ကျွန်တော်နှင့် ကြွက်၊ မြွေ၊ လူများအကြောင်း


ရသစာတမ်း
        ကျွန်တော် ကြွက်ကလေးတွေကို ချစ်သည်။ ချစ်စရာကောင်းသည့် ကြွက်ကလေးများအကြောင်းကို အဘွားပြောပြသည့် ပုံပြင်များထဲမှ သိခဲ့ရခြင်းဖြစ်သည်။
          ပုံပြင်ထဲက ကြွက်ကလေးများမှာ ဇွဲ၊ လုံ့လရှိသည်။ အစွမ်းသတ္တိရှိသည်။ တောင်ကြီးတွေကိုပင် ဖောက်နိုင်သည်။ အားနည်းသည့်ဘက်မှ ရပ်တည်ကာ အရွယ်အစားရော ခွန်အားပါကြီးမားသည့် ဆင်ကြီး တွေကိုပင် နှိမ်နင်းနိုင်သူဖြစ်သည်။ ကျွန်တော့်ငယ်ဘဝ၏ ချစ်ခင်နှစ်သက်ရဆုံးသော သတ္တဝါလေးမှာ ကြွက် ဖြစ်လာသည်။
          ချစ်ခင်နှစ်သက်ရသည့် ကျွန်တော့်သူရဲကောင်း ကြွက်ကလေး၏ တန်ဖိုးသည်
ဆယ်ပြားဟုဆိုသော အခါ အံ့သြမဆုံးဖြစ်ရသည်။ ကျွန်တော့်မုန့်ဖိုးထဲမှ ဝယ်နိုင်သည့် တန်ဖိုးမဟုတ်ပါလား။ အဘွားအိမ် ပျဉ်ထောင်နံရံထက်မှာ ရေးထားသည့် ကြွက်တစ်ကောင်ဆယ်ပြားဆိုသော စာတန်းကိုပြကာ မေမေ့ကို ပူဆာခဲ့ဖူးသည်။
          ̏ အဲဒါ ကြွက်တွေ ပေါလွန်းလို့ ရေးထားတာ သားရဲ့ ˝
          ထိုစဉ်က မေမေပြောပြသည့် အဓိပ္ပါယ်ကို အတိအကျ နားမလည်ခဲ့သော်လည်း ဆယ်ပြားတန် ကြွက်ကလေး ဝယ်ခွင့်မရခြင်းကို စွဲထင်ခဲ့သည်။ ထိုစာတန်းမျိုးလေး ကျွန်တော့်အခန်းနံရံထက်မှာ ရေးထားမည်ဆိုလျှင် ချစ်စရာကြွက်ကလေးတွေ ပေါများလာမှာလား သို့မဟုတ် နည်းပါးသွားမှာလား ဆိုသောအတွေးမျိုးကိုလည်း မရေမရာ တွေးလိုက်မိသေးသည်။ ကြွက်တစ်ကောင် ဆယ်ပြားကို မဝယ်ဖြစ်ခဲ့ သော ကျွန်တော်သည် (Tom And Jerry) ကာတွန်းကားကိုတော့ မကြာခဏ ငှါးကြည့်ဖြစ်သည်။ ကာတွန်းစာအုပ် စ-ဖတ်ဖြစ်သောအချိန်တွင် ပထမဆုံးငှါးဖတ်သည့်စာအုပ်မှာ (Micky Mouse) မစ်ကီမောက်စ် စာအုပ်ဖြစ် သည်။
          ချစ်သောကြွက်ကလေး၏ ပထမဆုံးသောရန်ပြုခြင်းကို စတုတတန်းအရောက်တွင် ကြုံခဲ့ရခြင်းဖြစ် သည်။ ဘုရားစင်ရှိ ဘုရားပုံတော်ကားချပ်နောက်မှ တွဲလွဲကျနေသည့် ကြွက်မြီးလေးကို ဆွဲလိုက်မိသည့် ခဏ လက်မသည် အပေါက်များစွာနှင့်ဖြစ်သွားသည်။ စိမ့်ထွက်လာသည့် သွေးများကိုကြည့်ရင်း ကျွန်တော် ချစ်သည့် ကြွက်ကလေးများတွင် ရန်ပြုတိုက်ခိုက်နိုင်သည့်၊ ခုခံကာကွယ်နိုင်သည့် လက်နက်များရှိကြောင်း သိခဲ့ရသည်။ ကျွန်တော် မမုန်းတီးပါ။ ကျွန်တော်က ကျူးကျော်စော်ကားသူ မဟုတ်လား။
          ပြင်ပစာပေများကို ဖတ်ရှုလာသည့်နောက်တွင် ရှေးအခါက ကပ်ရောဂါဆိုးအဖြစ် ထိတ်လန့် ကြောက်ရွံ့ခဲ့ကြသည့် ပလိပ်ရောဂါသည် ကြွက်မှတစ်ဆင့်ဖြစ်ပွားကြောင်း သိရသည့်တိုင် မုန်းတီးစက်ဆုပ်မှု မဖြစ်ခဲ့ချေ။ ထိုအရာတွေသည် ပြီးခဲ့ပြီ။ သို့မဟုတ် ယနေ့ခေတ်တွင် ဟိုအရင်ကလို ထိတ်လန့် ကြောက်ရွံ့စရာမကောင်းတော့သည့် ကာကွယ်နိုင်သည့် ရောဂါတစ်ခုအဖြစ်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
          သတမတန်းတွင် သင်ကြားခဲ့ရသည့် ပလွေဆရာပုံပြင်တွင်မူ ပလွေဆရာက ပလွေ၏အစွမ်းဖြင့် ကြွက်များကို မြစ်ထဲကျသေဆုံးစေခြင်းဖြင့် နှိမ်နင်းခဲ့သည်။ ပုံပြင်ထဲမှ ရေနစ်သော်လည်း မသေဆုံးဘဲ ကျန်ရစ်ခဲ့သည့် ကြွက်တစ်ကောင်၏ မျိုးဆက်သည် ခေတ်အဆက်ဆက်ကိုဖြတ်ကာ ထိုပုံပြင်သင်ကြားရ သည့် နှစ်တွင်ပင် အိမ်သို့ရောက်လာကာ သောင်းကျန်းနေတော့သည်။ အဝတ်အစားများကို မဖျက်ဆီး သော်လည်း မနက်လင်းသည်နှင့် နို့ဆီဗူးတစ်လုံးမကသည့် ဆန်တို့က ပေါက်နေသည့် ဆန်အိတ် အောက်တွင် ပြန့်ကျဲနေတော့သည်။ နေ့စဉ်ရက်ဆက် ကြုံနေရသည့်အခါ ကိုယ်တိုင်နှိမ်နင်းရန် စဉ်းစားမိ သည်အထိဖြစ်သည်။ လိုနေချိန်တွင် မရတတ်သည့်ထုံးစံအတိုင်း ကြောင်ရှာ၍​ မရသေးချိန်လည်းဖြစ်သည်။
          တစ်ရက်မှာတော့ မျက်စိရှေ့မှာပင် ဆန်အိတ်ထဲ ကြွက်ဝင်သွားသည်ကို မြင်လိုက်ရသည်။ ဆန်အိတ် အ-စကို လက်နှစ်ဖက်နှင့် လိမ်ညှစ်ပစ်လိုက်သည်။ ထို့နောက် ဆန်အိတ်ထဲရှိ ကြွက်ရှိရာ နေရာသို့…။ မပြောလိုသော်လည်း ရက်စက်မှုကို ပြန်ပြောရမည်ဆိုပါလျှင် (၇)တန်းကျောင်းသားလေး၏ လက်သီးတစ်ချက်နှင့် သေဆုံးသွားသည့် ကြွက်တစ်ကောင်ဖြစ်သည်။
          ထိုအခြေအနေမျိုး လေးငါးရက်ခြားနောက်တစ်ကြိမ် ကြုံသည့်အခါတွင်လည်း ထိုနည်းအတိုင်း ဖြေရှင်းခဲ့သည်။ ထိုအကြိမ်တွင်မူ ကြွက်တစ်ကောင်နှင့် လူတစ်ယောက် ဒုက္ခရောက်ကာ ကံဆိုးခဲ့ကြ ပါသည်။ လက်သီးနှင့်ထိုးလိုက်သောအခါ ကြွက်က ဆန်ထဲသို့နစ်ဝင်သွားသည်။ နောက်တစ်ကြိမ်ထပ်ထိုး သည်။ ထပ်နစ်သွားပြန်သည်။
          ကျွန်တော် စိတ်ဆင်းရဲသွားသည်။ ကျွန်တော့်လက်မှ ထိုကြွက် မလွတ်မြောက်နိုင်ဘူးဆိုတာကို သိသည်။ မသေ သေးဘူးဆိုတာကိုလည်း သိသည်။ လွှတ်ပေးလိုက်လျှင်တောင် မရှင်နိုင်တော့ဘူး ဆိုတာကိုလည်း အတပ်သိနေပြန်သည်။ ထို့နောက်၊ ထို့နောက်မှာတော့ …။
          ကြွက်တစ်ကောင်၏ သက်တမ်း မည်မျှရှိပါသနည်း။ ဇီဝဗေဒပညာရှင် မဟုတ်၍ အတိအကျ မသိနိုင်သော်လည်း နှစ်ပေါင်းနှစ်ဆယ်ကျော် အသက်မရှင်နိုင်သည်ကတော့ သေချာသည်။ နှစ်(၂ဝ)ကျော် သည့်တိုင် ဆွေးမြေ့မသွားသည့် ဆူးတစ်ချောင်း ကျွန်တော်၏ နှလုံးအိမ်ထက်တွင် စူးနစ်နေပါသည်။ ယနေ့ထိတိုင် ဆွဲနှုတ်မရသေးသည့် ဆူးတစ်ချောင်းဖြစ်သည်။
          တစ်မိုးတည်းအောက်မှာ နေထိုင်ကြသူချင်း ဖြစ်သည့်တိုင် ကျူးကျော်စော်ကားသူဟု ခံယူမိသော ကြောင့် အပြုအမူတို့ ရိုင်းစိုင်းခဲ့ရခြင်းဖြစ်သည်။ ကျူးကျော်သူဖြစ်သည့်တိုင် လက်တုန့်ပြန်မှု ဤမျှမပြင်းထန် သင့်ဟူသောအတွေးတို့ ဖြစ်ထွန်းလာသောအခါ ကြွက်ကလေးအတွက် ယူကြုံးမရဖြစ်ခဲ့ရသည်။ တစ်ချိန်က ကြွက်တစ်ကောင် ဆယ်ပြားနှုန်းဖြင့် ဝယ်ယူဖို့ ကြိုးစားဖူးသည့် ကြွက်ချစ်သူကောင်လေးက မိမိ၏ ဝင်သက် ထွက်သက်တို့ကို ရပ်တန့်ဖို့ ကြိုးစားနေကြောင်း မသေမီအချိန်ကလေးတွင် ကြွက်ကလေး သိသွားခဲ့ပါသေး သလား။ သိသွားခဲ့မည် ဆိုပါလျှင် ...။
          ကြွက်၏မျက်လုံးလောက် ပြူးကျယ်ဝိုင်းစက်ခြင်းမရှိသော်လည်း ကြောင်စီစီမျက်လုံးများရှိသည့် သတ္တဝါတစ်ကောင်ကို  တူးတူးခါးခါးရွံမုန်းမိသည်မှာ ထို(၇)တန်းနှစ်မှာပင်ဖြစ်သည်။ အရင်ကဆိုလျှင် မုန်းတီးခြင်းထက် ကြောက်ရွံ့ခြင်းက ပိုသည်ဟု ရိုးရိုးသားသားဝန်ခံလိုပါသည်။ ထိုသတ္တဝါသည်   မြွေဖြစ်
သည်။ သွားနေသည် ဖြစ်စေ၊ ခွေနေသည် ဖြစ်စေ၊ သေနေသည် ဖြစ်စေ မြင်လိုက်ရသည်နှင့် စိတ်ထဲ ဝမ်းထဲမှ ရွံကြောက်ခြင်းက ချက်ခြင်းသီးထသည်။
          ထိုသို့ ရွံစရာ၊ ကြောက်စရာကောင်းသည့်မြွေက အမှိုက်သွားပစ်သည့် နှမလတ်ကို ကိုက်ခဲလိုက် သည့်အခါ မုန်းတီးခြင်းတို့ မီးတောက်သွားသည်။ နှမအလတ်ကို ဆေးရုံပို့ရာလမ်းတလျှောက် ကျွန်တော်တို့ မိသားစုဘဝထဲမှ ထွက်ခွာသွားခဲ့လျှင် ဆိုသောပူပန်စိတ်ဖြင့် နှလုံးအိမ်မှ မျက်ရည်စက်တို့က ပေါက်ပေါက် ကျ စီးဆင်းခဲ့ဖူးသည်။ ကျွန်တော်တို့ ချစ်မြတ်နိုးသူများကို ခြေလက်မပါသည့် မြွေတစ်ကောင်က ဆွဲထုတ် ပစ်သွားနိုင်သည်ဆိုသော အသိကိုလည်း ရလိုက်သည်။
          တကယ်တော့ မြွေရှိရာအမှိုက် ပုံသို့ ကျူးကျော်ခဲ့သူမှာ ကျွန်တော့်နှမဖြစ်သည်။ ထို့နောက်မှာတော့ မြွေများကို ရှာဖွေဒုက္ခမပေးသည့်တိုင် အိမ်ဝင်းထဲရောက်လာသည့် မြွေကို အလွတ်မပေးတတ်သည်မှာ ကျွန်တော့်ညဉ်ဖြစ်လာသည်။ ထိုအကျင့်သည် အသက်သုံးဆယ်ကျော်သည့်တိုင် စွဲမြဲနေဆဲဖြစ်သည်။
          ̏ ဟိုမှာ မြွေ ... မြွေ ...˝
          စကားပြောနေရင်း ထိတ်လန့်တကြား ပြောလိုက်သည့် သူငယ်ချင်း အသံကြောင့် လှည့်ကြည့်လိုက် မိသည်။ အိမ်ကမွေးထားသည့် ကြောင်နှင့် တွယ်နေသည့် မြွေတစ်ကောင်ဖြစ်သည်။ သားနှစ်ယောက် အတွက် စိုးရိမ်သွားသည်။ တစ်ဝင်းလုံး သမံတလင်းခင်းထား၍ ရှင်းနေသော်လည်း အိမ်ထဲဝင်သွားလျှင် ဒုက္ခများသွားနိုင်သည်။ လမ်းလျှောက်တတ်ခါက သားငယ်နှင့် သူငယ်တန်းကျောင်းသား သားကြီးကို အိမ်ထဲထည့်၍ တံခါးပိတ်လိုက်သည်။ ထို့နောက်မှာတော့ အိမ်ကမွေးထားသည့် ကြောင်ဘက်မှ အရေးသာနေသည့်တိုင် ဝင်ကူလိုက်သည်။
          သမံတလင်းတွင် စွန်းပေနေသည်များကို ဇနီးသည်အား ရေဆေးခိုင်းလိုက်သည်။ အိတ်ထဲသို့ထည့် လိုက်သည့် မြွေ၏အရှည်မှာ တစ်တောင်ကျော်ကျော်ဖြစ်သည်။ နောက် အိတ်တစ်လုံးဖြင့် ထပ်ထည့်ကာ ကြိုးဖြင့်စည်းနှောင်လိုက်သည်။ သူတို့တွေနေထိုင်ရာ အင်းစပ်ရှိ အမှိုက်ပုံသို့ စွန့်ပစ်ခဲ့လိုက်သည်။
          ညအိပ်ယာဝင်သည့်အခါ မစဉ်းစားဘဲ အတွေးထဲရောက်လာသည်က နေ့ခင်းက မြွေအကြောင်းဖြစ် သည်။ အမှိုက်ပုံတွင် စွန့်ပစ်ပြီးနောက် ချက်ခြင်း ပြန်လှည့်လာခြင်းဖြစ်သည်။ ချည်ထားသည့် ကြိုးကို ဖြည်မပေးမိခဲ့။ ကျွန်တော် အသက်ရှုမဝတော့။
          ဟိုတုန်းကလူတွေ မြွေသတ်ပြီးလျှင် ဦးခေါင်းကြေနေသည့်တိုင် မြေမြှပ်ပစ်ကြသည်။ မြေဓာတ်ဖြင့် ရှင်နိုင်သေးက ပြန်ရှင်ရန်အတွက်ဖြစ်သည်။ အခြေအနေကြောင့် သူတပါးအသက်ကို သတ်လိုက်ရ သည့်တိုင် ရှင်နိုင်ခွင့်ဆိုသောအခွင့်အရေးကို ပေးထားကြခြင်းဖြစ်သည်။ ပဒေသရာဇ်ခေတ်တွင် ရန်သူဖြစ် နေသည့်တိုင် လက်အောက်ရောက်နေသည့် သုံ့ပန်းသူရဲကောင်းကို မကွပ်မျက်ဘဲ ရှင်သန်လိုက ရှင်သန်ခွင့်ကို မင်းဧကရာဇ်တို့ ပေးခဲ့ကြသည်။
          နေ့ခင်းက အိမ်မွေးကြောင်လေး၏ လက်ထဲမှာပင် ရှုံးနိမ့်လုဆဲ၊ သေအံ့မူးမူး မြွေကလေးအပေါ်တွင် ကျွန်တော် ထိုအခွင့်အရေးလေး မပေးမိခဲ့။ နေခြစ်ခြစ်တောက်ပူနေသည့် အမှိုက်ပုံထက်ရှိ အလုံပိတ်ထား
သည့် နှစ်ထပ်အိတ်အတွင်းမှ မြွေတစ်ကောင်၏ ရှင်နိုင်ခွင့်သည် ......။
          ̏ ဟား .....˝
          မွန်းကြပ်မှုဒဏ်ကို မခံနိုင်သည့်အဆုံး ခေါင်းမြီးခြုံထားသည့် စောင်ကို လှပ်လိုက်သည်။ အဆုတ်ထဲသို့ အေးမြလတ်ဆတ်သည့်လေများကို တဝကြီးရှုသွင်းလိုက်ရင်း ပိတ်ဆို့လှောင်အိုက်မှုများကို မုန်းတီးသွားသည်။ ပိတ်ဆို့လှောင်အိုက်မှုကို ဖန်တီးသူမှာလည်း ကိုယ်တိုင်ပင်ဖြစ်သည်ဆိုသော အတွေးကို တွေးမိတော့ အနည်းငယ်ပြုံးချင်လာသည်။
          လူသတ္တဝါတစ်မျိုးသာလျှင် ရယ်မောတတ်၍ ရယ်စရာကောင်းသည်မှာလည်း လူသတ္တဝါပဲဖြစ်သည် ဆိုသော လော့ဒ်ဂရေဗီလီ၏ စာသားကို အမှတ်ရလိုက်မိသည်။ လရောင်အောက်တွင် ဟောက်သံပေးကာ အိပ်ပျော်နေသည့် ဇနီးသည်ဘေးတွင် ကျွန်တော် အသံတိတ်ရယ်လိုက်မိသည်။
          ကျွန်တော်တို့အားလုံး လွတ်လပ်မှုကို မြတ်နိုးကြသည်။ အချုပ်အခြယ်ကင်းကင်းနေလိုကြသည်။ သို့သော် ထောင်ဆိုသောအရာကို တည်ဆောက်ခဲ့ကြသူများမှာ လူများသာလျှင်ဖြစ်သည်။
          ပြည်သူပြည်သားတွေ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖို့၊ စားဝတ်နေရေး ပြေလည်ဖို့အတွက် ရင်းနှီးမြှပ်နှံပြီး စက်ရုံ၊ အလုပ်ရုံတွေ လာဆောက်တာပါဆိုသော အသံတို့ တစ်ချိန်က ကျယ်လောင်ခဲ့ ဖူးသည်။ စားဝတ်နေရေး မပြေလည်၍ နည်းပါးလွန်းသည့် အခြေခံလစာကို တိုးတောင်းသည့်အခါ ပြာပြာသလဲ ငြင်းဆန်ကြသူများမှာ တစ်ချိန်က အသံကောင်းဟစ်ခဲ့ကြသည့် အာကျယ်တို့ပင်ဖြစ်သည်။
          ငြိမ်းချမ်းရေးဆွေးနွေးရန် အလှူငွေတွေ အများကြီးပေးသည့် စက်မှုနိုင်ငံကြီးများ ဓနအင်အား တောင့်တင်းစေသည့် နောက်ကွယ်မှ အဓိကထုတ်ကုန်သည့် မည်သည့်အရာများဖြစ်သနည်း။ ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်ရုပ်ကလေးများ မဟုတ်သည်ကတော့ သေချာသည်။
          လွတ်လပ်ရေးဆိုသည်က တိုက်ယူမှ ရသည်။ တိုက်ယူ၍မရသည်က ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသော စကားသံ ကျယ်လောင်နေခြင်းသည် မငြိမ်းချမ်းသေး၍ ဖြစ်သည်။ ငြိမ်းချမ်းရေး စကားသံအောက်တွင် ဖိုးခွားအဖေ မိုင်းနင်း၍ ပျောက်သွားပြီ။ ထို့အတူ ကိုသာဝလည်း စက်သေနတ် ကြောင့် စကာပေါက်သွားပြီဖြစ်သည်။ ယမ်းခိုးတွေက ဝေနေဆဲ ဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေး စကားသံကလည်း ကျယ်လောင်ဆဲပင် ဖြစ်သည်။ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းနည်းဖြင့် ̏ ငြိမ်းချမ်းရေး˝ ဆိုသောအရာကို မချဉ်းကပ်နိုင်သည်မှာ သေချာသည်။
          ကျူးလွန်သူထက် အပြစ်ကို မုန်းပါဟု ဆရာကြီးတစ်ယောက်က ဆုံးမဖူးသည်။ ယခုအချိန်တွင် လူအတော်များများက အပြစ်ထက် ကျူးလွန်သူကို ပိုမုန်းတီးနေကြသည်။ ကျူးကျော်စော်ကားသူ ဖြစ်နေသည့်တိုင် သင့်တော်သည့်၊ တူညီသည့် တုန့်ပြန်မှုကိုသာ ပေးသင့်သည်။ ရန်သူဖြစ်နေသည့်တိုင် ရှင်သန်ခွင့်ဆိုသော အခွင့်အရေးလေးကို ပေးသင့်သည် မဟုတ်လား။ ကျွန်တော်တို့အားလုံး တစ်ခုတည်းသော အမိုးပြာပြာကြီးအောက်တွင် ရှိနေကြသူများ ဖြစ်သည်။
          ယုံကြည်ရာတစ်ခုကို ဆုပ်ကိုင်လိုက်သည့်အခါ တစ်ချို့အရာတို့ လွတ်ကျသွားသည်။ လွတ်ကျသွားသည့် တစ်ချို့အရာများတွင် လူအများမျှော်လင့်တောင့်တနေသည့် အိပ်မက်များ ကျကွဲ ပျောက်ရှသွားခဲ့မည် ဆိုပါလျှင် ………..။
…………………………………………………………..*****………………………………………………………
(၁၃.၇.၂ဝ၁၅ ည ၁၁း၄၁ မိနစ်တွင် ၄၆ပုဒ်မြောက်ပြီး)
မြဝတီ မဂ္ဂဇင်း ၂၀၂၁ ဇွန်လ
         

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း