ဘလော့ရေးမယ်ဆိုလျှင် (၂)

ဘလော့ရေးမယ်ဆိုလျှင် (၂) 

ကလောင်အမည်=ကိုရင်ကျော်

အင်တာနက် ဆိုရှယ်နက်ခ်ဝါ့တွေပေါ်မှာ ဘလော့တွေရေးနေကြတဲ့ အကြောင်းရင်းကို ကျွန်တော် စဉ်းစား မိတာ လေးတွေ အရင်ပြောပြချင်တယ်။ 

(၁) စာရေးတာဝါသနာပါလို့ရေးနေကြသူများ

(၂) ထင်ပေါ်ကြော်ကြားချင်လို့ ရေးနေကြသူများ
(၃) စာပေနယ်ကို ၀င်ဖို့ရာခက်ခဲတဲ့အတွက် လွယ်ကူတဲ့လမ်းမှ စတင်ဝင်ရောက် ရေးသားနေကြသူများ
(၄) ယခင်က စာစောင်၊ မဂ္ဂဇင်းများတွင် ရေးသားခဲ့ပေမယ့် အချိန်အတော်ကြာ ကင်းကွာနေသူများက ယခု တစ်ဖန် ပြန်လည်ရေးသားသည့်အခါ တုန့်ပြန်မှုလျင်မြန်စွာရရှိလို့ ဘလော့များကို ရေးသားနေကြသူများ
(၅) စာအုပ်စာစောင်များတွင် ဖော်ပြပြီးသည့် စာမူများကို ပြန်လည်တင်ပြ ရေးသားနေကြသူများ
(၆) တစ်ပါးသူက တိုက်တွန်းတဲ့အတွက် ရေးသားနေကြသူများ
ဒါတွေက စဉ်းစားမိသလောက်ပါ။ လိုအပ်တာတွေရှိမယ်လို့ထင်ပါတယ်။ ဖြည့်စွက်ပြောပြပေးကြပါ။
ဆက်လက်ပြီး ဘယ်လိုအကြောင်းအရာတွေကို ရေးနေကြတာလဲဆိုတာကို အကြမ်းဖျင်း လေ့လာကြည့်မယ် ဆိုရင်-
(၁) ကွန်ပျူတာနှင့်သိပ္ပံနည်းပညာများ၊ ဘာသာရပ်ဆိုင်ရာများ
(၂) စာပေ (ဆောင်းပါး၊ ၀တ္ထု၊ ကဗျာ၊ဟာသ၊ သရော်စာ)စသည်များ
(၃) ပြည်တွင်း၊ပြည်ပသတင်းများ
(၄) ဘာသာပြန်များ
(၅) ကိုယ်ရေးအထုပ္ပတ္တိများ
(၆) အခြားအကြောင်းအရာများ
ဘယ်သူတွေက ဘလော့တွေဖတ်ကြလဲ ဆိုတာကို ကြည့်လိုက်တော့-
(၁) လူကြီး၊ လူငယ် အရွယ်မရွေး၊ ဘာသာမရွေးဖတ်ကြတယ်။
(၂) အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖတ်ကြတယ်။
(၃) သီလရှင်နဲ့ရဟန်းသံဃာတွေဖတ်ကြတယ်။
အဲဒီတော့ ကိုယ်ရေးတဲ့ ဘလော့တွေကို ပြည်တွင်းပြည်ပက လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံက ဖတ်နေတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့် စာဖြစ်ရင်ပြီးရောဆိုပြီး အကြောင်းအရာကို အဓိကမထားဘဲ ရေးချင်တာကို ရေးချင်သလိုရေး ဖို့မသင့်ပါဘူး။ ကျွန်တော်ဆိုလိုတာက စာဖတ်သူတွေကို အထင်မသေးဖို့ပါပဲ။
လူတစ်ထောင် လက်ခုပ်တီးပြီး အားပေးတာ၊ မှတ်ချက်ပေးတာထက်စာရင်၊ ပညာရှိတစ်ယောက် မကဲ့ရဲ့အောင် ရေးသင့်ပါတယ်။ ကိုယ်ရေးတင်တဲ့ ဘလော့တစ်ခုကြောင့် ကိုယ့်အပေါ်မှာ အထင်ကြီးခံရနိုင်သလို၊ အထင်သေးခံ ရနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။
စာဖတ်များတဲ့သူတွေ၊ ဆိုဒ်ပေါင်းစုံမှာ ဘလော့တွေကို လိုက်ဖတ်နေတဲ့သူတွေဟာ ဘယ်ဟာက ကိုယ်ပိုင်ဖန်တီးမှု၊ ဒါမှမဟုတ် ကော်ပီလုပ်ထားတယ်ဆိုတာ ချက်ချင်းသိပါတယ်။ စေတနာနဲ့မျှဝေတင်ပြပေးကြတာကတော့ အပြစ် မပြောလိုပါ။ စာရေးသူ အချင်းချင်း လေးစားတဲ့အနေနဲ့ မူရင်းစာရေးသူကို ဖော်ပြပေးသင့်ပါတယ်။ ကျွန်တော် အဓိက ပြောချင်တာကတော့ ကိုယ့်အတွက် ကျန်အောင် ကိုယ်ပိုင် ဘလော့တွေကို များများရေးစေချင်ပါတယ်။ ကိုယ်ပိုင် ဖန်တီးမှုတွေကို တင်ပြပေးစေချင်ပါတယ်။
ဘလော့ရေးပြီး တင်ပြကြတယ်ဆိုတာ ကိုယ်ရေးတာကို သူများဖတ်စေချင်လို့ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တင်ပြလိုက်ပြီ ဆိုတာနဲ့ ဖတ်ကြမယ်။ ဝေဖန်ကြမယ်။ မှတ်ချက်ရေးသူ ရေးကြမယ်။ မရေးတဲ့သူ မရေးဘူး။ လက်ခံ တဲ့သူရှိမယ်။ လက်မခံတဲ့သူရှိမယ်။ အမြင်ချင်းတူတဲ့သူရှိမယ်။ အမြင်ချင်းမတူတဲ့သူရှိမယ်။ ကောင်းသော တုန့်ပြန်မှု ရှိနိုင်သလို ဆိုးသောတုန့်ပြန်မှုလဲရှိလာမှာပါ။ ကောင်းလို့ချီးမွမ်းစာရေးရင် မမြှောက်ဘဲ နေနိုင်ရမယ်။ မကြိုက်လို့ ဆဲသွားရင်လဲ ခံနိုင်ရည်ရှိရပါမယ်။ မှတ်ချက်တွေအများကြီးဆိုပြီး ဘ၀င်မမြင့် သင့်ပါဘူး။ မှတ်ချက်မရှိပါ ဆိုပြီးလဲ စိတ်ဓာတ်ကျ မသွားစေချင်ပါဘူး။ ဇွဲကောင်းကောင်းနဲ့ ဆက်လက်ရေးသားတင်ပြသွားမယ်ဆိုရင် တစ်နေ့တော့ စာရေးကောင်းသူတစ်ယောက်၊ အများလက်ခံတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။
“သိပ်ကောင်းမှသာ ရေးရမယ်ဆိုရင် အကြာကြီးစောင့်နေတာနဲ့ မရေးဖြစ်တော့ဘူး။ ဒီတော့ ရေးဖြစ်အောင် သတ္တိမွေး ရတယ်။ အကောင်းစားမဟုတ်တောင် အညံ့စား မဖြစ်အောင် သတိထားလိုက်တယ်။ အနည်းဆုံး မညံ့အောင် ကြိုးစား လိုက်တော့ ရေးဖြစ်သွားရော”
ဆိုတဲ့ ကံချွန် အမှတ်တရစာစုများ စာမျက်နှာ ၁၆ မှာ စာရေးဆရာကံချွန်က အကယ်ဒမီငြိမ်းမင်းကို ပြောခဲ့တဲ့ စကားလေးနဲ့ အမှတ်(၂)ကို အဆုံးသတ်လိုက်ပါတယ်။

                                                            အားလုံးကို ခင်မင်လေးစားလျက်
                                                                                               ကိုရင်ကျော်
                                                                                                   (၂၃-၄-၂၀၁၂)
                                                                           http://naingminsoe38.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း