်။
အမျိုးသားစာပေဆုရှင် ချစ်နိုင်(စိတ်ပညာ)ရဲ့ စာရေးသားနည်းစာအုပ် စာမျက်နှာ ၁၅ မှာ ရေးထားတဲ့စာလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်-
“သတ်ပုံလည်း အမှားနည်းအောင် ရေးသင့်ပါတယ်။ မှားရင် အယ်ဒီတာတို့ စာပြင်ဆရာတို့က ပြင်ကြပါလိမ့်မယ်။ မမှားတာကတော့ အကောင်းဆုံးပေါ့။ မိမိတာဝန်ကို အလေးထားရာရောက်အောင် သတ်ပုံစာအုပ်ကို စားပွဲပေါ်မှာ ဆောင်ထားပေါ့။ ရေးနေရင်းနဲ့ သံသယရှိရင် သတ်ပုံစာအုပ်ကို ကြည့်ရုံပါပဲ။ ဒီလို လေးလေးစားစားလုပ်သင့် တာပေါ့”
ဂရုစိုက်သင့်-မသင့်ကို မိမိကိုယ်တိုင်သာ ဆုံးဖြတ်ကြပါလို့ ပြောရင်း အမှတ်(၃)ကို အဆုံးသတ်လိုက်ပါတယ်။

♥♥♥♥♥
အားလုံးကို ခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၅-၄-၂၀၁၂)(၂၃း၁၀)နာရီ
http://naingminsoe38.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း