ခမ်းနေသလား………… ဒီလိုလုပ်လိုက်

ခမ်းနေသလား … ဒီလိုလုပ်လိုက် 
                                                                                                                                    စာရေးဆရာတော်တော်များများစာရေးနေရင်းတန်းလန်းကနေဆက်ရေးလို့မရတော့ပဲ ဖြစ်သွားတဲ့ အခါမျိုးတွေကြုံဖူးကြပါတယ်။ ကိုယ့်ဦးနှောက် က စမ်းရေများ စီးဆင်းသလို အတွေးတွေ တသွင်သွင်စီးဆင်းခဲ့ပေမဲ့ တစ်ချိန်ချိန်မှာ ရပ်သွားတာမျိုး ကြုံကြရပါတယ်။

             အဲဒီအခါမျိုးမှာ ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို (၂၀၁၂)ခုနှစ် ဧပြီလထုတ် The Writer မဂ္ဂဇင်းမှာ ဆရာ Luc Reid က (၁၈)ချက်နဲ့ ဆောင်းပါး တစ်ပုဒ်ရေးသားဖေါ်ပြထားတာကိုစာရေးဖို့ဝါသနာပါသူများလေ့လာနိုင်အောင်ဖေါ်ပြပေးလိုက်ပါတယ်။ စာဆက်မရေးနိုင်အောင်ဖြစ်သွားတဲ့အခါမှာ ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
မကြာသေးမီနှစ်များအတွင်းက သိပ္ပံပညာရှင်များရဲ့လေ့လာတွေ့ရှိ့ချက်အရ ဆက်မရေးနိုင် တော့ခြင်းဟာဦးနှောက်တစ်ခုတည်းကြောင့်မဟုတ်ဘဲ စိတ်ပညာနဲ့လည်းသက်ဆိုင်တယ်လို့ တွေ့ရှိ ခဲ့ကြပါတယ်။ လေ့လာတွေ့ရှိချက်များ ၊ စိတ်ပညာဆိုင်ရာလေ့လာတွေ့ရှိချက်များအရ စာရေးဆရာများစာဆက်မရေးနိုင် လောက်အောင် ဖြစ်သွားတဲ့အခြေအနေများဟာ ပတ်ဝန်းကျင်မှာ ပျော်စရာမရှိဘဲ စိတ်ရှုပ်စရာများသာကြုံတွေ့ရတဲ့အခါမျိုးမှာဖြစ်တတ်တယ်ဆိုတာတွေ့ရပါတယ်။ ဒီလိုမဖြစ်ရအောင် နည်းလမ်း(၁၈)ခုကို ညွှန်ပြပေးလိုက်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု့က အဓိကပတ်သက်နေတယ်ဆိုတာတွေ့ရပါတယ်။ အောက်ဖေါ်ပြပါ အချက်များဟာ စာဆက်ရေးနိုင်ဖို့ ဆောင်ရွက်ပေးနိုင်တဲ့ နည်းလမ်းများဖြစ်ကြပါတယ်။ နေ့စဉ်ကျင့်သုံးရမယ်လို့မဆိုလိုပါ။ ဒါပေမဲ့ ကျင့်သုံးခြင်းအားဖြင့် မိမိရဲ့ဦးနှောက်ကို မှတ်ဥာဏ်အားကောင်းစေမှာဖြစ်တဲ့အပြင် စိတ်ကူးဥာဏ်တွေလည်း ကွန့်မြူးလာစေမှာ ဖြစ်ပါတယ်။

၁ ။ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ ။
                    လေ့ကျင့်ခန်းလုပ်တာနဲ့ စာရေးတာ ဘာဆိုင်လို့လဲလို့ မေးစရာအကြောင်းရှိပါတယ်။ ဆိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် မိမိဦးနှောက်ကို အလုပ်ပေးရာရောက်ပြီး စိတ်ဖိစီးမှု့များကို လျှော့ပါးစေပါတယ်။မိမိကိုယ်မိမိယုံကြည်စိတ်ချမှု့တိုးပွါးစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ စိတ်ပူပန်ခြင်းနဲ့ စိတ်ဓါတ်ကျဆင်းမှု့ကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရုပ်ပိုင်းရော ၊ စိတ်ပိုင်းကိုပါခံနိုင်ရည် ပိုမိုရရှိစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့ရှိလာတဲ့အတွက် မိမိအတွေးများကို အနှောက်အယှက်မရှိ ၊ ဖြောင့်ဖြောင့်မတ်မတ်တွေးတောစေနိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့လေ့ကျင့်ခန်းများက ချက်ချင်းအကျိုးသက်ရောက်မှု့ရှိစေပြီး တချို့လေ့ကျင့်ခန်းများကတော့ ကြာရှည်စွဲပြီးလုပ်မှသာ ထိရောက်မှု့ရှိစေတာကို တွေ့ရပါတယ်။ 

၂ ။ စိတ်ကူးများကို ပြန်လည်ပြင်ဆင်ခြင်း ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတို့ ကြံ့ခိုင်မှု့ ရှိလာတဲ့ အတွက်မူလမိမိစိတ်ကူးကိုပြန်လည်ပြင်ဆင်စိတ်ကူးနိုင်ပါတယ်။ပူပင်သောကရောက်မှု့မရှိတော့တာ ကြောင့် စိတ်ကူးအသစ်များပေါ်ထွက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် “ အခုနေ ငါ စာရေးသင့်တာ ” လို့ တွေးမဲ့အစား “ အခုနေ ငါ စာရေးဖြစ်ရင် နောင်မှာ ပျော်စရာတွေဖြစ်လာမှာပဲ ” လို့ ပြင်ဆင်တွေးဖြစ်သွားပါလိမ့်မယ်။ ဒါတွေနဲ့ ပတ်သက်လို့စာရေးဆရာ Albert Ellis နဲ့ Robert A.Harper တို့ ရေးသားထားတဲ့ A Guide to Rational Living ကိုလေ့လာမယ်ဆိုရင်အသေးစိတ်အချက်တွေသိနိုင်မှာဖြစ်သလို စာရေးဆရာ David D.Burns ရဲ့ Feeling Goodကိုလည်း လေ့လာနိုင်ပါတယ်။ အင်တာနက်သုံးသူများအနေနဲ့တော့ စာရေးဆရာရဲ့ ၀က်(ဘ်)ဆိုဒ် မှာလည်း လေ့လာနိုင်ပါတယ်။

၃ ။ ပြီးသွားဟန်ဆောင်ကြည့်လိုက်ပါ ။
ကိုယ်ရေးနေတဲ့ စာမူတစ်ပုဒ် ပြီးသွားပြီးလို့ စိတ်ထဲမှာ သွင်းကြည့်လိုက်ပါ။ စာမူပြီးသွားလို့ မဂ္ဂဇင်းတိုက်ကိုပို့မယ်ဆိုရင် အယ်ဒီတာဆီကို ရေးတဲ့စာရေးကြည့်လိုက်ပါ။ အဲဒီအခါမှာ အလုပ်တစ်ခု ပြီးမြောက်သွားခြင်းအတွက် စိတ်ထဲမှာလုံးဝဥဿုံကျေနပ်သွားတဲ့ ခံစားမှု့မျိုးရပါလိမ့်မယ်။ အဲဒီခံစားမှု့ကို စိတ်ထဲမှာထားပြီးဆက်ရေးမယ်ဆိုရင် ချောချောမွေ့မွေ့ ရေးလို့ရသွားပါလိမ့်မယ်။

၎ ။ ရေးသမျှကို ရေတွက်ကြည့်ပါ ။
ကိုယ် ဘယ်လောက်ရေးပြီးပြီးလည်းဆိုတာ ပြန်ကြည့်ခြင်းအားဖြင့် ငါ ရေးနိုင်သားပဲဆိုတဲ့ အတွေးက ဆက်ရေးဖို့တွန်းအားကိုရစေပါတယ်။ ( အနောက်နိုင်ငံက စာရေးဆရာများအနေနဲ့ စာလုံးအရေအတွက်နဲ့စကားပြောကြတာဖြစ်ပြီး မြန်မာဆရာများအတွက်ကတော့စာမျက်နှာ နဲ့ပြောလေ့ရှိပါတယ်။ ဥပမာ-ရွှေအမြုတေမဂ္ဂဇင်းက ၀တ္ထုတိုတစ်ပုဒ်အတွက် (၆)မျက်နှာသတ်မှတ် ထားလို့ ကိုယ်ရေးပြီးတာက (၄)မျက်နှာလောက်ဆိုရင် ဟာ….တော်တော်ပြီးနေပြီးပဲ။ နောက်(၂)မျက်နှာလောက်ဆိုရင် ငါ့ ၀တ္ထုအဆုံးသတ်ပြီလို့အတွေးဝင်လာ တာနဲ့ဆက်ရေး လို့ရသွားပါလိမ့်မယ် ) တစ်ခါတစ်လေမှာ စာတစ်ပိုဒ်ကို ရက်သတ္တပတ် တစ်ပတ်လောက် ရေးရတာလည်း ရှိပါလိမ့်မယ်။ ပြီးခဲ့တဲ့အခေါက်တုန်းက ရေးခဲ့တာ ဘယ်လောက်ရှိသလဲ။ အခုဘယ်လောက်ရေးနိုင်သလဲ။ ယှဉ်ကြည့်လိုက်ရင် တွန်းအားရစေပါတယ်။

၅ ။ မြင်ကြည့်လိုက်စမ်းပါ ။
ကိုယ့်ဝတ္ထုပြီးသွားပြီးလို့ မျက်စိထဲမှာ မြင်ကြည့်လိုက်စမ်းပါ။ မဂ္ဂဇင်းထဲမှာပါလာလို့ ပျော်နေတဲ့အပျော်တွေ ခံစားကြည့်ပါ။ လုံးချင်းဝတ္ထုဆိုရင် စာအုပ်ထွက်လို့ စာဖတ်ပရိသတ်တွေကို အမှတ်တရ လက်မှတ်ထိုးပေးနေတာစဉ်းစားကြည့်လိုက်ပါ။ အမြင့်ဆုံးစဉ်းစားချင်ရင် ကိုယ့်ဝတ္ထုကို ရုပ်ရှင်ရိုက်ပြီး ရုံတင်ပြသနေတဲ့ အထိမြင်ကြည့်လိုက်ပါ။ အဲဒီအခါမှာ စာရေးချင်တဲ့ခွန်အားတွေဟာ အလိုလို ပြည့်လာပါလိမ့်မယ်။

၆ ။ ဖေးမမဲ့သူ ။
စာရေးဆရာက သူတစ်ယောက်တည်းရေးပြီး တစ်ယောက်တည်းဖတ်နေရုံနဲ့ မပြီးသေးပါဘူး။ သူ့စာမူကပရိသတ်ဖတ်ဖို့ ရေးတာပါ။ ဒီတော့ ပရိသတ်တွေမဖတ်ခင် ကိုယ် ရေးသမျှကို အကောင်းအဆိုး ၊ အမှန်အတိုင်းဝေဖန်နိုင်မဲ့ မိတ်ဆွေ ၊ ဆွေမျိုးသားချင်း တစ်ယောက်ယောက်ကို ပေးဖတ်လိုက်ပါ။ သူ က ဝေဖန်အကြံဥာဏ်ပေးတာတွေ ၊ နှစ်ခြိုက်အားပေးတာတွေ ခံရတဲ့အခါမှာ စာရေးသူအတွက် ခွန်အားရစေပါတယ်။

၇ ။ စိတ်တိုက်ပွဲ ။
စာရေးသူများဟာ တစ်ခါတစ်လေမှာ ကိုယ့်စိတ်နဲ့ကိုယ် တိုက်ပွဲဝင်ကြရပါတယ်။ လူဖြစ်တဲ့အတွက်ကိုယ့်ကိုယ်ကိုယ် သနားစိတ်ကလေးနဲ့ “ စာရေးရတာ ပင်ပန်းလိုက်တာ ” လို့ တစ်ခါတစ်လေမှာတွေးတတ်ပြီး
“ အခုနေ တံမြက်စည်း ထလှဲလိုက်ရရင် အကောင်းသား ”
လို့လည်း တွေးချင်တွေးတတ်ပါတယ်။ ဒါဆိုရင်သူက ရေးလက်စနေရာမှာ ရပ်သွားပါလိမ့်မယ်။ အဲဒီလိုမဖြစ်အောင် မိမိစိတ်နဲ့မိမိ တိုက်ပွဲဝင်ရပါလိမ့်မယ်။ဒီအချိန်ဟာ စာရေးတဲ့အချိန် ၊ တံမြက်စည်းလှဲဖို့ အချိန်မဟုတ်ဘူး။ ဒီလို ခိုင်မြဲတဲ့ စိတ်ဓါတ်နဲ့ ကိုယ့်စိတ်ကူးကိုမပျက်အောင် ထိန်းသိမ်းတတ်ရပါမယ်။

၈ ။ လမ်းထလျှောက်ပါ ။
စာရေးတဲ့နေရာမှာ တစ်ထိုင်တည်း ရေးနေတာနဲ့စာရင် ခဏတစ်ဖြုတ် လမ်းထလျှောက်ခြင်းက သွေးလေလည်ပတ်မှု့ သမမျှတစေပြီး ဦးနှောက်ကိုလည်း အနားပေးရာ ရောက်တဲ့အတွက် လမ်းလျှောက်ခြင်းဟာစာရေးသူတိုင်းအတွက် သင့်လျှော်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ရေးရင်းတန်းလန်းကနေ ထပြီးလမ်းလျှောက်လိုက်ရင် ပြန်ထိုင်တဲ့အခါမှာ ဘာဆက်ရေးမယ်ဆိုတာ အလိုလို တွေးပြီးသားရမှာဖြစ်ပါတယ်။

၉ ။ စိတ်ကူးကို ပြန်လည်သုံးသပ်ခြင်း ။
ဘာကြောင့်ဒီဇာတ်ကိုရေးဖြစ်တာလဲ။ ဒီဇာတ်ရေးဖြစ်အောင် ဘယ်အကြောင်းအရာတွေက ဖန်တီးပေးခဲ့တာလဲ။ဒါတွေကို စာရေးရင်းတန်းလန်းကနေ ပြန်စဉ်းစားကြည့်လိုက်ဦးမယ်ဆိုရင် ဆက်ရေးဖို့ ဇာတ်လမ်းဇာတ်ကွက်တွေက သူ့အလိုလိုပေါ်ပေါက်လာပါလိမ့်မယ်။ မူလစိတ်ကူးကို ပြန်ဖော်ကျူးကြည့်ခြင်းအားဖြင့် ကိုယ် ရေးနေတာတွေက ကိုယ်ပြောချင်တာနဲ့တစ်ထပ်တည်းကျ ရဲ့လားဆိုတာကိုလည်းဝေဖန်သုံးသပ်ပြီးသားဖြစ်ပါလိမ့်မယ်။

၁၀ ။ ဇာတ်လမ်းအကျဉ်း နဲ့ ရေးသလားမေ့လိုက်ပါ ။
စာရေးဆရာတစ်ဦးချင်းဆီမှာ စာရေးနည်းတစ်မျိုးစီရှိတတ်ပါတယ်။ တစ်ချို့က ဇာတ်အကျဉ်းကို အရင်ရေးထားပြီး အဲဒီဇာတ်အကျဉ်းကို အခန်းစဉ်အလိုက် ပြန်ပြီးအကျယ်ချဲ့တဲ့သူတွေရှိသလို ဇာတ်အကျဉ်းမရေးဘဲ စိတ်ထဲမှာပေါ်တဲ့အတိုင်း ဇာတ်လမ်းကိုဖန်တီးရေးသားတဲ့သူတွေလည်း ရှိပါတယ်။ ဇာတ်အကျဉ်းရေးထားပေမဲ့ လက်တွေ့ချရေးတဲ့အခါ ကိုယ့်ဇာတ်ကွက်က မူလစဉ်းစားထားတဲ့ ဇာတ်အကျဉ်းနဲ့ မကိုက်တော့ဘူးဆိုရင် ရေးပြီးသားဇာတ်အကျဉ်းကို မေ့လိုက်တာအကောင်းဆုံးပါပဲ။ အဓိကကတော့ ကိုယ့် ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ၀တ္ထုအဆုံးသတ်ရေးသာဖြစ်ပါတယ်။ ဖြောင့်ဖြောင့်ပဲသွားသွား ၊ ကွေ့ကောက်ပြီးတော့ပဲသွားသွား လမ်းဆုံးကို ရောက်ဖို့သာ အဓိကပါ။

၁၁ ။ ရေးမှာကို ချရေးပါ ။
စာရေးနည်းများစွာရှိတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ချဉ်းကပ်ပုံခြင်း မတူနိုင်ပါဘူး။ တစ်ခါတစ်လေမှာဇာတ်ကွက်ကို ဘယ်လိုဆက်ရမလဲဆိုတာ အတွေးမရဖြစ်နေတဲ့အခါများမှာ ရှေ့ဆက်သွားမဲ့ဇာတ်လမ်းကိုအကျဉ်းချုပ်ချရေးလိုက်တာက အကောင်းဆုံးနည်းဖြစ်ပါတယ်။ ဇာတ်အကျဉ်းရေးလိုက်တဲ့အတွက် ကိုယ်ကဘယ်လမ်းကို ဆက်လိုက်မယ်ဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။ အဆုံးသတ်သွားရင် ကိုယ့်ဝတ္ထုကို ကြိုက်ကြပါ့မလားလို့ စာရေးသူများ ပူပင်သောကရှိတတ်ပါတယ်။ ဒီအတွက် သောကမရှိပါနဲ့။ ကိုယ့် အတွေးကိုသာ ပီပြင်အောင်ချရေးနိုင်ဖို့ကြိုးစားပါ။

၁၂ ။ တစ်နေရာရာကို သွားလိုက်ပါ ။
တစ်ခါတစ်လေတစ်နေရာတည်းမှာ ထိုင်ပြီး စာရေးနေရခြင်းကအတွေးများ ခမ်းသွားစေတဲ့အချက်တစ်ခုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဘာဆက်ရေးရမလဲဆိုတာ အတွေးမပေါ်ဘဲ ဖြစ်နေတဲ့အခါမျိုးမှာ တစ်နေရာရာကို သွားလိုက်ခြင်းက စာရေးသူအတွက် ထွက်ပေါက်တစ်ခုရသွားစေပါတယ်။ တစ်ချိုက ကော်ဖီဆိုင်သွားထိုင်ကြပြီး တစ်ချို့က စာကြည့်တိုက် ၊ တစ်ချို့က ဖျော်ဖြေပွဲများ ရှိတဲ့နေရာကိုသွားလိုက်ခြင်းအားဖြင့်စိတ်ပေါ့ပါးလွတ်လပ်သွားစေပြီး စိတ်ကူးဥာဏ်အသစ်များ ကွန့်မြူးလာစေတယ်လို့ဆိုပါတယ်။

၁၃ ။ အပြောင်းအလဲ လုပ်ကြည့်ပါ ။
တစ်ခါတစ်လေမှာ စာရေးနေရင်းနဲ့ ခမ်းသွားတာက ကိုယ် ဖန်တီးထားတဲ့ဇာတ်လမ်း ဇာတ်ကွက်(သို့မဟုတ်)ဇာတ်ကောင်များကြောင့်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ကအစ ဇာတ်ကောင်အဆုံး အပြောင်းအလဲလုပ်ပြီး စဉ်းစားကြည့်နိုင်ပါတယ်။ ဇာတ်လမ်းအသစ်မဟုတ်သည့် တိုင်အောင် ဇာတ်ကွက်တစ်ချို့(သို့မဟုတ်)ဇာတ်ကောင်အသစ်တစ်ချိုကပါဝင်လာစေခြင်းက စာရေးသူကို ဆက်လက်ရေးချင်စိတ်ပေါ်ပေါက်လာစေပါတယ်။

၁၄ ။ သွေးပူလေ့ကျင့်ခြင်း ။
စာတစ်ပုဒ်စရေးဖို့အဆင်သင့်မဖြစ်သေးတဲ့အခါမှာသွေးပူလေကျင့်ခန်းလုပ်တဲ့အနေနဲ့မိနစ်အနည်းငယ်လောက်ကိုယ် ရေးချင်တာကို ချရေးကြည့်လိုက်ပါ။ ဥပမာအားဖြင့် အခန်းထဲမှာရှိတဲ့ပစ္စည်းတစ်ခုအကြောင်း ဒါမှမဟုတ်အမှတ်တရရှိတဲ့ကိစ္စကလေးတစ်ခုအကြောင်း ၊ တစ်စုံတစ်ယောက်နဲ့ပြောဖြစ်ခဲ့တဲ့ အပြန်အလှန် စကားပြောလေးတွေ ချရေးကြည့်လိုက်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်တာဖြစ်သလို စာရေးချင်စိတ်ကို တဖွားဖွားပေါ်ပေါက်လာအောင် ချူဆီလုပ်တာဆိုရင်လည်း မမှားပါဘူး။ ဒီလို သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ ကိုယ် အမှန်တကယ် ရေးချင်တဲ့စာမူကို စရေးမယ်ဆိုရင် အလွယ်တကူရေးနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

၁၅ ။ အရေးကြီးဆုံး ပထမစာကြောင်း ။
စာမူတစ်ပုဒ် ပြီးဆုံးသွားတဲ့အခါမှာ စာရေးသူရင်ထဲ ပေါ်ပေါက်တဲ့ ကျေနပ်နှစ်သိမ့်မှု့က စာရေးသူသာလျှင်သိတဲ့ခံစားချက်ဖြစ်ပါတယ်။ အဲဒီခံစားမှု့မျိုးရအောင်အရေးကြီးတာက ပထမဆုံးစဖွင့်တဲ့စာကြောင်းဖြစ်ပါတယ်။ဇာတ်အိမ်ကြီးတစ်ခုလုံးအတွက် ပထမဆုံးဝါကျက အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ကြပြီးပါပြီး။ ဦးနှောက်ထဲက တစ်ပုဒ်လုံးကို စဉ်းစားပြီးသားဖြစ်ပေမဲ့ ပထမ၀ါကျကအရေးကြီး ပါတယ်။ ဒါကြောင့် ဘယ်လိုစရေးမလဲဆိုတာကို အကြိမ်ကြိမ်အခါခါစဉ်းစားရပါမယ်။ ချရေးပြီး မကြိုက်ရင်ပြန်ပြင်လိုက်ပါ။ ပထမ၀ါကျကို စိတ်တိုင်းကျပြီးဆိုတော့မှသာ ဆက်ရေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ရေးနေတဲ့ဇာတ်ကွက်ကို ဘယ်လိုဆက်ရေးရမှာမှန်း မစဉ်းစားတတ်ပေမဲ့ နောက်တစ်ခန်းက ခေါင်းထဲမှာ အဆင်သင့်ရှိနေတာမျိုး ကြုံတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဆက်မရေးနိုင်တာကို ပေကပ်စဉ်းစားမနေပဲချန်ထားလိုက်ပြီး ခေါင်းထဲမှာ အဆင်သင့်ရှိနေတဲ့ နောက်တစ်ခန်းကိုကျော်ရေးလိုက်ပါ။ ဒီနည်းနဲ့ ကိုယ့် ၀တ္ထုကို ဆက်သွားနိုင်ပါလိမ့်မယ်။ ရေးမရတဲ့အခန်းကို နောက်မှ ပြန်ဖြည့်လို့ရပါတယ်။

၁၇ ။ စာဖတ်သူတစ်ယောက်ရှိပါစေ ။
ကိုယ် စာရေးတာကို အားပေးအားမြှောက်ပြုမဲ့ သူငယ်ချင်း(သို့မဟုတ်)မိသားစုဝင် တစ်ဦးဦး(သို့မဟုတ်)ရေးဖေါ်ချင်း ၊ ကိုယ် ရေးပြီးသားကို ဖတ်ရှု့ဝေဖန်ပါစေ။ သူတို့ဝေဖန်ချက်က ကိုယ့်အတွက် ခွန်အား ဖြစ်စေပါလိမ့်မယ်။ 

၁၈ ။ နေ့စဉ်စာရေးပါ ။
နေ့စဉ်စာရေးပါဆိုတဲ့အတွက် ရေးစရာအကြောင်းမရှိဘဲ ရေးရမလားလို့ စောဒကတက်စရာ ရှိပါတယ်။ ရေးပါ။စိတ်ကူးမရှိသည့်တိုင်အောင် တစ်ခုခုအကြောင်းကို ရေးဖွဲ့နေခြင်းက စာရေးချင်သူတစ်ယောက်အတွက် စာရေးခြင်းအလေ့အကျင့်ကို ရစေမှာဖြစ်ပါတယ်။ စာလုံးရေတစ်ရာလောက် နေ့စဉ်ရေးခြင်းဟာ စာရေးဆရာကောင်းတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ခန်းတစ်ခုဆိုရင်မမှာပါဘူး။(အနောက်တိုင်းက စာရေးသူများအတွက် စာလုံးရေ တစ်ရာဖြစ်ပြီး မြန်မာစာရေးသူများအတွက်ကတော့ တစ်နေ့ကို အနည်းဆုံးစာမျက်နှာ နှစ်မျက်နှာလောက် လေ့ကျင့်သင့်ပါတယ်)။ဒီဆောင်းပါးက စာရေးရင်တန်းလန်း ခမ်းသွားသူတွေအတွက်သာမက စာရေးဖို့ကြိုးစားနေသူများအတွက်ပါအသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

[ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၂ စာအုပ်မှ ဆရာဝင်းငြိမ်းရေးသားထားသည်ကို
ကူးယူဖေါ်ပြလိုက်မိပါသည် ]
credit@ဘချစ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း