ကျွန်တော်နှင့် စကားလုံးများ၏နောက်ကွယ်
ကျွန်တော်နှင့်
စကားလုံးများ၏နောက်ကွယ်
ရသစာတမ်း
စကားလုံးတစ်လုံး၏ လေးနက်မှုကို နှုတ်တစ်ရာ စာတစ်လုံးဟူသော
ဆိုရိုးဖြင့် သိရှိနိုင်သည်။ စာတစ်လုံး ကျပေါက် ပျောက်ရှသွားသည်နှင့် အဓိပ္ပါယ်တို့
ကွဲပြားခြားနားသွားနိုင်သည်။ မှန်ကန်စွာရေးသား ထားသည့်တိုင် အဓိပ္ပါယ်အယူအကောက်လွဲသွားသည်နှင့်
နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတို့က များစွာဖြစ်သည်။
ထို့ကြောင့်ပင် သမိုင်းတွင် အသက်တို့ ဆုံးရှုံးခဲ့ရဖူးသည်။
ထို့ကြောင့်ပင် မန္တလေးတောင်ခြေတွင် ကျောက်စာတို့ စုပုံခဲ့ရဖူးသည်။ ဆိုးကျိုးလည်းရှိသည်။
ကောင်းကျိုးလည်းရှိသည်။ သို့သော်
မူလရည်ရွယ် ရင်း ရှိသည့်အတိုင်း မဟုတ်သည်ကတော့ သေချာသည်။
̏ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား˝
ဆိုသော ကြွေးကြော်သံကို ငယ်စဉ်က သမိုင်း ဖတ်စာအုပ်တွင် သင်ခဲ့ရဖူးသည်။ ယခင်က ဖုန်းဖြင့်
မက်ဆေ့ခ်ျတိုလေးများ ပို့ရာတွင် မြန်းဂလိရှ်ဖြင့် ပို့ရာမှ ယနေ့ခေတ်တွင် စမတ်ဖုန်း၊
တပ်ခ်ျဖုန်းများ၏ ကျေးဇူးဖြင့် မြန်မာလိုစာရိုက်ပို့ကြတော့သည်။ ဖေ့ဘွတ်ခ် လူမှုကွန်ယက်ကြီး
ကျယ်ပြန့်လာသောအခါ မြန်မာစာအသုံးက ပို၍တွင်ကျယ်လာသည်။ တစ်ချို့က သတ်ပုံသတ်ညွှန်းကို
ဂရုမစိုက်ကြတော့။ တစ်ချို့က မသိ၍ဖြစ်သည်။ တစ်ချို့က မရှိ၍ဖြစ်သည်။ တစ်ချို့က ပေါ့ဆ၍ဖြစ်သည်။
တစ်ချို့က လျော့ကျ၍ဖြစ်သည်။ စကားလုံးများ၏ လေးနက်မှုကို လစ်လျူရှုလာ ကြသည်။
ဆိုရလျှင် တတ်နိုင်တယ်၊ မတတ်နိုင်ဘူး စသော
အဓိပ္ပါယ်မျိုး၊ စကားလုံးမျိုးအတွက် တ-ဝမ်းပူ တ-သတ်မှ မှန်မည်ဖြစ်သည်။ အဆင့်တက်သည်၊
အပေါ်ကို တက်သည် ဆိုလျှင်တော့ တ-ဝမ်းပူ က-သတ်မှ မှန်မည်ဆိုသည်ကို အွန်လိုင်းမှ သူငယ်ချင်းတော်တော်များများ
အမှတ်လွဲနေကြသည်။ မြန်မာစာနှင့် ကျောင်းပြီးထားသည့် လုပ်ဖော်ကိုင်ဖက်ညီငယ်တစ်ယောက်ဆိုလျှင်
အွန်လိုင်းတွင် တွေ့သည်နှင့် ̏မတက်နိုင်ဘူး˝ဆိုသော အဓိပ္ပါယ်မျိုးသက်ရောက်သည့် စကားလုံးများစွာသုံးသူဖြစ်သည်။
̏ မင်း ဟန်းဆက် ချိန်းတော့မှာဆို… ˝
̏ မတက်နိုင်သေးပါဘူးဗျာ… ˝
̏ သင်တန်းတက်တာ ကြာပြီဆိုတော့ အခြေအနေ ဘယ်လိုလဲ
…˝
̏ ဘာမှ မတက်သေးပါဘူးဗျာ …˝
ထိုသို့သော စကားလုံးများနှင့် တုန့်ပြန်တတ်သူ
ဖြစ်သည်။ နောက်ထပ်ပြောင်းမည့်ဖုန်းက ဈေးကြီးလွန်း၍ နောက်တစ်ဆင့် မတက်နိုင်သေးဘူးဟု
ဆိုသောအဓိပ္ပါယ်ဖြင့် တ-ဝမ်းပူ က-သတ်ခဲ့သည် လားမသိ။ သင်တန်းတွင် သင်ခဲ့ရသည့် ပညာရပ်တွေက
ခက်ခဲနက်နဲလွန်း၍ မတတ်မြောက်သေးသော ကြောင့် နောက်တစ်ဆင့် မတက်သေး ဆိုသောရည်ရွယ်ချက်ဖြင့်
သုံးခဲ့သည်လား မသိတော့။ သို့ဆိုလျှင် “အတတ်ပညာ”ဆိုသော စကားလုံးသည် နောင်ဆိုလျှင်“ အတက်ပညာ”
အဖြစ် ပြောင်းလဲသွားပေလိမ့်
မည်။
ဝါသနာပါသောကြောင့် စာရေးဖို့ကြိုးစားနေသူတစ်ယောက်အနေဖြင့်
သတ်ပုံသတ်ထုံးကို ဂရုစိုက်ပါ သည်။ မသေချာလျင် ပညာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းထဲမှ
ရှာ၍ ရေးပါသည်။ စကားလုံးတို့၏အဓိပ္ပါယ် မည်မျှလေးနက်ကြောင်းကို စာရေးကြည့်သည့်အခါမှ
ပို၍သိလာရ သည်။
မဂ္ဂဇင်းကြီးတစ်စောင်သို့ စာမူပို့ရာတွင်
ကလောင်အမည်ကို အတတ်ဆန်းထွင်၍ ညလေးသတ် ရမည်ကို ညသတ်၍ ပေးပို့ခဲ့မိဖူးသည်။ ဝတ္ထုဝေဖန်ချက်တွင်
အယ်ဒီတာဆရာမကြီးမှ ကလောင်နာမည် စာလုံးပေါင်းမှားနေကြောင်းကို တခုတ်တရ သတိပေးဖူးပါသည်။
အယ်ဒီတာဆရာမကြီး၏ စေတနာကို နားလည်သိမှတ်ခြင်းနှင့်အတူ စာရေးဆရာလုပ်မည့်သူတစ်ယောက်အနေဖြင့်
အက္ခရာစကားလုံးတို့အပေါ် မည်သို့သဘောထားသင့်ကြောင်း ခံစားနားလည်ခဲ့ရပါသည်။ ကောင်းကင်ပြာပြာကြီးအောက်တွင်
ပထမဆုံး သင်ကြားရသည့် သင်ခန်းစာဖြစ်သည်။
ထိုသင်ခန်းစာကို သင်ယူပြီးသည့်နောက်ပိုင်း
စာရေးသားရာတွင် အက္ခရာစာသားတိုင်းကို ဂရုတစိုက်နှင့် ရေးဖွဲ့ဖြစ်သည်။ ရေးဖွဲ့ပြီးသွားသည့်
ဆောင်းပါးနှင့်ရသအဖွဲ့များကို မဂ္ဂဇင်းကြီးများတွင် သာမက ဂျာနယ်နှင့် စာစောင်များသို့တိုင်
ပို့ခဲ့ဖူးသည်။ တစ်ခါတစ်ရံတွင် ဆရာ၊ ဆရာမအချို့၏ စေတနာ ပိုမှုကိုလည်း တွေ့ခဲ့ရသည်။
̏ ဝဿန်ကြိုသူများ ˝ ဆိုသော ဆောင်းပါတစ်ပုဒ်၏ ခေါင်းစဉ်ကို ထုံးတမ်း စဉ်လာအရ အများဆိုလျှင်
̏ ကြ ˝ထည့်ရသည်ဆိုကာ ထည်လိုက်သောအခါ ̏ ဝဿန်ကြိုကြသူများ ˝ ဖြစ်သွားသည်။ အဓိပ္ပါယ်မပြောင်းလဲ၊
စကားလုံးမမှားယွင်းသော်လည်း ကျွန်တော်၏ခေါင်းစည်းလေးကို နှမျောသွားသည်ဟု ဝန်ခံလိုပါသည်။
မိမိမဂ္ဂဇင်း၊ ဂျာနယ်တွင် ထည့်မည့် စာမူတစ်ပုဒ်ကို
ကောင်းသည်ထက်ကောင်းအောင် လိုတိုး၊ ပိုလျော့နှင့် အကျအပေါက် အပျောက်အရှကင်းအောင် စီမံဆောင်ရွက်ပေးနေသည့်
အယ်ဒီတာမင်းများ၏ စေတနာကို ဖန်တီးသူအချင်းချင်းဖြစ်၍ နားလည်ခံစားမိပါသည်။ သို့သော်
ဆောင်းပါးတစ်ပုဒ်၏ အာဘော်ကို ပြောင်းသွားလောက်အောင် ကွပ်ညှပ်ခံထားရသည့် ပုံနှိပ်စာမူအောက်တွင်
ကျွန်တော်၏ ကလောင်ကို အမည်မတပ်လိုသည်က ရင်တွင်းမှ ဆန္ဒအမှန်ဖြစ်သည်။ အဓိပ္ပါယ်ပြောင်းလွဲ
မသွားသည့်တိုင် စာကျန်ခဲ့သဖြင့် တိုင်ပင်အောက်သွားသည့် စာမူတစ်ချို့လည်း ရှိသေးသည်။
ဘာနှင့်မျှ မငြိစွန်းပါပဲနှင့် စကားလုံးတို့ဖြတ်တောက်ခံရသောအခါ၊
အယ်ဒီတာကြောင့် မဟုတ်ပါဘဲ စာစီဆရာ ကိုကို ၊ မမတို့၏ အစွမ်းကြောင့် စာကြောင်းကျကျန်နေရစ်ခဲ့သောအခါ
ကိုယ်မွေးထားသည့် ဒေါင်းမလေး အမွေးနှုတ်ခံထားရကြောင်း က-သည့် အချိန်မှ သိလိုက်ရသည့်
ပိုင်ရှင်တစ်ယောက်၏ ခံစားချက်မျိုး ခင်ဗျားရင်မှာ ဖြစ်ထွန်းဖူးပါသလား။ ကျိုးတို့ ကျဲတဲ
အမွေးကလေးများနှင့် က-နေသည့် အိမ်မွေးဒေါင်းမလေးများအကြောင်း အခါအခွင့် သင့်မည် ဆိုလျှင်
ပြောပြချင်ပါသေးသည်။
ကျွန်တော်တို့တတွေမှာ ဘက်ဆဲလား စာရေးဆရာများ
မဟုတ်ကြသလို ရေးလိုက်တိုင်း ရွှေဖြစ် သွားကြသည့် ကလောင်ရှင်များလည်း မဟုတ်ကြပါ။ ဝါသနာပါရာ
စာပေနယ်တွင် ကလောင်တစ်ချောင်း စိုက်နိုင်ရေးအတွက် ကြိုးစားနေရသည့် ဝါသနာရှင်များသာ
ဖြစ်သည်။ အတတ်ပညာပိုင်းတွင် အားနည်းနေနိုင်သလို အနုပညာပိုင်းတွင် မပြည့်မှီခြင်းမျိုးလည်း
ရှိနေမည်ဖြစ်သည်။ အနုပညာ မိုးကောင်းကင်ထက်တွင် ကြယ်တစ်လုံးအဖြစ် မလင်းလက်နိုင်သေးချိန်လည်းဖြစ်သည်။
ယခုအချိန်တွင် အယ်ဒီတာမင်းများ၏ ချီးမြှင့်မြှောက်စားမှုကြောင့် မဂ္ဂဇင်းစာမျက်နှာထက်တွင်
ပိုးစုန်းကြူးလေး လင်းသလို လက်ခဲ့ရခြင်း ဖြစ်သည်။
မိမိစာမူတစ်ပုဒ်ကို ပုံနှိပ်စာလုံးအဖြစ် မြင်တွေ့လိုက်ရသည့်
ဝါသနာရှင်တစ်ယောက်၏ ပီတိကို ဘဝတူဝါသနာရှင်များ အချင်းချင်းသာလျှင်
နားလည်နိုင်မည်ထင်သည်။ ဝယ်ထားသည့် တန်ဖိုးကြီးကားကို လိုင်စင်ဝင်ပြီးသည့်
ခံစားချက်မျိုးနှင့် ဆင်ဆင်တူမည်ထင်သည်။ တန်ဖိုးကြီးကားကို လိုင်စင်ဝင်နိုင်ရန် အတွက်
သတ်မှတ်ထားသည့် ငွေကြေးပြည့်စုံလျှင် ရနိုင်မည်ဖြစ်သော်လည်း စာမူတစ်ပုဒ်
မဂ္ဂဇင်းစာမျက်နှာ ပေါ် ပုံနှိပ်စာလုံးအဖြစ် မြင်တွေ့ခွင့်ရဖို့အရေးက
သည့်ထက်ပိုခက်သည်။ ငွေကြေးနှင့် တိုင်းတာ၍ မရနိုင် သည့် စံပေတံများဖြစ်သည်။
ပန်းပုဆရာက မလိုအပ်သည့် သစ်သားအပိုင်းအစလေးများကို
ဖဲ့ထုတ်ခြင်းဖြင့် အချိုးအစား ကျနပြေပြစ်သည့် အနုပညာမြောက် ပန်းပုရုပ်ကို
ရလာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့တတွေက ရင်ထဲ၊ နှလုံးသားထဲမှာ ထိထိရှရှခံစားရသည့်
အကြောင်းအရာတို့ကို အက္ခရာစာသားတို့ဖြင့် ထုဆစ်ပုံဖော်ရာမှ ဝတ္ထု၊ အက်ဆေးတို့
ရလာခဲ့ခြင်းဖြစ်သည်။
ပန်းပုဆရာက အနုပညာဈာန်မဝင်တော့၍ ရပ်နားလိုက်ရသည့် ပန်းပုရုပ်သည် ပြန်လည်ထုဆစ်
ချိန်တွင် ရပ်နားစဉ်က ချန်ထားခဲ့သည့် အတိုင်းသာဖြစ်သည်။ ပြောင်းလဲလျော့ကျမှု မရှိ။ အက္ခရာ
စကားလုံးများနှင့် ထုဆစ်ရသည့် စာပေပန်းပုကမူ ထိုသို့မဟုတ်ချေ။ ချန်ထားခဲ့သည့် အပိုင်းနှင့်
ပြန်ချိတ်ဆက်မိရန် အားထုတ်ရသည်။ ခံစားချက်တို့ ပြန့်ကျဲမသွားစေဖို့ ပို၍အားထည့်ရသည်။
စုစည်းရ သည်။ နှလုံးအိမ်ကို ဆောက်သွားတို့ဖြင့် ကိုယ်တိုင်ဖြတ်တောက် ထုဆစ်ပြီးသည့်နောက်မှာတော့
သွေးချင်းချင်းလူးသည့် အက္ခရာစာသားတို့နှင့်ထုဆစ်ထားသည့် စာသားပန်းပုရုပ်တစ်ခုကို ရလာခဲ့ခြင်းဖြစ်
သည်။
စာရေးတယ်ဆိုတာ
ကိုယ့်နှလုံးသွေးကိုဖောက်ပြီး ကလောင်ဖျားကနေ စီးဆင်းစေတာဖြစ်တယ် ဆိုသော အဓိပ္ပါယ်မျိုးသက်ရောက်သည့် စာသားတစ်ခုကိုလည်း ဖတ်မှတ်ခဲ့ရဖူးသည်။
ဆယ်တန်းကျောင်းသားတစ်ယောက်၏
ကြိုးစားမှု အသီးအပွင့်ကို အောင်စာရင်းထွက်သည့်အခါ အက္ခရာစာသား လေးငါးခြောက်လုံးမျှဖြင့်
ဖော်ပြတတ်ကြသည်။ အကြောင်းတစ်စုံတစ်ခုကြောင့် ထိုစာသားတို့ ကျပေါက်၊ ပျောက်ရှ၊ မေ့လျော့သွားသည့်အခါ
တစ်ပါးသူ၏အပျော်ကို သတ်မိသွားသည်။ တစ်ခါတစ်ရံ အသက်ဆုံးသည်အထိ ဘဝကိုသတ်သည်။ မျှော်လင့်အားခဲထားသည့်
မိဘ၊ ဆွေမျိုးတို့ နာကျင်ဝမ်းနည်းပူဆွေးမှုများသည် ပေါ့လျော့ခြင်းဓားကို ကိုင်ဆောင်ထားကြသူများ၏
ကျပေါက်၊ ပျောက်ရှသွားသည့် စကားလုံးတစ်ချို့ကြောင့်သာလျှင်ဖြစ်သည်။
စာရေးဆရာတစ်ယောက်၏
ကြိုးပမ်းအားထုတ်မှုကို မဂ္ဂဇင်းစာမျက်နှာထက်တွင် တွေ့မြင်နိုင်သည်။
မဂ္ဂဇင်းထက်သို့ရောက်သည်နှင့် စာမေးပွဲအောင်ပြီဆိုသည်ကို
သိရသည်။ စာဖတ်ပရိတ်သတ်မှ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ နှစ်သက်သဘောကျကြောင်း
ပြောကြားလာသည့်အခါ ဂုဏ်ထူးထွက် ကြောင်း သိရခြင်းမျိုးဖြစ်သည်။
လွတ်လပ်စွာ
ပြောဆိုရေးသားခွင့်ဆိုသော စကားသံတို့ ကျယ်လောင်နေသည့် ယနေ့လို အချိန်မျိုးတွင် လက်ကျန်ထုံးဟောင်းစံပေတံများဖြင့်
စာမူတစ်ပုဒ်ကို မကွပ်ညှပ်စေလိုပါ။ မကန့်သတ် စေလိုပါ။ စမ်းချောင်းကလေးကို သူ့အတိုင်းသာ
စီးဆင်းခွင့် ပြုစေချင်ပါသည်။ စမ်းချောင်းလေးထဲတွင် ရွက်ကြွေများလည်း မျောပါနိုင်ပါသည်။
အမှိုက်စများလည်း ပါလာနိုင်ပါသည်။ ရေသန့်စက်ရုံသို့ စီးဆင်းခြင်း မဟုတ်သဖြင့် စမ်းချောင်းကလေးကို
မြစ်မကြီးဆီသို့ လွတ်လပ်စွာ စီးဆင်းစေချင်သည်။ တစ်ချိန် ပင်လယ်ထဲသို့ရောက်ချိန် စမ်းချောင်းပီပီ
စီးဆင်းခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိခင်မြစ်မကို သက်သေ တည်စေချင်ပါသည်။
ရသ သရုပ်ဖော်တစ်ယောက်အနေဖြင့်
ပတ်ဝန်းကျင်မှာ မြင်နေရသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေများမှ နှလုံးသားမှာ ထိရှခံစားရသည့်
အကြောင်းအရာတို့ကို ပုံဖော်ရေးဖွဲ့နေဦးမည် ဖြစ်သည်။ တစ်ချို့အကြောင်းအရာတွေက သွေးချင်းချင်းလူးနေသည့်
သူရဲကောင်းများ အကြောင်းဖြစ်သည်။ တစ်ချို့တွေက ယမ်းခိုးများဝေနေသည့် ဒေသများအကြောင်းဖြစ်သည်။
ဘဝထဲက ဘဝများ၊ လူထဲက ဘဝများ၊ လောကကြီးထဲမှာ မရှိတော့သည့် ရှင်သန်နေဆဲ ပုဂ္ဂိုလ်များ၊ ဝန်းကျင်မှာ ရှိနေကြသည့် ရှင်သန်ဆဲ လူသေများ၊ ဖားတစ်ပိုင်း
ငါးတစ်ပိုင်းဘဝဖြင့် မသေမရှင်ဖြစ်နေကြသူများ၊ မူရင်းပျောက်ဆုံးသွားသည့် မိတ္တူများ
…။ အားလုံးသောအကြောင်းအရာများသည် စကားလုံးများဖြင့် ထုဆစ်ဖို့ ကျွန်တော်ကြိုးစားနေ
သော အရာများဖြစ်သည်။
“ စာရေးဆရာဆိုတာ
အသိပေးသူ” ဆိုသော ချစ်စရာသတ္တဝါကလေးတစ်ကောင်၏ အမည်ဖြင့်ရေးနေသည့် စာရေးဆရာတစ်ယောက်က
ပြောဖူးသည်။ ထို့ကြောင့် စကားလုံးများနောက်တွင် ဘဝများစွာရှိသည်။ အသက်များစွာရှိသည်။
လောကများစွာ ရှိသည်။ စကားလုံးများ ကျပျောက်ခြင်းသည် ဘဝများစွာ ပျောက်သွားခြင်းဖြစ်သည်။ သို့မဟုတ် ဘဝများစွာအကြောင်း
ဖျောက်ထားခြင်းဖြစ်သည်။ ကမ္ဘာကြီးသည် အက္ခရာစာလုံးပေါင်းများစွာဖြင့်
လည်ပတ်နေခြင်းဖြစ်သည်။
စကားလုံးများစီးဆင်းမှုကို
ကန့်သတ်ခြင်းဖြင့် ကမ္ဘာကြီး၏ အစိတ်အပိုင်း အချို့ကို ဖုံးကွယ်ဖို့ ကြိုးစားနေကြဦးမည်
ဆိုပါလျှင် …..။ ။
Comments
Post a Comment