ကျွန်တော်နှင့် ပုံပြောကောင်းသူများ
ကျွန်တော်နှင့်
ပုံပြောကောင်းသူများ
ကျွန်တော်သည် ပုံပြင်တွေကို နှစ်ခြိုက်သဘောကျသူဖြစ်သည်။ ယခုချိန်ထိတိုင်
ပုံပြင်တွေကို စွဲစွဲမက်မက် နားထောင်နေဆဲဖြစ်သည်။ ထို့ကြောင့် ပုံပြောကောင်းသူ တော်တော်များများကို
တွေ့ကြုံဖူးသူဖြစ်ခဲ့သည်။
ကျွန်တော်သည် ပုံပြောကောင်းသူတစ်ဦး မဟုတ်ခဲ့ပါ။ သို့သော် တစ်ဦးတစ်ယောက်
ပုံပြောနေပြီဆိုလျှင်တော့ ထိုသူ ပုံပြောကောင်း၊ မကောင်း သိရှိနားလည်နိုင်သည့် နှလုံးသားတစ်စုံကိုတော့
ပိုင်ဆိုင်ထားပါသည်။
ပုံပြင်နားထောင်သူ အများစုကတော့ ရည်ရွယ်ချက်အမျိုးမျိုးနှင့်
နားထောင်ကြခြင်း ဖြစ်သည်။ သင်ခန်းစာယူရန်၊ အတုယူအားကျရန်၊ ပြန်လည်ဝေမျှပေးရန် စသော
ရည်ရွယ်ချက်အမျိုးမျိုးနှင့် ဖြစ်မည်ထင်သည်။ အနိမ့်ဆုံးအားဖြင့် အပျင်းပြေစေရန်အတွက်
နားထောင်ကြခြင်း ဖြစ် သည်။ ကျွန်တော်ကတော့ ပုံပြင်တွေကို ချစ်စိတ်သက်သက်ဖြင့် နားထောင်ခဲ့ခြင်း
ဖြစ်သည်။ ကျွန်တော်က ပုံပြင်ချစ်သူ မဟုတ်လား။
ဘဝ၏ အဖြူထည်သက်သက် စာမျက်နှာများအစတွင် ပထမဆုံးသော ပုံပြောဆရာမှာ
မေမေဖြစ်သည်။ မေမေပြောပြသည့် ပုံဖြင်လေးများ သည် အားပြိုင်မှုလေးများနှင့် စိတ်ဝင်စားဖွယ်ကောင်းသည်။
အလင်းနှင့် အမှောင်၊ အဖြူနှင့် အမည်း၊ ဆိုးယုတ်သူနှင့် စိတ်ထားကောင်းသူ စသဖြင့် ပုံပြင်တွေက
အစုံပဲဖြစ်သည်။ ထူးခြားချက်မှာ အပြင်လောကမှာရှိသည့် တိရစ္ဆာန်သတ္တဝါလေးမျာက ပုံပြင်ထဲမှာ
ဇာတ်ကောင်လေးများ ဖြစ်နေကြ သည်။ တစ်ခါတစ်ရံ အပြင်လောကမှ ချစ်စရာကောင်းသည့် သတ္တဝါလေးများသည်
ပုံပြင်ထဲတွင် ဆိုးသွမ်းဗိုလ်ကျတတ်ပြီး ကြောက်စရာကောင်း သည့် သတ္တဝါကြီးများက ရယ်မောစရာကောင်းသည့်
ဇာတ်ကောင်များ ဖြစ်နေကြပြန်သည်။ ထို့ကြောင့် မနှင်းဖြူနှင့် လူပုလေးခုနစ်ယောက်ထက် ရွှေယုန်နှင့်
ရွှေကျား သက်ကယ်ရိတ်သွား ပုံပြင်ကိုကြိုက်သည်။ ကြက်ကလေး မိသားစု တောထဲထင်းခွေသွားသည့်
ပုံပြင်ကို နှစ်သက်သည်။
ပုံပြင်ထဲမှ ဇာတ်ကောင်သတ္တဝါလေးများကို ချစ်ခင်နှစ်သက်စိတ်ဖြင့်
စာရေးသည့် ကလောင်တစ်ခုအမည်ကို မိတ်ဆွေသူငယ်ချင်းများ တားမြစ်ဝေဖန်နေသည့်ကြားမှ ချစ်စရာသတ္တဝါလေးအမည်ကို
ပေးထားခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် ပုံပြင်တွေကို ချစ်ကျွမ်းဝင်နေသေးကြောင်းပြ သည့်
သင်္ကေတတစ်ခုပင် မဟုတ်လား။
မေမေ့ထက် ပုံပြောကောင်းသူမှာ ဖွားဖွားဖြစ်သည်။ ဖွားဖွားပြောသည့်
ပုံပြင်တွေက ဟိုးရှေးရှေးတုန်းက အစချီကာ အရှည်ကြီးပဲ ပြောပြ တတ်သည်။ တစ်ခါတစ်ရံ အခန်းဆက်ဖြစ်ကာ
ရက်ရှည်ပြောပြရသည့် ပုံပြင်တစ်ချို့လည်း ရှိသေးသည်။ အနေဝေးသည့် ဖွားဖွားထက် မေမေပြော
သည့် ပုံပြင်တွေကိုနားထောင်ရင်း အဖြူရောင်စာရွက်ကို ပုံပြင်တွေနှင့် ပြည့်နှက်စေခဲ့သည်။
လရောင်စိုရွှဲသည့် ကွပ်ပျစ်ပေါ်မှာလှဲရင်း၊ မန်ကျည်းပင်ရိပ်ခိုကာ သဲပြင်မွမွမှာထိုင်ရင်း
ညစဉ်တိုင်းနီးပါး နားထောင်ခဲ့ရသည့် ပုံပြင်တွေက အေးမြနေခဲ့သည်။ အများအားဖြင့် ပုံပြင်နားထောင်ခဲ့
ရသည့် အချိန်တွေက လရိပ်အောက်မှာရှိသည့် ညချမ်းများတွင်ဖြစ်သည်။
အရွယ်ရောက်လာသောအခါ ကျွန်တော်နားထောင်ရသည့် ပုံပြင်တွေက ငယ်တုန်းကလို
လရိပ်အောက် ကွပ်ပျစ်ပေါ်မှာ မဟုတ်တော့။ မန်ကျည်းပင်ရိပ်အောက် သဲပြင်မွမွပေါ်မှာ မဟုတ်တော့။
နေရာအနှံ့မှာဖြစ်သည်။ အချိန်အမျိုးမျိုးမှာ ဖြစ်သည်။ နေကျဲကျဲတောက် ပူနေသည့် လမ်းမ
ထက်မှာ သွားရင်းလာရင်း ဖြစ်ချင်ဖြစ်မည်။ အေးစိမ့်နေသည့် ရုံးခန်းထဲမှာလည်း ဖြစ်နိုင်သည်။
ဆူညံနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ လည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံ ညဥ့်နက်သန်းခေါင်
နာရီပြန်တစ်ချက်လည်း ဖြစ်နေနိုင်သည်။ မိုးသည်းသည်းရွာနေသည့် ညမျိုးမှာလည်း နားထောင်ရတတ်သည်။
ငယ်တုန်းကနှင့်မတူ
ပုံပြင်တွေက ခေါင်းစဉ်တွေ ပြောင်းသွားကြသည်။ အကြောင်းအရာတွေ ပြောင်းသွားသည်။ နေရာတွေ
ပြောင်းသွား သည်။ နာရီတွေ ပြောင်းသွားသည်။ ဟာမိုနီတွေ ပြောင်းသွားသည်။ နရီတွေ ပြောင်းသွားသည်။
ဇာတ်ကောင်များကလည်း ချစ်စရာ သတ္တဝါလေးများ မဟုတ်ကြတော့။ ဇာတ်ကောင်များမှာ လူသားများဖြစ်သည်။
တစ်ခါတစ်ရံ ကိုယ်သိနေသူများ၊ မြင်ဖူးထားသူများ ဖြစ်ကြသည်။ တစ်ခါတစ်ရံ မသိမမြင်ဖူးသည့်
သူများအကြောင်းဖြစ်သည်။ ပုံပြင်အဆုံးတွင် ရွှေမင်းသမီးနှင့် ရွှေမင်းသားလေး ပေါင်းရချင်မှ
ပေါင်းရသည်။ ဆိုးသွမ်းယုတ်မာ သည့် ဇာတ်ကောင်များ၏ ကျရှုံးခန်းကို မြင်ရချင်မှ မြင်ရတတ်သည်။
နောင်တသင်္ကေတကို တွေ့ရချင်မှ တွေ့ရတတ်သည်။ ဒုက္ခရောက် အခက်တွေ့သူကို စာနာသနားရသည်ထက်
ရယ်မောဟားတိုက်ရသည့် ပုံပြင်မျိုးက များသည်။
ရယ်မောရသည့် သီအိုရီ ပြောင်းသွားသည်။ ပုံပြင်အဆုံးမှာ ရယ်မောချင်
ရယ်မောလိုက်ရမည်။ ငယ်တုန်းက ပုံပြင်နားထောင်ပြီး ခံစားရ သလို အေးချမ်းပျော်ရွှင်မသွား၊
ဘဝင်ကျမသွားသည်ကတော့ သေချာသည်။ တစ်ခါတစ်ရံ ပြုံးရွှင်ရယ်မောနေသည့် မျက်နှာအောက်မှ အမုန်းတရား
စကားလုံးတို့ ယိုစီးကျမလာဖို့ ထိန်းသိမ်းရသည်ကလည်း ခက်ခဲသည့်အခြေအနေတစ်ရပ် ဖြစ်သည်။
သို့သော် ကျွန်တော်က ပုံပြင်တွေကို နားထောင်ဆဲ ဖြစ်သည်။
“ အယ် … ရှိမှ ရှိပါ့မလားလို့ …”
နေရောင်ခြည်အစွမ်းကုန်ခနေသည့် လမ်းမထက်ဆီမှ အသံကြောင့် အိမ်ဝင်တံခါးဆီသို့
ကြည့်လိုက်မိသည်။ ကျောင်းတုန်းက သူငယ်ချင်း ကောင်မလေးတစ်ယောက် ဆိုင်ကယ်ပေါ်မှ ဆင်းလာသည်ကို
တွေ့လိုက်ရသည်။ အမွှာနှစ်ယောက်ထဲက တစ်ယောက်ယောက်ပဲ၊ မင်္ဂလာဆောင် ဖိတ်စာ လာဖိတ်တာထင်ပါရဲ့
ဟူသော အတွေးနှင့်အတူ ဝင်းတံခါးဖွင့်ရင်း အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်မိသည်။
“ မဝင်တော့ဘူး သူငယ်ချင်းရဲ့၊ ငါလာတာက … ”
စီမံချက်ကာလတွင် သူမဆိုင်ကယ် ဆပ်ပရိုက်ချက် ( Surprise Check)
မိလာခြင်းဖြစ်သည်။ တစ်မှုလျှင်သောင်းကျော်ဖြစ်၍ သုံးမှုလောက်ဖြစ်နေသည့်အတွက် ပိုက်ဆံမပြည့်သောကြောင့်
ငွေလာချေးခြင်းဖြစ်သည်။ အတူပါလာသည့် ညီမငယ်တစ်ယောက်ကို ရုံးမှာ စောင့်ခိုင်းထားခဲ့ရသည်ဟု
ပြောသည်။
သူမ စကားသံကို နားထောင်ရင်း သူငယ်ချင်း မဟုတ်ဘူးဆိုသည်ကို အတပ်သိလိုက်သည်။
သူငယ်ချင်း၏ ညီမဖြစ်သည်။ ရုပ်ရည်ခြင်း ချွတ်စွပ်တူသော်လည်း စကားပြောဟန်ကွဲသည်။ ကျွန်တော့်သူငယ်ချင်းက
ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သည်။ သူမ ပြောဟန်က နွဲ့သည်။ သူငယ်ချင်းညီမအနေနှင့်ဆိုလျှင်
ပိုက်ဆံမချေးမှာစိုး၍ ဖြစ်မည်ထင်သည်။ ကိစ္စတော့ မရှိ။ ကျောင်းသားဘဝတုန်းက ကိုးမိုင်မျှဝေးသည့်
သူမတို့အိမ်သို့ နှစ်ခေါက်မျှ အလည်ရောက်ဖူးသည်။ ရူပဗေဒမေဂျာတွင် တစ်ခန်းတည်းသား ဖြစ်ခဲ့ဖူးသော
သူမ အစ်မသည် ရင်းရင်းနှီးနှီး တွဲခဲ့ဖူး သည့် သူငယ်ချင်း မဟုတ်ခဲ့သော်လည်း အုပ်စုထဲမှ
သူငယ်ချင်းတစ်ယောက်အနေနှင့် သိကျွမ်းထားခဲ့သည်။ သူမ ညီမ လာချေးသည့် ငွေမမဏနှင့် သံသယဝင်ရန်မသင့်သည့်
အခြေအနေတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ပြတ်တုန်း လပ်တုန်း နှစ်ဆယ့်သုံး မဟုတ်သော်လည်း
ချင့်ချိန်သုံးနေရ သောအချိန်ဖြစ်၍ အိမ်သုံးထဲမှ အတတ်နိုင်ဆုံး ကူညီပေးလိုက်သည်။
သုံးလေးရက်ကြာပြီးနောက်မှာတော့ ပုံပြင်တွေပြောသွားသည့် သူမအကြောင်းကို
သူငယ်ချင်းတစ်ယောက်နှင့် ဆုံ၍ သိလိုက်ရသည်။ သူမ၏ အမျိုးမျိုးသော ပုံပြင်များတွင် သူငယ်ချင်းတော်တော်များများ၏
ငွေးကြေးများ ပွန်းရှသွားကြသည်။ သောင်းဂဏန်းမှသည် သိန်းဂဏန်း ထိဖြစ်သည်။ အားလုံးက ဝိုင်း၍နှမျောနေကြသည်မှာ
၎င်းတို့၏ ပဲ့ကျသွားသည့် ငွေကြေးကို မဟုတ်ဘဲ ကျိုးပဲ့သွားသည့် သူမ၏ သိက္ခာအပိုင်းအစ
များကို ဖြစ်သည်။ ဤသို့ဖြင့် နန္ဒာဆိုသည့် သူငယ်ချင်းညီမငယ်သည် သူမ၏ဂုဏ်သိက္ခာကို ကိုယ်တိုင်ပင်
ချိုးဖဲ့ကာ ပုံပြင်တွေကို ပြောခဲ့သူဖြစ်သည်။
ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သူငယ်ချင်းဆိုသည့် စည်းထဲတွင်း
ဒီထက်မကသောငွေကြေးတို့ ပွန်းရှဆုံးရှုံးနိုင်သေးသည် မဟုတ်လား။ ပို၍ကံကောင်းသည်က ထိုကိစ္စနှင့်
ပတ်သက်၍ ဇနီးသယ်ထံမှ လှောင်ပြုံးတစ်ချို့နှင့် ခနဲ့သည့်စကားလုံးတို့ သီးပွင့်မလာခြင်းဖြစ်သည်။
ပုံပြင်တစ်ပုဒ်အတွက် ပေးဆပ်ရသည့် အဖိုးအခက မသေးလှဆိုသောအတွေးမျိုးတော့ တိမ်မျှင်တန်းသလို
တစ်ခါတစ်ရံ ပေါ်လာတတ်သည်။ နောက်တော့လည်း ကမ်းစပ်က ခြေရာလိုပင် အချိန်ရေလှိုင်းက တိုက်စားလိုက်သောအခါ
အဖြစ်အပျက်တို့က မေ့မေ့ပျောက်ပျောက်။
“ ကျေးဇူးပါ ကိုဖြိုးရာ၊ ခင်ဗျားသာ မကယ်ရင် ကျွန်တော်တော့ ဘဝပျက်ပြီ
…”
ကိုတိုး ဆိုသည့် အခင်ဆုံးသူငယ်ချင်းတစ်ယောက်ထံမှ ထိုစကားထွက်လာချိန်တွင်
သူ့အမေသည် မိတ်ဆွေတစ်ယောက်၏ သစ္စာမဲ့မှုဖြင့် အချုပ်ထဲမှာဖြစ်သည်။ ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့်
တစ်ပြားတစ်ချပ်မျှ မသုံးရဘဲ အမှုရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။ သူငယ်ချင်းဆိုသော ကြိုး
တစ်ချောင်း၏ ချည်နှောင်မှုဖြင့် ကိုယ်အား၊ နှုတ်အား၊ တတ်နိုင်သမျှသော ငွေအားဖြင့် ကူညီခဲ့ဖူးသည်။
ထိုသူငယ်ချင်းထံမှ ပြန်ရလိုက်သည်က …
“ ဆက်ဆက် ပြန်ဆပ်မှာပါဗျာ …”
ထိုစကားနှင့်အတူ မလိုချင်ဘဲ လက်ခံထားလိုက်ရသည့် အိမ်ဝင်းဂရန်တစ်ခု။
အချိန်တွေ ကြာလာသည်နှင့်အမျှ ပုံပြင်လေးသည်ပင် အရောင်လွင့်ကာ အနားဖွာလာခဲ့ပြီဖြစ်သည်။
ပြစ်မှုကြွေးကို ပေးဆပ်ခဲ့ရသည့် သူ့အမေသည်ပင် လွတ်လပ်သူ ဖြစ်သွားပြီ။ ယခုချိန်ထိတိုင်
မလွတ်မြောက်နိုင်သေးသည်က ဗီရိုထဲရှိ အဝတ်အစားများအောက်မှ အိမ်ဝင်းဂရန်လေးဖြစ်သည်။ ထိုအရာလေးကို
စိတ်မဝင်စားသည်မှာ လက်ခံ ထားစဉ်ကတည်းက ဖြစ်သည်။ ဘာတွေ အသုံးကျသလဲ။ အတုလား၊ အစစ်လား၊
ပြန်လျှောက်လို့ရသလား၊ ထိုအိမ်ဝင်း ရောင်းဝယ်ခြင်းကို ဟန့်တားနိုင်သလား။ ထိုအကြောင်းအရာတွေထက်
ဝါကြန့်ကြန့်စာရွက်လေးအဖြစ်သာ မှတ်သိထားလိုက်သည်။ သူငယ်ချင်းကောင်း တစ်ယောက် အဖြစ်၊
မိတ်ဆွေစစ်တစ်ယောက်အဖြစ် ကျွန်တော့်ရပ်တည်ချက်ကို ခိုင်မြဲစေခဲ့သည်။
ထိုသူငယ်ချင်း အလုပ်ပြောင်းသွားပြီးနောက် ဟိုးတုန်းကလို
သိပ်မဆုံဖြစ်တော့။ ဟန်ကျပန်ကျ ဖြစ်နေတယ်ဆိုသော သတင်းစကား သူငယ်ချင်းတစ်ချို့ထံမှ ကြားပြီး
မကြာမီပင် လမ်းတွင် သူနှင့်ဆုံသည်။ အဝတ်အစား တောက်တောက်ပြောင်ပြောင်နှင့် သူ၏ခါးမှာရှိနေသည့်
ဟမ်းဖုန်း၊ လည်ပင်းနှင့် လက်မှာရှိနေသည့် အဝါရောင်သတ္တုများကို လျှပ်တစ်ပြက် မြင်ဖြစ်အောင်
မြင်လိုက်သည်။ ပါလာသည့် ပိုက်ဆံများသူက လက်ဖက်ရည်တိုက်ကြေးဆိုလျှင် ယခုအချိန်လက်ဖက်ရည်သောက်ရမည့်သူမှာ
ကျွန်တော်ဖြစ်မှာ သေချာတယ်ဆိုသော အတွေးကို အပျော်အပြက်
တွေးလိုက်မိသေးသည်။
“ ကိုတိုး … ဘယ်လိုလဲ … ”
“ ဒီလိုပါပဲဗျာ … အဆင်မပြေသေးပါဘူး …”
ခပ်ပြောင်ပြောင် သူ့မျက်နှာကိုကြည့်ရင်း ဝတ်ထားသော အဝတ်အစားကြောင့်နေမှာပါ
ဆိုသောအတွေးကို တွေးရင်း လှည့်ထွက်လာခဲ့ လိုက်သည်။ လက်ဖက်ရည်ဖိုး အကုန်ခံကာ သူပြောပြမည့်
ပုံပြင်ကို နားထောင်မပေးနိုင်ခြင်းကိုမူ ခွင့်လွှတ်စေချင်ပါသည်။
ဒီတစ်ခါဆုံးရှုံးမှုက အတန်ငယ်ကြီးမားပါသည်။ တစ်ချို့လူများအတွက်
မပြောပလောက်သော်လည်း ကျွန်တော့်အတွက်တော့ များပြားလှ သည့် ငွေကြေးဖြစ်သည်။ ထိုငွေကြေးနှင့်အတူ
သူငယ်ချင်းတစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ အခင်ဆုံးသူငယ်ချင်းပြောသည့် ပုံပြင်ကို
နားထောင်ဖူးသည့် သင်္ကေတအဖြစ် ဝါကြန့်ကြန့်စာရွက်တစ်ချို့က ဗီရိုထဲတွင် ရှိနေကြဆဲဖြစ်သည်။
ဟိုတုန်းက အကြောင်းအရာတစ်ချို့ကို စဉ်းစားရင်း မေမေထည့်ပေးလိုက်သည့်
ချဉ်ချဉ်စပ်စပ် လက်ဖက်သုပ်လေးကို စားရန်ပြင်လိုက်စဉ် လော်ဘီ(Lobby) သို့ ဝေ့ခနဲကျလာသည့်
ကားမီးရောင်ကြောင့် ဇွန်းကို ပြန်ချထားလိုက်သည်။ တကယ်တော့ ဝန်ထမ်းတစ်ယောက်အနေဖြင့်
ရီဆက်ပ်ရှင်ကောင်တာ(Reception Counter) အတွင်းမှာ မည်သည့်အစားအသောက်မျှ စားခွင့်မရှိပါ။
ညဂျူတီသာ အမြဲတမ်းကျသည့် နိုက်အော်ဒစ်တာ (Night Auditor) တစ်ယောက်အနေဖြင့် လက်ဖက်လေး၊
ကော်ဖီလေးမှ မကူလျှင်လည်း အိပ်ချင်သည်။ ယခုပင်လျှင် မနက် (၂)နာရီ ထိုးလုပြီမဟုတ်လား။
ညဥ့်နက်မှ ရောက်လာတတ်သည့် ယခုလိုဧည့်သည်မျိုးအတွက်လည်း ဝန်ထမ်းတစ်ယောက်အနေဖြင့် အက်တစ်
(Active) ဖြစ်နေသင့်သည်။
“ အခန်းရသေးလား …”
ရနိုင်သည့် အခန်းအမျိုးအစားအကြောင်း ရှင်းပြနေစဉ် ကျန်တစ်ယောက်က
ဆူဗီနား ကောင်တာ (Souvenir Counter) မှ အင်္ကျီဝယ်လို
ကြောင်း ပြောသည်။ ညဥ့်နက်နေပြီဖြစ်၍ ကောင်တာသော့ မိမိတို့ထံမှာ ရှိနေသည့်တိုင်ပိတ်သွားပြီဟု
ညာပြောလိုက်ဖို့ကောင်းသည်။ ကာစတန်မာ ဆားဗစ် (Customer Service) အပြည့်ပေးနိုင်ဖို့အတွက်
လွဲစရာမရှိသည့် အခန်းကိစ္စကို တာဝန်အတူကျ ညီငယ်လေးနှင့် လွှဲထားခဲ့လိုက်ပြီး လော်ဘီ
(Lobby) အပြင်ဘက်ရှိ အင်္ကျီများထားသည့်
ကောင်တာဆီသို့ ဧည့်သည်ကို ခေါ်လာခဲ့လိုက်သည်။
ထိုသူလိုချင်သည့် အမျိုးအစား
မရှိသော်လည်း အတော်များများရွေးချယ်ပြီးနောက် အင်္ကျီတစ်ထည်ကို ဝယ်သွားသည်။ မယူဖြစ်သည့် အင်္ကျီများကို ပြန်ထည့်နေစဉ် ထိုသူက ကျသင့်ငွေကို
အထပ်လိုက်ရှိသည့် ပိုက်ဆံထဲမှထုတ်ကာ ကောင်တာပေါ်တင်ပြီး လော်ဘီ (Lobby) ထဲသို့ ပြန်ဝင်သွားသည်။
ပိုက်ဆံကို စစ်ကြည့်လိုက်တော့ အရွက်ကြီးတစ်ရွက်က ခါးလည်မှပြတ်နေသည်ကို တိတ်ဖြင့်ကပ်ကာဆက်ထားခြင်း
ဖြစ်သည်။
ကောင်တာသော့ခတ်ပြီး လော်ဘီ (Lobby)ထဲဝင်လိုက်တော့ ဧည့်သည်နှစ်ယောက်က
မရှိတော့။ ဟိုတယ်ဂိတ်ဝမှ ပြန်ထွက်သွားသည့် ကားမီးနီနီလေးကိုသာ မြင်လိုက်ရတော့သည်။ အိုး
မြန်လိုက်တာ။ နီယွန်မီးများကြောင့် လင်းလက်နေသည်မှအပ ညဥ့်နက်နက်မှာရှိနေသည့် ဟိုတယ်ကြီးတစ်ခုလုံးသည်
ဘာတစ်ခုမျှ သိမထားခဲ့သယောင် တိတ်တိတ်ဆိတ်ဆိတ်။ ဟိုတယ်ရှေ့ရှိ ဗိုလ်ချုပ်လမ်းမပေါ်မှ
တစ်စီးတစ်လေ ဖြတ်သွားသည့် ကားသံပင်မကြားရတော့။ လွန်ခဲ့သည့် (၂)မိနစ်က လူတစ်ယောက်နှင့်
စကားပြောခဲ့သည့် သင်္ကေတအဖြစ် ခါးပြတ်နေသည့် အရွက်ကြီးပါသော ပိုက်ဆံတစ်ချို့က ကျွန်တော့်လက်ထဲမှာ
ဖြစ်သည်။
“ ချဉ်တာဗျာ … ”
ဂျူတီအတူကျသည့် ညီငယ်က မေမေထည့်ပေးလိုက်သည့် လက်ဖက်သုပ်ကို နှိုက်စားရင်း
ညည်းလိုက်သည်။ အချဉ်ကဲစားသည့် မေမေ့ လက်ရာသည် စားနေကြမဟုတ်သည့် သူများအတွက် အနည်းငယ်ချဉ်စူးနေပါလိမ့်မည်။
“ အစ်ကိုတို့နှစ်ယောက်လည်း လော်ဘီ (Lobby) အပြင်ဘက်ထွက်သွားရော
အခန်းမေးကျန်တဲ့သူက ဘာမှဆက်မမေးတော့ဘဲ အပြင် ပြန်ထွက်သွားပြီး သူ့ကားပေါ်သွားထိုင်တာဗျ။
ထူးဆန်းတယ်တော့ ထင်သား။ အင်္ကျီဝယ်တဲ့တစ်ယောက်လည်း
သုတ်သုတ်၊ သုတ်သုတ်နဲ့ ကောင်တာမလာဘဲ ကားပေါ်တက်သွားတာဗျ။ လက်စသပ်တော့ ဟား … ဟား ….”
ကျွန်တော်ကတော့ ကျွန်တော့်လုပ်အား နာရီ(၂ဝ)နှင့် ညီမျှသည့် ပိုက်ဆံတိတ်ကပ်ကို
ကြည့်ကာ မရယ်မောနိုင်ပါ။ တူရာ ပိုက်ဆံအုပ်ထဲ ရောထည့်လိုက်ဖို့ကျတော့လည်း ဌါနရှိဝန်ထမ်းအချင်းချင်းအပေါ်
မျက်နှာမပြောင်နိုင်ပါ။ မေမေ့ပုံပြင်တွေနှင့် ကြီးပြင်းခဲ့သူ ကျွန်တော်က ရိုးသားမှုကို
မစွန်းထင်းစေလိုသောကြောင့် အိတ်ထဲရှိငွေစတစ်ချို့ကို ပွန်းစင်းစေခဲ့လိုက်သည်။
“ လူတွေ မကောင်းဘူး မေမေ …”
သူတို့ပြောတဲ့ပုံပြင်တွေ နားထောင်ပြီးတိုင်း ကျွန်တော့်မှာ ထိခိုက်ရသည်။
တစ်ခါတစ်ရံ နာကျင်ခံစားရသည်။ ကိုယ်မဟုတ်ခဲ့လျှင်တောင် အနည်းဆုံး တစ်ဦးတစ်ယောက် ထိခိုက်နစ်နာရသည့်
ပုံပြင်တွေပဲဖြစ်နေတတ်သည်။ သူတို့ပြောတဲ့ပုံပြင်တွေက မေမေပြောတဲ့ပုံပြင်တွေလို ဘာ့ကြောင့်
ကြည်နူးရွှင်ပျမှု ကင်းရတာလဲ။ စိတ်အားတက်ကြွမှု ကင်းရတာလဲ။ နစ်နာဆုံးရှုံးမှုတွေနဲ့အဆုံးသတ်တဲ့
ပုံပြင်တွေပဲ ဖြစ်နေရတာ ဘာ့ကြောင့်များလဲမေမေ။
ကျွန်တော် ပုံပြင်တွေကို မချစ်တော့ပါ။ ချွင်းချက်အနေနှင့် မေမေမှလွဲ၍
ပုံပြောသူအားလုံးကို မုန်းသွားပြီဖြစ်သည်။ ကျွန်တော်ကရော ဘယ်သူတွေကို ပုံပြောခဲ့ဖူးပါသလဲ။
ပြောခဲ့ဖူးသည့် ပုံပြင်တွေကြောင့် ဘယ်သူတွေ ထိခိုက်နစ်နာခဲ့ရပါသလဲ။ ညဥ့်နက်သည်နှင့်အမျှ
အတွေးတို့က အသူတစ်ရာနက်သည့် မိုက်မှောင်သောတွင်းအဆုံးမှာ ရှုပ်ထွေးနေသည့် ချည်ခင်တစ်စလို
အစဖြည်မရဖြစ်နေသည်။
အစ တစ်စကို ဆွဲထုတ်မိလိုက်သည်။ လူတစ်ယောက်ကိုတော့ ပုံပြောခဲ့ဖူးပါသည်။
ယခုအချိန်ထိတိုင် ပုံပြင်တွေကို ပြောနေမိဆဲဖြစ်သည်။ နောင်လည်း ပြောနေဦးမှာက သေချာသလောက်
ဖြစ်သည်။ ဘာတွေထိခိုက်နစ်နာသွားမလဲဟု မစဉ်းစားမိခဲ့ဖူးသော်လည်း ပြောခဲ့ဖူးသည့် အပိုင်းအစတစ်ချို့ကို
မှတ်မိနေပါသည်။ စမ်းချောင်းထဲမှ ရွှေငါးလေးများကို ကြည်ကြည်ပြတ်ပြတ် မြင်နေရသလို၊ မိုးရွာပြီးစ
ကောင်းကင်ရှိ သက်တန့်ကြီးကို ထင်ထင်ရှားရှား မြင်နေရသလို မှတ်သိစိတ်ထဲတွင် စွဲထင်နေသည့်
စကားလုံးများဖြစ်သည်။
“ မေမေ ဒီဟင်းလေးက စားကောင်းလိုက်တာ၊ ဒီလက်ရာမျိုး မစားရတော့ဘူးတောင်
မှတ်နေတာ …”
“ အိုအိရှိ … စားကောင်းလိုက်တာ မေမေ …”
“ ဘယ်လိုပြောရမလဲဆိုတော့ စားလို့ကောင်း၊ သိပ်သိပ်ကောင်း … ဟား
ဟား …”
“ မေမေ …နောက်တစ်ခါ ဒါမျိုးချက်ကြွေးဦးနော် … ”
သွေးတိုးရော ဆီးချိုပါရှိသည့် မေမေက မီးဖိုချောင် မဝင်တော့သည်မှာ
ကြာပြီဖြစ်ည်။ ကျွန်တော် အိမ်ထောင်ကျစက မေမေ့လက်ရာကို တမ်းတမ်းစွဲဖြစ်ကာ ဇနီးသယ်၏လက်ရာ
အဆင်မပြေဖြစ်ခဲ့ဖူးသည်မှအပ ယခုအချိန်တွင် ကျွန်တော့်လျှာသည် အိမ်ရှင်မမှ အိမ်ရှင်မ
ဖြစ်နေပြီဖြစ် သည်။ ဟင်းလျာများကို ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး ကျွန်တော့်အကြိုက် ဖန်တီးပေးနိုင်သူမှာ
ကမ္ဘာပေါ်တွင် ကျွန်တော့်ချစ်ဇနီး “ စံ ”တစ်ယောက်သာ ရှိမည်ထင်သည်။ သို့မဟုတ် ဇနီးသယ်လက်ရာကို
ကျွန်တော်စွဲမက်သွားခြင်းလည်း ဖြစ်မည်။ ယောက်ျားတို့၏ နှလုံးသားဆီသို့သွားသော ဖြတ်လမ်း
သည် မီးဖိုချောင်ဖြစ်သည် ဆိုသော ဆိုရိုးကို ဇနီးသယ်က အကောင်အထည်ဖော်နေခြင်းလည်း ဖြစ်နိုင်သည်။
မေမေချက်သည့် ဟင်းတွေက ပေါ့သည်။ သွေးတိုးနှင့် ဆီးချိုကြောင့်
အရသာတွေကို လျော့ရင်း ဟင်းတွေက ပေါ့ပေါ့လာသည်။ မေမေက အချဉ်ကြိုက်သူ ဖြစ်သည်။ သာမန်လူများ
မျက်စိမှိတ်သွားစေသည့် အချဉ်အရသာသည် မေမေ့အတွက်တော့ အနေတော်ပဲဖြစ်သည်။ မေမေ့ လက်ရာတွေ
မည်သို့ပင်ပြောင်းနေစေကာမူ ကျွန်တော်ကတော့ နှစ်နှစ်ခြိုက်ခြိုက် စားသောက်နေဆဲဖြစ်သည်။
သားတစ်ယောက် မိန်မိန်ယှက်ယှက် စားသောက်စေချင်သည့် မေမေ့ မေတ္တာကို၊ စေတနာကို လေးစားချစ်ခင်စိတ်ဖြင့်
ဖြစ်သည်။
ကျွန်တော် ထမင်းစားနေစဉ် ဇနီးသယ်အား ဟိုဟာလေး ထည့်ပေးပါဦး၊
ဒီဟာလေး ထပ်ဖြည့်ပေးဦးဟု ပြောတတ်သော မေမေဖြစ်သည်။ သားထမင်းစားပြီးရင် ငှက်ပျောသီးလေးစားလိုက်ဦး၊
မေမေသုပ်ထားတဲ့ လက်ဖက်လေးရှိတယ် စသဖြင့် ပြောတတ်သော မေမေဖြစ်သည်။ ကျွန်တော်အလုပ်သွားတိုင်း
သူကိုယ်တိုင်သုပ်သည့် အသုပ်လေးများကိုသာ ထည့်ပေးလိုသည့် မေမေဖြစ်သည်။
ထို့ကြောင့် ကျွန်တော့်နှုတ်ဖျားမှ ပုံပြင်တို့က ထွက်ကျနေဆဲဖြစ်သည်။
အကျိုးဆက်အနေဖြင့် ကျွန်တော်အလုပ်နားရက်တိုင်း မီးဖိုချောင်သို့ ဝင်သူမှာ မေမေဖြစ်နေတော့သည်။
ပုံပြင်တွေကို ဆက်ပြောနေရခြင်းမှာ မေမေ့ကို ပင်ပမ်းစေလို၍ မဟုတ်ကြောင်းကို ပွင့်ခဲ့ပြီးသော
ဘုရားရှင် အဆူဆူနှင့် နောင်ပွင့်တော့မည့် အရိမေတ္တေးယျ ဘုရားရှင်ကို တိုင်တည်က ကျိန်ဆိုဝံ့ပါသည်။
ရိုးသားစွာ ဝန်ခံရလျှင် ထမင်းစားနေစဉ် ဘေးမှရပ်ကာ ကြည့်နေသည့်
မေမေ့ထံမှ ပီတိပြုံးနှင့် မေတ္တာကို ယခုချိန်ထိတိုင် ခံယူလို၍ဖြစ် သည်။ ပိုအရေးကြီးသည့်
ဒုတိယအချက်ကိုပြောရလျှင် ရောဂါကြောင့်၊ ဇရာကြောင့် စိတ်ကျကာ စိတ်အိုသွားမှာ စိုးသောကြောင့်ဖြစ်သည်။
မေမေ့ လက်ရာကို တခြားသူတွေ မစားနိုင်လျှင်တောင် သူချစ်သည့် သားကြီးက နှစ်နှစ်ခြိုက်ခြိုက်စားသည်ဟူသော
အသိဖြင့် တက်ကြွစေလို၍ ဖြစ်သည်။ အသက်ကြီးသွားပြီ၊ ဘေးရောက်သွားပြီ ဆိုသော လူကြီးတစ်ဦး၏
စိတ်ကျအတွေးမျိုး၊ စိတ်ခံစားချက်မျိုး ဝင်မသွားစေလို၍ ဖြစ်သည်။
ကျွန်တော်ပြောသည့် ပုံပြင်တွေကြောင့် မေမေ့ကို ထိခိုက်စေသည်ဆိုလျှင်
အမေကိုချစ်သည့် သားတစ်ယောက်၏ မိခင်အပေါ်ချစ်စိတ်ဖြင့်
ကျူးလွန်ခဲ့သည့် အမှားသာဖြစ်လိမ့်မည်။
ထိုအမှားအတွက် ပြစ်ဒဏ်ခံရမည်ဆိုလျှင်လည်း ကျေကျေနပ်နပ်ကြီးခံယူရန် အသင့်ရှိနေပါသည်။
ယခုအချိန်တွင် ကျွန်တော်အသိချင်ဆုံး မေးခွန်းတစ်ခုရှိသည်။ ထိုမေးခွန်း၏အဖြေကို
သိနိုင်သူမှာ အိမ်မှာပင် ရှိသည်။ အိပ်ပျော်နေမည့် သားနှစ်ယောက်အနားမှာ ရှိနေမည့်သူ
တစ်ယောက်ဖြစ်သည်။ အိပ်ပျော်ချင်လည်း အိပ်ပျော်နေလိမ့်မည်။ သို့မဟုတ် ပြတင်းပေါက်မှ
မြင်နေရသည့် ကြယ်လေးများကို ငေးရင်း ကျွန်တော့်ကို သတိရချင် ရနေပေလိမ့်မည်။
ဂျူတီထွက်၍ အိမ်ပြန်ရောက်လျှင် ရောက်ခြင်း သူမကို မေးခွန်းတစ်ခု
မေးရပါလိမ့်မည်။
“ ကိုယ်က ပုံပြောကောင်းသူတစ်ယောက်လား … ”
ထိုအခါ သူမ ဘယ်လိုဖြေမှာပါလိမ့်။ ပြောခဲ့ဖူးသည့် ပုံပြင်တစ်ချို့ကြောင့်
တစ်စုံတစ်ယောက် ထိခိုက်နစ်နာစေခဲ့သည် ဆိုပါလျှင် …။
အပြင်ဘက်တွင် နီယွန်မီးတို့၏စွမ်းအားဖြင့် ကျယ်ဝန်းလှသည့် ဟိုတယ်ဝင်းတစ်ခုလုံး
လင်းခြင်းနေသည်။ ပြတင်းတံခါးကို ဖွင့်လိုက်စဉ် အေးမြသည့် ညလေအေးတို့က မျက်နှာကိုဖြတ်ကာ
အဆီးအတားမရှိ တိုးဝင်သွားသည်။ ထိုလေအေးက စားပွဲပေါ်မှာတင်ထားသည့် တိတ်ကပ်ထားသော ထက်ပိုင်းပြတ်စက္ကူတစ်ရွက်ကို
အောက်သို့ တိုက်ချသွားသည်။
ည၏ တိတ်ဆိတ်အေးမြသည့် လေတို့ကို အဆုတ်ထဲ တဝကြီးရှိုက်သွင်းလိုက်ရင်း
ကောင်းကင်ကို မော့်ကြည့်လိုက်သည်။
မှိတ်တုတ် မှိတ်တုတ် လက်နေသည့် ကြယ်လေးများစွာက ပုံပြင်တစ်ပုဒ်ကို
စ-ပြောနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
Comments
Post a Comment