စာဖတ်ခြင်းမှသည် …




စာဖတ်ခြင်းမှသည် …

          ကျွန်တော်က ရုပ်ရှင်၊ ဗီဒီယို ကြည့်ရခြင်းထက် သီချင်းနားထောင်ရခြင်းကို နှစ်သက်သည်။ သီချင်းနားထောင်ရသည်ထက် စာဖတ်ရသည်ကို ပို၍ ဝါသနာပါသည်။ ငိုယိုအော်ဟစ်ကာ အပူခန်းများနှင့် ပရိတ်သတ်မျက်ရည်ချူသည့် ရုပ်ရှင်များထက် ဟီးဟီးဟားဟား ရယ်မောရသည့် ရုပ်ရှင်များကို ကြိုက်သည်။
ယခုနောက်ပိုင်း ဟာသတို့ထပ်လာသည့်အခါ ဒုန်းဒုန်းဒိုင်းဒိုင်းနှင့် အက်ရှင်ကားများကို ကြိုက်လာသည်။ (Vin Diesel) ၏ (Fast & Furious) စီးရီးများ၊ (Tom Cruise) ၏ (Mission) စီးရီးများ၊ (Liam Neeson) ၏ (Taken) စီးရီးများနှင့် (James Bond) စီးရီးများကို ကြိုက်သည်။ (Wentworth Miller) ခေါင်းဆောင် ပါဝင်သရုပ်ဆောင်သည့် (Prison Break) ကိုလည်း ကြိုက်သည်။ (Mr. Bean) ၏ ဟာသစီးရီးများကိုလည်း ကြိုက်သည်။ သိပ္ပံကားများကိုမူ လုံးဝမကြိုက်ခဲ့ချေ။

ကျွန်တော့်တွင် ချွင်းချက်လည်း များစွာရှိသည်။ (Arnold Schwarze) ၏ (Terminator) သိပ္ပံဇာတ်လမ်းများကို ကြိုက်ခြင်းကမူ ချွင်းချက်ဖြစ်သည်။ (Tom & Jerry) ဇာတ်လမ်းတွဲကို ခုချိန်ထိတိုင် ကြည့်နေခြင်းကလည်း ချွင်းချက်ဖြစ်သည်။ ဖြူစုတ်စုတ်နှင့် ယောက်ျား၊ မိန်းမ ခွဲမရနိုင်သည့် (Korea Actor) များကို မနှစ်သက်ခြင်းကလည်း ချွင်းချက်ဖြစ်သည်။ ထိုသို့ မနှစ်သက်သည့်အထဲမှ (Iris) ကိုရီးယားဇာတ်လမ်းတွဲ ကို နှစ်သက်ခြင်းကလည်း ချွင်းချက်ဖြစ်သည်။ ကျားကျားယားယားနှင့် မင်းသားတပ်ပေါင်းစုကြီးပါသော (The Expendables) အက်ရှင်ဇာတ်လမ်းတွဲကို မနှစ်သက်ခြင်းကလည်း ချွင်းချက်သာ ဖြစ်သည်။
ကျွန်တော့်အတွက် ချွင်းချက်နည်းပါးသည်မှာ သီချင်းနားထောင်သည့် ကိစ္စတွင်ဖြစ်သည်။ (Title) အမျိုးမျိုး၊ (Brand) အမျိုးမျိုးနှင့် သီးချင်းမျိုးစုံကို ကာလာအစုံနှစ်သက်သည်။ ကျွန်တော် မခံစားတတ် သည်က (Performance) တွင် ဖြစ်သည်။ တစ်ချိန်က (Break Dance) ကို နှစ်သက်စွဲမက်ခဲ့ဖူးသော်လည်း ယနေ့ခေတ်စားနေသည့် (Under Ground) အက ကိုမူ လုံးဝခံစားမရသူဖြစ်သည်။ ထိုကြောင့် သီချင်း နားထောင်လျှင် (Music) သက်သက်ကိုသာ နားထောင်ဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ (Volume) ကို မိုင်ကုန် တင်တတ်သော်လည်း အများအားဖြင့် ခပ်တိုးတိုးနားထောင်ရသည်ကို ပို၍နှစ်သက်သည်။ အားလုံးထက် ပိုနှစ်သက်သည့် (Label) မှာ (R&B) ဖြစ်သည်။ (Rhythm & Blues) သည် (Music) အားလုံးတွင် အနှစ်သက်ဆုံးသော (Style) ဖြစ်ခဲ့လေသည်။
ကျွန်တော့်အတွက် ချွင်းချက်မရှိနှစ်သက်မိသောအရာမှာ စာဖတ်ခြင်းဖြစ်သည်။ စာဖတ်ခြင်းသည် ကျွန်တော်၏ ဝါသနာဖြစ်သည်။ ဆိုလိုသည်က သူတစ်ပါးတိုက်တွန်း၍၊ လေးစားအားကျသူတွေကို အတုယူ၍ ဖတ်ခြင်းမျိုး မဟုတ်ဘဲ ကျွန်တော်ကိုယ်က ဖတ်ချင်၍ ဖတ်ခြင်းမျိုးဖြစ်သည်။ ဖတ်၍ နားမလည်နိုင်၊ ခံစားမရနိုင်သေးသော်လည်း တစ်ချိန်တွင် နားလည်နိုင်လိမ့်မည်၊ သို့မဟုတ် နောင်တစ်ချိန် ပြန်ဖတ်လျှင် နားလည်လာလိမ့်မည်ဟူသော အတွေးမျိုးနှင့် ဖတ်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော်က စာဖတ်မြန်သူ ဖြစ်သည်။ ကာတွန်းစာအုပ်တစ်အုပ်ကို ခဏနှင့် ဖတ်ပြီးသွားသည်က များသည်။ ငယ်စဉ်ကျောင်းသားဘဝတွင် မုန့်ဖိုးနေ့တိုင်းရသူ မဟုတ်သောကြောင့် မုန့်ဖိုးရသည့်အခါတွင် စာအုပ်ငှားဖတ်ဖြစ်သည်က များလေသည်။ ကျောင်းဆရာတစ်ဦး၏ သားဖြစ်သောကြောင့် ရွှေသွေးနှင့် တေဇကို အပတ်စဉ် ၊ လစဉ် ဖတ်ခွင့်ရခဲ့သည်။ ကာတွန်းသော်က(အရိုင်း)၊ ဦးကပ်စီး၊ ကိုပူစီနှင့် တခြားကာတွန်း စာအုပ်များကိုမူ မုန့်ဖိုးနှင့် ဖတ်ခဲ့ရခြင်းဖြစ်သည်။ နန်းဦး၊ စံရွှေမြင့် စသောကာတွန်းများကိုမူ ဝမ်းကွဲအစ်မများထံမှ ကပ်ဖတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။  အဂ္ဂရာဇာ၊ ဧကရာဇ်၊ ဘိုဘို၊ တွတ်ပီ စသောစာအုပ် များကို အတန်းအနည်းငယ်ရမှ ဖတ်ခွင့်ရခဲ့သည်။
ကာတွန်းမဟုတ်သည့် စာကို စတင်ဖတ်ရှုမိခြင်းမှာ နက္ခတ္တမဂ္ဂဇင်းတွင် ဖြစ်သည်။ ဆရာကြီး လင်းရောင်တင်ရေးသည့် အခန်းဆက်ဝတ္ထု နက္ခတ္တစန္ဒီဆိုသော ဝတ္ထုဖြစ်သည်။ နောင်တစ်ချိန်တွင် ကျွန်တော်သိလာရသည်မှာ ဆရာကြီး၏ ပထမဆုံးသော အခန်းဆက်ဝတ္ထုဖြစ်ကြောင်းပင် ဖြစ်သည်။ ဆရာကြီး၏ စာကိုဖတ်ပြီးချိန်သည် ကာတွန်းတစ်အုပ် ဖတ်ပြီးချိန်နှင့် ညီမျှသည်။ ကျွန်တော့်လက်ထဲတွင် ကိုင်ထားသည့် မဂ္ဂဇင်းစာအုပ်ထဲတွင် ဖတ်စရာအကြောင်းအရာများစွာ ကျန်နေသေးသည်။ ကျွန်တော် မဂ္ဂဇင်းဆိုသောအရာကို သဘောကျသွားသည်။ ကျွန်တော့် ဘကြီးကလည်း ထိုမဂ္ဂဇင်းကို လစဉ် ဖတ်သူဖြစ်သောကြောင့် ဆရာလင်းရောင်တင်၏ အခန်းဆက်ဝတ္ထုကို လစဉ်စောင့်ဖတ်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ မနုစာရီဝတ္ထုကိုလည်း ထိုအချိန်ဝန်းကျင်ကပင် ဖတ်ဖူးခဲ့သည်။ မည်သည့်မဂ္ဂဇင်းဟု အတိအကျ မမှတ်မိသော်လည်း အခန်းဆက်စောင့်ဖတ်ရသည်ကိုတော့ မှတ်မိခဲ့သည်။
တတိယတန်းနွေကျောင်းပိတ်ရက်တွင် ပြင်ဦးလွင်ရှိ အနီးစခန်းခြံ၊ မမနန်းဖြူဖြူမိုးမြင့်မောင်တို့ အိမ်တွင် တရုတ်တော်လှန်ရေးအကြောင်းရေးထားသည့် ဝတ္ထုလား၊ အတ္ထုပ္ပတိလား မမှတ်မိတော့သည့် ဝါကြန့်ကြန့်စာအုပ်ထူကြီး ဖတ်ခဲ့ရခြင်းကို မှတ်မိသည်။ စတုတ္ထတန်းတွင် အားလပ်ချိန်၌ သူငယ်ချင်း တစ်ယောက်ပြောပြသည့် ဗန်းမော်ဆရာတော်အကြောင်းကို ကျန်သူငယ်ချင်းများနှင့် ဝိုင်းနားထောင်ခဲ့ဖူး သည်။ စိတ်ဝင်စားစရာ၊ ရယ်စရာလည်းကောင်း၍ အားလပ်ချိန်တွင် သူငယ်ချင်းတစ်ချို့နှင့် မကစားဖြစ်ဘဲ ဝိုင်းဖွဲ့နားထောင်ဖြစ်သည့် ဗန်းမော်ဆရာတော်၏ အတ္ထုပတ္တိစာအုပ်ထူကြီးကို နွေကျောင်းပိတ်ရက်တွင် ဖေဖေ့၏ကျေးဇူးဖြင့် ဖတ်ခွင့်ရခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်ပင် မသိလိုက်ဘဲနှင့် စာဖတ်ဝါသနာ စွဲနေပြီဖြစ်သည်။
ပဉ္စမတန်းတွင် မုန့်ဖိုးလည်း ရလာသဖြင့် နှစ်သက်ရာကာတွန်းစာအုပ်လေးများကို ရွေးချယ်ငှားရမ်း လာနိုင်သည်။ သူငယ်ချင်း အချင်းချင်းလည်း လှယ်ဖတ်ခွင့်ရလာသည်။ ဆဌမတန်းနှစ်သည် ကျွန်တော်၏ ကံဇာတာတို့ အပွင့်လန်းဆုံးအချိန်ဖြစ်ခဲ့သည်။ မြို့ထဲကျောင်းသို့ သွားရာတွင် ခြေလျင်မသွားရတော့။ မစ်ကီဘီးနှင့်တူသော ဆိတ်ငါးကောင် စက်ဘီးလေးကို ဝယ်ပေးသောကြောင့်ဖြစ်သည်။ ထိုသို့ဝယ်ပေး နိုင်ရန်အတွက်ဖေဖေက သူဝါသနာပါရာ ကျောင်းဆရာအဖြစ်မှ ဆေးခွင့်ဖြင့် ရပ်နားခွင့်တင်လိုက်ရသည်။ ထို့နောက် မိုးကုတ်ဘက်သို့ထွက်သွားသည်။ ထိုနှစ်ကို ကျွန်တော် အတိအကျမှတ်မိနေသည်။ (၁၉၉၃) ဖြစ်သည်။
ထိုနှစ်တွင် ကျောင်းသို့ ခြေလျင်မသွားရတော့။ အများနည်းတူ စက်ဘီးလေးနှင့်ဖြစ်သည်။ သူငယ်ချင်းတွေ၏စက်ဘီးထက် ကျွန်တော့်ဘီးကလေးကလှ၍ ပျော်သည်။ ထို့ထက်ပို၍ပျော်သည်မှာ ဖေဖေက စာအုပ်ဆိုင်ဖွင့်ပေးသောကြောင့်ဖြစ်သည်။ စာဖတ်ဖို့အတွက် ကျွန်တော်မုန့်ဖိုးစုစရာ မလိုတော့။ သို့သော် ကျွန်တော် ဆက်စုဖြစ်သည်။ ပုံပြင်စာအုပ်များ၊ စကားတောင်စား စသော စာအုပ်များကို ဝယ်ဖို့အတွက် ဖြစ်သည်။ ထိုစာအုပ်များကို ကျွန်တော့်မုန့်ဖိုးဖြင့်ဝယ်သည်။ ဖေဖေ့ကို စာအုပ်ချုပ်ခိုင်း၍ စာအုပ်အငှားစင်တွင် ခပ်တည်တည်တင်ထားသည်။ ထိုစာအုပ်ငှားရလျှင် အငှားခကို ကျွန်တော်ယူသည်။
စာအုပ်ဆိုင်ရှိ စာအုပ်တိုင်းသည် ကျွန်တော်ဖတ်ပြီးသမျှချည်း ဖြစ်လာသည်။ ဝတ္ထုဘက်သို့ လှည့်သည်။ မီကိုဇူးဇင်၊ နိုကိုဇူးဇင်မှ စကာ မင်းသိင်္ခအဆုံး အားလုံးဖတ်သည်။ မီကိုဇူးဇင်ဆိုလျှင် အချစ်၊ နိုကိုဇူးဇင်ဆိုလျှင် လျို့ဝှက်ဇာတ်လမ်းလေးများဖြစ်သည်။ နောင်တွင် တကယ်မရှိသော စာရေးဆရာမများ ဖြစ်ကြောင်း သိလာရသည်။  ဆရာမကြီး ကလျာ(ဝိဇ္ဇာ/သိပ္ပံ) စာအုပ်များတွင်လည်း လျို့ဝှက်ဇာတ်လမ်း လေးများပါသည်။ ဆရာမလွန်းထားထား(ဆေးတက္ကသိုလ်)၏ အရိပ်ရဲ့အရိပ်ကိုဖတ်ပြီး ခံပြင်းခဲ့ဖူးသည်။ ဆရာမဂျူး၏ ကံကြမ္မာကို မယုံကြသူများဖတ်ပြီး တစ်စုံတစ်ခု ခံစားခဲ့ရဖူးသည်။ ထိုကာလတွင် ကျွန်တော်၏ (Favourite) စာရေးဆရာမှာ ဆရာကြီး မင်းသိင်္ခဖြစ်သည်။ ဆရာကြီးစာအုပ်ထဲမှ မနုစာရီ အခန်းဆက်ကို ပထမဆုံးဖတ်ဖူးခဲ့ခြင်း ဖြစ်သော်လည်း မဟာမြိုင်ခရီးသည်မှစကာ စွဲမက်ခဲ့ခြင်းဖြစ်သည်။ ဆားပုလင်း နှင်းမောင်မှ ဆားပုလင်းနှင်းမောင်ဖြစ်လာသည်။ သိုးထိန်းလို ဘတ်ခွပစ် လက်တည့်ချင်သည်။ ရဲရင့်လို သည်။ ကိုယ့်အပေါ် ကျူးကျော်စော်ကားသွားသူများကို လက်စားချေလိုလာသည်။  
သတ္တမတန်းတွင် မြန်မာပြည်မြေပုံဆွဲရခြင်းမှလွဲ၍ ကာတွန်းစာအုပ်ထဲမှ ပုံများဆွဲရခြင်းကို နှစ်သက် လာသည်။ သို့သော် စာတွေကိုတော့ ဖတ်ဖြစ်သည်။ အဌမတန်းတွင် အခန်းထဲရှိ အသက်ကြီး ကျောင်းသားများနှင့်တွဲပြီး ကဗျာရေးကျင့်သည်။ သို့သော် စာတွေကိုတော့ ဖတ်နေဆဲဖြစ်သည်။ ထိုနောက် မှာတော့ မောင်သာပြည့်၏ သူ့ရည်းစားလည်း ဟုတ်ပဲနဲ့၊ တက္ကသိုလ်တင်မြင့်၏ သူလိုလို၊ ကိုယ်လိုလို စသော စာများကို ဖတ်လာသည်။ ဆယ်တန်းဖြေပြီးနောက် မမနန်းဖြူဖြုတို့ အိမ်ကိုအလည်လာသည်။ သူမက ထိုအချိန်တွင် ညိုပြာဝိုင်ဆိုသော ကလောင်အမည်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ကျွန်တော်တို့က ချစ်စနိုးဖြင့် နောင့်ရင်း(ညီမလေး) ဟုခေါ်သော ညီမငယ်တစ်ယောက်လည်း ပါလာသည်။ သူမက …
“ ခု…ကိုဖြိုး ဘာတွေဖတ်နေလဲ …”
ကျွန်တော်ဖတ်နေသည့် စုံထောက်ဝတ္ထုတစ်ချို့အကြောင်းပြောလိုက်သည့်အခါ …
“ကိုဖြိုးက ဦးနှောက်ကို လေးတန်းအဆင့်မှာ ရပ်ထားတာကိုး …”
ဟု သူမက မှတ်ချက်ပေးသည်။
ဆယ်တန်းကျောင်းပြီးသွားပြီဖြစ်၍ စာဖတ်သည့်နယ်ပယ်က ပို၍ ကျယ်ပြန့်လာသည်။ မြသန်းတင့် ၏ လူလေးသို့ပေးစာများကို ညီငယ်တစ်ယောက်၏ ဝေမျှမှုဖြင့် ဖတ်ရသည်။ ထို့နောက် လေရူးသုန်သုန်ကို ဖတ်ခွင့်ရသည်။ စာတစ်အုပ်ကိုဖတ်လျှင် ကျွန်တော်က (Cover to cover) ဖတ်သူဖြစ်သည်။ ထိုကြောင့် ဘာသာပြန်စာအုပ်များနှင့် အထိအတွေ့ မရှိသလောက်နည်းခဲ့သောကျွန်တော်သည် လေရူးသုန်သုန်ကို အံခဲကာ ဖတ်ခဲ့ရသည်။ ထိုစာအုပ်သည် ကျွန်တော် ပထမဆုံးဖတ်ခဲ့ရသည့် (Classic) စာအုပ် လည်းဖြစ်သည်။
ကျွန်တော့်အပေါင်းအသင်းများအားလုံးသည် စာသမားများ မဟုတ်ကြသော်လည်း စာဖတ်ဝါသနာ ပါသည့် သူငယ်ချင်းတချို့ကြောင့် စာအုပ်ကောင်းတော်တော်များများကို ဖတ်ခွင့်ရခြင်းကမူ ကံကောင်းခြင်း တစ်ရပ်ဖြစ်သည်။ ဆရာကြီးသော်တာဆွေ၏ ဘရန်ဒီတစ်လုံးမှစကာ စာအုပ်တော်တော်များများကို ဖတ်ဖြစ်သည်။ ထို့နောက် ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှားတို့၏ စာအုပ်များကိုလည်း စီးရီးလိုက် ဖတ်ဖြစ်သည်။ ဆရာနီကိုရဲ၏ မကြည်ပြာ၊ ဆရာအကြည်တော်၏ ဘီလူး စသည်ဖြင့် စာရေးဆရာ တော်တော်များများ၏လက်ရာစုံကို ဖတ်ဖြစ်လာသည်။
စာဖတ်များလာသည်နှင့် အခက်အခဲတချို့ရှိလာသည်။ နှစ်သက်သဘောကျသည့် အကြောင်းအရာ တချို့၊ အချက်အလက်တချို့ကို မှတ်မိနေသော်လည်း အတိအကျမမှတ်မိတော့။ နုတ်ထုတ်မထားဖြစ်၍ စာအုပ်ဆိုင်သို့ ပြေးရတော့သည်။ အခက်အခဲက ဤတွင်မှ စသည်။ ဖတ်လိုသည့်စာအုပ်သည် တခြားသူ တစ်ဦးဦးက ငှားသွားခြင်းမျိုး ကြုံရသည်။ တစ်ခါတစ်ရံ အရင်းကျေ၍ ပြန်ရောင်းလိုက်ခြင်းမျိုးလည်း ကြုံရသည်။ (Classic) စာအုပ်ဆိုသည်ကလည်း စာအုပ်ဆိုင်မှငှားခြင်းထက် အပိုင်ဝယ်ကာ အေးအေးဆေးဆေးဖတ်မှ အရာသာတွေ့သည့် စာအုပ်မျိုးမဟုတ်လား။ ထို့ကြောင့် စာအုပ်စင်လေးတစ်ခု ကျွန်တော့်အတွက် မရှိမဖြစ်လိုအပ်လာသည်။ အိမ်မှာဖွင့်ထားသည့် စာအုပ်ဆိုင်သည်လည်း လူရှုပ်ခြင်းနှင့် အခြားသောအကြောင်းများကြောင့် (၃)နှစ်ခန့်ဖွင့်ပြီးသည့်နောက် ပိတ်ပစ်လိုက်ရသည်။ နှစ်သက်မိသည့် စာအုပ်များကို သိမ်းထားဖြစ်ခဲ့သော်လည်း ရပ်ကွက်တွင်း စာကြည့်တိုက်ဖွင့်စဉ်က အကုန်လှူပစ်လိုက်ပြီး ဖြစ်သည်။ ကိုယ်ပိုင်စာအုပ်စင်လေးဖြစ်လာစေရန်အတွက် စာအုပ်တို့လိုအပ်လာသည်။
ပထမဆုံး ကျွန်တော်ဝယ်စုဖြစ်သည့် စာအုပ်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ဆိုသော စာအုပ်ဖြစ်သည်။ ထို့နောက်မှာတော့ လစဉ်ပင် တစ်အုပ်ခြင်း၊ နှစ်အုပ်ခြင်း ဝယ်စုဖြစ်ခဲ့သည်။ ယခုအချိန်တွင် စာအုပ်အနည်းအကျဉ်းနှင့် သင့်တင့်သော စာအုပ်စင်လေးတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ဟိုစဉ်တုန်းက စာအုပ်အငှားဆိုင်ရှိ စာအုပ်များအားလုံးကို ဖတ်ခဲ့ဖူးသော ကျွန်တော် သည် ယခုအချိန်တွင် ဖတ်စရာစာအုပ်ကြွေးတို့ တင်လျက်ရှိပါသည်။ စာအုပ်ဆိုင်သို့ရောက်သည်နှင့် အိမ်တွင်ဖတ်စရာတို့ပုံနေသော်လည်း နောက်တစ်ကြိမ်ဝယ်မရမှာ စိုးရိမ်စိတ်ဖြင့် စာအုပ်တစ်အုပ်ကိုတော့ ဆွဲခဲ့မိမြဲဖြစ်သည်။ ထို့ပြင် သူငယ်ချင်းတစ်ယောက်၏ဖခင် စာရေးဆရာကြီးထံမှ ၎င်းပိုင်စာအုပ်များကို စိတ်ကြိုက်ဝင်မွှေခွင့်ဆိုသော အခွင့်အရေးတစ်ခုကိုလည်း ကျွန်တော့်ကိုပေး ထားသည်။ မိတ်ဆွေ စာရေးဆရာလင်မယား၏ ကိုယ်ပိုင်စာအုပ်စင်မှ စာအုပ်များကိုလည်း ကျွန်တော်က မျက်စပစ်ထားသည်။ တက္ကသိုလ်စာကြည့်တိုက်မှူးအဖြစ်တာဝန်ယူနေရသည့် ထိုစာရေးဆရာနှင့် မိတ်ဆွေဖြစ်ရသည်မှာ ဗဟုသုတသိုက်ကြီးကို ဖွင့်နိုင်သည့် သော့တစ်ချောင်းကို ပိုင်ဆိုင်ထားသည့်နှယ် ခံစားရသည်။
ကျွန်တော့် စာအုပ်စင်မှ ဗဟုသုတတို့ကိုလည်း မျှဝေလိုပါသည်။ ဝယ်ပြီးသမျှ စာအုပ်များကို ကိုယ်တိုင်ချုပ်ပါသည်။ ကတ္ထူဖုံးစာအုပ်ဖုံးဖြစ်နေစေကာမူ ကျွန်တော်က ပလတ်စတစ်ဖြင့် ပြန်ဖုံးသည်။ ရောက်သည့်နေရာကို မှတ်သားရန်အတွက် ငွေရောင်ကြိုးလေးကို စာအုပ်အနှောင့်တွင် ကပ်ထားပေးပါ သည်။ ပစ္စည်းသင်္ခါရဆိုသည်ကို သိထားသော်လည်း စာအုပ်လေးကို သက်တမ်းရှည်ရှည် သုံးရစေလို သောကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်က ကျွန်တော် မတွန့်တိုပါ။ သို့သော် နှမျောတတ်ပါသည်။ ကျွန်တော့်စာအုပ်များကို မှန်ဘီရိုထဲတွင် သိမ်းမထားလိုဘဲ သူငယ်ချင်းများ၏ လက်ထဲတွင်သာ ရှိစေလို ပါသည်။ 
ကျွန်တော့်တွင် လူနိုင် များစွာရှိပါသည်။ တချို့စာအုပ်တို့က ပြန်ဝယ်ဖို့ရန် လွယ်ကူသည်။ တချို့စာအုပ်တို့က ပြန်ထုတ်ခဲသည့် စာအုပ်များဖြစ်သည်။
“ ဟေ့ကောင် စာအုပ်ကတော့ သဘောကျလို့ သိမ်းလိုက်ပြီဟေ့၊ မင်းလိုချင် ငါ့ဆီက တစ်အုပ်အုပ် လာမ-လှည့် …”
ထိုသို့ ချဲလင့် လုပ်ခံရသည်ကလည်း မကြာခဏ။
“ ငါ့ ကျောင်းသားတစ်ယောက် ငှားသွားလို့ကွ၊ မင်းစာအုပ် ပြန်တောင်းပေးမယ် စိတ်ချ၊ ခု ကျောင်းတွေပိတ်သွားလို့ ဒီကောင် နယ်ပြန်သွားတယ် …”
ထိုသို့သောနည်းများဖြင့် မကြာခဏ ဆုံးပါးသွားသော စာအုပ်များကို ကာကွယ်ရန်အတွက် စာအုပ်စင်တွင် စာတန်းတစ်ခုကို စာစီ၍ ခပ်တည်တည် ကပ်ထားလိုက်သည်။
They all are not to be borrowed. But you can read them all here.
ထိုစာတန်းလေး ကပ်ပြီးနောက် စာအုပ်တို့ ပျောက်ရှမှု ကင်းသွားသည်။ တချို့မိတ်ဆွေများကတော့ ထိုစာတန်းလေး ဖတ်ပြီး ပြုံးသွားသည်။ စာအုပ် မပျောက်ရှတော့သည့်အတွက် ကျွန်တော် ကျေနပ်သည်။ ကျွန်တော် မကျေနပ်သည်က စာအုပ်များ မှန်ဗီရိုထဲတွင် အထိုင်ကျ ငြိမ်သက်နေခြင်းကို ဖြစ်သည်။ ကျွန်တော် ကပ်လိုက်သည့် စာတန်းလေးတစ်ခုကြောင့် စာအုပ်တို့ အကျဉ်းကျသွားခြင်း ဖြစ်မည်ဟု မကြာခဏ တွေးမိသည်။ ယခုအချိန်တွင် ထိုစာတန်းလေးကို ခွာသင့်၊ မခွာသင့် ဒွိဟ ဖြစ်နေမိသည်။
တစ်နေ့က သူစိမ်းဆန်သည့် ထိုစာတန်းလေးကို ခွာပစ်တော့မည်ဟု ဆုံးဖြတ်ကာ စာကြည့်ခန်းထဲ သို့ ဝင်သွားမိသည်။ မှန်ဘီရိုထဲရှိ စီစီရီရီနှင့် သပ်သပ်ရပ်ရပ်ရှိနေကြသည့် စာအုပ်များက သူ့ကိုဖတ်ပါ၊ ငါ့ကိုဖတ်ပါဟု ကျွန်တော့်ကို အလုအယက်ပင် ဆွဲဆောင်သည်။ သူတို့တတွေ ယခုကဲ့သို့ သပ်ရပ် သန့်ရှင်းစွာနေနိုင်သည်မှာ ကပ်ထားသည့် စာတန်းလေးကြောင့် ဖြစ်သည်။ ကျွန်တော် စာအုပ်တစ်အုပ်ဆွဲ ကာ ထွက်လာခဲ့လိုက်သည်။
အကောင်းဆုံးမဟုတ်သော်လည်း သင့်တော်တဲ့ ဖြေရှင်းနည်းတစ်ခုခုတော့ ရှိမှာပါ ဆိုသော အတွေးနှင့် ဖုန်းနံပါတ်တချို့ကို နှိပ်လိုက်သည်။
“ ဟုတ်ကဲ့ ဆရာမ၊ အလုပ်နားတဲ့ တစ်ရက်ရက် အိမ်ကို အလည်လာဦးလေ။ ဆရာမ ဖတ်ချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း အေးဆေးယူဖတ်ပါ။ ဟိုနေ့ကလို ငှားသွားပြီး လောလောကြီး ပြန်မပေးပါနဲ့။ ကပ်ထားတဲ့စာက တစိမ်းတွေအတွက်ရယ်။ အမျိုးတွေအတွက် ဟုတ်ဘူးဗျ…”
ကျွန်တော် မိုးခါးရေ ဆိုသော စာရေးဆရာမလေးဆီသို့ စိတ်လိုလက်ရ ဖုန်းဆက်မိသည်။
အသိဉာဏ်၊ ဗဟုသုတတို့ကို လှောင်ပိတ်မထားလိုပါ။ ထို့အတူ ရင်ဘတ်ခြင်းတူများကြားတွင် လည်း တစိမ်းမဆန်လိုသည်က ကျွန်တော်၏ ခံစားချက်ဖြစ်သည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော် ထိုစာတန်းလေးကို ခွာချနိုင်ပါလိမ့်မည်။ စာအုပ်စင်တွင် သာမက ကျွန်တော့်နှလုံးသားထက်မှပါ ခွာချနိုင်ပါလိမ့်မည်။ ထိုနေ့သည် ကျွန်တော့်အတ္တတွေ ပါးလျလာ သည့် နေ့လည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ့နေရာသူထားခြင်း၏ တန်ဖိုးကို လူတွေသိလာကြသည့် နေ့လည်း ဖြစ်နေနိုင်သည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း