တို့ နှင့် ဒို့၊ အုတ်ကြားမြက်ပေါက်
တို့ နှင့် ဒို့၊ အုတ်ကြားမြက်ပေါက်
ကလောင်အမည်=မောင်ခင်မင်(ဓနုဖြူ)
(မောင်ဝင်းမြတ်ဖြိုး၊ နဝမတန်း၊ နတ်မောက်မြို့)
(ဖြေ) မြန်မာစာအဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ တို့-ကို ဒို့-လို့ အသံထွက်ပြထားပြီး
ငါတို့အစားသုံးသော စကားလုံး-လို့ ဖွင့်ထားပါတယ်။
ငါတို့-လို့ သုံးရာက ငါ-မထည့်ဘဲ တို့-လို့ သုံးတာတာပါ။
အသံထွက်တော့ ဒို့-လို့ အသံထွက်ပါတယ်။ အပြောစကားမှာ ဒို့-လို့ သုံးကြောင်း ဖော်ပြထားပါတယ်။
တို့-ရော ဒို့-ရော နာမ်စားပါပဲ။
******************************************************************
(မေး) ဆရာကြီးခင်ဗျား “အုတ်ကြားမြက်ပေါက်”၏ အဓိပ္ပါယ်ကို ရှင်းပြပေးပါရန်။
(ရဲလင်းထွန်း၊ နဝမတန်း(အေ) မောင်းထောင်)
(ဖြေ) “အမျိုးအမည် မထင်ရှားသူ”ကို အုတ်ကြားမြက်ပေါက်-လို့ တင်စားသုံးတာပါ။ အုတ်ခဲတွေကြားထဲမှာ ပေါက်နေတဲ့မြက်လို မထင်ရှားတဲ့ သဘောပါပဲ။ ဒီသူငယ်က အုတ်ကြားမြက်ပေါက်ပါ၊ သူ့ကို ဘယ်သူကမှ ဂရုမစိုက်ဘူး-ဆိုတဲ့ အသုံးမျိုး သုံးပါတယ်။
*************
ကျောင်းသင်ခန်းစာများနှင့် ပတ်သက်၍ မေးမြန်းသော မောင်မယ်များသို့----
(ဖြေ) ကျောင်းမှာသင်ရတဲ့ မြန်မာစာသင်ခန်းစာတွေကို ရှင်းပြဖို့ တိုက်ရိုက်မေးတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ တပေါင်းတည်း ဖြေပါ့မယ်။ မေးသူတွေရဲ့ နာမည်တွေတော့ မဖော်ပြတော့ပါဘူး။ ဒီကဏ္ဍမှာ မြန်မာစာ
လေ့လာမှုကို အထောက်အကူပြုတဲ့ မေးခွန်းမျိုးတွေကို အဓိကဖြေပါ့မယ်။ ကျောင်းသင်ခန်းစာတွေ ကတော့ သားတို့ သမီးတို့ရဲ့ ဆရာ ဆရာမတွေက ကျောင်းမှာ ပြည့်ပြည့်စုံစုံ သင်ကြားထားလို့ရယ်၊ ဖတ်စရာ စာအုပ်တွေ အများအပြားပေါ်ထွက်နေတာရယ်ကြောင့် အဲဒီမေးခွန်းမျိုးတွေ ကိုတော့ ဒီကဏ္ဍမှာ ဖြေဆိုဖို့ အစီအစဉ်မရှိ ပါဘူး။ အဲဒါကို ဆရာပြောခဲ့ပြီးပါပြီ။ အကြောင်းသင့်လို့ ရှင်းပြသင့်တဲ့အကြောင်းတွေကို အခု ရှင်းပြပါ့မယ်။
ဒီတပတ်မေးခွန်းတွေထဲမှာ “ရသ ကိုးပါးကို ပြည့်ပြည့်စုံစုံ ရှင်းပြပါ”ဆိုတဲ့ မေးခွန်းမျိုးပါတယ်။ ကျောင်းမှာ၊ စာအုပ်တွေထဲမှာ ရှာဖွေလေ့လာနိုင်တဲ့ သင်ခန်းစာတွေပါ။ တယောက်ကတော့ မြန်မာစာ ဂုဏ်ထူးကို အမှတ်အများဆုံးနဲ့ အောင်ချင်ပါတယ်တဲ့။ ပြီးတော့ မေးခွန်းတွေကို ဖြေရာမှာ ဘာဖြစ်လို့ အမှတ်ပြည့်မရတာလဲ-တဲ့။ မြန်မာစာက ဝိဇ္ဇာဘာသာရပ်ပါ။ သိပ္ပံဘာသာရပ်ကတော့ အချက်အလက်ကို အတိအကျမေးတာမို့ မှန်ရင် အမှတ်ပြည့် ရနိုင်တာပေါ့။ မြန်မာစာ၊ သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာ ဘာသာရပ်တွေကတော့ ဝိဇ္ဇာဘာသာရပ်တွေဖြစ်လို့ အချက်အလက်သက်သက် မဟုတ်ဘဲ စာဖြေသူရဲ့ အတွေးအခေါ်၊ အတင်အပြတွေက အရေးကြီးပါတယ်။ အဲဒီအင်္ဂါရပ်တွေကို အတိအကျ သတ်မှတ်လို့ မရစကောင်းတဲ့အတွက် အမှတ်ပြည့် မရနိုင်ပါဘူး။ အဲဒီဘာသာတွေ အမှတ်တရာပြည့် ရတဲ့ အစဉ်အလာ ဘယ်တုန်းကမှ မရှိပါဘူး။ စာစီစာကုံးကို ၁၅-မှတ်ထက် ပိုမရဘူးဆိုတာက ဘယ်သူက
ပြောတာလဲ မသိဘူး။ အဲဒီလို သတ်မှတ်ချက် မရှိပါဘူး။
နောက်တယောက်ကတော့ အလင်္ကာ ဖြေပုံဖြေနည်းတွေ ဖော်ပြပြီး ဘယ်လိုဖြေလို့ အစမ်းစာမေးပွဲမှာ အမှတ်မရဘူး၊ ဘယ်လိုဖြေမှ အမှတ်အပြည့် ရမယ်လို့ပြောတယ်လို့ ရေးထားတယ်။ ဘယ်သူက ပြောတာပါလိမ့်။ ဒီမေးခွန်းမျိုးဟာ အချက်အလက်မှန်ရင် အမှတ်ပြည့်ပေးတဲ့ မေးခွန်းပါ။
ဖြေတဲ့ပုံစံက တယောက်နဲ့တယောက် ထပ်တူ မတူနိုင်ပါဘူး။ ဘယ်ဟာ ရှေ့ကထားရမယ်၊ ဘယ်ဟာ နောက်က ထားရမယ်လို့လည်း ပုံသေမရှိပါဘူး။ အရေးကြီးတာက မှန်ဖို့ပါ၊ ဒီလိုမဟုတ်ဘဲ ဘယ်လိုရေးမှ အမှတ်ပြည့်ရမယ်လို့ ပုံစံကြီးနဲ့ သတ်မှတ်ရင်တော့ အဲဒါဟာ သတ်မှတ်တဲ့ ဆရာ၊ ဆရာမရဲ့ တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။ ပုံသေ အလွတ်ကျက်ပြီး ကျက်တဲ့အတိုင်း ပြန်ရေးမှ အမှတ်ရမယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်နေပါလိမ့်မယ်။
နောက်တယောက်ကလည်း စကားစပ် ဖြေရာမှ ဖြေပုံကွဲတာတွေကိုပြပြီး ဘယ်လိုဖြေရမလဲ၊ ရှေ့က-အမှတ်အသား ထည့်ရမလား-ဆိုတာတွေအထိ မေးနေပါတယ်။ စိတ်မောစရာပါပဲ။ အရေးကြီးတာက အချက်အလက် ပြည့်စုံမှန်ကန်ဖို့ပါ။ အရေးအသား ကွဲပြားတာ၊ တချက်ချင်း ခွဲရေးတာ၊ ပေါင်းရေးတာ၊
ရှေ့က-ခံတာ၊ မခံတာတွေက ပဓာနမကျပါဘူး။ ပုံသေဆန်လွန်းပါတယ်။ ရေးပုံဖြေပုံ တယောက်နဲ့တယောက် ထပ်တူ မတူနိုင်ပါဘူး။ အချက်အလက်မှန်ဖို့ပဲ အရေးကြီးပါတယ်။ အဲဒီလို ပုံစံကြီး ချပြီး ပုံသေလုပ်တာမျိုးကို ဆရာ-ဆရာမကလည်း မလုပ်သင့်ဘူး။ ကျောင်းသားကလည်း ပုံသေ အလွတ်မကျက်သင့်ဘူး။ ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်မှုနဲ့ အကျိုးသင့် အကြောင်းသင့် ရေးတတ်အောင် ကြိုးစားသင့်တယ်လို့ သဘောရပါတယ်။
ထပ်ပြီး အကြံပေးချင်တာက မြန်မာစာတော်ချင်ရင် ကျောင်းစာရော-အပြင်စာရော များများဖတ်ပါ။ အဲဒီလို ဖတ်တဲ့ကျောင်းသားက အပြင်စာမဖတ်ဘဲ ကျောင်းစာချည်းသက်သက် ဖတ်တဲ့ ကျောင်းသားထက် ပိုပြီး စာတော်တာ များတယ်ဆိုတဲ့ အချက်ပါပဲ။
(မောင်ခင်မင်-ဓနုဖြူ)
Comments
Post a Comment