အနုသုခုမ အစစ်သာ ဖြစ်စေချင်ပါသည်





"အနုသုခုမ အစစ်သာ ဖြစ်စေချင်ပါသည်" 
ရေးသူ= ဓမ္မ၀ီရ အရှင်တေဇနိယ (ကိုလံဘို၊သီရိလင်္ကာ)
            ယခုရေးသားမည့်ဆောင်းပါးကိုလွန်ခဲ့သော(၅)နှစ်ခန့်ကတည်းက မေတ္တာရှင်ဆရာတော်အား ရေးသားပေးပါ ရန်လျှောက်ထားခဲ့ဖူးပါတယ်၊အနုပညာရှင်နာမည်ခံတို့သည် ယခုအခါမှာ ပိုမိုကာဆိုးရွား လာသည့် အတွက် တာဝန်ရှိသည်ဟုယူဆပြီး၊အကျိုးလည်းရှိ မှန်လည်းမှန်ကန်မည်ဆိုပါက ပြော သင့် ပြောထိုက်သော စကားများကိုပြောရမည် ဟူသော မြတ်ဗုဒ္ဓ ၏ ဒေသနာတော်ကို အာရုံပြု၍ ကောင်းကျိုး လိုလား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအတွက် ဒီဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်ပါ သည်။
          အခုအချိန်တွင်အစိုးရ၏ နိုင်ငံရေးမူဝါဒ ပြောင်းလဲပွင့်လင်းလာခြင်းကြောင့် စီးပွားရေး၊ ပညာ ရေး၊ နိုင်ငံရေး၊ စသည့်အရေးပေါင်းမြောက်များစွာတို့သည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာ ကြ၏။  ထိုအထဲတွင် သိသိသာသာပြောင်းလဲလာသည်ကတော့ အနုပညာလောက” ပဲဖြစ်ပါသည်။ အယူအဆ၊အတွေးအခေါ်၊ ဖန်တီးမှုဆိုင်ရာ၊ပညာရပ်ဆိုင်ရာ အကောင်းဘက် မှပြောင်းလဲလာ သည် တော့မဟုတ်၊ “တလွဲဆံပင်ကောင်း” ဆိုသလို မကောင်းသောဘက်မှာပြောင်းလဲလာခြင်းဖြစ်၏။ လွတ်လပ်မှု နှင့် ညစ်ပတ်မှုကို ရောထွေပစ်ကာ အနုပညာ ခေါင်းစဉ်အောက်မှာ ကာမ အသားပေး မောင့်နှင့် နှမ သားနှင့်အမိ ကြည့်ရှုရန်မသင့်လျှော်သည့်  ဇာတ်လမ်းများကို ခပ်စိပ်စိပ် ရိုက်ကူး လာကြသည်။

          အနုပညာဆိုသည်မှာ ကြည့်ရှု၊နားထောင်၊ခံစားသူတို့၏ စိတ်နှလုံးကို အေးချမ်းသာယာဖွယ်၊ ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်မှသာလျှင် အနုသုခုမဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။ထိုသို့မဟုတ်ပဲ ကြည့်ရှု၊ နားထောင်၊ ခံစားသူတို့အား အမြင်မှား၊အသိမှားပြီး ကာမ၊ရာဂ စသည့် အကုသိုလ်အပူမီးများ ကူးစက်လောင်မြိုက်စေသော ဇာတ်လမ်းဇာတ်ကွက်၊တေးသီးချင်းများမှာ အနုသုခုမလုံးဝမဟုတ်ပါပေ။
          လူသားတို့သည်ပင်ကိုယ်သဘောကပင် မကောင်းသောအာရုံတွေမှာ စိတ်ပျော်မွေ့ကြပြီး တဏှာ၊ကာမ၊ကိလေသာများဖုံးလွှမ်းလျှက်ရှိသည်။ထိုသို့ဖုံးလွှမ်းမှုကြောင့် အမှန်ကိုမသိမြင်နိုင်ကြပဲ အမှားကို အမှန်လုပ်၍ နေတတ်ကြပါတယ်။ ထိုသို့  ပင်ကိုယ်ကပင်ကိလေသာတရားများဖြင့် ဖုံးအုပ်နေ သောသူတို့အား အမှားပြင်၍ အမှန်မြင်အောင် မိမိတို့၏ တတ်ကျွမ်းသည့်ပညာရပ်ဖြင့် လမ်းပြမပေးပါပဲ ပိုမိုဆိုးရွားအောင် ပြုလုပ်နေခြင်းသည် ပင်လယ်ပြင်ဝယ်ရေနှစ်တော့မည့် ဒုက္ခသည်အား ၀ါးလုံးဖြင့် ပိုမိုနစ်မြုတ်ရအောင် ထိုးချပေးခြင်းနှင့် တူလေ၏။

          မိမိဖန်တီးတင်ပြလိုက်သော သီချင်း၊ဇာတ်လမ်းစသည့်အကြောင်းအရာများမှာ မှားယွင်း နေပါက ပရိသတ်များမှာ ထိုအမှားကိုအမှန်ထင်ကာ လိုက်နာမှတ်သားကျင့်သုံးပါက ထိုဖန်တီးသူအတွက် အပြစ်အကျိုး များစွာဖြစ်သွားမှာဖြစ်ပါတယ်။ဇာတ်လမ်း၊တေးသီချင်းများသည် လူထုပရိသတ် အပေါ်တွင် လွန်စွာအကျိုး သက်ရောက် လှပါသည်။ထို့ကြောင့် မိမိတို့ဖန်တီသောအနုပညာရပ်များသည် ပရိဿတ်အတွက်အကျိုးပြုသော ဖန်တီးမှုများဖြစ်ရန်အထူးလိုအပ်လှပါတယ်။ ဘာသာရေးစသည့် ကဏ္ဍများတွင် မိမိတို့မကျွမ်းကျင်ပါက တတ်သိနားလည်သော ကျမ်းတတ်ပေတတ်အကျင့်မြတ်သည့် ဆရာတော် သံဃာတော်တို့အား မေးမြန်း လျှောက်ထား သင့်လှပါပေသည်။

          အနုပညာရှင်တို့ဘ၀မှာလည်း စား၊၀တ်၊နေ၊ကျမ္မာရေးကို မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် နေထိုင် စားသောက်နေရတာမဟုတ်ပဲ ပရိဿတ်များ၏ အားပေးမှုဖြင့်သာ ရပ်တည်နေရခြင်းဖြစ်သည်။ထို့သို့ ထမင်းရှင်ဟင်းရှင် စားဝတ်၊နေရေးကျေးဇူးရှင်တို့အား   အသိမှား၊အမြင်မှား၊အကျင့်မှားကာ လမ်းလွဲ၊ လမ်းမှားကိုရောက်စေမည့် အပြုအမူမျိုးပြုလုပ်သူတို့ဟာ ဘယ်လောက်အထိ အပြစ်ကြီး မည်ဆိုသည် ကို တွေးကြည့်ယုံမျှဖြင့်သိရှိနားလည်နိုင်ကြမည်ဖြစ်သည်။ ထိုကဲ့သို့ အနုပညာဗန်ပြပြီး ပရိဿတ်တို့ အား အထင်မှားအမြင်မှား အကျင့်မှားဖြစ်စေရန် ရေးသား၊ကပြ၊သီဆိုကြသည့် အနုပညာများ၏ အကုသိုလ် အပြစ်ကြောင့် ရောက်ရှိမည့်လာရာဂတိဘုံဋ္ဌာန နှင့်ပတ်သက်၍ တာလပုဋသုတ်၊သဠာ ရတနဝဂ္ဂသံယုတ် ပါဠိတော်တွင် မြတ်စွာဘုရားရှင်ဟောကြားထားတာရှိပါတယ်။

          အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူ၏၊ ထိုအခါ တာလပုဋမည်သော ဇာတ်ဆရာကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ ဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်ဤသို့လျှောက်၏- “မြတ်စွာဘုရား ‘ပွဲအလယ်၊ သဘင်အလယ်၌ လူအပေါင်းကိုရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီး သည်မှ နောက်၌ ပဟာသမည်သောနတ်တို့၏ ဘုံတွင်ဖြစ်ရ၏’ ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ ဆရာ  ကချေသည် သဘင်သည်တို့၏ စကားကိုကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော် မူပါသနည်း” ဟု လျှောက်၏။

       ထိုအခါ မြတ်စွာဘုရားက ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေး လင့်ဟု တားမြစ်တော်မူ၏။နှစ်ကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို ထပ်မံ လျှောက်ထားပြန်၏။ဇာတ်ဆရားကြီး မသင့်လျော်၊ ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူပြန်၏။တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ထပ်မံ၍ သုံးကြိမ်တိုင် ဤစကားကို လျှောက်လေ၏ ။
“ဇာတ်ဆရားကြီး မသင့်လျော်၊ ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်” ဟု သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ ဇာတ်ဆရာကြီး ရှေးအစကပင်သတ္တဝါတို့သည် မကင်းသော ‘ရာဂ’ ရှိကုန်၏၊ စွဲမက်မှု ‘ရာဂ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ထိုသူတို့အား ကချေသည် သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သောတရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင် ၏။ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည်မကင်းသော အမျက် ‘ဒေါသ’  ရှိကုန်၏၊ အမျက် ‘ဒေါသ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အားကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။

“ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော တွေဝေမှု ‘မောဟ’ ရှိကုန်၏၊ တွေဝေမှု ‘မောဟ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင် အလယ်၌ တွေဝေမှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။ ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကား ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော ငရဲသို့ ရောက်ရ၏၊
 “ပွဲအလယ် သဘင်အလယ်၌မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျ မွေ့လျော်စေသော ကချေ သည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပဟာသမည်သော နတ်တို့၏ အဖြစ်သို့ ရောက်၏” ဟု ထိုသူအား အယူဖြစ်ခဲ့မူထိုသူ၏ အယူသည် မှားသော အယူသာ ဖြစ်၏၊ ဇာတ်ဆရာကြီး မှားသော  အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအားငရဲ, တိရစ္ဆာန်ဟူသော လာရာ ‘ဂတိ’ နှစ်ပါးတို့တွင် တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟု မိန့်တော်မူ၏။

          ဤသို့ မိန့်တော်မူသော် တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။“ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးပါလင့်” ဟု သင့်ကို ငါပြော၍ မရခဲ့ပေ။ အသျှင်ဘုရား မြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည်မဟုတ်ပါ၊ အမှန်စင်စစ်သော်ကား ပွဲအလယ်၊ သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏ ဟု ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင် ကောက်ကျစ် လှည့်ပတ် ဖြားယောင်းအပ်ပါ၏။အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော် သည်အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သော ဝတ္ထုကို ဖွင့်ပြဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအားလမ်းမှန်ကို ပြောကြားသကဲ့သို့ လည်းကောင်း၊ ‘မျက်စိအမြင် ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်အမှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့ လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည်အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊

         အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကိုရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ဟု (လျှောက်၏)။ တာလပုဋ ဇာတ်ဆရာကြီးသည် မြတ်စွာဘုရား၏ အထံ၌ရှင်အဖြစ်ကို ရ၏၊ ပဉ္စင်းအဖြစ်ကို ရ၏၊ အသျှင်တာလပုဋသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ။ပ။ ရဟန္တာတို့တွင်တစ်ပါး အပါအဝင် ဖြစ်လေ၏။

          အထက်ဖော်ပြပါဇာတ်တော်ကိုသတိပြုဆင်ခြင်၊သင်္ခန်စာယူကာ အနုပညာရှင်များအနေဖြင့်  မှားယွင်းသော အကုသိုလ်ဖြစ်ပေါ်စေမည့် ဇာတ်လမ်း၊တေးသီချင်းစသည်များကို ရှောင်ကြဉ်၍ အနုသုခုမပီသစွာအကျိုးရှိမှန်ကန်သည့် အနုပညာများကိုဖန်တီးခြင်းဖြင့်သာ မိမိတို့၏ စား၊၀တ်၊နေရေး၊ ကျမ္မာရေးတာဝန်ယူသည့် ကျေးဇူးရှင်ပရိဿတ်တို့အား ကျေးဇူးတုန့်ပြန်သင့်လှပါသည်။

          အချို့အနုပညာရှင်တို့သည် ဇာတ်လမ်းအားအမွှန်းတင်ချဲ့ကားလိုစိတ်အားကြီးပြီး မိမိတို့လိုရာ တွေးကာ ကျမ်းစာလွတ်ရေးသားတင်ပြထားခြင်းကြောင့် မသိနားမလည်ကြသောသူတို့သည် ထို့အရာ တို့ကို အမှန်ထင်သွားတတ်ကြပါသည်။ မိဘတို့၏ကျေးဇူးတရားကိုဖော်ကျူးသည့် အခါ မြတ်စွာဘုရား သည်ပင်လျှင် အမေ့ကျေးဇူးနို့တစ်လုံးဖိုးပဲ ကျေသည်ဟုဆိုပြီး ကျမ်းစာမှာမပါသည့် အပိုစာသားတို့ဖြင့် အလွန်အကျွံရေးဖွဲ့ကြပါသည်။
လွန်ခဲ့သောတစ်လခန့်က အင်တာနက်စာမျက်နှာပေါ်တွင် ရန်ပုံငွေပဒေသာကပွဲတစ်ခု၏ ဘုရားရှိခိုးခန်း ကိုတွေ့၍ လေ့လာကြည့်ရှုမိပါသည်။ ထိုဘုရားရှိခိုးခန်းမှာ ဘုရားအလောင်းတော်မြတ် ဟာ ဘုရားဖြစ်တော်မူခါနီ အပရာဇိတပလ္လင်တော်ကို မာရ်နတ်မင်းက လာရောက်လုသည့်အခန်းတွင် စကြာဝဋ္ဌာတိုက်တစ်သောင်းမှ နတ်၊ဗြဟ္မာတို့လည်း မာရ်နတ်မင်း၏ရန်ကိုကြောက်သဖြင့် ထွက်ပြေး ကြသည့်အချိန်တွင် မြေစောင့်နတ်သမီးက သူ၏ဆံပင်ကိုညှစ်ချလိုက်ရာ ထိုဆံပင်မှကျသည့်ရေ ကြောင့် မာရ်နတ်နှင့် ၄င်း၏နောက်လိုက်တို့မှာ ထွက်ပြေးသွားသည်ဟုမှားယွင်းစွာ ကပြထားသည်ကိုတွေ့ရှိရ ပါတယ်။

         မြေစောင့်နတ်သမီးထက် တန်ခိုးကြီးမားကြသည့် အထက်နတ်မင်းများပင်ထွက် ပြေးနေ ရချိန်တွင်  သာမာန်မြေစောင့်နတ်သမီးလေးက မည်သို့လုပ်နိုင်ပါမည်နည်း။အမှန်စင်စစ်ကား ဘုရားအလောင်းတော် သည် ဘုရားဖြစ်တော်မူဖို့ရန်အတွက် လေးအသင်္ချေနှင့် ကပ်ကမ္ဘာ တစ်သိန်း တို့တိုင် ဖြည့်ကျင့်တော် မူခဲ့သည့် ဒါန၊သီလစသည့်ပါရမီတော်တို့အား တိုင်တည်သစ္စာပြုအဓိဋ္ဌာန် လိုက်သဖြင့် မာရ်နတ် နှင့်နောက်ပါအပေါင်းဟာ မရပ်တည်နိုင်တော့ပဲ တပ်ပျက်ထွက်ပြေး သွားရ ခြင်းပင် ဖြစ်ပါတယ်။ ဒါကိုကျနသေခြာ မလေ့လာပဲ မိမိလိုရာတွေးပြီး ရေးသားကပြကြသဖြင့် ကြည့်ရှုသည့် ပရိဿတ်မှာ ငွေကုန် လူပန်းကြရုံမက အမှားကိုအမှန်ထင်သွားကြရ၍ များစွာနစ်နာလှပါသည်။
          ဟာသလူပြက်အချို့ကလည်း အမြတ်ဆုံးသော မိမိတို့၏ ကိုးကွယ်ရာ ရတနာမြတ်သုံးပါးကို ရယ်စရာဟာသအဖြစ် ပြက်လုံးထုတ်ရဲကြသည့်အထိ တွေဝေမိုက်မဲကြသည်ကို စိတ်ညစ်ညူဖွယ် တွေ့မြင် ရလေ၏။ ဇာတ်လမ်းအချို့တွင်လည်း ဇာတ်လမ်းဇာတ်ကွက်နာစေရန်အတွက် ဘာသာတ ရားကို အရိုသေမဲ့ အဂါရ၀ဖြစ်အောင်ရိုက်ပြတတ်ကြပါတယ်။စာရေးသူ မြန်မာပြည်တွင်ရှိနေစဉ်က ရန်ကုန်မှ နယ်မြို့တစ်မြို့သို့တရားဟောကြွရာ လမ်းခရီးကားပေါ်တွင်ကြည်ရှုဖူးသည့် မစ္စတာ ဘောင်း(၂) ဆိုသည့် ဘာသာတရားလေးစားပါသည်ဆိုသော သရုပ်ဆောင်မင်းသား၊မင်းသမီး သရုပ်ဆောင်ထားသည့် ဇာတ်ကားတွင် ဇာတ်လမ်းနာစေရန် လူကြမ်းအဖြစ်သရုပ်ဆောင်ထားသည့် မင်းသားသည် အလှုလုပ်ပြီး တရားဟောနေသော ဘုန်းတော်ကြီးကျောင်းပေါ်သို့ ဖိနပ်စီးတက် ရောက်လာသည့် အခန်းကိုရိုက်ပြ ထားသည်ကို စိတ်မကောင်းဖွယ် ကြည့်မြင်လိုက်ရပါတယ်။ ဇာတ်ကွက်နာအောင်ရိုက်သည်ဆိုပါကလည်း တခြားသောနည်းဖြင့်သာ ရိုက်ပြသင့်ပါတယ်။ထိုကဲ့သို့ ဂါရ၀မဲ့ ရိုက်ပြခြင်းဟာ သရုပ်ဆောင်သူရော ပရိသတ်အတွက်ပါ အကျိုးမဲ့သာဖြစ်ပေါ်စေမှာဖြစ်ပြီး လူငယ်များအတုယူမှားသွားပါက အမျိုးဘာသာ၊ သာသနာအတွက် ရင်လေးစရာပင်ဖြစ်ပါသည်။

          ချစ်ခန်း၊ကြိုက်ခန်းများကိုလည်း ကိလေသာကင်းသည့် ဘုရားရင်ပြင်တော်တွင် ဘုရားဖူးသည့် အခန်ကိုပင်အကြည်ဆိုက် တဏှာပွကာ ဘုရားရင်ပြင်နှင့်မလျောက်ပတ်သည့် အပြုအမူသရုပ်ဆောင် မှုများရိုက်ပြခြင်းကိုလည်း သတိထားဆင်ခြင်သင့်ပါတယ် ။ထိုသို့ဇာတ်ဝင်ခန်းများကြောင့် ဘုရားများ ပေါ်တွင် ချစ်သူရည်းစားအတွဲများ များပြားနေသည်လားတော့ မပြောတတ်ပေ။ဘုရားပေါ် တွင်ရိုက် မည်ဆိုက ဘုရားကို သဒ္ဓါပွားကြည်နူးဖွယ် ဖူးမြော်သော စိတ်ချမ်မြေ့ဖွယ် ရာများသာ ရိုက်သင့် ပေသည်။

 ကာမအသားပေးရိုက်ရခြင်းကို ဒီမိုကရေစီအကြောင်းပြမည်ဆိုကလည်း လက်ခံဖို့ရန် ခက်ခဲ ပေလိပ်မည်။အဘယ့်ကြောင့်ဆိုသော ဒီမိုကရေဆိုသော လွတ်လတ်ခွင့်သည် ညစ်ပတ်ခြင်း မဟုတ် သောကြောင့်ဖြစ်၏။အခြားသောပြည်ပနိုင်ငံတွေလဲ ဒီလိုပဲရိုက်နေတာပဲဟု ရမည်ရှာ လက်ညိုးထိုးပြ မည်ဆိုကလည်း မှားသောအယူအဆပင်ဖြစ်ပေလိပ်မည်။ကမ္ဘာ့မည်သည့်နိုင်ငံတိုင်း မဆိုကိုယ်ပိုင် ယဉ်ကျေးမှုဆိုတာရှိကြပါတယ်။ သူတို့နိုင်ငံတွေမှာ သူတို့ယဉ်ကျေးမှုအရရိုက်ကြတာဖြစ်သလို၊ မိမိတို့လည်း ကိုယ့်ယဉ်ကျေးမှုကို စောင့်ထိန်းပြီးရိုက်ပြသင့်၏။ နိုင်ငံတစ်နိုင်ငံမှာ ယဉ်ကျေးမှု ပျောက်ကွယ်လျှင် ကျန်သောအရာအားလုံး ပျောက်ကွယ်တတ်ကြသည်ကိုသတိမူသင့်ပေသည်။

          အခုကြားသိရသောသတင်းအရ ရုပ်ရှင်ဘက်မှတာဝန်ရှိသူများသည်သက်တမ်းလိုက်ခွဲခြားကာ ဇာတ်လမ်းများရိုက်ကူးပြသရန် ကြိုးပမ်းနေကြောင်းသိရပါသည်။ထိုအရေးကိုကြိုးပမ်းနေကြသည့် ဦးဆောင်သူ ဒကာများအနေဖြင့် အသိတရားရှေ့သွားပြုကာ စဉ်းစားဆင်ခြင်သင့်ပါတယ်။ လူရဲ့သ ဘောက အလုပ်ရဆိုသောအရာကို လုပ်ချင်တယ်။မကြည့်ရဆိုသောာအရာကို ကြည့်ချင်သည်မှာ သဘာဝမို့ ထိုအရေးကိုမည့်သို့ထိမ်းချုပ်မည်နည်း။ ရုပ်ရှင်၊ဗီဒီယိုဆိုသည်မှာ အလုပ်အားသည့်အခါ မိသားစုစုံစုံညီညီဖြင့် အပန်းဖြေသဘော ကြည့်ရှုကြသည်ဖြစ်၍ သားနှင့်အမိ၊မောင်နှင့်အမအတူတကွမကြည့်ရှုသင့်သော ဇာတ်လမ်းများကိုရိုက်ကူးရန်မသင့်လျှော်ပါချေ။  မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုကို တိုးတက်အောင် မလုပ်နိုင်သည့်တိုင် ဖျက်ဆီးမည့် အမူအကျင့်မျိုးကိုတော့ အထူးသတိထားရှောင်ကြဉ် သင့်ပါသည်။ ယဉ်ကျေးမှုဆိုတာ မိမိတို့နိုင်ငံအလိုက်သီးခြားရှိနေတာမို့ တခြားသောနိုင်ငံများနှင့် ယဉ်ကျေးမှု ကို နှိုင်းယှဉ်လို့တော့ မဖြစ်နိုင်ပေ။

  ရုပ်ရှင်၏သြဇာသက်ရောက်မှုသည် ပရိဿတ်အပေါ်တွင်များစွာကြီးမားလှပါတယ်။ ကိုရီးယားရုပ်သံ ဇာတ်လမ်းများ မြန်မာပြည်တွင် လူကြိုက်များလာသောအခါ ထိုကိုရီးယား၏ အ၀တ်အစားဝတ်ပုံ၊ အစားအစာ၊ယဉ်ကျေးမှုများမှာ ကြောက်ခမန်းလိလိလွှမ်းမိုးလာသည်ကို တွေ့ရှိရ၏။ထင်ရှားသော အနုပညာရှင်များ၏ အပြုအမူ အ၀တ်အစားစသည့်များကို ပြည်သူအများက လိုက်လံတုပအတုခိုးတတ်ကြသည်မို့ မိမိတို့၏ စား၊၀တ်နေ၊ရေး၊ကျမ္မာရေး (တနည်း)ပစ္စည်းလေးပါကို ထောက်ပံ့နေသည့် အများပြည်သူပရိဿတ်များအတွက် အသိမှား၊အမြင်မှား၊အကျင့်မှားကာ ကိုယ်၊စိတ်နှစ်ပါးအတွင်းအပြင် အကုသိုလ်ဒုစရိုက်ဖြစ်နေမည့်  ဇာတ်လမ်းဇာတ်ကွက်၊ အရေး အသားတို့ကို ရှောင်ကြည်ကာဖြင့် ပစ္စုပ္ပန်၊တမလွန်အကျိုးဖြစ်ထွန်းစေမည့် အနုသုခမစစ်စစ် များဖြင့် ပြည်သူအားအလုပ်အကျွေးပြုကျေးဇူးဆပ်နိုင်ကြပါစေ။

ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း