မျှော်လင့်ချက်နှင့် ရှင်သန်ခြင်း


မျှော်လင့်ချက်နှင့် ရှင်သန်ခြင်း

              လွန်ခဲ့တဲ့(၆)နှစ်က ငါ့အိတ်ကပ်ဟာ ပြားပြားလေး။ ပြီးတော့ ပါးပါးလေး။ ခုတော့ အိတ်ကပ်လေးက ပေါက်နေပြီ။ မျှော်လင့်ချက်တွေ အများကြီးနဲ့ အိပ်မက်တွေက နည်းနည်း ရယ်။ ခုတော့ မျှော်လင့်ချက်ပါးပါးနဲ့ အိပ်မက်တွေက များများလာပြီ။ ဒီလိုနဲ့ ကမ္ဘာကြီးကလည်း ပြားသွားတယ်။ ငါ့ဦးနှောက်တွေလည်း စားသွားတယ်။ ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့ သူငယ်ချင်းတွေက များတယ်။ အားနာမှုနဲ့ ဖြစ်တည်ခဲ့တဲ့ ငါ့ကိုယ် ငါလည်း ခါးတယ်။ ဆွေးနေတဲ့ မြှားတွေကို ချွန်ဖို့ထက် ပြေးနေတဲ့ အတွေးတွေကို ထိန်းဖို့က ပိုခက်တယ်။ အိမ်ထောင်ကျပြီး စာမရေးဖြစ်တော့တဲ့ စာရေးဆရာမကို သနားတယ်။ စာရေးပြီး စာမဖြစ်တဲ့ ငါလိုလူလည်း များတယ်။
ငယ်တုန်းက ဆရာမရှေ့မှာ လက်နှစ်ချောင်း ထောင်ပြီး ခဏကြာရင် ပေါ့ပါးသွားပြီ။ ဖေ့စ်ဘွတ်ခ်မှာ လက်နှစ်ချောင်းထောင်တဲ့ ကောင်မလေးရေ ။ နင့်ကို မြင်ရတာ နင်တယ်။ ထမင်းကြော်ကို ရေနွေးကြမ်း မပါဘဲ စားနေရသလို၊ အရည်သောက်မပါတဲ့ ထမင်းဝိုင်းမှာ ထိုင်နေရသလို နင်တယ်။ ကျေးဇူးပြု၍ နင့် လက်တွေကို ခဏခဏ မထောင်ပါနဲ့။ ဘ၀ဆိုတာ အဲသလိုပဲ မဆိုင်တာတွေ ထည့်ထည့်ပြောရ တာများတယ်။ ဆိုင်တာတွေကိုတော့ ရေငုံနှုတ်ပိတ်ထားရတယ်။ မနက်ဖြန်ဆိုတာ လာတော့မှာ မဟုတ်လား။ ဒီနေ့ဆိုတာလည်း ကုန်သွားပြီ ဆိုတော့လေ။ သဘက်ခါဆိုတာကို ငါ့အတွက် ချန်ထားနော်။ အချိန်တွေ ရှားပါးလွန်းလို့ပါ။ ပိုက်ဆံနဲ့ အချိန်ဆိုတာ ပြောင်းပြန်အချိုးကျတယ်လို့ ပြောကြတယ်။ ဒီသီအိုရီက ငါ့အတွက် ဘာ့ကြောင့် လွဲရတာလဲ။ ပိုက်ဆံကလည်း ရှားပါးတယ်။ အချိန်ကျလည်း ဆင်းရဲတယ်။ ပေါများနေတာက မလောက်ငမှုတွေပဲ။ လကုန်ရင် ...လကုန်ရင်။ အဲဒီလိုနဲ့ မုန်းစရာကောင်းတဲ့ လကုန်ရက် တွေ  ရောက်..ရောက်လာတယ်။ ပြီးတော့ ပြန်ထွက်သွားကြတယ် ငါ့ ပိုက်ဆံတွေ။ ဘယ်သူတွေ မင်္ဂလာဆောင် ကြပြန်ပြီလဲ။ ကျေးဇူးပြု၍ ငါ့ကို မေ့ထားပေးပါ။ သိပ်ခင် တယ် ဆိုတာကို သိပါတယ်။ ဒါပေမယ့် သိပ်မတွယ်ပါနဲ့လား။ ဘ၀က အသက်ရှု ကြပ်လို့ပါ။ နိုင်ငံရေးတွေ လာမပြောပါနှဲ့။ အိမ်တွင်းရေးလေး အဆင်ပြေအောင် ကြိုးစားဆဲမို့ပါ။ ထောင်အကြောင်း တော့ မပြောပါနဲ့။ ရာသက်ပန် အကျဉ်းသားမို့ပါ။ ကဲပါလေ ဘာတွေပဲ ကုန်သွား ကုန်သွား၊ မျှော်လင့်ချက် ကုန်မသွားဘို့ အဓိကမဟုတ်လား။ အိပ်မက်လိုက်  မျှော်လင့်လိုက်၊ မျှော်လင့်လိုက် အိပ်မက်လိုက်နဲ့ ငါမယုံကြည်တဲ့ ထီလက်မှတ်တွေတောင် အိမ်မှာတောင်လိုပုံနေပြီ။ လွန်ခဲ့တဲ့(၆)နှစ်က ငါ့မှာ အိတ်ကပ်ပြားပြားလေးနဲ့ အားပေးဖော် ချစ်ဇနီးအပြင် ဘာမှ မရှိဘူး။ ခုဆို ငါ့မှာ သားနှစ်ယောက်ရှိပြီ။ နောက်ပြီး ကလောင်နှစ်ချောင်းတောင် ပိုင်နေမှတော့ ဘာတွေလိုအပ်ဦးမှာလဲ။ Today is better than yesterday, tomorrow is better than today. ဘ၀ဆိုတာ မျှော်လင့်ခြင်းလေးပဲ မဟုတ်လား။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ရသစာတမ်း

ကျွန်တော်နှင့် OG Ward