ခေတ်ထဲက ရသ၊ ရသထဲက ခေတ်



ခေတ်ထဲက ရသ၊ ရသထဲက ခေတ်
ကလောင်အမည်=ပုညခင်

              ကျွန်မသည် ရသစာပေ ရေးသားသူတစ်ဦးသာဖြစ်ပြီးသုတေသနပညာရှင်တစ်ဦးမဟုတ်သဖြင့် ယခုရေးသား မည့်အကြောင်းအရာများကို 'စာတမ်း'ဟူ၍ အမည်မပေးလိုပါ။ ၁၉၉၃ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ်အထိ ၂၂ နှစ်တာကာလအတွင်းကျွန်မ၏စာပေဘ၀ဖြတ်သန်းမှု အတွေ့အကြုံများနှင့် ယှဉ်၍ တွေးခေါ် ယူဆမိသမျှကို ပြန်လည်ဝေမျှခြင်းဟုသာ ယူဆစေလိုပါသည်။
                    ယခုခေတ်အခါတွင်-'လူငယ်တွေစာမဖတ်ဖြစ်ကြတော့ဘူး'၊ 'ခုခေတ်လူငယ်တွေက ဘာမှအလေးအနက်မရှိကြတော့ဘူး။အားရင် ဖုန်းပဲပွတ်နေကြတာ'၊ 'ဖေ့စ်ဘွတ်ပေါ်မှာပဲအချိန်ကုန်နေကြ တာ'၊ 'စာအုပ်ဈေးကွက်ပျက်တော့မယ်'၊ 'စာအုပ် အငှားဆိုင်တွေ မရှိကြတော့ဘူး'၊ 'စာအုပ်တိုက်တွေ ပိတ်သိမ်းရတော့မယ်၊' 'အင်တာနက်တွေ၊ ဖေ့စ်ဘွတ် တွေကြောင့် စာအုပ်ဈေးကွက်ပျက်စီးရတာ'ဟူသော စကားများကို ကျွန်မတို့ မကြာခဏ ကြားရလေ့ရှိသည်။
                   ထိုစကားများသည် အမှန်တရား ဟုတ်ပါရဲ့လား။တကယ်ပဲ လူငယ်တွေ စာမဖတ်ကြတော့ ဘူးလား။ရသကို နည်းပညာများစွာက ဝါးမျိုဖျက်ဆီးလိုက်ကြပြီလား။ ထိုစကားများကို ကြားနေလျက်နှင့်ပင် စာအုပ်ဆိုင်ကြီးများ က ဆိုင်ခွဲတွေဖွင့်လှစ်လာခဲ့ကြသည်။ စူပါမားကက်များရှိ စာအုပ်ကောင်တာများတွင် စာအုပ်များစွာရောင်းချ နေကြရသည်။ စာအုပ်အငှားဆိုင်တွေမရှိလို့ဘယ်မှာသွားငှားဖတ်ရမှန်း မသိဘူးဟူသော စကားများကြားနေရ ချိန်တွင် စာအုပ်ရောင်းဆိုင်များ၌ ဝယ်ဖတ်သူများတိုးပွားလာခဲ့ကြ သည်။ ရသစာပေနှင့် မရပ်တည်နိုင်ကြ တော့ဘူးလားဟူသော ပြောစကားများရှိနေလျက်နှင့်ပင်။ တချို့သော ရသစာပေဆရာများ၏ စာအုပ်များ စောင်ရေများစွာ ရိုက်နှိပ်ရောင်းချလာခဲ့ကြသည်။
ခြုံငုံပြောဆိုသောသတင်းစကားနှင့် လက်တွေ့အဖြစ်အပျက်တို့ကြားတွင် ခြားနားမှုတစ်စုံတစ်ရာရှိသည့် အမှန်တရားသည် သိသာထင်ရှားစွာပေါ်ထွက်လာခဲ့ပါသည်။ ထိုခြားနားမှုအကြောင်းကို ကျွန်မတို့ အဖြေရှာ ရတော့မည်ဖြစ်သည်။
၁။ လူငယ်တွေ အသိဉာ ဏ်မြင့်လာတာလား၊ အသိဉာဏ် နိမ့်လာတာလား
ကျွန်မကတော့ လူငယ်တွေ အသိဉာဏ်မြင့်လာတာဟုသာ ဆိုချင်ပါသည်။ ခုခေတ် (၁၈)နှစ် လူငယ်သည် ကျွန်မတို့ (၁၈) နှစ်အရွယ်တုန်းကလို မဟုတ်တော့ပါ။ သူတို့သည် ကမ္ဘာကြီးကို ကျယ်ပြန့်စွာမြင် ခွင့်ရသည်။ ကမ္ဘာပေါ်က အဖြစ်အပျက်တွေကို မိနစ်ပိုင်းအတွင်းသိခွင့်ရသည်။ သိချင်တာရှိလျှင် အင်တာနက်ကွန်ရက်ကို အသုံးပြုမွှေနှောက်ရှာဖွေနိုင်သည်။ အသွားအလာ၊ အသိအမြင် ကျယ်ပြန့်လာသည်။ ကမ္ဘာပေါ်ကအနုပညာ ဖန်တီးမှုများ၊ အတတ်ပညာများကို ထိုင်ရာမထ မြင်တွေ့လေ့လာခံစားလို့ရသည်။ ထို့ကြောင့် လူငယ်များအပါအဝင် စာဖတ်ပရိသတ်များသည် ပြောတိုင်းယုံသည့် ပုတ်သင်ညိုများ မဟုတ်ကြတော့ချေ။
စာရေးသူက မရောက်ဖူးသည့် အရပ်ဒေသတစ်ခုကိုရမ်းရေးလိုက်လျှင်၊ အလွဲအမှားတစ်ခုဖြစ်ခဲ့လျှင် ရောက်ဖူးသူ၏ သရော်ခြင်းခံရမည်။ ကိစ္စတစ်ခု၊ ပညာရပ်တစ်ခုကိုဂဃနဏမသိဘဲ၊ မလေ့လာဘဲ ရမ်းမှန်းရေးလိုက်လျှင်ကိုယ့်ထက်လေ့လာသိမြင်ထားသော စာဖတ်သူ၏အထင်သေးမှုကို ခံရမည်။ ခေတ်ကာလ တိုးတက်၍စာဖတ်သူလူငယ်များ အသိအမြင် ကျယ်ပြန့်လာလေသူတို့ကို လွှမ်းမိုးဖမ်းစားနိုင်မည့် စာပေမျိုး ဖန်တီးဖို့ခက်ခဲလေဖြစ်သည်။
၂။ စတော်ဘယ်ရီပင်အောက်က စာရေးဆရာလား
ကျွန်မတို့ ငယ်စဉ်ကပင် ပြောစမှတ်တစ်ခု ရှိခဲ့ဖူးသည်။ စာရေးဆရာမတစ်ဦးက စတော်ဘယ်ရီပင်ကိုမမြင်ဖူးပဲ စတော်ဘယ်ရီပင်အောက်က ခုံမှာထိုင်သည်ဟုရေးလိုက်သည်ဟုဆိုကာ အချစ်ဝတ္ထုရေးစာရေးဆရာတချို့ကို လှောင်ပြောင်ခြင်း ခံရသည်။ တချို့သောသူများက စာရေးဆရာမတစ်ယောက်ယောက်နှင့်ဆုံလိုက်လျှင် စတော်ဘယ်ရီပင်အောက်မှာ ထိုင်သလိုတော့ မဖြစ်စေနဲ့နော်ဟု ကျီစယ်ချင်ကြသည်။
စာရေးသူတစ်ဦးသည် ဘယ်ကိုမှ မသွား၊ ဘာကိုမှမလေ့လာဘဲ အခန်းထဲတွင် အမြဲထိုင်၍ စာရေးနေလို့မဖြစ် တော့။ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် အဖြစ်အပျက်များပေါ်တွင် စိတ်ဝင်တစားပါဝင်စီးမျော ကျင်လည်လေ့လာလျက် နေ့စဉ်နှင့်အမျှ ကြိုးစားအားထုတ်နေမှသာလျှင် ခေတ်ရေစီးကြောင်းထဲက လူငယ်များ၏ စိတ်အာရုံကို လွှမ်းမိုးဖမ်းစားနိုင်မည့် စာပေများကိုဖန်တီးရေးဖွဲ့နိုင်မည်ဖြစ်သည်။
ထို့ကြောင့် လူငယ်များအား စာမဖတ်တော့ဘူးဟုအပြစ်မတင်မီ ကျွန်မတို့ကိုယ်တိုင်လည်း မိမိကိုယ်ကိုစတော်ဘယ်ရီပင်အောက်က စာရေးဆရာမဖြစ်အောင်ကြိုးစားရမည်ဟု သတိချပ်မိပါသည်။
၃။ ဝယ်ဖတ်စာအုပ်လား၊ ငှားဖတ်စာအုပ်လား
စာအုပ်အငှားဆိုင်တွင် ငယ်ရွယ်သောစာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလေ့ရှိကြသော ဝတ္ထုများကိုအချစ် ဝတ္ထုများ၊ အပျော်ဖတ်ဝတ္ထုများဟူ၍ အမည်တပ်လေ့ရှိခဲ့သည်။
ထိုစာအုပ်အများစုကို ဘားမားစက္ကူဖြင့်သာ ရိုက်နှိပ်လေ့ရှိသည်။ ထိုစာအုပ်များကို (၃၁)လမ်း၊ (၃၂)လမ်းစသည့် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်။ ထိုစာအုပ်ဆိုင်များတွင် လာရောက်ဝယ်ယူသူ အများစုမှာ စာအုပ်အငှားဆိုင်ရှင်များဖြစ်ကြသည်။ တစ်ခေတ်တစ်ခါကစာအုပ်အငှားဆိုင်လေးများသည် မိသားစုထမင်းအိုးတည်နိုင်သော အိမ်တွင်းလုပ်ငန်းငယ်လေးများ ဖြစ်ခဲ့သည်။
အားကောင်းမောင်းသန်ထွက်ရှိလာသော လုံးချင်းဝတ္ထုများကြောင့်ပင် စာအုပ်အငှားဆိုင်များ၊ အရောင်းဆိုင်များ အောင်မြင်အဆင်ပြေခဲ့ကြသည်။ ထုတ်ဝေသူများလည်းသူဌေးဖြစ်ခဲ့ကြသည်။ စာရေးဆရာများလည်း တိုက်ဆောက်၊ ကားစီး နာမည်ကြီးခဲ့ကြသည်။
ပန်းဆိုးတန်းရှိ စာအုပ်အရောင်းဆိုင်ကြီးများတွင်တော့ ထိုစာအုပ်များကို တင်ရောင်းလေ့မရှိချေ။ ထိုဆိုင်ကြီးများတွင် တင်ရောင်းသည့် စာအုပ်များကိုတော့ 'လိုင်းစာအုပ်များ'ဟု အလွယ်တကူ ခေါ်လေ့ရှိကြသည်။ ထိုဆိုင်များတွင် ဆရာမြသန်းတင့်၏ ဘာသာပြန်လက်ရာများကိုရနိုင်သည်။ ဆရာမကြည်အေး၊ ဂျာနယ်ကျော်မမလေး၊ခင်နှင်းယု၊ တက္ကသိုလ်ဘုန်းနိုင် စသည့် စာရေးဆရာ၊ ဆရာမကြီးများ၏ ဝတ္ထုများ၊ အခြားသော သုတ၊ ရသစာအုပ်များကို ဝယ်ယူရရှိနိုင်သည်။ ထိုလိုင်းစာအုပ်များသည် ထွက်ထွက်ချင်းလျင်မြန်စွာ ရောင်းမကုန်တတ်သော်လည်း နှစ်ကာလရှည်ကြာ အကြိမ်ကြိမ်ရိုက်နှိပ်ရောင်းချလေ့ရှိသည်။ အငှားဆိုင်ဖတ် လုံးချင်းဝတ္ထုများမှာထွက်ထွက်ချင်း စောင်ရေများများ ရောင်းကုန်တတ်သော်လည်း အကြိမ်ကြိမ်ရိုက်နှိပ်ရောင်းချတာမျိုးတော့ မရှိတတ်။ မဂ္ဂဇင်းကဲ့သို့ပင် တစ်လချင်း ရောင်းအားဖြင့်သွားလေ့ရှိသည်။ ထိုသို့သော အငှားဆိုင်ဖတ်စာအုပ်လိုင်းတွင်အောင်မြင်သော စာရေးဆရာများ သည် စာပေနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ခဲ့ကြသည်။ သို့သော် စာပေလောကသား တချို့ကမူ ထိုကဲ့သို့သော စာရေးဆရာများကိုငွေအတွက် စာရေးသူ၊ အပျော်ဖတ်စာပေ ရေးသားသူ၊လူငယ်များကို အဆိပ်အတောက်ပေးသူစသဖြင့် စွပ်စွဲလျက် စာပေအဆင့်အတန်းခွဲခြားသတ်မှတ်ခဲ့ကြသည်။
၎။ စာပေအဆင့်အတန်း ခွဲခြားသတ်မှတ်သင့်ပါသလား
စာပေအဆင့်အတန်း ခွဲခြားသင့်၊ မသင့် စဉ်းစားရာတွင် မည်သည့်အချက်များကို စံပြု၍ ဆုံးဖြတ်သင့်သည်ကိုစဉ်စားကြည့်ရမည်ဖြစ်ပါသည်။ တိုင်းပြည်တစ်ခုတွင် စာပေအမျိုးအစားအမျိုးမျိုးရှိကြစမြဲ ဖြစ်ပါသည်။ ကလေးဖတ်စာပေ၊ လူငယ်ကြိုက်စာပေ၊လူကြီးကြိုက် စာပေစသဖြင့် အရွယ်အမျိုးမျိုး၊ လူတန်းစား အမျိုးမျိုးနှစ်သက်သည့် စာပေပုံစံများ ကွဲပြားခြားနားလေ့ရှိသည်။
ကလေးတွေကြိုက်သောစာအုပ်ကို လူကြီးတွေကကောက်ဖတ်ပြီး ''ကလေးကလားနဲ့ကွာ''၊ ''အဓိပ္ပာယ်မရှိတာ''ဟု ပြောလို့မရ။ ယုတ္တိမရှိသော်လည်း ကလေးများ၏ ဖန်တီးမှု၊ ခံစားမှုစွမ်းရည်ကို လှုံ့ဆော်ပေးနိုင်ရန်ဆန်းပြားစွာ ဖန်တီးရေးဖွဲ့ထားသည့် ပုံဝတ္ထုများ များစွာရှိသည်။ ထိုပုံဝတ္ထုများကို လူကြီးများ၏ စံနှုန်းဖြင့် ဝေဖန်ပြစ်တင်လို့မရ။
ထိုနည်းတူ လူငယ်များနှစ်သက်သည့်စာပေကိုလည်း''အပေါစားတွေပါကွာ''၊ ''တန်ဖိုးမရှိပါဘူး'' ဟု ပြစ်တင်လို့မသင့်ပေ။ သူ့အရွယ်နှင့်သူ ကြိုက်နှစ်သက်သည့် စာပေပုံစံချင်းမတူညီနိုင်ပေ။ စာပေပုံစံချင်း၊ ပစ်မှတ်ထားသည့်စာဖတ်ပရိသတ်ချင်း ကွာခြားမှုရှိတိုင်း စာပေအဆင့်အတန်းအနိမ့်အမြင့် ခွဲခြားသတ်မှတ်လို့ မရနိုင်ပေ။
အငှားဆိုင်ဖတ်စာပေများ ရေးသားသူများထဲတွင်မိမိတို့ ရပ်တည်သည့်လိုင်းတွင် ပရိသတ်အခိုင်အမာ ရှိသော၊ ပရိသတ်ချစ်ခင်လေးစားမှုကိုရရှိသော၊ အချစ်ဝတ္ထုများရေးသားသော်လည်း လူငယ်များကို ကောင်းရာ မွန်ရာလမ်းညွှန်ပေးနိုင်သော၊ ဗဟုသုတများပေးနိုင်သော စာရေးဆရာများလည်းရှိရာ ထိုစာရေးဆရာများကို အဆင့်နိမ့်သူဟု သတ်မှတ်လို့မရနိုင်။
သို့သော် ထိုစာရေးဆရာများကြားတွင် စာပေအဆင့်အတန်း ခွဲခြားသတ်မှတ်မည်ဆိုက ခွဲခြားသတ်မှတ်သင့်သော စာရေးသူများလည်း ရှိသည်ကိုတွေ့ရပါသည်။
၅။ စာပေနှင့် အသက်မွေးဝမ်းကျောင်းတာလား၊ စာပေဖြင့်လုပ်စားတာလား
ဝါသနာအရ စာရေးခဲ့ပြီး စာရေးခြင်းဖြင့် အောင်မြင်မှုရလာသောအခါ ထိုစာရေးခြင်းမှရလာသော ငွေကြေးဖြင့်အသက်မွေးဝမ်းကျောင်း ရပ်တည်နိုင်သည်မှာ ဂုဏ်ယူကျေနပ်ဖွယ်ဖြစ်သော်လည်း အစွန်း တစ်ဖက်ဖြစ်သော''စာပေဖြင့်လုပ်စားခြင်း''သို့ မရောက်ရန်မှာလည်းအရေးကြီးလေသည်။
နှစ်ကာလရှည်ကြာ အားကောင်းမောင်းသန်ရှိခဲ့သောလုံးချင်းဝတ္ထုလိုင်းသည် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစတင်၍ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ခေတ်ကာလ ပွင့်လင်းလာသည်နှင့်အမျှ နည်းပညာများ တိုးတက်ထွန်းကား သည်နှင့်အမျှ အငှားဆိုင်ဖတ်လုံးချင်းဝတ္ထုများ၏ အခြေအနေသည် ကျဆင်းလာခဲ့သည်။ အဘယ့်ကြောင့် ထိုသို့ကျဆင်းရပါသနည်း။
ထိုသို့ကျဆင်းခြင်းအတွက် စာဖတ်သူများကို အပြစ်တင်သင့်ပါရဲ့လား။စာဖတ်သူကိုအပြစ်မတင်မီ စာရေးသူများဘက်ကိုအရင်ပြန်စဉ်းစားရမည်ဖြစ်သည်။
ထိုစာအုပ်အမျိုးအစားများထဲတွင် စေတနာမှန်ဖြင့်ရိုးသားစွာ ကိုယ်တိုင်ရေးနေသော စာရေးဆရာများရှိသော် လည်း ငွေကြေးအတွက် လုပ်စားသော စာရေးဆရာအမည်ခံများလည်း ရှိခဲ့လေသည်။
တချို့အမည်ခံစာရေးဆရာများက နာမည်ကလေးတစ်ခုရလာလျှင် ကိုယ်တိုင်စာမရေးချင်ကြတော့ပေ။ ဝါသနာရှင်ကလေးများထံမှ စာမူများကို သောင်းဂဏန်းဖြင့်ဝယ်ယူတည်းဖြတ်ကာ မိမိအမည်တပ်၍ ထုတ်ဝေပြီးအမြတ်အစွန်းသိန်းပေါင်းများစွာ ရယူကြသည်။ တချို့ကထိုင်ရာမထ နိုင်ငံခြားကားများကို တိုက်ရိုက်ပုံတူကူး၍ရေးကြသည်။ အညှီအဟောက်များကို အသားပေး၍ရေးခဲ့ကြသည်။
အမှန်တကယ်တော့ စေတနာသည် အသွား၊အပြန်ရှိ၏။ ရိုးသားမှုသည် တန်ခိုးကြီး၏။ စာရေးသူကစေတနာမမှန်သောအခါ စာဖတ်သူသည် စေတနာပျက်၏။ စာရေးသူက မရိုးသားလျှင် ထိုမရိုးသားမှုကိုစာဖတ်ပရိသတ်များက ခံစားမိကြစမြဲဖြစ်သည်။ထို့ကြောင့်ပင် လုံးချင်းဝတ္ထုလောကသည် တဖြည်းဖြည်းကျဆင်းလာကာ စေတနာမှန်သော စာရေးဆရာအနည်းစုသည်သာ တင်ကျန်ရစ်လေသည်။ အမှန်တော့စပါးကိုဖျက်သည်မှာ စပါးထဲကပိုးဖြစ်ပြီး ဝါကိုဖျက်သည်မှာလည်း ဝါထဲက ပိုးပင်ဖြစ်သည်။
ထိုသုံးသပ်ချက်တွင် ဆင်ခြင်ပေးစရာရှိသည်မှာလူငယ်များ စာမဖတ်တော့တာ အင်တာနက်ကြောင့်၊ ဖေ့စ်ဘွတ်ကြောင့်ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် လိုင်းစာအုပ်တန်းရှိ ဝယ်ဖတ်စာအုပ်များသည် အဘယ့်ကြောင့် ရောင်းအားတက်လာရပါသနည်း။
နိုင်ငံရေးစာအုပ်များသာ ရောင်းရသည်ဟုတချို့က ဆိုကောင်းဆိုနိုင်ပါသည်။ သို့သော် ရသဝတ္ထုလိုင်းတွင် ရှေးယခင်က စာရေးဆရာ၊ ဆရာမကြီးများ၏စာအုပ်များသည် အကြိမ်ကြိမ်ရိုက်နှိပ်နေရဆဲ။ ဆရာမမစန္ဒာ ဝတ္ထုတိုစာအုပ်များ ရောင်းနေရဆဲ၊ ခင်ခင်ထူး၏တောဓလေ့သဘာဝစာအုပ်လေးများကို နှစ်သက်နေဆဲ၊ ဆရာမဂျူး၊ ဆရာလင်္ကာရည်ကျော်တို့၏ လုံးချင်းဝတ္ထုများရောင်းအားကောင်းဆဲ၊ ဆရာမင်းလူ၏ စာအုပ်များ၊ ဝတ္ထုတိုပေါင်းချုပ်များလည်း ရောင်းကောင်းဆဲ။ အခြားသော သုတပိုင်းဆိုင်ရာများ၊ အတ္ထုပ္ပတ္တိ စာပေများလည်း ရောင်းကောင်းဆဲဖြစ်သည်။
ထိုအချက်များကို ခြုံငုံ၍သုံးသပ်ကြည့်လျှင် မြန်မာပြည်သူပြည်သားများသည် နည်းပညာတိုးတက်လာလို့ စာမဖတ်တော့တာလည်းမဟုတ်၊ ဖေ့စ်ဘွတ်သုံးစွဲတာကြောင့် စာမဖတ်တော့တာလည်းမဟုတ်၊ အသိဉာဏ်နိမ့်ကျလာလို့ စာမဖတ်တော့တာလည်းမဟုတ်၊ အချိန်ရှားပါးသော စားဝတ်နေရေးအတွက် ရုန်းကန်ကြရသောခေတ်ကာလကြီးထဲတွင် မိမိတို့အတွက် တစ်စုံတစ်ရာအကျိုးကျေးဇူးမရနိုင်သော စာပေများကို ဖတ်ရှုဖို့ အချိန်မပေးလိုတော့ခြင်းသာ ဖြစ်သည်။ ရွေးချယ်တတ်သွားခြင်းသာဖြစ်ပါသည်ဟု ကျွန်မအနေဖြင့် သုံးသပ်မိပါသည်။
၆။ အချိန်ကို စီမံခန့်ခွဲခြင်း
တစ်ခါတစ်ရံ စာရေးဆရာဟူသည် စာပေများစဉ်ဆက်မပြတ်ဖန်တီးရေးဖွဲ့နိုင်ဖို့အတွက် တစ်ကိုယ်တော် သာယာမှုများကို စွန့်လွှတ်ထားရလေ့ရှိပါသည်။စာရေးဆရာတစ်ယောက်သည် အောင်မြင်လာသည်နှင့်အမျှ ပြင်ပအဖွဲ့အစည်းများ၊ ပွဲလမ်းများ၊ စာပေဟောပြောပွဲများ၊ အခမ်းအနားများက လိုလားစွာဖိတ်ခေါ်မှုကို ခံရလေ့ရှိသည်။ လူပုံအလယ်၌ လူအများ၏အရေးပေးခံရခြင်း၊ လူများနှင့် ဆက်ဆံရခြင်းသည် သာယာ ကျေနပ်ဖွယ်ဖြစ်သည်။ သို့သော် ထိုအခြေအနေများကို ဆက်တိုက်လက်ခံလေ၊ တစ်ကိုယ်တည်း သီးသန့် အချိန်များကို ဆုံးရှုံးရလေဖြစ်သည်။ စာရေးဆရာတစ်ယောက်အတွက် သီးသန့်နေထိုင်စာရေးချိန်သည် လိုအပ်သည်။ အထူးသဖြင့် ရသစာပေဖန်တီးသူများသည်မိမိတို့၏ အနုပညာဖန်တီးနိုင်စွမ်းကို ပံ့ပိုးပေးနိုင်သည့်အခြေအနေများကို ရှာဖွေဖန်တီးဖို့လည်း လိုအပ်သည်။
အခမ်းအနား ဘေးပန်းအလုပ်များစွာဖြင့် လူက အပြင်၌သာ အချိန်ကုန်နေပါက စာများများရေးနိုင်ကြတော့ မည်မဟုတ်ပေ။ သို့ဖြစ်၍ အိမ်တွင်းအောင်း၍ စာအမြဲရေးရမည်ဟုလည်း မဆိုလို။ လူတွေအကြောင်း၊ လူ့ပတ်ဝန်းကျင် အကြောင်းရေးသားသည့် စာရေးဆရာသည် လူတွေနှင့် ရောနှောနေထိုင်ရမည်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ထိတွေ့ရမည်သာဖြစ်သည်။ သို့သော်လူအများကြားသို့ သွားလာနေထိုင်ချိန်နှင့် တစ်ကိုယ်တည်း သီးသန့်တွေးတောချိန်၊ စာရေးချိန်တို့ကို ဟန်ချက်ညီအောင် ထိန်းညှိနေထိုင်ရမည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)

(၂၀၁၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စာပေဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာစာအုပ်လောက စာတမ်းဖတ်ပွဲတွင် ဆရာမ ပုညခင်ရေးသားဖတ်ကြားဖြန့်ဝေခဲ့သည့် ရသ စာတမ်းကို ပြန်လည်ဖော်ပြပါသည်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း