ကျွန်တော်နှင့် မျက်နှာဖုံး




ကျွန်တော်နှင့် မျက်နှာဖုံး

          “ ကျွန်တော်က ဆိုက်ကိုတစ်ယောက်ပါ ”
ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်နေခြင်း ဖြစ်သည်။ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ ဆိုသော တီဗွီကြော်ငြာကို အားကျ၍လည်း ဖြစ်နိုင်သည်။ မရိုးသားမှုတွေများလာသောကြောင့် ရိုးသားချင်လာ၍ ဝန်ခံရခြင်း ဖြစ်သည်။ ခင်ဗျားတို့အတွက် ရီစရာကောင်းသော အဖြစ်အပျက်တစ်ခုသည် ကျွန်တော်လိုက်လံ ရီမောဖို့ ခက်ခဲနေသော အရာတစ်ခု ဖြစ်နေတတ်သည်။ သာမန်အဖြစ်အပျက်လေးတစ်ခုသည် ကျွန်တော်အတွက် အူလှိုက်သည်းလှိုက် ရီမောစရာကိစ္စတစ်ခုလည်း ဖြစ်လာတတ်သေးသည်။ ယနေ့ မနက်စောပိုင်းလေးတွင် ကျွန်တော့်အတွက် ရီစရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ ရီစရာမကောင်းလျှင်တောင် မောစရာတော့ ကောင်းပါသည်။
ထိုအဖြစ်အပျက်ကို လုပ်ဆောင်ခဲ့သူမှာ ကျွန်တော်ဖြစ်သည်။ အခြေအနေကလည်း ထိုသို့ဖြစ်လာရန် ဖန်တီပေးနေသည် မဟုတ်လား။ ထိုဖန်တီး ပေး သောအရာသည် မနက်ခင်းတစ်ခုဖြစ်သည်။ ထိုမနက်ခင်းသည် နာရီလက်တံအတိုက (၃)ကိုညွှန်ပြပြီး လက်တံရှည်က (၁၂)ကို ညွှန်ပြနေချိန်လည်း ဖြစ်သည်။
          ကျွန်တော်က ဟိုတယ်တစ်ခု၏ ညစာရင်းစစ်မှူးဖြစ်သည်။ ယနေ့မနက်(၃)နာရီအတိတွင် ကျွန်တော်လုပ်ဆောင်ရမည့် အလုပ်တွေအားလုံး ပြီးစီးသွားသည်။ လူမှုကွန်ယက်လေး ဖွင့်ကြည့်မည် စိတ်ကူးတော့ လိုင်းကျနေပါသည်။ မနေ့က တစ်နိုင်ငံလုံးကျင်းပသည့် ပွဲတစ်ခုကြောင့် လိုင်းတွေချထားမှန်း ကျွန်တော်သိလိုက်သည်။ ဟိုစဉ်တုန်းကအထိမ်းအမှတ်တစ်ခုခု၊ အရေးကြီးအခမ်းအနားတစ်ခုခုရှိသည်နှင့် မီးပျက်သည်။ ဖုန်းလိုင်းတွေကျသည်။ ယခုတော့ နောက်တစ်ခုတိုးကာ အင်တာနက်လိုင်းတွေကျသည်။ အွန်လိုင်းတက်မရသော်လည်း အားလပ်ချိန်တွင် ဖတ်နိုင်ရန် ဆောင်ထားသည့် စာအုပ်တစ်အုပ်ပါသည်။ သို့သော် မျက်လုံးကို အားစိုက်သုံးထားသည်မှာ မကြာသေးသောကြောင့် အနားပေးရန် စိတ်ကူးမိသည်။ ငြိမ်ထိုင်နေလျှင် အိပ်ချင်သွားတတ်သောကြောင့် စိတ်အနားပေးသော်လည်း လူအနားမယူရန် ဆုံးဖြတ် လိုက်သည်။ ထိုကြောင့် ဟိုတယ် (Lobby) ထဲတွင် လမ်းလျှောက်နေလိုက်သည်။ ခဏအကြာတွင် (Tour Guide) တစ်ယောက် အင်တာနက်သုံးချင်လို့ဆိုကာ (Lobby)ထဲ ရောက်လာသည်။
          “ အခန်းထဲမှာ (wifi) မမိလို့ဗျ …”
          ကျွန်တော်က ခုလောလောဆယ် လိုင်းတွေကျနေကြောင်း၊ မနေ့ကပွဲကြောင့် လိုင်းချထားသည် ထင်ကြောင်း၊ ဖုန်းလိုင်းတွေပင် သိပ်မကောင်းကြောင်း သတင်းပေးလိုက်ရသည်။ သူလည်း ပါလာသည့် ဖုန်းလေးထုတ်ကာ လိုင်းသုံးကြည့်သည်။
          “ ဟုတ်တယ်ဗျ …တော်တော့်ကို နှေးတာပဲ…”
ထိုနောက် ခန္ဓီပါရမီဖြည့်သည့်အနေဖြင့် (Lobby)ထဲတွင် ဆက်သုံးနေသည်။ တာဝန်အတူကျ (Duty Manager)လည်း (Reception Counter) တွင် ရှိနေ၍ အပြင်ဘက် ဟိုတယ်ဝင်းထဲ လမ်းလျှောက်ထွက် ခဲ့လိုက်သည်။ (Lobby) အပြင်ရောက်သည်နှင့် အေးမြလတ်ဆတ်ခြင်းက ရင်ကိုလာတိုးသည်။ (Lobby)ထဲမှာလို အသံလုံသဖြင့် ပြင်ပမှအသံမကြားရ၍ တိတ်ဆိတ်ခြင်းမျိုးမဟုတ်ဘဲ လူအသွားအလာ နည်း၍ တိတ်ဆိတ်နေပုံမျိုးဖြစ်သည်။ အေးမြတိတ်ဆိတ်ခြင်းက ဦးခေါင်းထဲမှာရှိနေသည့် ရှုပ်ထွေး နောက်ကျိခြင်းများကို လျော့ချပေးသည်။
          အသံဗလံတွေတိတ်ဆိတ်သွားသည့်အချိန်  ကောင်းကင်ကြည့်ရသည်ကို ကျွန်တော် သဘောကျ သည်။ တစ်ခါတစ်ရံတော့ ပုရစ်အော်သံလေးများကို ကြားရနိုင်သည်။ ချင်းတွင်းမြစ်ထဲသွားလာနေသည့် မော်တော်စက်သံများကိုလည်း ကြားရတတ်သည်။ သို့သော် စိတ်အနှောက်အယှက် မဖြစ်မိ။ ညဥ့်ငှက်အော်သံ ကြားရလျှင်မူ ဗုဒ္ဓဘာသာဖြစ်သော်လည်း မြန်မာလူမျိုးဖြစ်၍ စိတ်ကသိကအောက် ဖြစ်သည်။ ငှက်အော်သံသည် ငှက်အော်သံသက်သက်ဖြစ်သော်လည်း စွဲနေသည့်အယူက စိတ် အနှောက်အယှက်ဖြစ်စရာ ကြုံရတတ်ခြင်း ဖြစ်သည်။ မကြုံရလျှင်တောင် စိတ်အနှောက်အယှက်ဖြစ်သလို ခံစားနေမိခြင်း ဖြစ်သည်။
          ယခုအချိန်တွင် (၇)ဧကခန့်ရှိသော ဟိုတယ်ဝင်းကြီး၏ ကွင်းပြင်ထဲတွင် ကျွန်တော်တစ်ယောက် တည်း ရှိနေရခြင်းအဖြစ်ကို ကျေနပ်သည်။ စကားသိပ်မများသည့် အဖော်တစ်ယောက် ရှိနေမည်ဆို လျှင်လည်း ကျွန်တော့်အတွက် ပြဿနာ မရှိဟုထင်ပါသည်။ စကားသိပ်ပေါလျှင်တော့ ကျွန်တော် အာရုံ နောက်ပါသည်။ ဆူညံမှုနည်းပါးလွန်းသည့် မနက်စောစော၊ လေအေးတိုက်နေသည့် ကွင်းပြင်၊ ရှင်းလင်းဖြူးဖြောင့်နေသည့် ဟိုတယ်ကွန်ကရစ်လမ်းမ၊ ထိုလမ်းမဘေးရှိ အဝါရောင် နီယွန်မီးများ၊ ကတ္တီပါအနက်နုခင်းထားသည့် ကောင်းကင်၊ တစ်ချက်တစ်ချက် ဖြတ်ဖြတ်လက်သွားတတ်သည့် ကြယ်များ …။ အားလုံးကို ကျွန်တော် သဘောကျသွားသည်။ ကျွန်တော့်အဆုတ်က လေကိုပြည့်ပြည့်ဝဝ မရှူရသည်မှာ ကြာပြီမဟုတ်လား။ တဝကြီးရှူပစ်လိုက်သည်။ ခန္ဓာကိုယ်ရှိအဆိပ်အတောက်တို့ သဘာဝအရ စွန့်ထုတ်ချိန်သည် ညအချိန်ဖြစ်သည်ဟု စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ဖူးသည်။ ညမအိပ်ရသည့် ကျွန်တော်တို့အတွက် ရေများများသောက်ဖို့လိုအပ်သည်။ လတ်ဆတ်အေးမြသည့်လေကို ရှုသွင်းဖို့လိုအပ်သလို ခပ်ပြင်းပြင်းရှုထုတ် လိုက်သော လေထဲတွင် အဆိပ်အတောက် တစ်ချို့ပါသွား တတ်ကြောင်း ဆရာမတစ်ယောက်က ပြောပြဖူးသည်။ အဆုတ်ထဲ့သို့ တဝကြီးရှူသွင်းထားသည့် လေများကို ခပ်ပြင်းပြင်းရှူထုတ်နေစဉ် အဆိပ်အတောက်ကို တွေ့လိုက်ရသည်။ ထိုအဆိပ်အတောက်သည် သို့မဟုတ် ထိုအနှောက်အယှက်သည် ကျွန်တော့်ထံသို့ ရှေးရှုလာနေသည်။ ဟိုတယ် လုံခြုံရေးဝန်ထမ်း တစ်ယောက်ဖြစ်သည်။
          ညဥ့်ငှက် မမြည်ဘဲ အဘယ့်ကြောင့် အနှောင့်အယှက်က ရောက်လာရသနည်းဟု ကျွန်တော် စဉ်းစားမိသည်။ ယခုအချိန်တွင် ကျွန်တော် စကားမပြောလိုပါ။ ကျွန်တော့်အတွက် စကားပြောဖော် မလိုပါ။ ညမအိပ်ရသည့် လူသားတစ်ယောက်၏ မလတ်ဆတ်သည့် အနံ့အသက်ကို ကျွန်တော် မရလိုပါ။ အစာနှင့်ဝေးနေသည့် ခံတွင်းမှအနံ့အသက်တို့ကိုလည်း မခံစားနိုင်ပါ။ ရှေးရှူလာနေသူသည် ကွမ်းယာ၊ ဆေးလိပ်သောက်စားထားသူဖြစ်မည်ဆိုပါလျှင် မနက်သစ်လေးတွင် ကြည်လင်ဖို့ကြိုးစားနေသော ကျွန်တော်၏ဦးခေါင်းကို နောက်ကျိစေပါလိမ့်မည်။ ထိုအနှောက်အယှက်များ ကင်းဝေးသည်ထားဦး ကျွန်တော်တိတ်တဆိတ်ခံစားနေသည့် အလှတရားတို့ကို ဖျက်ဆီးပစ်မှာတော့ သေချာသည်။ လုံခြုံရေးဝန်ထမ်းအတွက်မူ ကွင်းလယ်မှာရပ်ပြီး အချိန်မတော် ကောင်းကင်ကို မော့်ကြည့်နေသူ တစ်ယောက်သည် မသင်္ကာစရာဖြစ်သည်။ သူ၏ သက်တောင့်သက်သာရှိမှုကို ဖျက်ဆီးသူဖြစ်သည်။ တာဝန်အရ ထလာရသော်လည်း စိတ်တွင်းခံစားချက်မှာမူ ထိုင်မြဲခုံလေးပေါ်မှာ ဆက်ထိုင်နေလိုသူလည်း ဖြစ်ချင်ဖြစ်နေမည်။
          ကျွန်တော့်ထံသို့ ရှေးရှူလာနေသည့် လုံခြုံရေးကိုကြည့်ရင်း အတွေးတို့က ပြေးလွှားနေသည်။ သူက အနားရောက်လာလျှင် ဝန်ထမ်းအချင်းချင်းဖြစ်၍ နှုတ်ဆက်မည်။ နှုတ်ဆက်ပြီးသည်နှင့် လှည့်ပြန်သွားမည် မဟုတ်ဘဲ စကားပြောနေနိုင်သည်။ ယခုအချိန်တွင် ကျွန်တော်က စကားမပြော လိုသူဖြစ်သည်။ သူအနားရောက်လာလျှင် ယဉ်ကျေးမှုအရရော၊ အားနာမှုအရပါ စကားပြောသင့် သော်လည်း ကျွန်တော်ပိုင်ဆိုင်သည်ထင်သော ကျွန်တော် မပိုင်သည့်အချိန်လေးတွင် ဟန်မဆောင်လို၊ အာနာပြုံးပင် ပြုံးမပြလိုသူဖြစ်သည်။ ကျွန်တော် ဟန်ဆောင်လာရတာ ကြာပြီ မဟုတ်လား။ ထို့ကြောင့် ကျွန်တော် ရှောင်ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ (Reception)နောက်ဘက် ကျောက်ခင်း လမ်းမလေးဆီသို့ ခပ်သုတ်သုတ်ထွက်ခဲ့သည်။ ထို့နောက် (Reception) ဘေးတံခါးမှဝင်ကာ (Manager Counter) ရှိ ခုံပေါ်တွင် ခပ်တည်တည်ထိုင်နေလိုက်သည်။ ကျွန်တော်ဝင်သွားရာ လမ်းသွယ်လေးသို့ လှမ်းကြည့်ကာပြန်ထွက်သွား သော လုံခြုံရေးဝန်ထမ်းကို မှန်တံခါးမှဖြတ်ကာ မြင်နေရသည်။
          ဟန်ဆောင်မှုကို မုန်းသော၊ ဟန်ဆောင်စကားကိုမျှ မပြောလိုသော ကျွန်တော်က ထိုင်ခုံတွင်ထိုင်ကာ ရှိနေခဲ့သယောင် ဟန်ဆောင်နေသူဖြစ်သည်။ ထို့နောက် ကျွန်တော် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဘေးပေါက်မှထွက်ကာ ကွင်းလယ်သို့ထပ်သွားသည်။ ကောင်းကင်ကို မော့်ကြည့်သည်။ ခြေလွှဲ၊ လက်ရမ်းလုပ်သည်။ လုံခြုံရေးဝန်ထမ်း ထလာသည်ကို မြင်နေရသည်။ ကျွန်တော်သူ့ကို ကျောခိုင်းလိုက်သည်။ နီယွန်မီးများထွန်းထားရာ ကွန်ကရစ်လမ်းတလျှောက် ခပ်သုတ်သုတ်လျှောက်သည်။ နောက်လှည့်ကြည့်ကြောင်း သိစေရန် မသိမသာလှည့်ကြည့်ပြသည်။ ထိုသူ လိုက်လာသည်။ ပေ(၆၀၀)ခန့်လျှောက်မိတော့ လုံခြုံရေးဂိတ်တစ်ခုကို ရောက်သည်။ ဝန်ထမ်းလေးကို မေးဆတ်နှုတ်ဆက်ရင်း နောက်သို့အကဲခတ်ကြည့်သည်။ ခပ်လှမ်းလှမ်းတွင် ထိုသူပါလာကြောင်း တွေ့ရသည်။ ကျွန်တော် ဂိတ်ဆီသို့ မသွားတော့ဘဲ (House Keeping) ဌာနဘက်သို့ ချိုးဟန်ပြုကာ ကားတစ်စီးနှင့် ကွယ်နေလိုက်သည်။ လက်နှိပ်မီးနှင့် ဟိုထိုးသည်ထိုးလုပ်ကာ ရှာသည်။ ထို့နောက် ကျွန်တော်နှုတ်ဆက်ခဲ့သည့် အလယ်လုံခြုံရေးဂိတ်သို့သွားကာ မေးမြန်းနေသည်ကို မြင်နေရသည်။ ထို့နောက် (Report) ရေးနေကြောင်း တွေ့နေရသည်။ ထိုဝန်ထမ်း ကျွန်တော်မှန်းသိသွားပြီ ဖြစ်သည်။ ကိစ္စမရှိ။ သူတော်တော် လမ်းလျှောက်လိုက်ရပြီ ဖြစ်သည်။ အနည်းဆုံး ချွေးတော့ထွက်သွားပြီ မဟုတ်လား။
          ကျွန်တော် လမ်းချိုးလေးမှထွက်ကာ (Reception) သို့ လာခဲ့လိုက်စဉ် ထိုသူ လုံခြုံရေးဂိတ်မှာပင် (Report) ရေးရင်း ကျန်ရစ်ခဲ့ကြောင်း တွေ့ရသည်။ သူတို့တတွေက ထူးခြားဖြစ်စဉ်မရှိလျှင် အေးဆေးဖြစ်သည်။ (Maintain) ဌာနသည်လည်း ညပိုင်းတွင် (Complain) မရှိလျှင်အေးဆေးသက်သာ နှပ်နေ၍ ရသည်။ (House Keeping) ဌာနသည်လည်း ညပိုင်း ဧည့်ဝင်၊ ဧည့်ထွက်မရှိ၍ ဇိမ်ကျသည်။ ဧည့်ဝင်များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ကျွန်တော်တာဝန်ကတော့ ပုံမှန်ပင်ဖြစ်သည်။ စာရင်းစစ်ရ သည်။ စာရင်းမကိုက်လျှင် ကွဲလွဲချက်ကို တွေ့အောင်ရှာရသည်။ ဧည့်ဝင်နည်းလျှင် မနက်ခင်း (၂)နာရီခန့်တွင် ပြီးသော်လည်း တစ်ခါတစ်ရံ (Duty) ထွက်သည်အထိ အလုပ်များသောနေ့လည်း ရှိသည်။
          သို့သော် ယခုအလုပ်သည် ကျွန်တော်ရွေးသော အလုပ်ဖြစ်သည်။ အလုပ်က ကျွန်တော့်ကို ရွေးချယ်ခြင်းမဟုတ်ဘဲ ကျွန်တော်က အလုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သက်သာမည်ထင်သော (Maintain) ဌာနသို့ ပြောင်းမည်လား။ ကျွန်တော် မည်သည့်စက်မျှ မပြင်တတ်ပါ။ ထို့ပြင် ဝါယာကြိုးများကိုလည်း ကြောက်သည်။ မီးပျက်၍ မီးစက်နှိုးရလျှင် အခက်။ (House Keeping) ဌာနသို့လည်း မပြောင်းလိုပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်ခန်းဆောင် မရှင်းလင်လိုသောကြောင့် ဖြစ်သည်။ လုံခြုံရေးဌာနသို့ ပြောင်းမည်လား။ မဖြစ်သေးပါဘူး ဆိုသောအဖြေသာထွက်သည်။ အရေးအကြောင်းတစ်ခုခုကြုံလျှင် ဦးစွာအရိုက်ခံရသူမှာ ကျွန်တော်ဖြစ်နိုင်သည်။ ကိုယ်ရွေးချယ်ထား သည့်အလုပ်ကို ကိုယ်စီလုပ်နေရခြင်း ဖြစ်သည်။ ကိုယ့်တာဝန် ကိုယ်ကျေဖို့ တာဝန်ထမ်းဆောင် နေကြခြင်းဖြစ်သည်။
          ကျွန်တော်အလုပ်ရှုပ်နေချိန် တခြားသူတွေ အေးဆေးဖြစ်နေခြင်းကို မနာလိုခြင်း သက်သက် ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှုပ်စေရန်အတွက် အရှုပ်လုပ်လိုက်ခြင်းဖြစ်သည်။ ညစ်တွန်းလေး တွန်းတတ်သည့် သူငယ်ချင်းဆိုသည်ကလည်း ဝန်းကျင်အသီးသီးမှာ ရှိခဲ့ဖူးသည်။ မည်မျှတည့်မတ်သူ ပင်ဖြစ်စေ ကမ္ဘာပေါ်မှာနေထိုင်သမျှကာလပတ်လုံး အနည်းငယ်တော့ တိမ်းစောင်းနေပေလိမ့်မည်။ နှစ်ဆယ့်သုံး၊ နှစ်ပိုင်တစ်ပိုင်း ဒီဂရီတိမ်းစောင်းနေသည့် ကမ္ဘာကြီးတွင် ခင်ဗျားရော၊ ကျွန်တော်ပါ တိမ်းစောင်းနေကြောင်း သတိပြုမိသူ နည်းပေလိမ့်မည်။
          ကျွန်တော် (Reception) သို့ မသွားသေးဘဲ ဟိုတယ်ဂိတ်ဝရှိ လုံခြုံရေးဂိတ်သို့ လျှောက်ခဲ့လိုက် သည်။ လုံခြုံရေးဂိတ်တဲအဝတွင် ချွတ်ထားသော ရှူးဖိနပ်တစ်စုံကို တွေ့ရသည်။ ဂိတ်တဲထဲတွင် ကောက်ညှင်းဖက်ထုပ်ထက် လုံခြုံအောင်ထုပ်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ စောင်ဖြင့်ထုပ်ထားသည့် ထိုလူဖက်ထုပ်သည် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျနေသည်။ အမိုးတစ်ခု အောက် အလုပ်လုပ်နေကြသည့် ဌာနများမှာပင် အလုပ်များသည့် ဌာနက များသည့်အချိန်များသည်။ တစ်ဌာနထဲ ဖြစ်နေစေဦး အလုပ်ရှုပ်သည့်သူက ရှုပ်သည်။ ယခုပင် လုံခြုံရေးတစ်ယောက် ကျွန်တော့်နောက်လိုက်ကာ (Report) ရေးခြင်းဖြင့် အလုပ်ရှုပ်နေသည်။ ကျန်တစ်ယောက်က စောင်ထုပ်ဖြင့်မွေ့ကာ လောကကြီးကို မေ့နေသည်။ ခဏနေလျှင် (Kitchen) စသောဌာနများမှ သော့လာထုတ်ကြမည်ဖြစ်၍ (Reception) သို့ ပြန်ခဲ့လိုက်သည်။ ထိုင်ခုံတွင်ထိုင်ရင်း အလုပ်ရှုပ်သူများနှင့် အရှုပ်လုပ်သူများအကြောင်း စဉ်းစားရင်း ပြုံးလိုက်မိသည်။ ထိုစဉ် မှန်တံခါးရှေ့မှ ရှုတင်းတင်းမျက်နှာနှင့် ကြည့်သွားသည့် လုံခြုံရေး၏ မျက်နှာကို မြင်လိုက်မိစဉ် ကျွန်တော့်မျက်နှာထက်မှ အပြုံးတို့ ခေတ္တတန့်သွားသည်။ နောက်အဓိပ္ပါယ်ကို စဉ်းစားမိချိန်တွင် ကိုယ်ကိုလှုပ်ခါယိမ်းထိုးကာ ရယ်မောမိ သည်အထိ ကျွန်တော့်စိတ်တို့ကို လွှတ်ချပစ်လိုက်သည်။
          ကျွန်တော်တို့အားလုံး ဟန်ဆောင်ကမ္ဘာကြီးမှာနေထိုင်ကြသည့် ဟန်ဆောင်လူသားများ ဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ရိုးသားဟန်၊ ခင်မင်ဟန် ဆောင်ကြသည်။ ပွင့်လင်းဟန်ဆောင်သည့် လူများကြားမှာပင် လျို့ဝှက်ကိစ္စတို့က ရှိနေကြသည်။ မည်မျှပွင့်လင်းသည်ဆိုစေကာမူ လျို့ဝှက်ချက်တို့က ရှိနေကြဆဲဖြစ်သည်။ လျို့ဝှက်ချက်တို့ ရှိနေသည်နှင့်အမျှ ဟန်ဆောင်ခြင်းဆိုသည်က မရှိမဖြစ်လိုအပ်သော အရာတစ်ခု၊ အတတ်ပညာတစ်ခု ဖြစ်လာနေဆဲဖြစ်သည်။
          ကျွန်တော့်ကို အံကြိတ်ကာ ရှုတည်တည်ကြည့်သွားသည့် လုံခြုံရေးဝန်ထမ်းသည် ကျွန်တော့်ကို စိတ်ဆိုးဒေါသထွက်၍ ကြည့်သွားခြင်း မဟုတ်ဘဲ နောက်တစ်ကြိမ်တွင် ထိုကဲသို့ မပြုလုပ်စေလို သောကြောင့် စိတ်ဆိုးဟန်ဆောင်သွားခြင်း ဖြစ်သည်။ ကျွန်တော်ပင်လျှင် မသိလိုက်ဘဲ ထိုလူကြည့် လိုက်သည့်ခဏ မျက်နှာထက်မှ အပြုံးကလေးတန့်သွားခြင်းဖြင့် ဟန်ဆောင်လိုက်သေးသည် မဟုတ်လား။ သတ်မှတ်ထားသည့် စာရွက်သုံးရွက်ပေါ်တွင် တံဆိပ်တုံးကလေးထုကာ ပုံးထဲထည့်ပြီး
          “ တို့ဘက်ကတော့ တာဝန်ကျေပြီ …”
ဟု ဆိုကာ တာဝန်ကျေပြီထင်နေသော လူအများကြားတွင် ခင်ဗျားလည်း တာဝန်ကျေပြီဖြစ်ကြောင်း ဟန်ဆောင်ကြွေးကြော်တတ်ဖို့ လိုပါသည်။ ဟန်ဆောင်နေမှန်းပင် ကိုယ်တိုင်မသိလောက်အောင် ဟန်ဆောင်တတ်ဖို့ လိုသည်။ ကျွန်တော်ထပ်လောင်း၍ သတိပေးလိုပါသည်။
          ကျွန်တော်တို့အားလုံး လျို့ဝှက်ချက်အပြည့်နှင့် နှစ်ဆယ့်သုံး၊ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်း သည့် ဂြိုလ်ပြာကြီးတွင်နေထိုင်သူများဖြစ်ကြောင်း ခင်ဗျားသိစေချင်ပါသည်။ ဟန်ဆောင် မျက်နှာဖုံးများ အသားသေနေရန် လွန်မင်းစွာ လိုအပ်ပါသည်။  ထိုမျက်နှာဖုံး ကွာကျလာသောနေ့သည် ခင်ဗျားအတွက် ကမ္ဘာမြေမှ ထွက်ခွာသွားသောနေ့လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကမ္ဘာမြေမှ ထွက်ခွာသွားရန် တောင်းဆိုခံရသောနေ့လည်း ဖြစ်နိုင်သည်။ မျက်နှာဖုံးကွာကျမသွားသော်လည်း ထွက်ခွာသွားဖို့ တောင်းဆိုခံရသူများမှာ မျက်နှာဖုံးမကောင်းသူများဖြစ်ကြလေသည်။
          ခင်ဗျားနှင့် ကျွန်တော့်မှာ မျက်နှာဖုံးကောင်းကောင်းတစ်ခုရှိရန် လိုအပ်ပါသည်။ ထိုမျက်နှာဖုံးသည် မည်သည့်အခါမှ ကွာကျမသွားသည့် မျက်နှာဖုံးတစ်ခုဖြစ်ဖို့လိုသည်။ သေသည့်တိုင် ကွာကျမသွားသည့် ထိုမျက်နှာဖုံးသည် မကောင်းမှုအားလုံးကို ဖုံးကွယ်နိုင်စွမ်းရှိသည့် မျက်နှာဖုံးလည်း ဖြစ်ရမည်ဖြစ်သည်။ ဟန်ဆောင်ကမ္ဘာကြီးတွင် နေထိုင်သည့် ဟန်ဆောင်လောကသားများအတွက် ကောင်းကျိုးအမျိုးမျိုးကို ဖန်တီးပေးနိုင်မည်ဆိုလျှင်၊ သို့မဟုတ် ဖန်တီးပေးခဲ့မည်ဆိုလျှင် မျက်နှာဖုံးအောက် ခင်ဗျားမျက်နှာထက်မှာ ရှိနေသည့် အမာရွတ်တို့ကို ဟန်ဆောင်လောကသားတို့ မေ့လျော့သွားကြလိမ့်မည်။ မမေ့လျော့လျှင်လည်း မေ့လျောချင်ယောင် ဆောင်ပေလိမ့်မည်။
          မျက်နှာဖုံးကောင်းတစ်ခုရရန်နည်းလမ်းများကို ခင်ဗျားသိလောက်ပြီ ထင်သည်။ ခင်ဗျား မျက်နှာထက်မှ အမာရွတ်ကို ကျွန်တော်မေ့လျော့ချင်ပါသည်။ ကျွန်တော့်မျက်နှာထက်မှ အမာရွတ်ကို ခင်ဗျားမေ့လျော့စေအတွက် မျက်နှာဖုံးကောင်းတစ်ခုရရန် အစွမ်းကုန်ကြိုးစားသွားပါမည်။ ကဲ ခင်ဗျားကရော မျက်နှာဖုံးကောင်းတစ်ခု မတပ်ချင်ဘူးလား …။ 

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
http://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း