အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသော သတင်းကြေညာသူများနှင့် သတင်းရေးသူများသို့

                အလေးအနက် မေတ္တာရပ်ခံမှ ဖြစ်တော့မည်။ ထို့ကြောင့်ဤစာကို ရေးရပါသည်။ မေတ္တာ ရပ်ခံရသည့် အကြောင်းမှာ သတင်းများ အသံလွှင့် ကြေညာရာမှာရော၊ စာဖြင့်ရေးရာမှာရော အသံထွက်မှား၊ အသုံးမှား များဖြင့် မှားပြီးရင်းမှားရင်း မှားနေကြသည်ကို နေ့စဉ်လိုလို ကြားနေ ဖတ်နေရ သောကြောင့် ဖြစ်ပါသည်။
ကျွန်တော်သည် ၁၉၅၀ ကျော်ကာလ လူငယ်ဘ၀ကတည်းက မြန်မာ့အသံ ရေဒီယိုသတင်းကြေညာသံများ ကို ဂရုတစိုက် နားထောင်သူ ဖြစ်ပါသည်။ မှတ်မိသမျှပြောရလျှင် သတင်းကြေညာသည့်အမျိုးသားများတွင်
 မြန်မာ့အသံ ဦးကျော်ငြိမ်းကစ၍ ဦးအောင်မြင့်၊ ဦးလှဝင်း၊ ဦးသာဦး၊ ဦးကျော်ဦး၊ ဦးကျော်မင်း၊ ဦးသိန်းဟန် စသူတို့ သတင်းကြေညာသည့် လေယူလေသိမ်းများကို နားစွဲနေသကဲ့သို့ အမျိုးသမီးများတွင် ဒေါ်ခင်ကြည် ၊ ဒေါ်သန်းနှစ်၊ ဒေါ်မြနှစ်၊ ဒေါ်စံမေ၊ ဒေါ်ယဉ်ကြည်စသူတို့သတင်း ကြေညာသည့် လေယူလေသိမ်းများကို
လည်း စွဲနေပါသည်။ သတင်းများကို “စာစကား”ဖြင့်ဖတ်၍ ဌာန်ကရိုဏ်းကျစွာ ကြေညာသွားကြသည်ချည်း   ဖြစ်ပါသည်။

ရုပ်မြင်သံကြားပေါ်လာတော့လည်း သတင်ေးကြညာသံများကိုဆက်ပြီးနားထောင်ခဲ့ပါသည်။ မြန်မာ့ ရုပ်မြင် သံကြား စပေါ်ကတည်းက သတင်းများကို “အပြောစကား”ဖြင့် စကားပြောသလို ကြေညာသည်ကို သတိပြုမိပါသည်။ စကားပြောသလို ကြေညာသည့်အတွက် ပေါ့ပါးသွက် လက်လာပြီး အသက်ဝင်ပါသည်။ သတိပြုမိသမျှ သတင်းကြေညာသူများတွင် ဒေါ်ခင်အေးလွင်ကစ၍ ဒေါ်ခင်မလေး၊ ဒေါ်မေသူ၊ ဦးခင်မောင်ငြိမ်း၊ ဦးဝင်းတင် စသူတို့၏ ပြောပုံဆိုပုံများကို နားစွဲနေပါသည်။ ဦးသိန်းလှမော်တို့၊ဦးကျော်စိုးဦး တို့ဆိုလျှင် ရုပ်မြင်သံကြားနယ်ပယ်မှ ကျော်လွန်ပြီးမင်္ဂလာဘိသိက်ဆရာများအဖြစ် အောင်မြင်ကျော် ကြားနေပါပြီ။ နောက်ပိုင်းမှာ အသံလွှင့်မီဒီယာတွေ အများကြီးပေါ်လာသည်။ ရေဒီယိုမှာရော ရုပ်မြင်သံကြားမှာရော သတင်းကြေညာသည့်အစီအစဉ်တွေ ပါမြဲဖြစ်သည်။ အချို့က စာစကားဖြင့်ဖတ် ၍ ကြေညာသည့်ပုံစံကို ကျင့်သုံးသည်။ အချို့က အပြောစကားဖြင့် စကားပြောသလိုကြေညာ သည့်ပုံစံကို ကျင့်သုံးသည်။ ဘယ်ပုံစံကို ကျင့်သုံးသည်ဖြစ်စေ စာစကား ဆိုလျှင်လည်း စာစကားပီပီသသ၊ အပြောစကားဆိုလျှင်လည်း အပြော စကားပီပီသသဖြစ်လျှင် အထူးသဖြင့် နားထောင်သူလူငယ်များ မှတ်သား စရာ၊ နမူနာယူစရာ ဖြစ်ပါလိ့မ်မည်။ သို့သော် . . . ။ ဤ “သို့သော်”ကြောင့် ယခု ဤစာကိုရေးရခြင်းဖြစ်ပါသည်။

သတင်းကြေညာရာတွင် အပြောစကားလည်း မပီသ၊ စာစကား လည်း မပီသ၊ စာစကားနှင့် အပြောစကားတွေရောထွေးပြီး တောင် မရောက် မြောက်မကျ၊ “အောက်ကလိအာ၊ အာကလိအောက်”ဆိုသကဲ့သို့ “ကျီးသံလည်းမဟုတ်၊ ကြက်သံလည်းမဟုတ်”သည့် ကပြားဟန်များကို သတင်းကြေညာသံများကို ညတိုင်းလိုလိုကြားနေရသည်မှာ တော်တော် ကြာပါပြီ။ ကျင့်သုံးသောပုံစံမှာ အပြောစကားဖြင့် စကားပြောသလို ကြေညာခြင်းဖြစ်ပါလျက် ပုံမှန်စကားပြောရာတွင် ဘယ်သူမှ ထည့်မပြော သော “သည်၊ အား၊ မှ၊ လည်းကောင်း”စသည့် စာသုံးစကားများကို အဆီအငေါ်မတည့်စွာ ထည့်ထည့်ပြောနေတာကို နားထောင်နေရသည်မှာ အသည်းယားစရာကောင်းလှသည်။ အပြောစကားဖြင့် ကြေညာသူက စစချင်းပြောလိုက်ပုံမှာ ““နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်””တဲ့။ အပြောစကားမဟုတ်သော “သည်”ကြီးကို ဦးဦးဖျားဖျား ထည့်လိုက်သည်။ နားထောင်ရင်း ““သြော် သူက စာဟန်နဲ့ကြေညာမလို့ထင်ပါရဲ့””ဟု တွေးနေတုန်း သူဆက်ပြောပုံက ““တရုတ်ယဉ်ကျေးမှုအဖွဲ့အား လက်ခံတွေ့ဆုံပါတယ်””တဲ့။ ကဲ ဘယ်လောက်ခွကျလိုက်ပါသနည်း။ “သည်”နှင့် “အား”က စာစကား “တယ်”က အပြောစကား ရောထွေးနေသည်။ အပြောစကားဖြင့် ကြေညာမည်ဆိုလျှင် ““နိုင်ငံတော်သမ်္မတဦးသိန်းစိန်ဟာ””ဟုပြောမှ အပြော စကားပီသပါမည်။ ““တရုတ်ယဉ်ကျေးမှုအဖွဲ့ကို””ဟုပြောမှ အပြောစကား ပီသပါမည်။ စာစကားဖြင့် ကြေညာမည်ဆိုလျှင်လည်း “လက်ခံတွေ့ဆုံပါ တယ်””ဟု ပြော၍မဖြစ်ပါ။ ““လက်ခံတွေ့ဆုံပါသည်”ဟု ပြောရပါမည်။
စဉ်းစားကြည့်ပါ။ သဘာဝအတိုင်း ပုံမှန်စကားပြောလျှင် “သည်”၊ “မှ”၊ “အား”ဆိုသော အသုံးစကားများကို ဘယ်သူထည့်ပြောပါသနည်း။ ““ကျွန်တော့်အင်္ကျီသည် ဟောင်းနေလို့ လျှော်ဖို့ ညီမလေးအားပေးလိုက် တော့ ညီမလေးမှ လျှော်ပေးမယ်လို့ ပြောပါတယ်””ဟု ပြောပါသလား။ ““ကျွန်တော့်အိင်္ကျီက ဟောင်းနေလို့ လျှော်ဖို့ ညီမလေးကို ပေးလိုက်တော့ ညီမလေးက လျှော်ပေးမယ်လို့ ပြောပါတယ်””ဟု ပြောမှ သဘာဝကျပါ လိမ့်မည်။ စိုးရိမ်စရာကောင်းသည်မှာ ရုပ်မြင်သံကြားသတင်းကြေညာပုံစံကို စံနမူနာအဖြစ် သတ်မှတ်လေ့ရှိသည့်အစဉ်အလာအရ ထိုကြေညာပုံကို စံနမူနာထားပြီး လူငယ်များ လိုက်ပြောကြမည့်အရေးပင်ဖြစ်သည်။ လူငယ်တွေ လိုက်ပြောမပြော အသေအချာမသိသော်လည်း လွှတ်တော် ထဲမှာတော့ ထိုပြောပုံမျိုး ပြောနေကြပါပြီ။ မေးခွန်းတခုကို ပြန်ဖြေသူက ““ကိုယ်စားလှယ်ကြီးဦးဘယ်သူ မေးမြန်းသည့် မေးခွန်းအား ကျွန်တော် ဦးဘယ်သူမှ ဖြေကြားပါမယ်””ဟု စကားထဲမှာ တကယ်မပြောသော “အား”တွေ “မှ”တွေထည့်ပြီး ဖြေသည်ကို ကြားလိုက်ရ၍ စိုးရိမ်မိခြင်းဖြစ်ပါသည်။

အချို့သော အသံလွှင့်မီဒီယာများက သတင်းများကို အသံလွှင့်ကြေညာရာတွင် တယောက်ချင်း စကားပြောနေသည့် ဟန်ဖြင့် ကြေညာပုံမျိုးလည်း ကြားရသည်။ နှစ်ယောက် အပြန်အလှန် အချီအချပြောဆို ဆွေးနွေးဟန် ကြေညာပုံမျိုးလည်း ကြားရပါသည်။ အခမ်းအနားကျင်းပ သည့်နေရာသို့ ကိုယ်တိုင်သွားကြည့်ပြီး ပြောပြနေဟန်လည်း ကြေညာပါသည်။အပြောဟန်ပီပီသသ လေယူ လေသိမ်း
 ကောင်းကောင်းဖြင့် ပေါ့ပေါ့ ပါးပါး ကြေညာသွားပုံများမှာ အသက်ဝင်ပါသည်။ စကားမကျ စာမကျ ကြေညာနေသူများအတွက် နမူနာယူစရာများ ဖြစ်ပါသည်။
““ဒီနေ့ရတဲ့သတင်းတွေကို ကြေညာပါတော့မယ်””ဟု အပြောဟန် ပီပီသသပြောခြင်းမှာ ခေါက်ရိုး ကျိုးနေပြီဖြစ်သော“သတင်းများကို ကြေညာ ပါတော့မယ်””ဟု ပြောခြင်းထက် ပို၍ သဘာဝကျပါသည်။ “များ”သည် လည်း အပြောစကားမဟုတ်ပါ။ ပြောစကားပုံစံထဲမှာ “လည်းကောင်း လည်းကောင်း”ဆိုသော စာသုံးစကားကြီး ထည့်ထည့်ပြောခြင်းကိုလည်း ကြားရတတ်ပါသည်။ နားထဲမှာ အလွန်ထောင့်ပါသည်။ “လည်းကောင်း” မပါဘဲ ပြော၍ရပါသည်။

အသံထွက်မှားများလည်း မကြာခဏ ကြားရပါသည်။ “ဆ”သံမပီ ဘဲ “စ”လည်း “စ”၊ “ဆ”လည်း “စ”ဖြစ်နေခြင်းက အများမှားနေသော “ထိပ်တန်းအမှား”ဖြစ်သည်။ အသံမှားတော့ အရေးပါမှားကုန်သည်။ မကြာမီက “စောလျင်စွာ”ဆိုသော စာလုံးမှားတလုံးကို တွေ့လိုက်ရသည်။ အသုံး အမှန်မှာ “ဆောလျင်စွာ”ဖြစ်သည်။ “အဆောတလျင်”ဟုလည်း သုံးသည်။ “ဆောလျင်”ကို မသိသည့်အတွက် စောစောဟူသော အဓိပ္ဗါယ်ရှိသည် ထင်ပြီး “စောလျင်”ဟု ရေးလိုက်ခြင်းမှာ “ဆ”သံမပီသည့် သက်သေလည်း ဖြစ်သည်။ “ဆုတ်ဖြဲ”၊ “ဆောက်လုပ်”တို့ကို “စုတ်ပြဲ”၊ “စောက်လုပ်”ဟု မတော်မတည့်အသံထွက်ပြီး ရေးတော့လည်း ထိုအတိုင်းပင်ရေးသည့် အတွက် အမှားပေါ်အမှားထပ်သည့်အကြောင်း ရေးကြပြောကြလွန်း၍ ရိုးနေပါပြီ။

နားအာရုံကို ခဏနားပြီး မျက်စိအာရုံဘက်ပြောင်းကာ ရုပ်မြင်သံကြားမှာ အောက်နားက ထိုးလေ့ရှိသော စာတန်းကလေးတွေဖတ်ကြည့်တော့ ဆရာတော်ကြီးများကို နေ့လည် ၂ နာရီပူဇော်မည့်အကြောင်း၊ ဘယ်အစီအစဉ်အား ဘယ်ကုမ္ဗဏီမှ တာဝန်ယူဆောင်ရွက်မည်ဆိုသည့် အကြောင်း ဖတ်ရပြန်ပါသည်။ “နေ့လည်”မဟုတ်ပါ။ “နေ့၏ အလယ်ဖြစ်၍ နေ့လယ်ဟုရေးမှ မှန်ပါသည်ဟု ရေးကြပေါင်းများပါပြီ။ အားနှင့် မှ အသုံးများပုံများကိုလည်း ရေးကြပြောကြသည်မှာ ထပ်နေပါပြီ။ အားနှင့် မှသည် ယနေ့ အပြောစကားထဲမှာ မရှိတော့ပါ။ စကားပြောလျှင် ဘယ်သူ မှ အားတွေ မှတွေ မထည့်တော့ပါ။ ကိုနှင့် ကကို အပြောမှာရော အရေးမှာရော သုံးနေပါပြီ။ ထို့ကြောင့် အားနှင့်မှကို မှားသုံးမည့်အစား လုံးဝမသုံးတော့ဘဲ နေ၍ရပါသည်။ ကိုနှင့်ကကို အားနှင့်မှ အစားသုံးနိုင်ပါသည်ဟုလည်း အကြိမ်ကြိမ်ရေးပြီးကြပါပြီ။ သတိမပြုမိ၍လား၊ အမှား မှန်းမသိ၍လား မသိပါ။ မှားနေကြဆဲ ဖြစ်ပါသည်။
သတင်းကြေညာသူများ အလေ့အလာနည်း၍ မှားသုံးသော အသုံး များလည်းကြားရပါသည်။ အမျိုးသားစာပေဆုသတင်းကိုကြေညာသူက ဗိုလ်လက်ျာနှင့် ခင်လက်ျာကို “ဗိုလင်ကျာ”“ခင်လင်ကျာ”ဟူ၍ ကြေညာသွားသည့်အတွက် ကြားရသူတို့ စိတ်မသက်မသာဖြစ်ရသည်။   ကျောင်းသားငယ်များပင် မမှားသော ထိုစာလုံးများကို မှားဖတ်သည့်သတင်း ကြေညာသူ၏မျက်နှာ ရုပ်မြင်သံကြားမှာပေါ်လာပြီဆိုလျှင် ““ဗိုလ်လင်ကျာ ကြီးလာပြီဟေ့””ဟု ကလေးများက ဟာသလုပ်ကြကြောင်း ကြားရပါသည်။ ထိုမျှမကသေးပါ။ “ဓနသဟာယနိုင်ငံ”ကို “ဓနသဟာရနိုင်ငံ”ဟူ၍ ရကောက်လျှာလိပ်သံဖြင့် မှားဖတ်ခြင်းမျိုး၊ ဘုရားရုပ်ပွားတော်၏ လက်ဟန်တခုဖြစ်သော “ ဘူမိဖဿ     မုဒြာ”ကို “ဘူမိဖုဿ     မုဒြာ”ဟု မှားဖတ်ခြင်းမျိုး များကိုလည်း ကြားရပါသည်။
အင်္ဂလိပ်စကားလုံးတွေကို အသံထွက်ပြီးဖတ်တော့လည်း အမှား အယွင်းတွေပါသည်။ အဖြတ်အတောက်တွေမှားသည်။ ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ ဘုရင်၏နာမည်ကို နာမည်အရှည်ကြီးကိုဖတ်လျှင် ပိုဆိုးတော့သည်။ ဗိသုကာဘွဲ့(B.Arch) ကို ဘီအာ့ခ်ဟု ထွက်ရမည့်အစား “ဘီအာ့ခ်ျ” ဟု ထွက်ခြင်း၊ စက်မှုဘွဲ့(B.Tech) ကို “ဘီတက်ခ်”ဟု ထွက်ရမည့်အစား “ဘီတက်ခ်ျ”ဟု ထွက်ခြင်းမျိုးတွေ အလွဲလွဲအမှားမှား ကြားနေရပါသည်။ နမူနာအချို့ကို ဖော်ပြခြင်းဖြစ်ပါသည်။
ရေဒီယိုတို့၊ တီဗီတို့က ထုတ်လွှင့်သောစကားကို စံစကားအဖြစ် သတ်မှတ်ပြီး အသံထွက်၊ အသုံးအနှုန်းတို့ကို စံပြုသည့်အစဉ်အလာရှိပါ သည်။ ဘီဘီစီက ထုတ်လွှင့်သော အင်္ဂလိပ်စကားကို စံအဖြစ်သတ်မှတ်ပုံ မျိုးဖြစ်ပါသည်။ ကျွန်တော်တို့၏ ရေဒီယိုများ၊ တီဗီများကထုတ်လွှင့် ကြေညာသော မြန်မာစကားသည်လည်း အသံထွက်ကအစ၊ အသုံးအနှုန်း ကအစ စံနမူနာယူစရာ ဖြစ်ဖို့လိုပါသည်။

သည်တော့ တာဝန်ရှိသူများက လက်ပိုက်ကြည့်မနေဘဲ သတင်းကြေညာသူတွေကအစ အသံလွှင့်ကြေညာသူတွေကို ကြပ်ကြပ်မတ်မတ် လမ်းညွှန်ခြင်း၊ ဆွေးနွေးခြင်း၊ သင်တန်းပေးခြင်းများဖြင့် မှားပြီးရင်းမှား ရင်း မဖြစ်ရအောင် ကြပ်မတ်ဖို့လိုနေပါပြီ။ ကာယကံရှင်များကိုယ်တိုင်ကလည်း အပြောအဆို အရေး အသား အတိမ်းအချော်မရှိအောင် အထူးဂရု စိုက်ဖို့လိုနေပါပြီ။ ထိုလိုအပ်ချက်များ ကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့ အလေး အနက် မေတ္တာရပ်ခံမှဖြစ်တော့မည်ဟု တွေးမိသည့် အတွက် ဤစာကို ရေးရပါသည်။

 မောင်ခင်မင်(ဓနုဖြူ )

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း