စာရေးဆရာမ
စာရေးဆရာမ ရေးသူ= ပုညခင်
စာရေးဆရာမသည် သူ အသက်သွင်းဖန်တီးလာရသည့်ဇာတ်ကောင်
တစ်ယောက်ယောက်ကို ဇာတ်လမ်းသဘောအရ တနည်းနည်းနှင့်ဖျောက်ဖျက်ရတော့မည့်အချိန်သို့ရောက်လျှင်
စာမကျက်ချင်၍ စာအုပ်ပျောက် ရှာသလို ဘောလ်ပဲန်ပဲပျောက်သလို ဟိုဒီလမ်းလွှဲရှောင်ဖယ်နေ တတ်သော
ကျောင်းသူကလေး နှင့် တူတူလာတတ်၏။
ခု မရှာလည်းဖြစ်သော စာအုပ်များကို ထထရှာ၏။
ပျောက်နေသောစာအုပ်များကိုမှဖတ်ချင်လာ၏။ ရှုပ်နေသောပစ္စည်းများကို ခုမှပိုရှုပ်သည်ထင်လာကာ
ထထရှင်း၏။ ဗိုက်ခဏခဏဆာ၏။
အဆက်အသွယ် မရသည်မှာကြာပြီဖြစ်သောသူငယ်ချင်းများကို ခုမှ ထသတိရလာကာ
ဖုန်းဆက်ချင်လာ၏။ စာသွားရေး နေကျနေရာသို့ သွားမည်ပြင်ပြီးမှ အကြာကြီးထိုင်နေရင် ခြေထောက်သွေးကျမည်ထင်ကာ
မသွားတော့ဘဲ နောက်ပြန်လှည့်လေ၏။ အိမ်ရှေ့လျှောက်လိုက် စာတစ်ကြောင်းရေးလိုက် ၊အိမ်နောက်လျှောက်လိုက်
နှစ်ကြောင်းရေးလိုက်ဖြင့် ဝေ့လည်လည်လုပ်နေ၏။ စန္ဒရားသံကလေးတိုးတိုးဖွင့်ကာ စိတ်ဖြေသာအောင်
ကိုယ့်ကိုကိုယ်နှစ်သိမ့်နေ၏။ ဟိုဒီအရုပ်ကလေးများ ၊စာရေးကိရိယာအလှကလေးများကို ယူကာကြည့်ကာ
ကိုယ့်စိတ်ဖိစီးမှုကိုဖျောက်ဖျက်နေ၏။ နေရာအတည်တကျထိုင်မရေးဘဲ စားပွဲကိုဟိုဒီရွှေ့ပြောင်းနေ၏။
ဟိုနေရာက အသက်ရှူကြပ်ချင်သလို ဒီနေရာထိုင်ရေးလည်း အသက်ရှူရတာမွန်းသလိုလို ဖြစ်ဖြစ်လာ၏။
ယခုလည်း စာရေးရမည့်အစား ဤစာကိုရိုက် ၊ဤစားပွဲကိုရိုက်ကာ စာရေးခြင်းမှလှီးလွှဲ၍ နေလေသတည်း။(PS: ဆရာမ ပုညခင်၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
Comments
Post a Comment