မြန်မာစာပေအစ ပါဠိစာပေက (သို့မဟုတ်) မြန်မာ့အသံနှင့် နိုင်ငံတကာအသံ ကွားခြားမှုပြဿနာ



မြန်မာစာပေအစ ပါဠိစာပေက (သို့မဟုတ်) မြန်မာ့အသံနှင့် နိုင်ငံတကာအသံ ကွားခြားမှုပြဿနာ

                   “မြန်မာစာပေအစ ပါဠိစာပေက” ဟု အဘယ့်ကြောင့် ဆိုရသနည်းဟူမူ..မြန်မာစာပေသည် ပါဠိစာပေမှ မြစ်ဖျားခံ ဆင်းသက်လာပြီး၊ တစ်ဖြည်းဖြည်းချင်း ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုများနှင့် ပေါင်းစပ်ကာ ဖွံ့ဖြိုး တိုးတတ်လာသော စာပေဖြစ်ပါ၏။ မြန်မာစာပေ၏ အဓိကကျောရိုးဖြစ်သော သဒ္ဒါသည် ပါဠိသဒ္ဒါမှဆင်းသက်လာခြင်း ဖြစ်ပါ၏။ မြန်မာသဒ္ဒါသည် ပါဠိသဒ္ဒါကို အခြေခံထားခြင် ဖြစ်ပါ၏။
ယခုခေတ် အလယ်တန်း၊ အထက်တန်းကျောင်းများတွင် သင်ကြားနေသော မြန်မာသဒ္ဒါကို လေ့လာကြည့်လျှင် (၈၀%)သည် ပါဠိစာပေ ပါဠိသဒ္ဒါမှ တိုက်ရိုက်ဘာသာပြန် ယူထားခြင်းဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါ၏။ သာဓက ထုတ်ပြပါဦးမည်။ ထိုင်ဝမ်နိုင်ငံ၊ တရုတ်ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ပညာသင်ခဲ့စဉ်က ပါဠိစာပေသင်ယူမည့်ကျောင်းသား ကျောင်းသူများသည် ရှေးဦးစွာ သရ(ဂ)လုံး နှင့် အက္ခရာ ဗျည်း(၃၃)လုံးတို့ကို သင်ယူကြရ၏။

 သရ(ဂ)လုံး 
a, ā, i, ī, u, ū, e, o, အ၊ အာ၊ အိ(ဣ)၊ အီ(ဤ)၊ အု(ဥ)၊ အူ(ဦ)၊ အေ(ဧ)၊ အော(သြ) တို့ဖြစ်၏။ 

အက္ခရာ ဗျည်း(၃၃)လုံး
 k, kh, g, gh, ń, c, ch, j, jh, ñ, t ̣, t ̣h, ḍ, ḍh, ṇ, t, th, d, dh, n, p, ph, b, bh, m, y, r, l, v, s, h, l ̣, ṃ . က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ၊ အ တို့ဖြစ်ကြပါ၏။ နောက်… ‘က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကော။’ စသည့် ဗျည်းနှင့် သရတွဲပုံများကို သင်ကြရ၏။ သူငယ်ချင်း မြန်မာတစ်ယေက်က မှတ်ချတ်ချဖူး၏။ “သူတို့သင်တာက ပါဠိစာပေ သင်တာလား။ မြန်မာစာပေ သင်တာလား” ဟူ၍ပင် ဖြစ်ပါ၏။ ထင်မည်ဆိုလည်း ထင်စရာပင် ဖြစ်ပါ၏။ တကယ်တော့ ပါဠိစာပေ သင်ယူသောသူတို့သည် မြန်မာစာပေကို ဦးစွာသင်ယူခြင်းတော့ မဟုတ်ပါပေ။ မြန်မာစာပေသည် ပါဠိစာပေမှ ဆင်းသက်လာသော စာပေဖြစ်ခြင်းကြောင့်သာ ဤသို့ အခြေခံကို သင်ယူနေရာ၌ တူညီနေခြင်း ဖြစ်ပါ၏။ 

ပါဠိစကားပြောဆိုဆက်သွယ်မှု
 ပါဠိစာပေသည် သူ၏မူရင်းပါဠိအက္ခရာသီးသန့် မရှိပေ။ ထို့ကြောင့် မြန်မာအက္ခရာဖြင့် ရေးထားလျှင် မြန်မာပါဠိ၊ ထိုင်းအက္ခရာဖြင့် ရေးထားလျှင် ထိုင်းပါဠိ၊ သီရိလင်္ကာ(သီဟိုဠ်) အက္ခရာဖြင့် ရေးထားလျှင် သီရိလင်္ကာ(သီဟိုဠ်) ပါဠိ၊ ကမ္ဗောဒီးယား အက္ခရာဖြင့် ရေးထားလျှင် ကမ္ဗောဒီးယား ပါဠိ၊ လော(လာအို) အက္ခရာဖြင့် ရေးထားလျှင် လော(လာအို)ပါဠိ၊ အင်္ဂလိပ် အက္ခရာဖြင့် ရေးထားလျှင် အင်္ဂလိပ်ပါဠိ (အင်္ဂလိပ်ပါဠိကို ရောမလိပိ ရောမအက္ခရာ၊ ရိုမန် အက္ခရာ ဟု ခေါ်ဆိုသုံးနှုန်းကြ၏။) ဖြစ်နေသည်ကို တွေ့မြင်ကြရပါမည်။ ကိုယ်ကမတတ်၍ မဖတ်တတ်လျှင်သာရှိမည်။ ဖတ်ကြည့်လျှင် အသံထွက်ကား အတူတူသာတည်း။ (အသံကွဲလွဲချက် အနည်းငယ်ရှိကြောင်း နောက်၌ ရှင်းပြပါမည်။) ထို့ကြောင့်ပင် သီရိလင်္ကာ(သီဟိုဠ်) ပါဠိတတ်သော ရဟန်းတော်များနှင့် မြန်မာပါဠိတတ်သော ရဟန်းတော်တို့အချင်းချင်း ပါဠိစကားဖြင့် ဆက်သွယ်ပြောဆို၍ နေကြခြင်း ဖြစ်ပါ၏။ 

ပါဠိ အသံကွဲလွဲမှု 
ပါဠိစာပေကို အသံထွက်ရွတ်ဆိုကြရာတွင် အသံထွက် အနည်းငယ် ကွဲလွဲမှုရှိနေပါ၏။ ထေရဒါဒ (၅)နိုင်ငံတွင် မြန်မာတစ်ခုတည်းသာ ဤသို့ကွဲလွဲနေခြင်း ဖြစ်ပါ၏။ ကျန်(၄)နိုင်ငံဖြစ်သော ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဗောဒီးယား၊ လောတို့နှင့် အင်္ဂလိပ်ပါဠိ တို့သည် အသံထွက် အတူတူပင်တည်း။ ဗျည်း(၃၃)လုံးတွင် ကွဲပြားသည့် ဗျည်းများမှာ “စ၊ ဆ၊ ဇ၊ ဈ၊ သ” တို့ပင်ဖြစ်ပါ၏။ နိုင်ငံတကာသံဟု သတ်မှတ်နေသော သူတို့နိုင်ငံများ၏ အသံထွက်ကား “စ= (ca)၊ ဆ= (cha)၊ ဇ= (ja)၊ ဈ= (jha)၊ သ= (sa)။ ” တို့ပင်တည်း။ စဉ်းစားဖွယ်ကား ပါဠိစာပေမှ ဆင်းသက်လာပါသည်ဆိုသော မြန်မာစာပေတစ်ခုတည်းသာ အဘယ့်ကြောင့် ကွဲလွဲနေရသနည်း။ ကျန်စာပေတို့သည်ကား အဘယ့်ကြောင့် တူညီနေရသနည်း။ တိကျသေချာသော အဖြေကိုကား ထုတ်ပြနိုင်မည် မဟုတ်ပါပေ။ ဖြစ်နိုင်ဖွယ်ရာ အဖြေများ၊ သုတေသနပြု တွေ့ရှိချက်များ၊ မှန်ဆချက်များနှင့် သာဓကများကို ထုတ်ဆောင်ပြပါမည်။

 နှိုင်းယှဉ်ကြည့်ရအောင်
 ထေရ၀ါဒ(၅)နိုင်ငံတွင် ဗုဒ္ဓသာသနာသမိုင်းမှတ်တမ်းကို ကြည့်လျှင် အဓိကအင်အားကြီးဖြစ်သော မြန်မာနှင့် သီရိလင်္ကာ (၂)နိုင်ငံသာ တွေ့ရမည် ဖြစ်ပါ၏။ မြန်မာနှင့် သီရိလင်္ကာတို့တွင် မည်သူကသာ၍ မည်သူက အားနည်းသည်ဟု တထစ်ချ ပြောဆိုရန် ခဲယဉ်းလှပါ၏။ စတုတ္ထသံဂါယနာကို သီရိလင်္ကာမှာ တင်ခဲ့သလို့် ပဉ္စမ သံဂါယနာနှင် ဆဋ္ဌမသံဂါယနာကို မြန်မာနိုင်ငံမှာ တင်ခဲ့ကြသည်သာတည်း။ သာသနာသမိုင်း တစ်လျှောက်တွင်လည်း တစ်ခါတစ်ရံ သီရိလင်္ကာတွင် ဗုဒ္ဓသာသနာ အားနည်းချိနဲ့လာသောအခါ မြန်မာနိုင်ငံမှ သံဃာတော်တို့၏ အကူအညီဖြင့် သာသနာ အသက်ဆက်ရမှုများ ရှိခဲ့ပါ၏။ အလားတူပင် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ အားနည်းချိနဲ့လာသောအခါ သီရိလင်္ကာနိုင်ငံမှ သံဃာတော်တို့၏ အကူအညီဖြင့် သာသနာ အသက်ဆက်ရမှုများလည်း ရှိခဲ့သည်သာတည်း။ မည်သူက ရှေးကျသနည်းဟူမူ စတုတ္ထသံဂါယနာ၊ ပဉ္စမ သံဂါယနာနှင့် ဆဋ္ဌမသံဂါယနာကို ကြည့်၍ မဆုံးဖြတ်ဘဲ။ တတိယသံဂါယနာ တင်ပြီးသောအခါ ကိုးတိုင်းကိုးဋ္ဌာနသို့ သာသနာပြုများ စေလွှတ်ခဲ့ရာတွင် သီရိလင်္ကာနိုင်ငံသို့တစ်ဖွဲ့နှင့် မြန်မာနိုင်ငံ (သုဝဏ္ဏဘူမိ)သို့တစ်ဖွဲ့ တစ်ပြိုင်တည်း စေလွှတ်ခဲ့ကြသည်ကို တွေ့ကြရမည်ဖြစ်ပါ၏။ စာပေတတ်ကျွမ်းမှုတွင်ကား ပါဠိပရိယတ်စာပေ တတ်ကျွမ်းမှုတွင် မြန်မာရဟန်းတော်တို့က သာလွန်၍ အင်္ဂလိပ်စာပေ တတ်ကျွမ်းမှုတွင်ကား သီရိလင်္ကာ ရဟန်းတော်တို့က သာလွန်ဟုသာ ယေဘုယျမှတ်ချက်ကိုသာ ပေးနိုင်ပေလိမ့်မည်။ ယခုအခါ သီရိလင်္ကာတွင် ပိဋကတ်စာပေကို ကုန်စင်အောင် မသင်ကြတော့ဘဲ၊ ခေတ်သင်နည်းစနစ်အရ သိရုံ၊ နားလည်ရုံ အကြမ်းဖျဉ်းလောက်သာ သင်ယူကြတော့၏။ (ထိုင်း၊ ကမ္ဗောဒီးယား၊ လောတို့သည်လည်း အတူတူပင်တည်း။) ပမာပြရသော် အဘိဓမ္မာ(၇)ဆိုလျှင် ပါဠိကို ရွတ်ဖတ်ရုံသာ ရှိတော့၍ စိတ်၊ စေတသိတ်၊ ရုပ်တို့၏သဘောသရုပ် မထုတ်ပြနိုင်ကြပေ။ (မိမိနှင့် တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်း သီရိလင်္ကာ ကိုယ်တော်၏ ၀န်ခံချက်ကို အခြေခံ၍ ဤသို့ရေးခြင်း ဖြစ်ပါ၏။) ယမိုက်၊ ပဋ္ဌာန်းတို့ဆိုလျှင်ကား ဆိုဖွယ်ရာ မရှိပြီ။ ပဋိပတ်ဟူသော သမထ ၀ိပဿနာ အကျင့်ပိုင်းတွင်လည်း မြန်မာတို့က သာလွန်ကြသည်သာတည်း။ အနောက်နိုင်သား သုတေသန ပညာရှင်တို့ မှတ်ချတ်စကား တစ်ခုကား “ပဋိပတ်ဟူသော သမထ ၀ိပဿနာအကြောင်း တစ်ကယ်သိလို ကျင့်လိုလျှင် မြန်မာနိုင်ငံကို သွားသင့်သည်” ဟူသည်တည်း။ ရဟန်းသံဃာတော် အရေအတွက်ကား သီရိလင်္ကာတွင် အလွန်ဆုံးရှိလျှင်သော်မှ ငါးသောင်းထက် မပိုပေ။ (ထိုင်း၊ ကမ္ဗောဒီးယား၊ လောတို့သည်လည်း သံဃာအရေအတွက်မှာ အတူတူပင်တည်း။ များစွာ ကွာခြားမှု မရှိလှပေ။ အားအနည်းဆုံးကား လောပင် ဖြစ်ပါ၏။) မြန်မာ ရဟန်းသံဃာတော် အရေအတွက်ကား လေးသိန်းကျော်ပြီတည်း။ မြန်မာသီလရှင် အရေအတွက်သည်ပင် ငါးသောင်းရှိနေပြီတည်း။ ဖြစ်နိုင်ချေတစ်ခုမှာ သီရိလင်္ကာရဟန်းတော်တို့၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကြောင့် သီရိလင်္ကာသာသနာသည် အခြားနိုင်ငံတို့သို့ ပျံ့နှံ့ထွန်းကားနိုင်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့်သာလျှင် ပါဠိရွတ်ဆိုရာတွင် သံနေသံထားမှာ သီရိလင်္ကာနှင့် ထိုင်း၊ လော၊ ကမ္ဗောဒီးယားတို့မှာ တူနေခြင်း ဖြစ်နိုင်ပါသည်။ မြန်မာရဟန်းတော်များမှာ ယခင်က အင်္ဂလိပ်စာတွင် အရမ်းအားနည်းခဲ့ကြ၏။ ပိဋကတ်စာပေ အရည်အချင်း ပြည့်ဝကြသော်လည်း အင်္ဂလိပ်စာမတတ်၍ ပြည်ပနိုင်ငံများသို့ သာသနာမပြုနိုင်ခဲ့ကြပေ။ ထိုကြောင့်ပင် မြန်မာတို့သည် ပါဠိရွတ်ဆိုမှု သံနေသံထားတွင် ကျန်နိုင်ငံများနှင့် ကွဲပြားနေခြင်း ဖြစ်နိုင်ပါ၏။ ယခုအခါတွင်မူ မြန်မာရဟန်းတော်တို့၏ ကြိုးစားအားထုတ်မှု၊ အင်္ဂလိပ်စာကျွမ်းကျင်မှုကြောင့် ကမ္ဘာ့ နိုင်ငံပေါင်းများစွာသို့ မြန်မာဗုဒ္ဓဘာသာ သာသနာသည် ပြန့်နှံ့ရောက်ရှိခဲ့ပြီ ဖြစ်ပါ၏။ မြန်မာရဟန်းတော်တို့သည်လည်း ပိဋကတ် ပါဠိစာပေတင်မက အင်္ဂလိပ်စာပေ၊ တရုတ်စာပေ၊ ဂျပန်စာပေ၊ ကိုရီးယားစာပေ၊ ပြင်သစ်စာပေ၊ ဂျာမန်စာပေ စသည့် ဘာသာစကားတို့တတ်ကျွမ်းသော ရဟန်းတော်များလည်း ပေါ်ထွန်းခဲ့ပြီး၊ လက်ရှိလည်း အဆိုပါနိုင်ငံများတွင် လက်တွေ့ သာသနာပြုနေကြပြီ ဖြစ်ပါ၏။ 

မည်သည်ကမှန်၍ မည်သည်ကမှားသနည်း 
ဆိုလိုသည်မှာ ယခုကာလ နိုင်ငံတကာအသံဟု လက်ခံနေကြသော သီရိလင်္ကာနှင့် ထိုင်း၊ လော၊ ကမ္ဗောဒီးယားနိုင်ငံတို့၏ အသံထွက်က မှန်သလား။ သို့တည်းမဟုတ် အထီးကျန် ဖြစ်နေသော မြန်မာတို့၏ အသံထွက်ကသာလျှင် မှန်သလား။ အကယ်၍ မြန်မာအသံထွက် မှားသည်ဟုဆိုလျှင် ….တွေးစရာ….သံသယ၀င်စရာများက တစ်သီတစ်တန်းကြီး ဆက်လက်ပေါ်ထွက်လာမည်သာတည်း။ ဥပမာ..သာမဏေ ကိုရင်ဝတ် ရှင်ပြုရာတွင် အဓိကမှာ သရဏဂုံကို ဋ္ဌာန်း ကရိုဏ်း ပယတ် ဂရု လဟု ပီသစွာ ရွတ်ဆိုနိုင်မှသာလျှင် သာမဏေဖြစ်နိုင်၏။ သို့မဟုတ်ပါက ကိုရင် သာမဏေဖြစ်ရန် မသေချာပေ။ ထိုနည်းတူ… ဥပသမ္ပဒ ရဟန်းခံရာတွင်လည်း သိမ်ထဲတွင် ဉတ္တိစတုတ္ထ ကမ္မ၀ါစာ ရွတ်ဖတ်ကြရ၏။ ကမ္မ၀ါစာရွတ်ဖတ်ရာတွင် ဋ္ဌာန်း ကရိုဏ်း ပယတ် ဂရု လဟု ပီသစွာ ရွတ်ဖတ်ရန် ပို၍လိုအပ်သည်မှာ အထူးပြောဖွယ်လိုမည် မထင်ပါပေ။ ထို့ကြောင့် မြန်မာတို့၏ ပါဠိစာပေ ရွတ်ဖတ်နည်းသည် မှားသည်ဆိုလျှင် မြန်မာနုင်ငံသာသနာတော်၏ အနာဂတ်အလားအလာမှာလည်း မတွေးဝံ့စရာ။ မရေးဝံ့စရာပင်တည်း။ 

တိပိဋက မင်းကွန်းဆရာတော်ကြီး၏ ဆုံးဖြတ်ချတ် 
စာရေးသူသည် ပြဿနာကို မီးထွန်းရှာနေသည်ဟု မယူဆစေချင်ပါ။ ဤကိစ္စသည် ယခုမှ ပေါ်လာသည် မဟုတ်သလို ယခင်ကလည်း ဤကိစ္စကို ဆွေးနွေးခဲ့ကြဘူး၏။ သုတေသနပြု ငြင်းခုန်ခဲ့ကြဘူး၏။ တိပိဋက မင်းကွန်းဆရာတော်ကြီးကလည်း ဆုံးဖြတ်ချတ်ချဘူး၏။ တိပိဋက ဆရာတော်ကြီး၏ အယူအဆမှာ ဤသို့တည်း။ “ကိုယ်တော်တို့ ဤကိစ္စကို ငြင်းခုန်မနေကြပါနှင့်။ သူတို့ကလည်း သူတို့အရပ်၊ သူတို့လူမျိုး၊ သူတို့အသံနှင့် မှန်သည်သာ။ မိမိတို့ မြန်မာကလည်း မိမိတို့အရပ်၊ မိမိတို့လူမျိုး၊ မိမိတို့အသံနှင့် မှန်ကန်သည်သာတည်း။” တစ်နိုင်ငံလုံးက ရိုသေလေးစားကာ ကျမ်းတတ်အကျော် တိပိဋကဆရာတော်ကြီး၏ ဆုံးဖြတ်ချက်ဖြစ်၍ ရာနှုန်းပြည့်မဟုတ်တောင် ရာနှုန်းပြည့်နီးပါး မှန်နိုင်သည်ဟုတော့ စာရေးသူ ယုံကြည်ပါ၏။ စာဖတ်သူသင်ကော မည်သို့ ယူဆပါသနည်း။ 

အမနုဿ နာနာဘာဝ(အစိမ်းသရဲ)တို့၏ ဆုံးဖြတ်ချက် 
ဤနေရာ၌ ဆက်စပ်နေ၍ ကိုယ်တွေ့သာဓကတစ်ခုမျှကို ထုတ်ဆောင်ပြချင်ပါ၏။ ကြွားဝါသည်ဟု မထင်စေလိုပါပေ။ မိမိသည် ထိုင်ဝမ်နိုင်ငံသို့ (၂၀၀၃)ခုနှစ်တွင် သာသနာပြုရန် စတင်ရောက်ရှိပါခဲ့၏။ ထိုင်ဝမ်တွင် သာသနာပြုရန်မှာ ပါဠိစာ၊ အင်္ဂလိပ်စာတတ်ရုံနှင့် မလုံလောက်ပေ။ ထိုကြောင့် သူတို့ဘာသာစကားနှင့် သူတို့တရုတ်စာပေကို လေ့လာသင်ယူရန်အတွက် ယွမ်ကွမ်တရုတ်ဗုဒ္ဓဘာသာတ္ကသိုလ်သို့ (၆)နှစ်ကြာ သင်ယူခဲ့ရ၏။ ယခုတင်ပြလိုသော အဖြစ်အပျက်သည် ထိုစဉ်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ ယွမ်ကွမ်တရုတ်ဗုဒ္ဓဘာသာတ္ကသိုလ်တွင် နိုင်ငံပေါင်းစုံမှ လာရောက် ပညာသင်ယူကြသော နိုင်ငံခြားသားကျောင်းသား ကျောင်းသူများစွာ ရှိကြပါ၏။ ထိုထဲတွင် ထိုင်းနိုင်ငံမှ ဘိက္ခုနီ (ရဟန်းမ) တစ်ယောက်လည်း ပါဝင်၏။ သူမသည် အသက်(၂၀)ကျော်သာသာပင် ရှိသေး၏။ တစ်နေ့တွင် ထိုရဟန်းမကို တစ္ဆေသရဲ ၀င်ပူးတော့၏။ သူတို့နိုင်ငံသူ နိုင်ငံသားများ၏ အဆိုအရ ထိုပူးဝင်သော တစ္ဆေသရဲသည် ထိုင်းနိုင်ငံ ထိုရဟန်းမ၏ ဇာတိ ကျေးလတ်တောရွာမှ ဖြစ်ကြောင်း သိရ၏။ ထိုတစ္ဆေသရဲ ၀င်ပူးသည်နှင့် တပြိုင်နက် အိပ်ယာပေါ်တွင် အမြဲတမ်း ပက်လတ်အိပ်၍သာ နေတော့၏။ ထမင်းလည်းမစား၊ ရေလည်းမသောက်၊ ကျင်ကြီး ကျင်ငယ်လည်း မစွန့်တော့ပေ။ ထိုသို့သော အခြေအနေကြောင့် တစ်ရက်ကျော်လာသည်နှင့် စိုးရိမ်နေကြရ၏။ ဆရာဝန်ခေါ်ပြ၏။ ဆရာဝန်လည်း မတတ်နိုင်ခဲ့။ နှစ်ရက်မြောက်လာ၏။ မထသေး။ တုံးလုံးပက်လက် လှဲအိပ်လျက်သာ။ မဟာယာန တရုတ်ဘုန်းတော်ကြီးများက သူတို့နည်း သူတို့ဟန်ဖြင့် ဘုရားစာ ရွတ်ဖတ်ကြ၏။ သို့သော် တုပ်တုပ်မျှ လှုပ်မလာခဲ့ပေ။ ဆက်လက်၍ အိပ်မြဲ အိပ်ဆဲ။ တတိယမြောက်နေ့တွင် ထိုင်းဘုန်းကြီများက ပရိတ်တရားတော်များကို ရွတ်ဖတ်ကြ၏။ ထိုင်းနိုင်ငံမှ လိုက်ပါလာသော တစ္ဆေသရဲသည် ထိုင်းဘုန်းတော်ကြီးများ ရွတ်ဖတ်သော ပရိတ်တရားကို နားမလည်သည်တော့ မဖြစ်နိုင်ရာပေ။ သို့သော် တှဏိဘာဝေ ဆိတ်ဆိတ်နေမြဲ။ ဆက်လက်၍ အိပ်နေမြဲပင်။

 မြန်မာရဟန်းတော်တို့၏ ပရိတ်တော်အစွမ်း
 (၃)ရက်လည်း ကျော်လာခဲ့ပေပြီ။ လူမမာသည် (၃)ရက်လုံးလုံး မစား မသောက် အပေါ့ အလေးမသွား အိပ်ယာပေါ်တွင် အိပ်မြဲအိပ်လျက်သာ။ မတတ်နိုင်တော့သည့်အဆုံးကျမှသာ မြန်မာရဟန်းတော်များကို လာရောက်လျှောက်ထား တောင်းပန်လာခဲ့၏။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရာဇ၀င် ရန်ဘက်များ ဖြစ်နေ၍ ထိုင်းနိုင်ငံသားအများစုသည် မြန်မာတို့အပေါ် အမြင်မကြည်လင်ကြပေ။ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံသူ အတော်နည်းပေသည်။ မတတ်သာမှသာလျှင် ပေါင်းသင်းတတ်လေ့ ရှိကြ၏။ ယခုလည်း မြန်မာရဟန်းတော်တို့သည် “ပရိတ်စွမ်းသည်”ဟု သူတို့နိုင်ငံ၊ သူတို့လူမျိုးများ၏ ပြောစကားကြောင့်သာ အားမတန် မာန်လျှော့ကာ လာရောက်တောင်းပန် အကူအညီ တောင်းခြင်း ဖြစ်ပါ၏။ “သေဘေးနှင့် နီးကပ်လာနေသော ဤရဟန်းမအပေါ် မေတ္တာ ကရုဏာထားသောအားဖြင့် ကူညီပါမည့်အကြောင်း” လာရောက်တောင်းပန် လျှောက်ထားကြ၏။ သူတို့လူမျိုးများက မိမိတို့ မြန်မာများအပေါ် မညိသို့ သဘောထားပါစေ မိမိတို့ကမူ ခွဲခြားမှု မရှိဘဲ၊ ကျန်နိုင်ငံသားများနည်းတူ ဆက်ဆံကြကြောင်း သူတို့တွေ့မြင် သိရှိကြမည်သာပင်။ ယခုလို လာရောက်တောင်းပန်လာတော့ မိမိတို့လည်း မနေသာ။ ကူညီရန် တိုင်ပင်ကြရ၏။ ယခုကိစ္စကို သာမန်လို ပေါ့ပေါ့တန်တန် သဘောမထားဘဲ၊ အလေးဂရုပြုကြရန် အချင်းချင်း တိုင်ပင်ကြရ၊ သတိပေးကြရ၏။ ဘိက္ခုနီ(ရဟန်းမ) ၏ အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက်သော်လည်းကောင်း၊ တစ်ခြားသူများအာလုံး မတတ်နိုင်တော့သော အခြေအနေရောက်မှ မိမိတို့ကို လာရောက် ပင့်လျှောက်သည်အတွက်ကြောင့် မိမိတို့မြန်မာနိုင်ငံ မြန်မာရဟန်းတော်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ရန် အတွက်လည်းကောင်း၊ လူမမာအပေါ် မေတ္တာ စေတနာထားကာ ပရိတ်တရားတော်(၁၁) သုတ်လုံးကို ပုဒ် ပါဒ် အက္ခရာမှန်ကန်စွာ၊ ဋ္ဌာန် ကရိုဏ်း ပယတ် ပီသစွာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြ၏။ ပရိတ်ရွတ်ပြီးလျှင် အမျှဝေခြင်း၊ သစ္စာ အဓိဋ္ဌာန်ပြုခြင်းတို့ကိုလည်း ဆက်လက်ပြုလုပ်ပေးခဲ့ကြ၏။ “ဤပရိတ်ရေကို အခန်းထဲလည်း ပက်ဖြန်းပေးရန်၊ လူမမာ ပါးစပ်တွင်းသို့ ၀င်သွားအောင် တိုက်ပေးရန်” မှာကြားကာ ပြန်ကြွလာခဲ့ကြသည်။ မိမိတို့ မြန်မာရဟန်းတော်များ အခန်းပြန်ရောက်လျှင်ရောက်ချင်း သတင်းစကား ပြေားကြားလာကြ၏။ “လူမမာ ဘိက္ခုနီ(ရဟန်းမ) ထလာပြီ။ ပြန်ကောင်းသွားပြီ” ဟူသတည်း။ မိမိအားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြသည်မှာ ပြောဖွယ် လိုမည် မထင်ပါပေ။ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သော လူမမာ ဘိက္ခုနီ(ရဟန်းမ) ပြန်ကောင်းလာ၍ ၀မ်းသာရသလို မိမိတို့ မြန်မာနိုင်ငံ မြန်မာရဟန်းတော်တို့၏ ဂုဏ်သိက္ခာကို ကိုယ်စားပြု ထိန်းသိမ်းနိုင်ခဲ့၍ ကြည်နူးဝမ်းသာ မျက်ရည်လည်မိသည်အထိပင်တည်း။ (ဤသာဓကမျိုးနည်းတူ ထိုင်ဝမ်မှာပင် တရုတ်လူမျိုးများနှင့်လည်း နောက်ထပ်နှစ်ကြိမ်တိုင်အောင် ကြုံတွေ့ခဲ့ရပြီး၊ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါ၏။ သို့သော် ဤနေရာ၌ အကျယ်မပြသာပြီ။)

သုံးသပ်ချက် 
တိပိဋက မင်းကွန်းဆရာတော်ကြီး ဆုံးဖြတ်ချက်ချသလို သူတို့ (နိုင်ငံတကာအသံ)လည်း မှန်နိုင်သလို ကိုယ့်အသံ(မြန်မာ့ အသံ)သည်လည်း မှန်နိုင်သည်သာတည်း။ ထို့ထက်ပို၍ မိမိအမြင်ဖြင့် သုံးသပ်ရသော် မိမိတို့၏ မြန်မာအသံထွက်သည် အမှန်တရားနှင့် ပို၍နီးစပ်နိုင်သည်ဟူ၍ပင် ဖြစ်ပါ၏။ ထိုင်းနိုင်မှာနေသော တစ္ဆေ သရဲပင်ဖြစ်ပါလျက် ထိုင်းရဟန်းတော်တို့၏ ရွတ်ဖတ်သော ပရိတ်တရားတော်ကို မကြောက်ဘဲ။ အဘယ့်ကြောင့် မြန်မာရဟန်းတော်တို့ ရွတ်ဖတ်သော ပရိတ်တော်ကိုသာလျှင် ကြောက်ရ၊ အလေးဂရုပြုရသနည်း။ သူတို့၏ ပရိတ်တော်သည် အသံ မမှန်၍လော။ ရွတ်ဖတ်နည်း မမှန်၍လော။ သို့တည်းမဟုတ် ဘယ်အရာ ချွတ်ယွင်းနေသနည်း။ အဘယ်အရာ လိုအပ်နေသနည်း။ အဘယ့်ကြောင့်နည်း။ …မည်သို့နည်း။ စာရေးသူ အယူအဆကို ဆိုရပါမူ ဤသက်သေသာဓကသည်ပင်လျှင် တစ္ဆေ သရဲတို့ကပြောပြသော မှန်ကန်သောအဖြေ ဖြစ်သည်ဟုထင်ပါ၏။ အသင်စာဖတ်သူကော မည်သို့ထင်ပါသနည်း။ စာရေးသူ၏ သုံးသပ်မှုသည် အားနည်းချက်အချို့ ရှိနေကြောင်းကို လက်သင့်ခံပါ၏။ ထိုအချက်ကို ရေးမပြဘဲ၊ အသင် စာဖတ်သူသည် ဤကိစ္စနှင့် ပါတ်သက်၍ ပြောပြစရာ၊ ရေးပြစရာ၊ ဆွေးနွေးစရာများ ရှိခဲ့ပါက ပြောပြနိုင်၊ ရေးပြနိုင်၊ ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ 

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism) ထိုင်ဝမ်။ 
Posted by YATANAVASA
http://yatanavasa.blogspot.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း