အရင်း အမြတ်
အရင်း အမြတ်
ရေးသူ=ညိုပြာဝိုင်
ဦးသာဒင်တစ်ယောက် သားသမီး၊ ချွေးမ ၊ သမက်များနှင့်မြေးများကို သတိရနေသည်။
သူတို့တွေ သိတော့လည်း သိတတ်သားဟု စဉ်းစားနေမိသည်။ အခါကြီးရက်ကြီးမျိုးတွင်
သူတို့မိသားစုတွေအားလုံးက အဘိုးဖြစ်သူ ဦးသာဒင်ကို လာရောက်ကန်တော့ကြမြဲ
ဖြစ်သည်။ ဦးသာဒင်အဖို့ ကန်တော့ခံရသည့် ၀တ္တုပစ္စည်းများကို
မက်မောခြင်းမရှိသော်လည်း သူ့အပေါ်သိတတ်ကြမှုအတွက် ဂုဏ်ယူကျေနပ်ရသည်။
ပီတိဖြစ်ရသည်။ သူကလည်း မြေးတွေကို ဆုပြန်ပေးတတ်သလ မုန့်ဖိုးပြန်ပေးရမှ
ကျေနပ်လေ့ရှိသည်။ ဘိုးအေပေးသော မုန့်ဖိုးရ၍
ပျော်ရွှင်နေကြသည့်မြေးများမျက်နှာကိုကြည့်ရင်း
ဦးသာဒင် ၀မ်းသာကြည်နူးရသည်ချည်း။
ဒါတွေက ဟိုးအရင်နှစ်များဆီက ခံစားချက်ဖြစ်သည်။ ယခုနှစ် သီတင်းကျွတ်တုန်းက မြေးမိသားစု လာကန်တော့ချိန်မှာ သူ ဂုဏ်ယူကျေနပ်ခဲ့သမျှအားလုံး သဲထဲရေသွန်သလိုဖြစ်သွားရသည်။ သားအကြီးကောင်၊ ချွေးမနှင့် မြေးများက ဦးသာဒင်ကြိုက်တတ်သောစားသောက်ဖွယ်ရာများနှင့် လာကန်တော့ကြသည်။ သူကလည်း မြေးသုံးယောက်အတွက် တစ်ယောက်ကို ငါးထောင်ကျပ်နှုန်း မုန့်ဖိုးပြန်ပေးခဲ့သည်။ မြေးတွေကလည်းကျေနပ်သည်။ ဦးသာဒင်ကလည်း ပီတိဖြစ်နေသည်။
သည်အထိ ပြသနာမရှိသေး။ သင်းတို့မိသားစုပြန်ကြတော့ ခြံဝမှာပြောသွားသော စကားများကြောင့် ဦးသာဒင် ၀မ်းနည်း စိတ်မကောင်းဖြစ်ရသည်။ မချိတင်ကဲဖြစ်ရသည်။ သားဖြစ်သူက “ အရင်းလေးတော့ပြန်ပေးရင်ကောင်းမယ်ကွာ” ဟု ချွေးမကိုပြောသည်။ ချွေးမဖြစ်သူက နားမလည်။ ဒါကြောင့် “ဘာအရင်းလဲ”ဟု မေးတော့မှ သားဖြစ်သူက ပြန်ရှင်းပြသည်။ သင်း၏စကားတွေကို မကြားခဲ့ရင်တော့ ဦးသာဒင်အဖို့ကောင်းလိမ့်မည်။ ကြားဖြစ်အောင်ကြားမိလိုက်သော ဦးသာဒင်မှာသာ အပြစ်ကြီးတစ်ခုအဖြစ်ခံစားနေရသည်။ သားဖြစ်သူ၏ စကားတွေကိုလည်း ဦးသာဒင်နှုတ်မှ တစ်လုံးမကျန် ရေရွတ်နေခဲ့သည်။
“ မောင်တို့ ဖေဖေ့ကို ကန်တော့ဖို့ဝယ်လာတာ စုစုပေါင်း ခုနစ်ထောင်ကျတယ်ကွ၊ ဖေဖေ ကလေးတွေကိုပေးတဲ့မုန့်ဖိုးက တစ်သောင်းခွဲဆိုတော့ အရင်းလေးတော့ ပြန်ပေးသင့်တယ်ကွာ “ ဟူ၍ဖြစ်သည်။
မဟေသီ မဂ္ဂဇင်း. ဇန်နဝါရီလ .၂၀၀၇
သီးတင်းကျွတ်ချိန်ခါမို့  ရာသီစာလေး တင်လိုက်ပါတယ်..

Comments
Post a Comment