ကျွန်တော်နှင့် ဘက်ထရီ
ကျွန်တော်နှင့်
ဘက်ထရီ
ရသစာတမ်း
ခွင့်ပြုပါ။ ကျွန်တော် ဘက်ထရီအိုးအကြောင်း
ပြောပြချင်ပါတယ်။ မင်းက ဘယ်လောက်သိလို့လဲ ဆိုတဲ့ မေးခွန်းထုတ်လာခဲ့မယ်ဆိုရင် ကျွန်တော်
အများကြီး မသိပါဘူးလို့ ဖြေရမှာ ဖြစ်ပါတယ်။ သိသလောက်လေး ပြောပြချင်တာပါ။ အချိန်မလုံလောက်မှု
ပြဿနာနဲ့ ကြုံနေရသူတစ်ဦးဆိုရင်တော့ ကျွန်တော့်စာကို ကျော်ဖတ် သွားဖို့ပဲ အကြံပြုချင်ပါတယ်။
ဘက်ထရီအိုးမှာ ပလိတ်ပြားဆိုတာလဲ ပါတယ်။ အက်ဆစ်ဆိုတာလဲပါတယ်။
အသုံးပြုလိုတဲ့ ပစ္စည်းနဲ့ ချိတ်ဆက်သုံးဖို့အတွက် ခဲငုတ်တွေလည်းပါတယ်ဗျ။ အထဲမှာပါတဲ့
ပလိတ်ပြားအရေအတွက်က ဆယ့်သုံးပြား ဆိုပါတော့။ အဲဒါ တစ်အိုးလုံးအတွက် မဟုတ်ဘူးဗျ။ ဘက်ထရီအိုးအတွင်းမှာရှိတဲ့
တစ်ခန်း တစ်ခန်းမှာပါတာ။ ဆိုင်ကယ်တွေမှာပါတဲ့အိုးကျ ပလိတ်ပြားဘယ်လိုပါလဲ သိဘူးဗျ။ အိုးခြောက်လို့
ပြောတာပဲ။ ဝပ်ရှော့ဆရာက ဘက်ထရီမကောင်းတော့ဘူးလို့ ပြောတာနဲ့ ဆိုင်ကယ်အပိုပစ္စည်း ရောင်းတဲ့ဆိုင်ပြေးပြီး
ဝယ်လိုက်တာပဲ။ အော်ရီဂျင်နယ် ရရင်ရ၊ သူ့ထက်ပိုကောင်းတာရှိလားမေးပြီး ဈေးပိုပေးရတာ
ဝယ်ခဲ့လိုက်တယ်။ အများအားဖြင့် ဈေးများရင် ပစ္စည်းမညံ့ဘူးလို့ပဲ နလပိန်းတုံး မှတ်ထားတာကိုး။
နောက် ဂရန်တီဆိုတာလဲ ပါတယ်ဆိုတော့လေ။ ထားပါ ။ ကျွန်တော် ပြောချင်တဲ့ ဘက်ထရီက အဲ့ဒီဘက်ထရီ
မဟုတ်ဘူး။ မီးထွန်းတဲ့ ဘက်ထရီပေါ့။ အကယ်ဒမီများရှင် မဆင့်ပြောသလို …
“ တစ်လုံးက ကက်ဆက်ဖွက်ဖို့၊ တစ်လုံးက မီးထွန်းဖို့
…”
ဆိုတဲ့
ဘက်ထရီအိုးမျိုးကို ပြောချင်တာ။ (EPC) ကျေးဇူးကြောင့် ဘက်ထရီအိုးတွေ တော်တော်အရောင်း
သွက်တယ်လို့ ကြားမိတယ်။ အရောင်းဆိုင်တွေမှာ ပုံထပ်နေတဲ့ ဘက်ထရီတွေအားကိုးပြီး (EPC)
က မီးပျက်တာလို့လည်း တစ်ချို့ကလည်း ပြောရဲ့။ အိမ်မှာမီးလင်းဖို့အတွက် ဘက်ထရီတစ်လုံးနဲ့
အင်ဗာတာ ကောင်းကောင်းရှိရင် ဖြစ်တာပဲမဟုတ်လား။ မီးသုံးများတဲ့အိမ်ကျတော့လည်း တရုတ်မီးစက်လေးတွေ
သုံးပေါ့ဗျာ။ သူ့နည်း သူ့ဟန်နဲ့ကတော့ အိုကို ကေလို့။ အားခဲထားတဲ့ ဘော်လုံးပွဲလာရင်၊
အကယ်ဒမီပေးပွဲဆိုရင် ဘာကြောင့်ရယ်သိဘူး မီးကပျက်ကရော။ မှတ်မိသလောက်ပြောပြရရင် စာမျက်နှာ
သုံးဆယ့်ငါးရွက် ပြန်လှန်ကြည့်၊ အရေးအကြောင်းဆို မီးကပျက်ကရောဆိုတာပဲ။ ဘောလုံးပွဲ မီးပျက်တာ
ဘာအရေးလဲ။ မီးစက်နှိုးပြတဲ့ လက်ဖက်ရည်ဆိုင်ပြေးပေါ့။ အားလုံးအဆင်ပြေသွားမယ်။ အကယ်ဒမီပွဲကျ
ဒီလိုမဟုတ်တော့ ဘူး။ ကြည့်ချင်ကြတာက ညီမတွေ၊ အဒေါ်တွေ မိန်းမသားတွေကိုးဗျ။ လက်ဖက်ရည်ဆိုင်
ဘယ်သင့်တော်မလဲ။
တစ်ခါတစ်ရံ အကယ်ဒမီပေးမယ့်ညနေ မီးလာတယ်ဗျာ။
မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရန်တွေ လာနေတာပြရင်း အင်တာဗျူးတာတွေ ပြတယ်ဗျာ။ တိုက်ရိုက်လွှင့်တာဆိုတော့
ကြည့်နေကြတဲ့ ပရိတ်သတ် လည်း ရင်တွေဘာတွေခုန်ပြီးပျော်လို့။ အကယ်ဒမီ ပေးမယ့်အချိန် လည်းရောက်ရော
တခြား ရပ်ကွက်တွေ၊ မြို့နယ်တွေတော့ မသိဘူး၊ ကျွန်တော်တို့ရပ်ကွက်ကတော့ အဟုတ်ကို မီးပျက်ရော။
အတော့်ကိုနည်းပါးလွန်းတဲ့ တစ်ခါတစ်ရံတော့ မီးမပျက်ဘူးဗျ။ တကယ် စိတ်ဝင်စားတဲ့ မင်းသား
အကယ်ဒမီဆုကြေငြာမယ် လည်းလုပ်ရော ရှစ်နာရီသတင်းရောက်ရော။ ခုတော့ ဒီဒုက္ခတွေက ဝေးသွားပါပြီ။
ပုဂ္ဂလိကလိုင်းတွေက လွှင့်နေတော့ မီးပျက်သွားရင် မီးစက်လေးနှိုးလိုက်ရုံပဲ။ ခုပေါ်နေတဲ့
တီဗွီတွေက ဘက်ထရီနဲ့တိုက်ရိုက်ဖွင့်လို့ မရဘူးလေ။ ကျွန်တော်တို့ ရှစ်တန်းကျောင်းသား
လောက်တုန်းက ကြော်ငြာမင်းသမီးလေးထက်ထက်က ဘက်ထရီနဲ့တိုက်ရိုက်ဖွင့်လို့ရတဲ့ ဒေဝူးတီဗွီ
ကြော်ငြာတာ မှတ်မိသေးတယ်။ အင်ဗာတာနဲ့ဖွင့်ရအောင်ကလည်း ပြနေတဲ့အချိန် အားကုန်သွားနိုင်တယ်
မဟုတ်လား။ အဲဒီတော့ မီးစက်ကလေး ဆီပြည့်ပြီးအဆင်သင့်ပြင် ထားတတ်ကြတာ ဘဝပေးအသိပေါ့ဗျာ။
သမ္မတကြီးနဲ့ ဝန်ကြီးနာမည်သာ မသိရင်ရှိမယ်။ ဘက်ထရီအိုးနဲ့ အမျိုးအစားအကြောင်းကိုတော့
တောရော၊ မြို့ပါ လှေနေ၊ လှည်းအောင်း၊ ဂိုထောင်၊ မြင်းဇောင်းမကျန် သိတယ်ခင်ဗျ။ ခုဆို
ဘက်ထရီအသုံးက ပိုတွင်ကျယ်လာရော။ ဆိုလာပြားနဲ့ အားသွင်းရတယ်ဆိုတော့ ဆိုင်သွားအားသွင်းစရာ
မလိုတော့ဘူး။ ဆိုလာပြားက ဈေးနည်းနည်းကြီးတာကလွဲလို့ အလုပ်ရှုပ်သက်သာ လာတာပေါ့။ နို့မို့ဆို
သွားအပ်လိုက်ရ၊ ပြန်သွားရွေးရနဲ့ အချိန်ပေးရတယ်။
ဘက်ထရီအိုးကို ဘယ်သူက စထွင်တယ်၊ ဘယ်တုန်းက
စပေါ်တယ်ဆိုတာ အတိအကျ မသိရပေမယ့် လျှပ်စစ်မီးမပေါ်ခင်လို့ ထင်တာပဲလေ။ ဒိုင်နမိုကနေ လျှပ်စစ်ဓာတ်ကို
ဖန်တီးတဲ့အကြောင်း ကျောင်းစာထဲမှာ သင်ခဲ့ဖူးတာပဲ။ နောက်ပြီး ကျွန်တော်တို့ရပ်ကွက် လျှပ်စစ်မီးမရှိခင်
နှစ်တန်း ကျောင်းသားကတည်းက ဘက်ထရီအိုးဆိုတာကို ရင်းနှီးနေပြီ။ ဗမာဘက်ထရီအိုးလို့ခေါ်တဲ့
အိုးမည်းကြီး တွေပေါ့။ ခုတော့ ယိုးဒယား အိုးဖြူလေးတွေပဲ သုံးကြတော့တာ။
ဟိုးတုန်းက ဘုရားပွဲအတွက် အလှူခံလှည့်ရင်၊
ရုပ်ရှင်ကျော်ငြာလှည့်ဝေရင် အဲဒီ ဘက်ထရီအိုးမည်း ကြီးတွေက ဇာတ်လိုက်ပေါ့။ ကျွန်တော်တို့အိမ်နဲ့
မျက်နှာချင်းဆိုင်က ဘကြီးက ရှေးသီချင်းတွေ၊ ဇာတ်ထုပ်တွေ တအားဖွင့်တာ။ တစ်ခါတစ်ရံတော့
မေဆွိရဲ့ ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်တို့၊ လွှမ်းမိုးရဲ့ ကြည့်မိလို့ကြိုက် သွားရင်ကွယ်
တာဝန်မယူတို့ ဖွင့်တတ်သေးတယ်။ အဲဒီသီချင်းဆို သုံးတန်းကျောင်းသားကျွန်တော်က လွှတ်ကြိုက်။
အသံကလည်း ကောင်းတာကိုး။ ခုခေတ်အဆိုတော်တွေပြန်ဆိုကြသလို အင်း … ပြောတော့ပါဘူးဗျာ။ တစ်ခါတစ်လေ
ကက်ဆက်သံများ တိတ်နေရင် တစ်ယောက်ယောက်က …
“ ဦးကျော်အေး ဇာတ်ထုပ်လေးဘာလေး လုပ်ပါဗျ
…”
“ အားသွင်းဆိုင် ပို့ထားလို့ကွ …”
နောက်တော့ တောင်းဆိုတဲ့ ပရိတ်သတ်များလာတာနဲ့
ဘက်ထရီအိုး နောက်တစ်လုံးထပ်ဝယ် လိုက်တယ်။ တစ်လုံးက မီးထွန်းဖို့၊ တစ်လုံးက ကက်ဆက်ဖွင့်ဖို့
မဟုတ်ဘူးဗျ။ နှစ်လုံးစလုံး ကက်ဆက် ဖွင့်ဖို့ချည်းပဲ။ ကျွန်တော် ငါးတန်းဖြေပြီး သင်္ကြန်မတိုင်မီ
အိမ်က ကက်ဆက်လေး ဝယ်ပေးတယ်။ နေရှင်နယ် ကက်ဆက်လေးဗျ။ အဲတာလေး ဖွင့်ဖို့ သရီးကေ(3K) ဘက်ထရီလေးတစ်လုံးဝယ်ပေးတယ်။
ဆိုဒ်အမျိုးမျိုး ရှိတဲ့ထဲမှာ သူက နှစ်ဆယ်ဆိုဒ်ဗျ။ အားသွားသွင်းတဲ့အခါတိုင်း ဘက်ထရီအိုးဆွဲရတဲ့ကျွန်တော်
လက်အံတွေကို သေလို့။ တစ်ခါတစ်ခါ စက်ဘီးနောက်ကထိုင်ရင်း လွှတ်ချလိုက်တော့မယ်လို့ ဆုံးဖြတ်လုလုအခြေအနေပေါ့။
သိတယ်မို့လား။ ကျွန်တော်က လူကသာ သေးတာ၊ ဗလကျတော့ မကောင်းဘူးလေ။ ခုနှစ်တန်းရောက်တဲ့နှစ်မှာ
အဲဒီဝဋ် ကျွတ်ကရော။ အိမ်က မီတာဘောက်ဝယ်လိုက်လို့ပါ။ မီးပျက်ရင် သုံးနိုင်အောင် ဘက်ထရီအိုးကို
အားပြန်သွင်းပေးနိုင်တဲ့ (Emergency Light) လေးရောပါတော့ ဘာပြောကောင်းမလဲ။ အိုကို ကေလို့။
နောက်တော့ အင်ဗာတာတွေ ခေတ်စားလာတယ်။ ကျွန်တော်လည်း ဆယ်တန်းကို အင်ဗာတာကျေးဇူးနဲ့ စာကြည့်နိုင်လို့
အောင်ခဲ့တယ်ဆိုပါတော့။
ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောရရင်တော့
ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာ နဲ့အမျှ ဒိုင်ယာရီစာအုပ်တွေလည်း များလာတာပေါ့။
အဲဒီလိုနဲ့ ဂစ်တာကြိုးတွေ အကြိမ်ကြိမ်လဲရင်း နောက်ဆုံးတော့ ကျောင်းပြီး၊ ဘွဲ့ရ၊ အိမ်ထောင်ကျခဲ့ရတယ်။
တီဗွီ၊ ရေခဲသေတ္တာကစလို့ အင်ဗာတာထဲ မှာပါတဲ့ ဖျူးစ်လေးက အစရောင်းတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကြီးမှာ
အရောင်းစာရေးအဖြစ် အလုပ်ဝင်တော့ ငယ်ချစ်ဦးနဲ့ ဆုံရပြန်ရော။ ဘယ်သူရှိဦးမှာလဲ။ ဘက်ထရီပေါ့။
အဲဒီမှာ သူ့အကြောင်းပိုသိရရော။ ဂရုတစိုက်သုံးရင် သုံးနှစ်နဲ့အထက် သုံးလို့ရတယ်ဆိုတာရော၊
သုံးနှစ်အထိတော့ ဒေါင်ဒေါင်မြည် သုံးလို့ရတယ်ဆိုတာမျိုးပေါ့။
ဟိုးတုန်းကတော့ အိမ်မှာသုံးတဲ့ ဆိုဒ်လောက်ပဲသိတာ။
ခုမှ သူ့မှာဆိုဒ်အမျိုးမျိုး၊ နာမည်အမျိုးမျိုး ရှိမှန်းသိရတော့တာပေါ့။ မှတ်မိသလောက်ဆို
သရီးကေ(3K)ဗျာ၊ (Yuasa)ဗျာ၊ (FB)၊ (Panasonic)ဗျာ။ (Panasonic) မှာ နှစ်မျိုးခွဲထားသေးတယ်ဗျ။
ကားအိုးရယ်၊ အင်ဗာတာအိုးရယ်ဆိုပြီးခွဲထားတာ။ အင်ဗာတာအိုးက ဂျပ်ဗူးအဖြူ၊ ကားအိုးကျတော့
ဂျပ်ဗူးအမည်း။ အင်ဗာတာအိုးကျတော့ အားလွယ်လွယ် ဝင်နိုင်အောင် ပလိတ်ပြားပါးတယ်၊ ကားအိုးကျ
စတပ်နှိုးရတာမို့ ပလိတ်ပြားထူတယ်လို့ အဲဒီဆိုင်က အရောင်းမန်နေဂျာက ပြောတာပဲ။ ကျွန်တော်ကလည်း
စပ်စပ်စုစုနိုင်တယ် မဟုတ်လား။ နောက်ထပ် ကျန်သေးတာက (GS)၊ (GP)။ (GS) က နည်းနည်း အစိုပြန်လွယ်တယ်။
ဂျပန်နည်းပညာများနဲ့ မြန်မာပြည်မှာလုပ်သည်ဆိုတဲ့ (Toyo) ဘက်ထရီ။ သူ့အိုးကတော့ ပလပ်စတစ်သား
နည်းနည်းပါးတယ် ထင်တယ်ဗျ။ အဖြူရာစင်းတွေ တစ်ချို့ အိုးတွေမှာ ပေါ်နေတတ်တယ်။
ဘက်ထရီအိုးဆိုဒ်တွေကလည်း အမျိုးမျိုးပဲဗျ။
ယိုးဒယားအိုးတွေထဲမှာ နှစ်ဆယ်ဆိုဒ်က သရီးကေ(3K) တစ်ခုပဲလာတယ်။ နောက်ပြီး သူ့မှာ ဗို့အမျိုးမျိုးပြောင်းသုံးနိုင်တယ်။
(၁၂)ဗို့၊ (၈)ဗို့၊ (၆)ဗို့ စသဖြင့်ပေါ့ဗျာ။ ဘက်ထရီအိုးဆိုဒ် ဘယ်လောက်ကြီးကြီး သူထုတ်ပေးနိုင်တာက
(၁၂)ဗို့ပဲဗျ။ သုံးမယ့်ဝန်အပေါ်မူတည်ပြီး ပြိုင်ဆက်တို့၊ တန်းဆက်တို့ တွဲပြီးသုံးကြတာ။
ရူပဗေဒနဲ့ ကျောင်းပြီးပေမယ့် ခုတော့ဒါတွေ လာမမေးတော့ နဲ့လေဗျာ။ ပါးစပ်ထဲမှာ
(Freely Falling Body) ဆိုတာလောက်ပဲ ယောင်ယောင်ကန်းကန်း ရွတ်နိုင်တော့တယ်။
(Potential Energy) နဲ့ (Kinetic Energy) မှာ ဘယ်ဟာက တည်ငြိမ်၊ ဘယ်ဟာက ရွေ့လျားဆိုတာ
ကျောင်းမှာပဲ ကျန်ခဲ့တော့တယ်။ ကျောင်းတက်တုန်းကလည်း စာသင်ခန်းထဲမှာထက် ကဲန်တီးန်မှာ
စစ်တုရင် ကစားချိန်က ပိုများခဲ့တာကိုး။ ခုလိုခေါင်းစဉ်လေးတွေ မှတ်မိနေတာတောင် ဆယ်တန်းတုန်းက
ကုန်းအော်ခဲ့ တဲ့အကျိုးကြောင့်ဗျ။ ဒါတောင် စာလုံးပေါင်းတွေ မှန်ရဲ့လား မသိဘူး။ ဆောရီးဗျာ
စကားတွေလည်း တောင် ရောက်၊ မြောက်ရောက် ဖြစ်ကုန်ပြီ။
ဘက်ထရီဆိုဒ်အကြောင်းလေး ပြန်ပြောမယ်နော်။
နှစ်ဆယ်ဆိုဒ်မှာ သရီးကေ(3K)ပဲ ရှိတယ်။ နောက် လေးဆယ်ဆိုဒ်၊ ငါးဆယ်ဆိုဒ်။ ငါးဆယ်ဆိုဒ်က
အသုံးနည်းတယ်။ ခုနစ်ဆယ်ဆိုဒ်၊ တစ်ရာဆိုဒ်။ တစ်ရာဆိုဒ်မှာ ဆိုဒ်ကြီး၊ ဆိုဒ်သေးဆိုပြီး
ခွဲထားသေးတယ်ဗျ။ ဆိုဒ်သေးက ခုနစ်ဆယ်ဆိုဒ်နဲ့ အတူတူပဲ။ အိမ်စီးကားလေး တွေအတွက် တစ်ရာဆိုဒ်သေး
အသုံးများတယ်။ မော်တာဆွဲရတာလည်း ကောင်းတယ် ပြောကြတယ်။ နောက် တစ်ရာ့နှစ်ဆယ်ဆိုဒ်၊ တစ်ရာ့ငါးဆယ်ဆိုဒ်။
ဒီဆိုဒ်နှစ်မျိုးစလုံးက အသုံးများတယ်။ ကားကြီးတွေမှာလည်း သုံးတယ်။ မီးထွန်းဖို့အတွက်
အင်ဗာတာနဲ့လည်း သုံးတယ်။ နောက်ဆုံး ကျန်တဲ့ဆိုဒ်က နှစ်ရာဆိုဒ်ဗျ။ ခုတော့ သည့်ထက်ကြီးတာတွေ
ပေါ်နေပြီလား သိပါဘူး။ ခုနစ်ဆယ်၊ တစ်ရာ၊ တစ်ရာ့နှစ်ဆယ်ဆိုဒ်တွေကို အင်ဗာတာနဲ့သုံးမယ်ဆို
ဝပ်ငါးရာဆို မဆိုးဘူးဗျ။ တစ်ရာ့နှစ်ဆယ်နဲ့ အထက်ဆိုရင်တော့ ဝပ်တစ်ထောင်မှ ကောင်းတာ။
သင့်တာ။
ဘက်ထရီသက်တမ်းစေ့သုံးနိုင်ဖို့အတွက် အက်ဆစ်အပေါ်မှာလည်း
မူတည်သေးတယ်ဗျ။ တစ်ချို့က ဘက်ထရီပြင်ဆိုင်က စပ်ပေးတာကြိုက်တယ်။ ကျွန်တော့်အကြိုက်ကတော့
ရယ်ဒီမိတ်ပုံးဝါ တွေဗျ။ သူ့ဆိုဒ်နဲ့သူ ကွက်တိပဲ။ နှစ်ဆယ်အိုး၊ လေးဆယ်အိုး၊ ငါးဆယ်အိုးဆို
လက်ကိုင်ကိုင်းနဲ့ ဗူးသေးဗျ။ ခုရေသန့်ဗူးဆိုဒ် အက်ဆစ်ဗူးတွေ ပေါ်နေတယ်ဆိုလို့။ ခုနစ်ဆယ်အိုးဆို
ဗူးလတ်တစ်ဗူး။ တစ်ရာအိုးဆို ဗူးကြီးတစ်ဗူး။ တစ်ရာနှစ်ဆယ်အိုးဆို ဗူးလတ်နှစ်ဗူး။ တစ်ရာ့ငါးဆယ်ဆိုရင်တော့
ဗူးကြီးနှစ်ဗူးထည့်လိုက်ရင် အိုကေပဲ။ အိမ်သယ်ရတာ မဝေးဘူးဆိုရင်တော့ ဆိုင်ကဝန်ထမ်းလေးတွေ
ထည့်ခိုင်းတာ အကောင်းဆုံးပဲ။ နယ်သယ်ရမှာမျိုး ဝေးရင်တော့ တစ်မျိုးပေါ့။ သတ်မှတ်ထားတဲ့
(Upper Level) အမှတ်နဲ့အညီထည့်ပြီးရင် နှစ်နာရီလောက်နှပ်ထားလိုက်။ နောက်ပြီးမှ တစ်ခန်းချင်း
အဖုံးဖွင့်ကြည့်။ လျော့သွားတဲ့အခန်း (Level)ညီသွားအောင် ထပ်ဖြည့်ပေးလိုက်ပြီးရင် ဒီဘက်ထရီအိုးသက်တမ်းတစ်လျှောက်
နောက်ထပ် အက်ဆစ်ထည့်စရာ မလိုတော့ဘူးဗျ။ တစ်ပတ်တစ်ခါစစ်ကြည့်။ လျော့သွားတဲ့ပမာဏကို ဘက်ထရီအတွက်
သီးသန့်ထုတ်ထားတဲ့ မိုးရေထည့်ပေးရတယ်။ တစ်ချို့က ရေသန့်ထည့်တတ်ကြတယ်။ မကောင်းဘူးဗျ။
ဘက်ထရီအရောင်းဝန်ထမ်းလုပ်မှပဲ အိမ်က ဘက်ထရီအိုး ဂရုစိုက်ရမှန်း သိတော့တယ်။
အဲဒီလိုနဲ့ ဝမ်းရေးအတွက် ဘက်ထရီတွေနဲ့လုံးရင်း
ဘဝကိုရုန်းခဲ့ရဖူးတယ်။ ဈေးရောင်းကောင်းဖို့ ဆိုတာကလည်း ဝန်ဆောင်မှုပေးနိုင်တဲ့အပေါ်မှာ
မူတည်သေးတယ်မဟုတ်လား။ တစ်ချို့ ကာစတန်မာ (Customer)တွေက အက်ဆစ်နဲ့တူတယ်။ ခပ်ချဉ်ချဉ်ပဲ။
များများထိမိရင် စားတယ်။ တစ်ချို့ကျတော့လည်း ခါးတယ်။ များများသောက်မိရင် ရင်တုန်စေတတ်တဲ့
ကော်ဖီခါးခါးလိုပဲ။ ဝန်ဆောင်မှုကောင်းကောင်း
ပေးနိုင်ဖို့ တစ်ခါတစ်ခါ သောက်ရတဲ့ ကော်ဖီတွေက သိပ်ကို ခါးတယ် သူငယ်ချင်း ။ မြိုမချနိုင်တဲ့အခါ၊
ထွေးထုတ်ဖို့လည်း မဖြစ်နိုင်သေးတဲ့ အချိန်အခါဆိုတော့…။ ရင်ဖွင့်လိုက်မှပဲ အသက်ဝဝပြန်ရှူနိုင်တဲ့
အခြေအနေမျိုးလေ။ ဒါ့ကြောင့် ဘောလ်ပင်တစ်ချောင်းနဲ့ ရင်ဖွင့်ဖြစ်ခဲ့တယ်။
ပြက္ခဒိန်ပေါ်က ကြက်ခြေခတ်တွေ များများလာတဲ့နောက်တော့
နယ်မြေသစ်တစ်ခုမှာ ရင်ဖွင့်ဖော် တွေနဲ့ သိကျွမ်းခဲ့ရတယ်။ ခင်မင်ခဲ့ရတယ်။ သူငယ်ချင်းစာရေးဆရာတစ်ယောက်ရဲ့ဖိတ်ကြားချက်နဲ့
ရသအစုန်အဆန်ဆိုတဲ့ ပွဲလေးတစ်ခုကို တက်ဖြစ်ခဲ့တယ်။ မရင်းနှီးပေမယ့် စာမျက်နှာထက်မှာ
ကျွမ်းဝင်နေတဲ့ ဆရာ၊ ဆရာမတွေကို စာမျက်နှာပြင်ပမှာ
အရှင်လတ်လတ်တွေ့လိုက်ရတဲ့ခံစားချက်က တော်တော့်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်ဗျ။ ဘယ်လိုပြောရမလဲတောင်
မသိတော့ဘူး။ ချစ်တဲ့ဘက်ထရီတွေကို တစ်စုတစ်စည်းထဲ တစ်နေရာထဲမှာ တွေ့လိုက်ရတဲ့ ခံစားချက်မျိုးနဲ့တောင်
ဆင်မလား မသိဘူး။ အယ်ဒီတာ စာရေးဆရာမကြီးတစ်ဦးနဲ့ နယ်ခံဆရာဝန် စာရေးဆရာလေးကလွဲပြီး မိတ်မဆက်
ဖြစ်ခဲ့ပေမယ့် သတိထားမိတာက လိပ်ပြာလေးအကြောင်း စာဖတ်ပြနေတဲ့ ဆရာမလေးကိုဗျ။ ပန်းဥယျာဉ်ထဲမှာ
ဝဲပျံနေတဲ့လိပ်ပြာလေးလေ။ ပရိသတ်အရှိန်ကြောင့် တောင်ပံတုန်နေတဲ့ လိပ်ပြာလေး။ အဲဒီလိပ်ပြာလေးက
ကျွန်တော့်သူငယ်ချင်း ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မလဲ။ ကျွန်တော် ကိုယ်တိုင်တောင် ထင်မထားမိဘူးဗျ။
နောက် ဆယ့်ငါးလကြာတဲ့အချိန် စာပေအဖွဲ့အစည်းတစ်ခုမှာ သူငယ်ချင်းဖြစ်သွားကြရော။ ကဲ မဆန်းဘူးလား။
ဒီထက်ဆန်းတာ ပြောရဦးမယ်ဆိုရင် စာရေးဆရာမလေးက
ဘက်ထရီဆိုင်ဖွင့်မယ်ဆိုလားပဲ။ ရေးအား ကောင်းကောင်းနဲ့ စာကောင်းအများကြီးထွက်တဲ့ သူမကို
စာနဲ့ပတ်သက်ပြီး ဘာမှပြောစရာ မရှိပေမယ့် ဘက်ထရီနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်လာတယ်။
ဝါကျတွေကို အပိုအလိုမရှိ လိုသလို ဖြတ်တောက်သုံးစွဲတတ်တဲ့သူမက ဘက်ထရီအိုးကို သက်တမ်းစေ့ရအောင်
သုံးစွဲနိုင်ပါ့မလား။ ဇာတ်လမ်း တစ်ခုရဲ့ဇာတ်ကွက်ကို ချိန်ညှိတတ်တဲ့သူမက ဘက်ထရီအိုးရဲ့အက်ဆစ်(Level)ကိုရော
ချိန်ညှိတတ် ပါ့မလား။ စိတ်ခံစားမှုနဲ့ ဝတ္ထုဇာတ်လမ်းများ ခရားရေသွန်သလိုထွက်လာတတ်သည့်
သူမနှုတ်ဖျားမှ ဝယ်သူလိုချင်သည့် ဘက်ထရီအိုးအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်ပါ့မလား။
ဘာပဲပြောပြော ကျွန်တော်က ဘက်ထရီအိုးအကြောင်းကို
အာပေါင်အာရင်းသန်သန် ဆွေးနွေးလို သူ မဟုတ်လား။ ဆိုရေးရှိက ဆိုအပ်လှ၏လို့ ပညာရှိတို့
မိန့်မှာထားချက်ကလည်း အရှိသားဆိုတော့လေ။
“ ဆရာမ ဘက်ထရီအရောင်းဆိုင် ဖွင့်မလို့ဆို
…”
“ မဟုတ်ရပါဘူးရှင်၊ ဘက်ထရီအားသွင်းဆိုင်လေးပါ။
မီးပျက်ပျက်နေတော့ ကွန်ပျူတာလည်း သုံးမရတဲ့အတူတူ စာရေးဖို့ဘောလ်ပင်ဖိုးလေးရရဆိုပြီး
…”
ဖုန်းထဲက ကြားလိုက်ရတဲ့ ဆရာမလေးရဲ့ ခပ်သြသြအသံအဆုံး
ကျွန်တော်ခေါင်းကိုက်သွားတယ်။ ကိုင်း ကောင်းရောဗျာ။ ပြောပြချင်တဲ့ အကြောင်းအရာလေး ခေါင်းစဉ်တောင်
မတပ်လိုက်ရတော့ဘူး။ ကျွန်တော်ကလည်း လူတစ်မျိုးဗျ။ ပြောချင်တဲ့အကြောင်းအရာဆို ပြောကို
ပြောလိုက်ရမှ။ ခုတော့ တနုံ့နုံ့နဲ့ ခံရခက်လိုက်တာ။ ကျွန်တော် အပြင်သွားမလို့ဗျ။ လိုက်ဦးမလား။
ဘယ်သွားမလဲ ဆိုတာ မှန်းကြည့်လေ။ မနက်ကလည်း တစ်ခေါက်တော့ ရောက်ခဲ့ပြီးပြီဗျ။
ဘက်ထရီဆိုင်ပါဗျာ။ အိမ်ကဘက်ထရီက သုံးနှစ်ကျော်ပေမယ့်
ကောင်းတုန်းဆိုတော့ မိန်းမက တော့ နောက်တစ်လုံး ဘယ်ဝယ်စေချင်မလဲဗျာ။ ဒါပေမယ့် ဟိုတစ်နေ့က
တာဝါတိုင်ငါးတိုင် လေပြင်းတိုက် လို့လဲတာ ကြာဦးမှာဗျ။ ညကျ သားကစာကြည့်ရသေးတာဆိုတော့
အားအပြည့်နဲ့ ဘက်ထရီအိုးကောင်းဖို့ လိုတယ်ဗျ။ သားလား… ဒီကောင်က ခုဆို သူငယ်တန်းလေ။
ကျောင်းသားဆိုတော့ အရေးကြီးတယ်ဗျ။ သွားမယ်ဗျာ။ ဘက်ထရီဈေးတွေက တက်ချင် တက်သွားနိုင်တယ်။
မြန်မြန်သွားမှဗျ …။
Comments
Post a Comment