ကျွန်တော်နှင့် ပျော်ရွှင်ခြင်း (သို့မဟုတ်) နောက်ကျရောက်လာသည့် သတင်း
ကျွန်တော်နှင့်
ပျော်ရွှင်ခြင်း (သို့မဟုတ်) နောက်ကျရောက်လာသည့် သတင်း
ရသစာတမ်း
ကျွန်တော့်အတွက် သတင်းကောင်းတွေသည် နောက်ကျမှ ရောက်လာတတ်သော
အရာတွေ ဖြစ်ခဲ့သည်။ တချို့အရာတွေက ရိုးစင်းရှင်းလင်းသည်။ ထိုရိုးစင်းရှင်းလင်းသောအရာတွေသည်
တစ်ခါတစ်ရံ ကျွန်တော်အတည့်ကြည့်၍ မမြင်ရသောအရာများ ဖြစ်နေတတ်သေးသည်။ ရှုပ်ထွေးသယောင်
ထင်ရသော တချို့အရားများကတော့ ကျွန်တော့်အတွက် ရှင်းလင်းလွယ်ကူသော အရာများ ဖြစ်လာတတ်သေးသည်။
ကျောင်းသားဘဝတွင် ကျွန်တော်က စာတော်သော ကျောင်းသားတစ်ဦး
မဟုတ်ခဲ့သလို ဉာဏ်ကောင်းသော ကျောင်းသားတစ်ယောက်လည်း မဟုတ်ခဲ့ချေ။ စာကြိုးစားသော ကျောင်းသားတစ်ဦး
တော့ ဖြစ်ခဲ့သည်။ ထို့အတွက် တစ်ခါတစ်ရံ
အတန်းထဲတွင် အမှတ်အများဆုံးသော ကျောင်းသားအဖြစ်ကို
ရရှိတတ်သော်လည်း အများအားဖြင့် ဝမ်းတူတဲန်းအတွင်း ရှိနေတတ်သူဖြစ်သည်။ လပတ်စာမေးပွဲများ၊
နှစ်ဝက်စာမေးပွဲများကို ကျွန်တော်ကြိုးစားဖြေသည်။ အတန်းထဲတွင် အမှတ်စာရင်းကြေငြာသောအခါ
အလေးအနက်မထားမိတော့။ တစ်ခါတစ်ရံ ဘာသာရပ်အားလုံး၏ အမှတ်စာရင်းပေါင်းသည် လွဲနေ တတ်သေးသည်။
သူငယ်ချင်းတစ်ဦးဦးက ထောက်ပြမှ ကိုယ့်အမှတ်စာရင်းသည် အားလုံးထဲတွင် အများဆုံးဖြစ်နေကြောင်း
သိရတော့သည်။ ထိုအခါကျမှ ကျွန်တော့်မှာ ဝမ်းသာအားရအဖြစ်ကို ခံစားရသည်။ ထိုအချိန်သည်
ကျောင်းသားအားလုံး အမှတ်စာရင်း သိပြီးနောက် တစ်ပတ်မျှကြာသော အချိန်မျိုးဖြစ်သည်။
ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသာဓု၏ အကယ်ဒမီရွှေစင်ရုပ်တုကို
တူရှာရင်း ကုတင်အောက် လက်သမားပစ္စည်းများထည့်ထားသည့် ပုံးထဲတွင်တွေ့လိုက်ရသည်ဟု ဆရာဦးသုမောင်ရေးသည့်
စာတစ်ပုဒ်တွင် ဖတ်ခဲ့ရဖူးသည်။ အလုပ်တစ်ခုကို လုပ်နေစဉ် အားသွန်ခွန်စိုက်လုပ်တတ်သော်လည်း
ပြီးသွားသည်နှင့် ထိုအလုပ်မှ အသီးအပွင့်တို့ကို ဂရုမထားသူဖြစ်သည်။ ဆရာသုမောင်၏ စာတမ်းလေးကို
ဖတ်ရင်း ငါငယ်ငယ်ကလည်း ဒီလိုပါပဲလားဆိုသောအတွေးမျိုးဖြင့် မအပ်မရာ စပ်ဟပ်ကာ ဂုဏ်ယူခဲ့ဖူး
သည်။ အလယ်တန်းကျောင်းသားဘဝအထိ ကျွန်တော်က စာကြိုးစားသူ ဖြစ်ခဲ့သည်။ အခြေအနေ အကြောင်းကြောင်းကြောင့်
ကျန်ရှိနေသော ကျောင်းသားဘဝကို တော်ရိလျော်ရိ ဖြတ်သန်းခဲ့သူ ဖြစ်သည်။
ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့က
အောင်စာရင်းကြည့်ခဲ့ရပုံကို ပြန်အမှတ်ရမိသေး သည်။ ကျွန်တော်တို့ရပ်ကွက်နှင့် ကပ်လျက်ရှိသည့်
ရပ်ကွက်မှ အလယ်တန်းကျောင်းကလေးတွင် ဖြစ်သည်။ ကွင်းလယ်တွင် အောင်စာရင်းများကပ်ထားသည့်
(Black Board) ကို စာသင်ခုံတွင် မှီ၍ထောင်ထားသည်။ ကျွန်တော် အများနည်းတူ တိုးကြည့်သည့်။
လူအုပ်နှင့်ညပ်ကာ ရှေ့ရောက်မသွားဘဲ နောက်သို့သာ ရောက်ရောက်သွားသည်။ တိုးဝှေ့သူနည်းသည့်
စာသင်ခုံပေါ်မှတက်ကာ အောင်စာရင်းကို ဇောက်ထိုးကြည့် လိုက်သည်။ သိပ်မရှာလိုက်ရပါဘဲ ကိုယ့်နာမည်ကို
တွေ့လိုက်ရသည်။ ဘုရားစူး သင်္ချာဂုဏ်ထူးတစ်ခုနှင့် ဖြစ်သည်။ အများတကာတွေ အတည့်မြင်နေရချိန်တွင်
ဇောက်ထိုးကြည့်မှမြင်ခဲ့ရ သည့် ကျွန်တော့်အဖြစ် ဖြစ်သည်။
ကျွန်တော်သည် ထူးထူးခြားခြားအတွေးအခေါ်ရှိသူမဟုတ်သလို၊
ဖောက်ထွက်တွေးတောနိုင်စွမ်း ရှိသူ တစ်ဦးလည်း မဟုတ်ခဲ့သည်မှာ သေချာသည်။ ရသစာအုပ်များကိုဖတ်ရင်း
ရေးဖို့ကြိုးစားနေချိန်တွင် မတူညီသောရှုထောင့်မှ တင်ပြနိုင်ရန်ကြိုးစားလာမိခြင်းဖြစ်သည်။
ဆရာ ကိုတာ၏ ဖြန့်ထွက်တွေးတောခြင်း စာအုပ်ကို ဖတ်ပြီးနောက်ပိုင်းမှ အတွေးအမျိုးမျိုးကို
ဖြန့်ကျက်လာတတ်သူဖြစ်သည်။ လွန်ခဲ့သော နှစ်(၂၀)ကျော်ကာလက ပြဌာန်းစာအုပ်တွင်ပါသည့် လိမ္မာသောလှည်းကုန်သည်နှင့်
မိုက်သောလှည်း ကုန်သည် ဇာတ်လမ်းတွင် ကျွန်တော်က မိုက်မဲသောလှည်းကုန်သည်နှင့် သဘောညီသူဖြစ်သည်။
ယခုချိန် ထိတိုင် တစ်ခါတစ်ရံ အများနည်းတူ သမားရိုးကျအတွေးမျိုး တွေးနေမိတတ်သူဖြစ်သည်။
သမားရိုးကျအတွေးများသည် စိတ်ခံစားမှုကို
ပေးစွမ်းရာတွင် မြင့်မားသည်။ ဖောက်ထွက် တွေးတောကာ ရှေ့ကိုကြိုမြင်နေသောကြောင့် စိတ်ခံစားမှုတို့ထုံအသွားသော
အခြင်းအရာများလည်း ရှိသေးသည်။ စာဖတ်သည့်နေရာတွင် ဖြစ်သည်။ စာဖတ်သူ အမျိုးအစား(၃)မျိုးရှိကြောင်း
စာအုပ်တစ်အုပ် ထဲတွင် ဖတ်ခဲ့ရဖူးသည်။ စာရေးဆရာနောက်မှ လိုက်ဖတ်သူ၊ စာရေးဆရာနှင့်အတူ
ရင်ဘောင်တန်း ဖတ်သူနှင့် စာရေးဆရာရှေ့သို့ ကျော်လွန်ဖတ်နိုင်သူများ ဖြစ်သည်။ ရသစာပေများကို
ဖတ်ရှုရာတွင် ကျွန်တော်က စာရေးဆရာနောက်မှ လိုက်ဖတ်သူသာဖြစ်လိုသည်။ စာရေးဆရာရှေ့မှ ကျော်လွန်သိမြင်
သွားသည်နှင့် နှလုံးသားသည် ခံစားမှုတို့ထုံအသွားကာ ရသကို အပြည့်အဝမခံစားရသလို ဖြစ်သွားသည်။
တချို့ ဇာတ်လမ်းများသည် နိဒါန်းကို ဖတ်လိုက်သည်နှင့်၊ တချို့ဇာတ်လမ်းများကတော့ အနည်းငယ်
ဖတ်လိုက်သည်နှင့် မြန်မာ ရုပ်ရှင်ဇာတ်ကားများလို ဘယ်လိုဇာတ်သိမ်းတော့မည်၊ ဘယ်ပုံဖြစ်လာတော့မည်
ကို ကြိုတင် သိရှိနေရခြင်းဖြစ်သည်။ ထို့ကြောင့် ရသစာပေဖတ်လျှင် စာရေးဆရာနောက်မှသာ လိုက်လံ
ဖတ်လိုသူ ဖြစ်သည်။ ရသကို အပြည့်အဝ ခံစားလို၍ ဖြစ်သည်။
ရသကို အပြည့်အဝခံစားလိုသလို ပျော်ရွှင်ခြင်းနှင့်
သတင်းကောင်းများကိုလည်း အရင်ဦးဆုံး ခံစားလိုသူသာဖြစ်သည်။ သို့သော် ပျော်ရွှင်ခြင်းဆိုသောအရာများသည်
အမှန်တရားနည်းတူ ကျွန်တော့် ထံသို့ နောက်ကျမှ ရောက်လာတတ်သူများဖြစ်သည်။ သတင်းကောင်းဆိုသည်များကလည်း
ထိုနည်း အတိုင်းပင်ဖြစ်သည်။ အားလုံးသည် အချိန်ဆိုင်းတတ်သော သဘောရှိသည် ထင်သည်။ စောင့်ဆိုင်း
ရခြင်းသည် ကျွန်တော်တို့ ချစ်ခင်သော အရာမဟုတ်သော်ငြား ရင်းနှီးကျွမ်းဝင်သည့်အရာ ဖြစ်သည်။
ကျွန်တော်တို့မိသားစု မျှော်လင့်တောင့်တနေသည့်
သားဦးရတနာလေးသည် အိမ်ထောင်ကျပြီး နောက် အချိန်အတန်ကြာမှ ကျွန်တော်တို့ဘဝထဲသို့ ရောက်လာခဲ့သည်။
ထိုသတင်းကောင်းလေး ရောက်လာဖို့အတွက် (၆)နှစ်ကျော်မျှ စောင့်ဆိုင်းခဲ့ရဖူးသည်။
ကျွန်တော်၏ စာမူလေးကို ပထမဆုံးရွေးချယ်ခံရစဉ်က
အဖြစ်ကို ပြောပြချင်ပါသေးသည်။ စာအုပ်အငှားဆိုင်မှ ငှားလာသည့် မဂ္ဂဇင်းစာအုပ်ကို ကျွန်တော်ဦးဆုံးဖတ်ဖြစ်သည်။
အချိန်အခက်အခဲ ကြောင့် နှစ်သက်သည့် စာရေးဆရာ၏ ဝတ္ထုတိုလေးကိုဖတ်ပြီး နောက်မှအေးဆေးဖတ်မည်
ဆိုသော အတွေးနှင့် တစ်ယောက်ကို လက်လွှဲလိုက်သည်။ အချိန်စေ့၍ ပြန်အပ်လိုက်ရသောကြောင့်
ကျွန်တော် မဖတ်လိုက်ရဘဲ ဖြစ်သွားသည်။ နောက်ရက်များမှ ထိုစာအုပ်ထဲတွင် ကျွန်တော်၏စာမူကို
ရွေးချယ် ထားကြောင်းနှင့် သင့်တော်ရာလတွင် ဖော်ပြမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားစာပါသည်ကို
သိလိုက် ရသည်။
ကျွန်တော်၏ စာမူလေးများ မဂ္ဂဇင်းတွင်
ပါလာသည့်အခါများတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ လကုန်ရက်ရောက်တိုင်း လစာထုတ်ပြီးသည်နှင့်
စာအုပ်ဆိုင်ရောက်တတ်သည်။ ရောက်တိုင်း မဂ္ဂဇင်းများ၏ မာတိကာကို လှန်ကြည့်ဖြစ်သည်။ လှန်မကြည့်ဖြစ်သည့်
အခေါက်သည် သို့မဟုတ် မေ့လျော့သွားသည့် လတွင် စာမူက ပါလာတတ်သည်။ တစ်ခါတစ်ရံ စာဖတ်သူတစ်ဦးဦး၊
သူငယ်ချင်းမိတ်ဆွေ တစ်ဦးဦးက ဖုန်းလှန်းဆက်မှ သိရသည်။ ထိုအချိန်သည် မဂ္ဂဇင်းထွက်ပြီးနောက်
တစ်ပတ်၊ ဆယ်ရက်မျှ ရှိနေပြီ ဖြစ်သည်။
နာမည်ကြီး မဂ္ဂဇင်းကြီးတစ်စောင်တွင်
ပါလာသည့် စာရေးဆရာနှင့် စာမူများကို အွန်လိုင်းတွင် အစောဆုံးတင်ပေးသည့် စာရေးဆရာတစ်ယောက်နှင့်
မိတ်ဖွဲ့ထားလိုက်သည်။ လစဉ်တိုင်း ထိုမဂ္ဂဇင်းကြီး တွင် မည်သူတွေပါဝင်ကြောင်း သိနေရသည်။
အကြောင်းကြောင်းကြောင့် မကြည့်ဖြစ်သောလတွင်
ကျွန်တော့်စာမူပါလာတတ်သည်။ တစ်ခါတစ်ရံ သုံးလေးရက်ကြာမှ သိရသည်။ ယခုလတွင်လည်း လေးရက်ခန့်နောက်ကျပြီးမှ
ကျွန်တော်သိရသည်။ စာအုပ်ဆိုင်ရောက်ဖြစ်သော်လည်း ကျွန်တော်ဝယ်လို သော ဝတ္ထုတိုပေါင်းချုပ်ဝယ်ကာ
ပြန်လာခဲ့မိသောအကြိမ်ဖြစ်သည်။ ညနေခင်းပိုင်းတွင်
သူငယ်ချင်း စာရေးဆရာမလေးမှ ဖုန်းဆက်အကြောင်းကြားပေးသည်။ သို့သော် ထိုသတင်းကို
မနက်ခင်းပိုင်းတွင် ကျွန်တော်သိပြီးဖြစ်သည်။
“ ဒီလမဂ္ဂဇင်းမှာ ဆရာ့စာမူပါတယ် … သိပြီးပြီလား
…”
ကျေးဇူးပါဗျာ ဆိုသော စကားကို ကျွန်တော်ပြောဖြစ်သည်။
သူငယ်ချင်းစာရေးဆရာမလေးက အရေးတယူလုပ်၍ သတင်းပေးခြင်းဖြစ်သောကြောင့် ကျွန်တော်ဝမ်းသာပါသည်။
သို့သော် ခုမှသိရပုံမျိုး ဖြင့်လည်း ကျွန်တော် ဟန်မဆောင်လိုပါ။ ကျွန်တော်ပြောလိုသည်က
ဝမ်းသာစရာများနှင့် သတင်းကောင်း များ၊ ကျွန်တော်လိုချင်နေသော၊ ကျွန်တော်လိုအပ်နေသောအရာများသည်
ကျွန်တော့်ထံသို့ နောက်ကျပြီးမှ ရောက်လာတတ်ခြင်းကို ဖြစ်သည်။
တက္ကသိုလ်မှ မြန်မာစာအထူးပြုဖြင့် ကျောင်းပြီးထားသည့်
သရုပ်ပြဆရာလေးတစ်ဦးထံမှ ကျွန်တော့်အတွက် လွန်စွာတန်ဖိုးရှိသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
ထိုသူသည်လည်း စာအုပ်စုဆောင်းသူ၊ စာပေကိုချစ်မြတ်နိုးသူ၊ တစ်ချိန်တွင် စာပေနယ်၌ ကလောင်သွေးရန်
စိတ်ကူးထားသူ တစ်ဦးဖြစ်သည်။ သူ့ထံမှာရှိနေသည့် စာအုပ်လေးသည် ကျွန်တော့်ထံရောက်ချိန်တွင်
ထုတ်ဝေသည်မှ ဆယ့်လေးနှစ်ကျော်ကြာသည့်အချိန် ဖြစ်သည်။ စာရွက်သားလည်း မကောင်းသလို သက်တမ်းလည်း
အနည်းငယ်ရနေသဖြင့် ဝါကြန့်ကာ ပွရွနေသည်။ သို့သော် ကျွန်တော့်အတွက်မူ အဖိုးမဖြတ်နိုင်သည့်
စာအုပ်လေးဖြစ်သည်။ ထို့ကြောင့် စာအုပ်အဟောင်းဆိုင်များတွင် လိုက်ရှာသည်။ မတွေ့ခဲ့ရ။
ထပ်မံပုံနှိပ်ဦး မည်လားဆိုသော အတွေးဖြင့် စာအုပ်ဆိုင်တွေမှာရှာသည်။ မရခဲ့။ နောက်ဆုံးတွင်
လိုချင်လွန်းလှသဖြင့် ဝတ္ထုတစ်အုပ်နီးပါးရှိသည့် ထိုဆောင်းပါးများကို ကွန်ပျူတာ မဝယ်နိုင်သေးချိန်ဖြစ်၍
လက်ရေးဖြင့် တစ်အုပ်လုံး ကူးပစ်ခဲ့လိုက်သည်။
ကျွန်တော် စာကူးနေချိန် စိတ်ရှည်၊ လက်ရှည်
ငှားရမ်းပေးသည့် ထိုဆရာလေးကိုလည်း ကျေးဇူးတင်ရသည်။ (၂)နှစ်ခန့်အကြာတွင် ထိုစာအုပ်လေးကို
စာအုပ်ဆိုင်ကြီးတစ်ဆိုင်တွင်တွေ့၍ ဝယ်သိမ်းထားလိုက်သည်။ ဈေးနှုန်းကလည်း သင့်တော်သည်။
စာရွက်သားကလည်း ကောင်းသည်။ နောက်ထပ်တစ်ကြိမ် ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်သည်။ ထုတ်ဝေသည့်
ခုနှစ်ကြည့်လိုက်တော့ ဘယ်လိုမှ ရှာမရနိုင်တော့သဖြင့် ကျွန်တော်လက်ရေးဖြင့် အသည်းအသန်ကူးနေသည့်
အချိန်ဖြစ်နေသည်ကို ခါးသက်စွာတွေ့လိုက်ရသည်။ အမေရိကန် သမ္မတလင်းကွန်းငယ်စဉ်က ၎င်းဖတ်လိုသည့်
စာအုပ်ကောင်း တစ်အုပ်အတွက် ငါးမိုင်မျှခရီးကို နေ့စဉ်ခြေလျင်လျှောက်ကာ ဖတ်ခဲ့ရဖူးသည်ဟု
မှတ်ခဲ့ရဖူးသည်။ ထိုမျှလောက် ကျွန်တော် အားမထုတ်ခဲ့ရသည်မှာ သေချာသည်။ ကျွန်တော့်အတွက်
တန်ဖိုးကြီးသည့် ထိုစာအုပ်လေး၏အမည်မှာ ဆရာဦးအောင်သင်းရေးသည့် ဝတ္ထုရေးရာ ဆောင်းပါးများဖြစ်သည်။
ကွယ်လွန်ခဲ့ပြီဖြစ်သော ဆရာဦးအောင်လင်းရေသည့်
မဟာစာနိဒါန်းဆိုသော စာပေဆောင်းပါးများ ပါသည့် ပြစ်မှုမဂ္ဂဇင်းများကို ရပ်ကွက်စာကြည့်တိုက်မှ
ငှားကာ ကူးရေးခဲ့ဖူးသည်။ တခြားပါရမီရှင် စာရေးဆရာများအတွက် လိုအပ်ချင်မှ လိုအပ်မည်ဖြစ်သော်လည်း
ဉာဏ်မှုန်ဝါးသော ကျွန်တော့်အတွက် မရှိမဖြစ်လိုအပ်ခဲ့သည့် လမ်းပြမီးအိမ်များဖြစ်တော့သည်။
ဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသည့် စကားပြေသဘောတရား၊
စကာပြေအတတ်ပညာ ဆိုသောစာအုပ်ကိုလည်း မိတ်ဆွေဆရာလေးဆီမှပင် ဖတ်ရှုခဲ့ရခြင်းဖြစ်သည်။ စကားပြေသမား
တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သောစာအုပ်ဟု ယူဆမိသည့်အတွက် မြို့ထဲရှိ စာအုပ်အရောင်းဆိုင
များတွင် လိုက်ရှာသည်။ ရယ်စရာကောင်းသည်မှာ အရောင်းစာရေးမလေးများသည် ဓနုဖြူ ဒေါ်စောရီ
ထမင်းကို မစားဖူးသော်လည်း သိနေကြသည်။ ဆရာမောင်ခင်မင်(ဓနုဖြူ)ကိုမူ မသိဟု ဆိုသည်။ ဆရာကြီးရေးသည့်
စာအုပ်ကိုမေးတော့ သိဖို့ရန် ဝေလာဝေးဖြစ်သည်။ စာအုပ်အရောင်းဆိုင်ရှိ ဝန်ထမ်းတစ်ယောက်အနေဖြင့်
စာအုပ်မျိုးစုံကို မဖတ်ဖူးသော်မှ စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးများ ကိုတော့ သိထားရန်လိုအပ်သည်ဟု
ထင်သည်။
ယခုအကြိမ်တွင်မူ ကျွန်တော်က နပ်သွားပြီဖြစ်သည်။
စာအုပ်ဆိုင်ကြီးကို စာအုပ် အမှာမခိုင်းတော့။ ရန်ကုန်သွားသည့် သူငယ်ချင်း၏ဖခင် စာရေးဆရာကြီးကို
မှာလိုက်သည်။ ထို့ကြောင့် လိုချင်နေသည့် စာအုပ်သည် ကျွန်တော့်လက်ဝယ် ပိုင်ပိုင်ရောက်ရှိလာခြင်းဖြစ်သည်။
ထိုစာအုပ်သည်လည်း မကြာသော နှစ်ပိုင်းတွင် ထပ်မံပုံနှိပ်သောအခါ ကျွန်တော်ဝယ်ယူသောဈေးထက်
သက်သာသွားသည်။ (၅)နှစ်မျှ အကြာတွင် ဝါသနာတူရာ ရေးဖော်ရေးဖက်များ စုစည်းထားသည့် စာရေးသူများအဖွဲ့မှ
စာရေးဆရာတစ်ဦးမှ စကားပြေသဘောတရားစာအုပ်ကို မရှိသေးသူများအား လက်ဆောင်ပေးရန် ကြိုးပမ်းသောအခါ
ကျွန်တော့်တွင် ရှိနေပြီးဖြစ်၍ စိတ်မကောင်းစွာ ငြင်းဆန်ခဲ့ရဖူးသည်။
တချို့အရာတွေက ရှုပ်ထွေးသယောင်ထင်ရသော်လည်း
ကျွန်တော့်အမြင်တွင် ရိုးစင်းလှကြောင်း ပြောပြလိုပါသေးသည်။ နာမည်ကျော်များပါသည့် အဖွဲ့အစည်းတစ်ခုသည်
၎င်းတို့အဖွဲ့အတွက် စည်းရုံးရေးဆင်းရာတွင် တည်းခိုရန်အတွက် ဟိုတယ်တွင် (Booking) လုပ်ထားစဉ်ကဖြစ်သည်။
နာမည်ကြီးဟိုတယ်ကြီးတွင် (Booking) လုပ်ထားသော်လည်း တည်းခိုသည့်အခါ တခြားဟိုတယ်တစ်ခု
တွင် ဖြစ်သည်။ နာမည်ကြီးဟိုတယ်မှ မန်နေဂျာတစ်ယောက်က (Arrangement) ညံ့လိုက်တာဟု စီစဉ်သူကို
ပြစ်တင်နေချိန်တွင် သတင်းလူသားများကို မျက်စိလှည့်လို၍ စီစဉ်ထားခြင်းဖြစ်ကြောင်း ကျွန်တော်က
သိနေသည်။
ယခုအခါတွင် ကျွန်တော်လိုချင်အတောင့်တဆုံးအရာတစ်ခုရှိသည်။
ထို့အတူ လူထုအားလုံး လိုချင်တောင့်တနေသည့် အရာတစ်ခုလည်း ရှိသည်။ အားလုံးသော လူအများက
လမ်းမပေါ်တွင် ၎င်းတို့ ဆန္ဒများကို ထုတ်ဖော်ပြောကြားနေကြချိန် ကျွန်တော်ကတော့ တိတ်တဆိတ်နှင့်
ချောင်မှာထိုင်နေချိန် လည်း ဖြစ်သည်။ ကျွန်တော်က အသံ-အ သည့် ကြေးစည်တစ်လုံး မဟုတ်သလို
(Silent) ချထားသည့် ဖုန်းတစ်လုံးလည်း မဟုတ်ခဲ့ပါ။ ရင်တွင်းမှ ဆန္ဒမှန်ကို ထုတ်ဖော်ပြောကြားရန်အတွက်မူ
အိပ်ချင်ယောင် ဆောင်နေဦးမည်ဖြစ်သည်။ သို့မဟုတ် တိတ်ဆိတ်ခြင်းကို အဖော်ပြုနေဦးမှာပဲ
ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် လိုချင်၍ တောင့်တလိုက်သည့်
အရာများသည် ကျွန်တော့်အတွက် ခက်ခဲတတ်လွန်းသောကြောင့် ဖြစ်သည်။ မှတ်မိဦးမည် ထင်ပါသည်။
ကျွန်တော်လိုချင်သည့် အရာများ၊ လိုအပ်နေသည့် အရာများနှင့် သတင်းကောင်းများသည် နောက်ကျစွာ
ရောက်လာတတ်လွန်းသောကြောင့် ဖြစ်သည်။
ကျွန်တော်တိတ်ဆိတ်နေခြင်းသည် အားလုံးမျှော်လင့်တောင့်တနေသည့်
ကောင်းသတင်းကို စောစီးစွာကြားရစေလိုသော စေတနာဖြင့် ဖြစ်ကြောင်း သိရှိစေလိုပါသည်။ ယခုအခါတွင်
ပျော်ရွှင်ခြင်းနှင့် သတင်းကောင်းသည် အချိန်မှန်နှင့်အမြန်ခုတ်မောင်းနေသည့် ရထားတစ်စင်းကိုစီးကာ
သင်တို့အားလုံးထံ သို့ အရောက်လာနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုပါသည်။
မှတ်ချက်(ဆရာညီပုလေး၏ သတင်းလူသား ဆိုသော
စကားလုံးကို ယူသုံးထားပါသည်။)
Comments
Post a Comment