ဘာ့ကြောင့်လဲ မေမေ




မေမေ ဒီလောကကြီးမှာ သားမသိတာတွေ အများကြီးပဲ။ တချို့အရာတွေကို သားလိုက်မမှီဘူးမေမေ။ ရိုးရိုးသားသား ၀န်ခံရရင် သားနားမလည်ဘူး။ ရိုးသားပါလို့ မေမေ အမြဲပြောတယ်။ မေမေလည်း သားမေးတာလေးတွေကို ရိုးရိုးသားသားပဲ ဖြေပါနော်။ နောက်ပြီး ဖေဖေ့စာထဲမှာ ဖတ်ဖူးတယ်။
ခုချိန်မှာ လမ်းတွေဟာ မဖြောင့်နိုင်တော့
မြစ်တွေက ပိုလို့ကွေ့ကောက်တယ်
ကောက်ကွေ့ခြင်း အလှတရားကိုဆန့်ကျင်လို့
မကောက်ကွေ့ဘဲ လှခဲ့တဲ့မြစ်တစ်စင်းကို ပိုင်ခဲ့ဖူးတယ်
အဲဒါက (အမေ)တဲ့။

ပထမဆုံး သားသိချင်တာက ကိုကို့လောက် သားက အသားမဖြူတာလဲဟင်။ ကိုကိုနဲ့ သား မေမေ့ဝမ်းဗိုက်ထဲမှာ နေဖူးခဲ့ကြသူတွေဖြစ်ပေမယ့် သားကျ အသားညိုတယ်နော်။
နောက်ပြီး လူတွေက ကိုကို့ကို တွေ့ရင် ချစ်စရာလေးလို့ ပြောပြီး သားကျ ဘာလို့မပြောတာလဲ။ သားက ချစ်စရာမကောင်းလို့လား မေမေ။
ဖိုးဖိုးကလည်း ကိုကို့ပဲ ချစ်တယ်။ ဖွားမွှေးကလည်း သားကိုမုန့်ကျွေးပေမယ့် ချစ်တယ်ထင်ပေါင်။
နောက်ပြီး ဖွားဖွားမြိုင်ဆို ပိုဆိုးသေးတယ်။ မုန့်ပါလာရင်လည်း ကောင်းကောင်း...ကောင်းကောင်းနဲ့။ သားနာမည်မှာလည်း ကောင်းကောင်းပါပေမယ့် သားကိုခေါ်တာ ဟုတ်ဘူး။ ကိုကို့ကိုပဲ ပါလာတဲ့မုန့်တွေ ပေးတတ်တာ။ သားမှတ်မထားပေမယ့် သိတယ်မေမေ။
မေမေ့ ဖေဖေက မရှိတော့ဘူးဆို။ မေမေ့ဖေဖေ သားဖိုးဖိုးရှိနေသေးရင် သားကို ချစ်မှာလား။ သားတော့ ထင်ပါဘူး မေမေရယ်။
ဖွားဘိုကလည်း သားကိုချစ်ဘူးဆိုတာ သားသိတယ်။ ဘယ်လိုသိလဲမေးနဲ့ သားသားဗိုက်ထဲက သိတာ။
မေမေလည်း သားကိုချစ်ဘူး။ ကိုကို့ကိုကျ ငါ့သားကြီး ငါ့သားကြီးနဲ့။ သားကိုကျ ငါ့သားလေးလို့ ခါမှ ခေါ်ဘူးပေါင်။ သားက မှတ်မထားပေမယ့် သိတယ်သိလား။
သားစိတ်ထင်တာ ပြောမယ်နော် မေမေ။ စိတ်ဆိုးရဘူး။ သားကိုချစ်တာ ဖေဖေလို့ ထင်တာပဲ။ ချစ်တယ်လို့ ပြောတာဟုတ်ဘူးနော် ထင်တယ်လို့ ပြောတာ။
သားမှာလိုက်ရင် ဖေဖေက ကြက်ဥတွေ ပါလာတယ်။ ပြီးသားတစ်ယောက်ထဲပဲ အခွံခွာကျွေးတယ်။ သားစက်ဘီးစီးချင်လည်း စက်ဘီးနောက်မှာ တင်ပြီးတွန်းပေးတယ်။ ဖေဖေဘယ်လောက်ပင်ပန်းပန်းနော်။ ဒါပေမယ့် မေမေရာ ဖေဖေ ကွန်ပျူတာဆိုတဲ့ဟာကြီးကိုင်နေရင်တော့ သားသွားရပ်နေလည်း ဂရုမစိုက်ဘူး။ သားမေးရင်လည်း အေး..အေး..သား ဘာညာနဲ့ ပြီးပြီးရော ဖြေတာမျိုးကျ သားမကြိုက်ပေါင်။
ဖေဖေနဲ့ မေမေက ကြယ်တွေအကြောင်းလည်း သိပ်ပြောတာပဲနော်။ ကြယ်ကြွေချိန်ဆုတောင်းရင် ပြည့်တယ်လို့ မေမေပြောတာ သားမှတ်မိတယ်။ သားက ဘာကို ဆုတောင်းရမှာလဲဟင်။ ဖေဖေနဲ့ မေမေက သားကို ပိုချစ်အောင်လား။ ဒါမှမဟုတ် ဖိုးဖိုးဖွားဖွားတွေက ဂရုစိုက်အောင်လား။ တော်ပါပြီမေမေရာ သားဆုမတောင်းချင်တော့ပါဘူး။ သားဆုတောင်းပြည့်ဖို့အတွက် ကြယ်တွေကြွေပေးရမှာ သိပ်သနားတာပဲမေမေ။ သားကြောင့် ဘယ်သူမှ မကြွေလင့်စေချင်ဘူး။ မကြေကွဲစေချင်ဘူး။ သား ကတိပေးတယ် မေမေ။ သားကြီးလာတဲ့အခါ သားဆန္ဒပြည့်ဖို့အတွက် ဘယ်သူ့ကိုမှ မထိခိုက်၊ မနာကျင်ရပါဘူးလို့။ တကယ်ပြောတာ မေမေရဲ့။ လောကကြီးဆီက သားဘာတစ်ခုမှ မလိုချင်ပါဘူး။ လောကကြီးအတွက် သားပေးဆပ်နိုင်တဲ့ဘက်ကပဲ ဖြည့်ဆည်းပေးချင်တယ်။ ဒါပါပဲ မေမေ။ အော် သားမေးချင်တာလေးတစ်ခု ကျန်သွားလို့။ ကြယ်တွေကြွေတယ်ပြောပြီး သားတို့ဆီကိုကျ သူတို့က ရောက်မလာကြဘူးနော်။ ဘယ်ကို ရောက်သွားကြမှန်းလည်း မသိဘူး။ သားကြီးလာရင် အဲဒီကြယ်လေးတွေကို ပြန်ရှာပြီး ကောင်းကင်မှာ ပြန်တင်ပေးလိုက်မယ်မေမေ။ မေမေ သဘောတူတယ်မို့လား။ ပန်းက မြေရဲ့သမီးလို့ မေမေနဲ့ဖေဖေ ပြောနေတာ သားကြားဖူးတယ်။ ကြယ်လေးတွေက ကောင်းကင်ရဲ့သမီး မဟုတ်လား။ ကောင်းကင်မှာပဲ ရှိသင့်တာပေါ့နော်  မေမေ။ သူတို့တွေကို ကောင်းကင်ဆီ ပြန်မတင်ပေးကြတာ ဘာ့ကြောင့်လဲ မေမေ။ သားကို မေမေတို့ မချစ်ကြသလို သူတို့ကိုလည်း မချစ်ကြလို့များလား မေမေ။ သားကို ပြောပြပါ။ ဘာ့ကြောင့်လဲမေမေ။


Comments

  1. လာဖတ်​သွားပါတယ်​ခင်​ဗျ

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်ဗျာ။ နောင်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ..

      Delete

Post a Comment

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း