ကျွန်တော်နှင့် လက်သီးများ




ကျွန်တော်နှင့် လက်သီးများ

လက်သီးပြင်းပြင်း ထိုးဖူးပါသလား။ သို့မဟုတ် လက်သီးပြင်းပြင်း အထိုးခံရဖူးပါသလား။ ကျွန်တော်က လက်သီးပြင်းပြင်း ထိုးနိုင်သူ မဟုတ်ပါ။ သို့သော် အားအသင့်အတင့် ပြင်းသော လက်သီးမျိုး နှင့်တော့ မကြာခဏ မိတ်ဖွဲ့တတ်သူ ဖြစ်သည်။
တချို့လက်သီးတွေက ခေတ္တခဏ မှောင်မိုက်သွားစေသော လက်သီးဖြစ်သည်။ ကြယ်တချို့ နှင့်လကို မြင်ယောင်စေတတ်သည်။ တချို့လက်သီးတွေက အသံမြည်ရုံသာ မြည်သော ဟန်ပြလက်သီးများ ဖြစ်ကြသည်။ ပြိုင်ဘက်ကို ခြိမ်းခြောက်လို၍သော်လည်း ကောင်း၊ မိမိအစွမ်းအစကို ကြွားဝါလို၍ လည်းကောင်း၊ တစ်ဖက်ရန်သူကို မနှိပ်စက်လိုတော့သည့်အခါမျိုးတွင် သုံးတတ်သောလက်သီးများ ဖြစ်သည်။ လက်သီးတချို့ကတော့ နောက်ကောက်ကျသွားစေမည့် လက်သီးများ ဖြစ်လေသည်။ ထိုလက်သီးမျိုးကတော့ တစ်လုံးတည်း ဖြစ်သည်။

ပြိုင်ဘက်ကို (Knock Out) နောက်ကောက်ကျသွားစေမည့် လက်သီးမျိုး ပိုင်ဆိုင်ထားခြင်းသည် ကောင်းပါသည်။ သို့သော် ထိုလက်သီးတစ်မျိုးတည်းဖြင့် ပြိုင်ဘက်ကို အနိုင်မယူနိုင်ပါ။ ပြိုင်ဘက်ကို ယိမ်းယိုင် မှောင်မိုက်သွားစေမည့် လက်သီးများ၊ ပြိုင်ဘက်စိတ်ရှုပ်ထွေး အနှောက်အယှက်ဖြစ်စေမည့် ဟန်ပြလက်သီးများကို ပရိယာယ်ကြွယ်ကြွယ် ပေါင်းစပ်အသုံးပြုပြီးသည့်နောက်မှ အခွင့်သာသည်နှင့် အမိအရယူကာ အားစိုက်ထိုးလိုက်သင့်သော လက်သီးမျိုးဖြစ်သည်။ တချို့တွေက ထိုလက်သီးမျိုးကို တစ်ချိန်လုံးထုတ်သုံးနေတတ်ကြသူများဖြစ်သည်။
ထိခဲ့ဖူးသည့် လက်သီးတချို့အကြောင်း ကျွန်တော်ပြောပြချင်ပါသည်။ ကျွန်တော်ငယ်ငယ်က ဖြစ်သည်။ ခေါင်းတစ်ခုလုံးလေးလံမူးဝေနေသည်။ လေးလံနေပုံက ပူစီဖောင်းတစ်လုံးထဲကို ရေအပြည့် ဖြည့်ထားပုံမျိုးဖြစ်သည်။ ပျို့အန်ချင်သလို ခံစားရသည်ကိုလည်း မှတ်မိနေသေးသည်။ ထိုသို့ခံစားခဲ့ရ သည်မှာ လက်သီးတစ်လုံးကြောင့်ဖြစ်သည်။ ထိုလက်သီးအတွက် မျက်ရည်ကျခဲ့ရသူမှာ မေမေဖြစ်သည်။  ဒေါသသည် သောကအဖြစ် လျင်မြန်စွာကူးပြောင်းတတ်သော သဘောရှိကြောင်း သင်ခန်းစာရခဲ့သူမှာ ဖေဖေဖြစ်သည်။ ဖေဖေသည် အားကို မချိန်ဆတတ်သေးချိန်တွင် ကြုံခဲ့ရသည့် ဖြစ်စဉ်တစ်ခုဟု အရွယ်ရောက်လာသောတစ်နေ့တွင် ကျွန်တော်သုံးသပ်မိသည်။
အားကို ချိန်ဆတတ်သော်လည်း ခေတ္တမျှ မိုက်မှောင်သွားစေသည့် လက်သီးတစ်လုံးကိုလည်း သတိရနေပါသေးသည်။ ကိုယ်ခံပညာသင်တန်းတစ်ခု တက်နေစဉ်က ဖြစ်သည်။ အရပ်ငါးပေ၊ လေးလက်မ သာရှိသော ခါးစည်အညို ကျွန်တော်၏ တွဲဘက်မှာ ခြောက်ပေ၊ နှစ်လက်မ ရှိသော ခါးစည်း အနက်ဖြစ်သည်။ နှစ်ဦးသား ကစားနေစဉ် မခိုက်မိစေရန် လက်အိတ်ကိုယ်စီလည်း စွပ်ထားကြသည်။ ကျွန်တော် သင်ကြားနေသည်မှာ ရိုးရာအက မဟုတ်ဘဲ တိုက်ခိုက်ရေးပညာတစ်ရပ်ကို သင်ကြားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိခိုက်နာကျင်မှု မကင်းနိုင်ဆိုသည်ကိုလည်း သိထားသည်။ တကယ်တော့ ကျွန်တော့်တွဲဘက်က စီနီယာကြီး ဖြစ်၍ တွဲခေါ်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က လှည့်ပတ်ကာ တိုက်ခိုက်သည်။ တစ်ကြိမ်တွင် ကျွန်တော့်အတွက် အခွင့်အရေးထင်မှတ်ကာ လူအားနှင့် လက်သီးအားကို ပေါင်းကာ တက်ထိုးလိုက်သည်။ လမ်းခုလတ်မှာပင် ခပ်ပြင်းပြင်းလက်သီးတစ်လုံး မျက်နှာထက်သို့ ရောက်လာသည်ကို သိလိုက်ရသည်။ အတိအကျ ဆိုရပါလျှင် မျက်ခုံးနှစ်ခုကြား မျက်မှောင်နေရာဖြစ်သည်။
မြင်ကွင်းအားလုံး မှောင်မိုက်သွားသည်။ ခေါင်းကို ခါရမ်းလိုက်ပြီး ရှေ့သို့အားစိုက်ကြည့်သည်။ မည်သည့်အရာမျှ မမြင်ရ။ အားလုံးမည်းမှောင်နေသည်။ ကြယ်တွေ၊ လတွေ မြင်မနေရသော်လည်း အနက်ရောင် အမှောင်ကိုတော့ မြင်နေရသည်။ နားထဲတွင် ဘေးမှအသံတို့ကို ကြားနေရသည်။ ခေတ္တမျှသာ ဖြစ်သည်။ တကယ်သာ သူ၏အားနှင့် ထိုးချလိုက်လျှင် လက်အိတ်စွပ်ထားသော်လည်း မေ့လဲသွားစေမည့် လက်သီးမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုနေ့က ကျွန်တော် အနားမယူဘဲ အကောင်းဆုံး ကစားခဲ့သည်။ အကောင်းဆုံးဖြစ်ချင်မှ ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် ပြိုင်ပွဲမှနှုတ်ထွက်မသွားဘဲ ဆက်ကစား ခဲ့သည်က သေချာသည်။
တစ်ခါတစ်ရံ မနိုင်မှန်းသိလျက်နှင့် ထွက်မသွားနိုင်သည့် ပြိုင်ပွဲတွေရှိသည်။ ရှုံးမှန်းသိလျက်နှင့် ဆက်တိုက်နေရသည့် တိုက်ပွဲတွေရှိသည်။ “ ဟန် ” ကိုယ့်ဖို့၊ “ မာန် ” သူ့ဖို့ ဆိုသော စကားလေးများဖြင့် အားတင်းတိုက်ခဲ့ရသည့် နေ့ရက်တို့လည်း ရှိမည်။ ဂုဏ်သိက္ခာကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ သင်ခန်းစာကြောင့် ဖြစ်သည်။ အောင်ပွဲတစ်ခုဆီမှ ဆုလာဘ်အပြင် သင်ခန်းစာ မရနိုင်သော်လည်း ရှုံးပွဲတစ်ခုဆီမှ သင်ခန်းစာများစွာ ရနိုင်သည်။ ရှုံးပွဲတစ်ခုဆီတွင် လောကနိယာမ သင်ခန်းစာများကို များစွာသင်ကြားပို့ချပေးနေတတ်သည့် ဆရာများရှိသည်။ ထိုဆရာများထံမှ သင်ခန်းစာများစွာကို သင်ယူခဲ့ဖူးသည်။ အလေ့အကျင့်အနေဖြင့် အောင်ပွဲရနေစဉ်မှာပင် သင်ခန်းစာဆိုသော ဆရာကို ရှာဖွေနေမိသည်အထိဖြစ်သည်။
အကောင်းဆုံးခုခံခြင်းသည် အကောင်းဆုံးတိုက်ခိုက်ခြင်းမည်၏ ဆိုသောစကားကို ကျွန်တော် လက်ကိုင်ထားချိန်တွင် ကြုံလာရသည့် လက်သီးတို့က မျိုးစုံဖြစ်လာသည်။ ပန်းပွင့်လေးများ၊ ချောကလက် လေးများကလည်း လက်သီးဖြစ်လာတတ်သည်။ ကတ္တီပါလက်အိတ်စွပ်ထားသည့် သံလက်သီးများကိုလည်း တွေ့ဖူးသည်။ မျက်နှာအနားရောက်မှ နှာနုရိုးကိုချိုးတော့မည့် ကျောက်လက်သီးဖြစ်သွားသည်များကိုလည်း မကြာခဏကြုံရသည်။ ပခုံးပုတ်ခံရ၍ နောက်လှည့်ကြည့်စဉ် ဖြတ်ခနဲထိုးတတ်သည့် လက်သီးပိုင်ရှင်များနှင့် လည်း မကြာခဏဆုံရသည်။
သင်ခန်းစာများစွာကို အကြိမ်ကြိမ် သင်ယူပြီးသည့်နောက်မှာတော့ တချို့လက်သီးများကို ရှောင်တိမ်းတတ်သွားသည်။ တချို့လက်သီးများက ရှောင်တိမ်းစရာ မလိုလောက်အောင်ပင် နုံအသည်။ တချို့လက်သီးများကတော့ ကိုယ်ကို ရို့ပေးရုံမျှဖြင့် လွတ်သည်။ တချို့လက်သီးတွေက အသာအယာ ပုတ်ထုတ်ပေးရုံနှင့် လမ်းလွဲသွားသည်။ တချို့လက်သီးတွေက သူ့အားနှင့်သူ ဒုက္ခတွေ့သွားစေရုံဖြင့် ပြီးသည်။ တော်ရုံတန်ရုံ လက်သီးမျိုးက ကျွန်တော့်ကို ဒုက္ခမပေးနိုင်တော့တာ သေချာသည်။
ကျွန်တော် မတိမ်းရှောင်နိုင်သည့်၊ မတိမ်းရှောင်တတ်သည့် လက်သီးတချို့လည်း ရှိသေးသည်။
“ ဖေဖေ သားကျောပိုးအိတ် လိုချင်လို့ …”
“ စပိုက်ဒါမဲန်း အင်္ကျီဝတ်ချင်တာ…”
“ ပါဝါရိန်းဂျား နာရီလေး …”
ထိုသို့သော စကားလုံးများသည် အသက်ရှုကြပ်စေသည့် လက်သီးများ ဖြစ်လာသည်။ ကျွန်တော် သောက်မည့် လက်ဖက်ရည်များကို လျော့ချလိုက်ခြင်း၊ ဖြတ်တောက်လိုက်ခြင်းမျိုးဖြင့် ခုခံကာကွယ်ရသည်။ တစ်ခါတစ်ရံ အိမ်နီးနားဝန်းကျင်မှ သားနှင့်ရွယ်တူကလေးများ ရီမုဒ်ကွန်ထရိုးများဖြင့် လေယာဉ်ပျံများ၊ ရောင်စုံမီးလုံးများနှင့် ကားများကို ကစားနေစဉ် အားကျစိတ်ဖြင့်ငေးကြည့်နေသည့် သားကို မြင်ရချိန်မျိုးတွင် အနည်းငယ် တုန်ရီမောဟိုက်ပါသည်။ သားထံမှထွက်ကျလာမည့် စကားလုံးတို့ကို မကြားဝံ့ခဲ့။ မကြားဝံ့သော်လည်း သားထံမှစကားလုံးတချို့ကိုတော့ ထွက်ကျလာစေလိုပါသည်။ ထိုသို့မဟုတ်ဘဲ လိုချင်သောအရာများကို မမှန်ကန်သောနည်းဖြင့် သားအသုံးပြုကာ ယူလာခဲ့မည်ဆိုပါလျှင်…။ ထိုအတွေးမျိုး နှလုံးအိမ်ထဲရောက်လာသည့်ခဏ ကျွန်တော်သားပြောမည့်စကားကို လိုလိုချင်ချင်နားထောင် ရန် အသင့်ဖြစ်သွားသည်။
“ ဖေဖေ မြေကော်စက်ကားလေး လိုချင်လို့ …”
ကျွန်တော် ချက်ခြင်းပင် ဝယ်ပေးဖြစ်ခဲ့သည်။ ပျော်ရွှင်ကျေနပ်သွားသည့် သားကြီးကိုကြည့်ရင်း ကျွန်တော် မရှောင်ဖြစ်တော့သည့် လက်သီးများအကြောင်း စဉ်းစားမိလာသည်။ အပြင်ထွက်လိုက်သည်နှင့် ကမ္ဘာကြီးသည် မိသားစုများ၊ အိမ်ထောင်ဦးစီးများကို လှလှပပထိုးသတ်နိုင်မည့် ပုံသဏ္ဍာန်နှင့် အရောင် အသွေးစုံလင်သည့် လက်အိတ်များကို ချခင်းထားသည်။ ချမ်းသာမှုဝတ်စုံကို မဆင်ယင်နိုင်သေးသည့် လူသားတစ်ယောက်အတွက် ချစ်ခင်သူများထံမှ ထိုလက်အိတ်မျိုးများဖြင့် ထိုးနှက်ခံရချိန်မျိုးတွင် အသက်ရှုရပ်မတတ် လေပြတ်သွားသလို ခံစားရစေလိမ့်မည်။
ထိုအဖြစ်ဆိုးမျိုးကို ရှောင်တိမ်းရန်အတွက် အပြင်ထွက်လျှင် ရှေ့တည့်တည့်သာကြည့်ဖြစ်အောင် ကြိုးစားသည်။ ဇနီးသည်ပါလာလျှင် စကားဆက် မပြတ်အောင်ကြိုးစားသည်။ တစ်ခုကံကောင်းသည်မှာ အသက်ရှုမှားစေလောက်သည့် အားပြင်းပြင်းစကားလုံးမျိုး ယနေ့ထိတိုင် သူမထံမှ ထွက်ကျမလာခြင်း ဖြစ်သည်။ ယခုလောက် ဈေးမပေါသေးမီ ဖုန်းဆိုသောအရာကို အများနည်းတူ ကိုင်နိုင်ဖို့ ဝယ်ပေးခဲ့ဖူးသည်။ ရတနာဆိုသောအရာကို စာအုပ်လေးတစ်ခုတွင် နှစ်ပေါက်အောင်စု၍ ဝယ်ခဲ့ရဖူးသည်။ သာမန်ယောက်ျား တစ်ယောက်သာဖြစ်သော ကျွန်တော်သည် ခန်းမများတွင် ထွန်းထားသည့် အလင်းများထက် ပိုလင်းဖို့ ကြိုးစားနေကြသည့် ရတနာပြိုင်ပွဲများကိုကြည့်ရင်း မသက်မသာ ခံစားရသူဖြစ်သည်။ ငယ်သူငယ်ချင်းများ ပြန်တွေ့ရသည့်တိုင် အစိမ်းရောင်တောက်ပသွားကြသည့် မျက်လုံးများကို ကြည့်ရင်း ပျို့အန်ချင်မတတ် ဖြစ်ရသည်။
“ အကူအညီလိုရင် ငါ့ဆီလာခဲ့လေ …”
 ငွေတိုးချေးစားနေသည့် သူငယ်ချင်းထံမှ ခပ်အစ်အစ်လက်သီးချက်ကြောင့် စကားလုံးတို့ ပျို့အန်မပစ်ဖို့ကို နှုတ်ခမ်းတင်းတင်းစေ့ထားခြင်းဖြင့် ကာကွယ်ထားရသည်။
“ ကျောင်းတုန်းက ခပ်တုံးတုံးအတွေးတွေကို ကျောင်းမှာပဲထားခဲ့ကွ၊ ဒီခေတ်ကြီးထဲမှာ ရိုးသားရင် အရိုးပဲစားနေရမှာ၊ ငါတို့လိုလုပ်စမ်းပါကွ၊ ဘယ်လိုလဲ အဖွဲ့ထဲပါမလား …”
အလယ်တန်းကျောင်းတွင် စာရိတ္တမောင်ဆုရခဲ့ဖူးသည့် သူငယ်ချင်း၏ ခပ်ညစ်ညစ်လက်သီးက မပြင်းရှသော်လည်း သန့်စင်ခန်းထဲတွင် ပျို့အန်သွားဖြစ်သည်အထိတော့ စွမ်းသည်။ ထို့နောက် နီယွန်မီးများ လင်းသည့်အချိန်ကျင်းပသည့် မည်သည့်အထိမ်းအမှတ်ပွဲမျိုးကိုမဆို ကျွန်တော် မတက်ဖြစ် တော့။ ထို့နောက်မှာတော့ ကမောက်ကမ ကျလာသည့် လက်သီးများနှင့် ဝေးလာသည်။ သို့မဟုတ် ထိုလက်သီးပိုင်ရှင်များနှင့် ဝေးရာတွင် ကျွန်တော်နေသည်။
ကျွန်တော့်ရင်ဘတ်တွင် ရိုက်နှိပ်ထားသည်မှာ မိသားစုဖြစ်သည်။ ထိုမိသားစုဆိုသော စကားလုံး လေး သုံးလုံးအတွက် လုပ်ငန်းစုကြီးတစ်ခုတွင် ကျွန်တော် စွဲမြဲနေသည်။ လုပ်ငန်းစုကြီးတွင် လူကြီး တစ်ဦးပြောင်းသွားသည်နှင့် နောက်ရောက်လာသည့် လူကြီးသစ်က လူဟောင်းများကို ရုံခါသည့် ဓလေ့ ရှိသည်။ ဝန်ထမ်းဟောင်းများကို ဖိနှိပ်မှုအမျိုးမျိုးနှင့် ဝန်ပိုများကိုထမ်းခိုင်းသည်။ တစ်ခါတစ်ရံ မိုင်အပိုသွား ခိုင်းသည်။ အလုပ်ထွက်ခြင်းဟူသော ထွက်ပေါက်တစ်ခုကိုသာ ချန်ထားသည့်အခါ ဝန်ထမ်းအများစုသည် အပြင်လောကရှိ လုပ်ငန်းများဆီသို့ အဆက်အသွယ်အသီးသီးနှင့် ထွက်ခွာသွားကြသည်။ ကျန်ရစ်ခဲသူများ မှာ ကျွန်တော်နှင့် ဝန်ထမ်းအနည်းငယ်သာဖြစ်သည်။
လောကကြီးသည် ကျွန်တော့်ထံသို့ လက်သီးများကို ပို့လွှတ်နေဆဲဖြစ်သည်။ တော်တော်များများကို ကျွန်တော်ကာကွယ်ရှောင်တိမ်းနိုင်သောအခါ ငယ်စဉ်တုန်းကလို တရစပ်မလွှတ်တော့။ အလစ်အငိုက်တွင်မှ တိုးဝင်လာသော လက်သီးချက်များဖြစ်လာသည်။ တချို့လက်သီးများကို ခပ်ပြင်းပြင်း ပုတ်ထုတ်လိုက် နိုင်သည်။ မရှောင်တိမ်းနိုင်သည့်အကြိမ်များတွင် မိသားစု ဟူသောခေါင်းစဉ်အောက်တွင် တိုးဝင်လာသည့် လက်သီးကို ပြုံးပြုံးကြီး ကြည့်နေလိုက်သည်။
လူသားတစ်ယောက်အနေဖြင့် လောကဓံ(၈)ပါးသည် မဖြစ်မနေ ရင်ဆိုင်ကြရမည့် လက်သီးများဖြစ် လေသည်။ ထိုလက်သီးချက်များကို ရှောင်တိမ်းနိုင်ရန်၊ သို့မဟုတ် ရင်ဆိုင်နိုင်ရန်အတွက် ဘုရားရှင် ဟောကြားခဲ့သည့် မဂ္ဂင်(၈)ပါးအတိုင်း လိုက်နာကျင့်ဆောင်ခဲ့ကြောင်း အမျိုးထဲမှ ဘကြီးဖြိုးဆိုသူက ပြောပြခဲ့ဖူးသည်။
သားနှစ်ယောက်ဖခင် ကျွန်တော့်အတွက်မူ လောကဓံလက်သီးချက်သည် မိသားစု ဟူသော ခေါင်းစဉ်အောက်တွင် ခပ်ထုံထုံဖြစ်ခဲ့ဖူးပြီ ဖြစ်သည်။ ကျွန်တော်အထိုးခံရသော လက်သီးချက်များသည် အားမပြင်းသောကြောင့် လည်း  ဖြစ်နိုင်ပါသည်။ သို့မဟုတ် အားအသင့်အတင့်ပြင်းသည့် လက်သီများနှင့် မကြာခဏ အထိုးခံခဲ့ရ သောကြောင့်လည်း ဖြစ်မည်ထင်ပါသည်။
ယနေ့ထိတိုင် ကျွန်တော်က လက်သီးများကို စိတ်ဝင်စားနေဆဲဖြစ်သည်။ ကျွန်တော် အထိနာခဲ့ရသည့် လက်သီးများအကြောင်းကိုလည်း မေ့မရနိုင်ပဲ ရှိနေဆဲပင် ဖြစ်ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လက်သီးများအကြောင်းနှင့် ရင်ဆိုင်ကျော်ဖြတ်ပုံကို သားတို့အား ပြောပြရပါဦးမည်။ ထိုနေ့သည် ……။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း