ကျွန်တော်နှင့် ဓားတစ်လက်၏အနုပညာ
ကျွန်တော်နှင့်
ဓားတစ်လက်၏အနုပညာ
ရသစာတမ်း
ကျွန်တော်က
ဓားချစ်သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်မှာ ဓားတစ်ချို့ရှိသည်။ ဓား၏ဂုဏ်သတ္တိ နှင့်
ဓားပီသသည့် ဓားတွေဖြစ်သည်။
သူတို့တတွေအားလုံး ရုပ်ရှင်သရုပ်ဆောင်ဓားတွေလို
ဝင်းလက်တောက်ပြောင် မနေခဲ့သလို ဧည့်ခန်းမှာ ချိတ်ဆွဲပြသကြသည့် ကနုတ်ပန်းများထွင်းထားသည့်
ဟန်ပြဓားများ ဖြစ်မနေသည်ကတော့ သေချာသည်။ ရှေးခေတ်ဟောင်းဓားတွေလို သမိုင်းတန်ဖိုးနှင့်
ပြသထားရမည့်ဓားများလည်း မဟုတ်ခဲ့ချေ။ မုဆိုးမအိမ်က ခပ်တုံးတုံးဓားဆိုးမျိုးကို စာဖွဲ့မနေလောက်ဘူးဆိုသည့်
ခင်ဗျား၏ထင်မြင်ချက်ကလည်း မှန်ပါသည်။
တကယ့်ကို ဓားပီသည့် ဓားတွေဖြစ်သည်။ ၄င်းတို့အထဲမှ
ခပ်ငယ်ငယ်ဓားတစ်ချောင်း ပြောရမည်ဆိုလျှင် အသွားက ခြောက်လက်မခွဲရှိသည်။ လက်ကိုင်ကို
သံပိုက်တစ်ခုနှင့် ဖစ်ဖြစ်အောင် လုပ်ထားသည်။ ကိုင်လိုက်သည်နှင့် လက်ထဲတွင် အေးစက်မာကျောခြင်းနှင့်အတူ
စီးစီးပိုင်ပိုင်ရှိနေ မည်ဖြစ်သလို အရာရာအတွက်လည်း အဆင်သင့်ဆိုသောခံစားချက်မျိုး စီးဆင်းသွားစေလိမ့်မည်။
ထိုအချိန် တွင် ခင်ဗျား၏ရင်ခုန်သံမှအပ ဝန်းကျင်သည် တိတ်ဆိတ်သွားမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်နှင့်
ရင်ဆိုင်နေရချိန်မျိုးတွင် ရှေ့မှာရှိနေသည့် ရန်သူ၏လှုပ်ရှားမှုကို လေတိုက်၍လှုပ်သွားသည့်
ဆံဖျားလေး မှအစ ကြိတ်ရှိုက်လိုက်သည့် သက်ပြင်းချသံအဆုံး အားလုံးကို ခံစားမိလိမ့်မည်။
ယုတ်စွအဆုံး တစ်ဖက်ရန်သူ၏ နှာသီးဖျားအောက်နှင့် အထက်နှုတ်ခမ်းပေါ်ရှိ ကြောက်ရွံ့စိတ်အိုက်ခြင်း၏
သင်္ကေတ အဖြစ် သီးထနေသည့် ချွေးဥလေးများကို မြင်လာရမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် စစ်တုရင်သမား
တစ်ယောက်၏ အထက်စီးနင်းအပြုံးကို ခင်ဗျားပြုံးလိုက ပြုံးနိုင်ပြီဖြစ်သည်။
အသွားက ထက်မြိနေသလို ထိပ်ဖျားကလည်း ချွန်စူးနေသည်မှာ
လွန်ရောဟု ဆိုချင်စရာ ဖြစ်သည်။ ခမ်းခမ်းနားနား မဟုတ်သော်လည်း ဓားတစ်လက်၏ ထည်ဝါမှုက အပြည့်ဖြစ်သည်။
သူအလည်ရောက်နိုင်သည်က ခင်ဗျားနှလုံးသား ဖြစ်နိုင်သလို ကျွန်တော့်နှလုံးသားလည်း ဖြစ်နေနိုင်သည်။
ခက်သည်က ဘယ်အချိန်ရောက်လာမလဲဆိုသည်ကို မသိနိုင်ခြင်းပဲဖြစ်သည်။
ဒါသည်ပင် လောကကြီး၏ မသိခြင်းလက်ဆောင်တစ်ခုဖြစ်သည်။
“ တစ်ရက်နီးလာပြီ၊ တစ်ယောက်ထဲသွားရမယ့်
ဒီခရီး သင်သတိထားမိရဲ့လား” (Learn to die well) ဆိုသော စာသားလေးပါသည့် ကဒ်ပြားလေးကို
ကျွန်တော့်အခန်းနံရံထက်တွင် ချိတ်ဆွဲထားပါသည်။
သေဖို့အတွက် ဆင်ခြင်ထားရမည်ဖြစ်သလို
နေဖို့အတွက်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။ ရှေးခေတ်ဂျပန်ဆာမူရိုင်း(စစ်သည်တော်)များတွင်
ရန်သူကို တိုက်ခိုက်ဖို့အတွက် ဓားရှည်တစ်ချောင်းနှင့် ဓားလတ်တစ်ချောင်း ကိုယ်နှင့်မကွာရှိသည်။
ထို့အတူ မိမိ၏ဂုဏ်သိက္ခာကို ဆယ်တင်ဖို့အတွက် မိမိကိုယ်ကို ထိုးသတ်(ဟာရာကိရိ)ကာ အသက်ကို အဆုံးစီရင်ရန်အတွက် ဓားမြှောင်တစ်ချောင်းကိုလည်း
အမြဲပင်ဆောင်ထားသည်။ ဂျပန်ဆာမူရိုင်းများ၏ နေခြင်းနှင့် သေခြင်းအတွက် ပြင်ဆင်ထားပုံပင်
ဖြစ်သည်။ ဂျပန်ဆာမူရိုင်းများ၏ သေခြင်းနှင့်ရှင်ခြင်းကြား ပိုင်းဖြတ်ထားသည့်စည်းကလေးအထက်တွင်
ဓားရှိသည်။ ဓားရဲ့ဗီဇထဲမှာ ငြိမ်းချမ်းခြင်း၊ ရန်လိုခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊
ချစ်ခြင်း၊ မုန်းခြင်း စသဖြင့် ဆန့်ကျင်ဘက်သဘောတရားတွေ ပြည့်နှက်နေတယ်။ ကျွန်တော်က
ငြိမ်းချမ်းခြင်းကို အလိုရှိသူဖြစ်သည်။ ထို့ကြောင့် အတွေးထဲမှာပင် မကြာခဏရန်ဖြစ်တတ်သည်။
အတွင်းရော အပြင်မှာပါ အစစ်အမှန် ငြိမ်းချမ်းဖို့ဆိုလျှင် ဓားတစ်လက်အကြောင်း၊ သို့မဟုတ်
ဓား၏အနှစ်သာရကို ယခုထက်ပိုသိ၊ ပိုနားလည်ဖို့ လိုအပ်သည်ဟု ထင်သည်။
ခွင့်ပြုမည်ဆိုလျှင် မေးခွန်းတစ်ခုလောက်
မေးချင်ပါသည်။
“ဓားတစ်လက်ရဲ့ ဂုဏ်သိက္ခာနဲ့တန်ဖိုးကို
ခင်ဗျားဘယ်လို ပိုင်းဖြတ်မှာလဲ။ ဓားအမျိုးအစား အပေါ်မှာလား၊ အသုံးချနိုင်မှု စွမ်းရည်ပေါ်လား။
အသုံးကျခဲ့မှုအပေါ်မှာလား၊ ငွေကြေးတန်ဖိုးပေါ်မှာလား...”
ကျွန်တော့်တွင် ဓားကို မြတ်နိုးသော
ဆရာကြီးတစ်ယောက်ရှိသည်။ ဆရာကြီးထံမှာရှိနေသည့် ဓားတို့က ပြတိုက်မဖွင့်လောက်သော်လည်း
နယ်မျိုးစုံမှာရှိသည့် နာမည်ကျော်ဓားတိုင်း ရှိသည်။ ဂျပန်တို့၏ နာမည်ကျော် ကင်ဒိုဓားကို
ဆရာကြီးထံမှ ထိတွေ့ကိုင်တွယ်ဖူးခြင်းဖြစ်သည်။ ကျွန်တော်ဓားစုဆောင်းသည့် အကျင့်မှာ ဆရာကြီးထံမှရခဲ့ခြင်းဖြစ်မည်ထင်သည်။
တစ်ခါက ဆရာကြီး အင်းလေးရောက်တုန်းမှာ ဓားမြှောင်တစ်လက်ဝယ်သည်။
ရောင်းသည့် ရှမ်းအမျိုးသားကြီးဆီဈေးဆစ်တော့ ဈေးမဆစ်ဖို့အကြောင်း ချေချေငံငံပြန်ပြောသည်။
ထိုရှမ်းအမျိုးသားကြီးပြောသည်က …
'' ဈေးတော့မဆစ်ပါနဲ့ဆရာကြီးရယ်၊ ဒီဓားမြှောင်က ထိုးရဲရင်တန်ပါတယ်”
ထိုစကားတစ်ခွန်းနှင့် ဓားဆိုလျှင် အရူးအမူးနှစ်သက်သည့်
ကျွန်တော့်ဆရာကြီး ဓားတန်ဖိုးကို ဆိုဈေးအတိုင်းပေးဝယ်ခဲ့ရဖူးသည်။ ခင်ဗျားက ဓားချစ်သူလား။
ခင်ဗျားဆီမှာ ရှိနေတဲ့ဓားတွေက ဘာအတွက်လဲ။ ကျွန်တော့်ဆီမှာ ဓားတချို့ရှိသည်။ ထိုဓားတွေက
....။ “ဟုတ်ကဲ့ ထိုးရဲရင် တန်ပါတယ်” ဆိုသော ဓားများဖြစ်ပါသည်။
မင်းရောက်နေတာ တွင်းနက်ထဲလို့ သိလိုက်ရရင်
တူးနေတာကို ရပ်လိုက်ပါဆိုတဲ့ စာသားတစ်ခုကို ဖတ်ခဲ့ဖူးတယ်။ ဘ၀မှာ တွင်းနက်ထဲရောက်နေမှန်းသိသိရက်နှင့်
ဆက်တူးနေရသူတွေကိုရော ခင်ဗျား ဘာပြောမလဲ။ အခြေအနေတွေက မတူကြသလို အဖြေဆိုတာလည်း တစ်ခုတည်းမှ
မဟုတ်တာဆိုသည် ကိုတော့ အခြေခံအားဖြင့် သိထားသင့်ပါသည်။
ထို့ကြောင့်တောနက်ထဲမှာ ဓားတစ်လက်နှင့်
လမ်းရှင်းခဲ့ရဖူးသည်။ ကိုယ့်အသက်ကို ချစ်၍ သူ့အသက်ကို ယူလိုက်ရသည်။ အဲဒီလိုနှင့် လမ်းတွေက
ပိုလို့ကွေ့ကောက်လာသည်။ ကောင်းကင်ဟာ ပိုလို့မည်းမှောင်ကာ လရောင်တွေလည်း ပျောက်ကွယ်ခဲ့ရသည်။
တောပန်းလေး၏အလှကို မခံစားတတ်တာ ကြာပါပကောဆိုသည်ကို အမှတ်ရသည်။ အဆုံးသတ်သည့်အခါမှာတော့
ကိုယ့်အနားမှာ ချစ်တဲ့သူတွေ မရှိကြတော့၊ မုန်းတဲ့သူဆိုသည်ကလည်း ။ လက်ထဲမှာ ကျန်နေခဲ့သည်က
ဒီဓားဖြစ်သည်။ ဘာ အတွက်ကြောင့် ဆက်ပြီး ဆုပ်ကိုင်ထားရမှာလဲ။ ငြိမ်းချမ်းခြင်းဆိုသည်က
ဓားကိုင်လိုက်ကတည်းက လွတ်ကျခဲ့ရသည် မဟုတ်လား။ လွတ်ကျသွားသည့် အရာတွေအတွက်၊ လွှတ်ချထားရမည့်
အရာတွေလည်း ရှိသည်။ ကဲ ခု ...စ,လိုက်ကြစို့လား။ ပွဲတော်မှီသေးတယ်လေ။ စိတ်ထဲက တီးတိုးရွတ်ဆိုရင်း
ခြေလှမ်းတွေက အလင်းများနှင့် ကမ္ဘာသစ်ဆီသို့ ဖြစ်သည်။
မာယာခပ်နက်နက်သုတ်ထားသည့် တောနက်ထဲမှနေ၍
ဓားတစ်လက်ကို အဖော်ပြုကာ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ အဲဒီနေ့က နေသာသောနေ့ မဟုတ်သလို
မိုးတွေကျဲချနေသည့်နေ့ လည်း မဟုတ်ခဲ့။ လျော့ရဲရဲအလင်းနဲ့ ဖျော့တော့တော့ မနက်ခင်း တစ်ခုသာဖြစ်သည်။
တစ်စုံတစ်ယောက်ရဲ့အာရုံဟာ ကျွန်တော့်အပေါ်ကို စူးစိုက်နေတယ်လို့ ခံစားမိချိန် လက်ထဲကဓားကို
ကျစ်ကျစ်ဆုပ်ရင်း ၀န်းကျင်ကို စူးစမ်းလိုက်သည်။ ရန်သူလား မိတ်ဆွေလား။ ဟော တွေ့ပြီ။
'' ပွဲတော်မှာ ခင်းကျင်းဖို့အတွက် မင်းရဲ့ဓားကို လိုတယ်''
မျက်မှန်နောက်ကွယ်မှ လိုချင်တာကို ရအောင်ယူတတ်သည့် မျက်ဝန်းများကို လေ့လာနေစဉ် သူမထံမှ
နူးညံ့သော်လည်း ပြတ်သားသည့် စကားသံက ဝေ့၀ဲလာသည်။ အလေးချိန် ဘယ်လောက်သား
ရှိမည် မသိရသည့် ခပ်ထက်ထက်ဦးနှောက်ကို ပိုင်ဆိုင်ထားသည့် သူမထံမှ ရဲရင့်မှုလှိုင်းတစ်ချို့က
နှလုံးသားကို ရိုက်ခတ်လာသည်။ အကြည့်ကို သူမ၏ဘယ်ဘက်လက် ဆီ ရွှေ့လိုက်တော့ နှလုံးသားနှင့်
ချိန်ညှိရေးဆွဲရသည့် စုတ်တံတစ်ချောင်းက ဆေးစက်တို့ စွန်းပေလျှက်ရှိသည်။ ညာလက်ထဲမှာတော့
အသိဥာဏ်နှင့် နှလုံးသားကို ရောမွှေထားသည့် ကလောင်တစ်ချောင်း။ ကျွန်တော်ခေါင်းရမ်းလိုက်သည်။
''ခင်ဗျားအတွက် ဓားက မလိုအပ်တော့ပါဘူး၊ ဓားဆိုတာ သတ္တိနည်းသူတွေရဲ့အဆောင်ဖြစ်သလို ရဲရင့်သူတွေအတွက်လည်း
အနုပညာဖြစ်တယ်။ ပိုလျှံနေတဲ့ အစွမ်းထက်လက်နက်တွေရှိနေတဲ့ ခင်ဗျားဆီမှာ ဟောဒီ ဓားဟာ
သိက္ခာကျနေရလိမ့်မယ်။ သိမ်ငယ်နေရလိမ့်မယ်။ အနုပညာအနေနဲ့လည်း ဂုဏ်ငယ်နေရမယ့်အဖြစ်မျိုး
လက်မခံနိုင်ဘူး။ ခင်ဗျား အစွမ်းတွေကို ပြဖို့အတွက် တခြားတစ်နေရာကို သွားပါ။ ခင်ဗျား
အနုပညာကို ခင်းကျင်းနိုင်မယ့် ကျယ်ပြန့်တဲ့ တစ်နေရာရာပေါ့''
''ကောင်းပြီလေ ကိုယ်ဒီနေ့ပဲ ကမ်းခြေကိုသွားမယ်။ အဲဒီမှာ ကိုယ့်အတွက် တစ်ခုခုရှိမှာပါ''
နောက် တခဏမှာတော့ တောအုပ်သည် ပြန်လည်တိတ်ဆိတ်သွားပြီး မြင်ကွင်းအားလုံးမှာလည်း ပိုမိုေ၀၀ါးမှုန်မှိုင်းသွားလေသည်။
အိုး မြူတွေ ထပ်ဆိုင်းလာပြန်ပြီပေါ့။ ထို့နောက် ကျွန်တော်လက်ထဲက ဓားကို ခပ်တင်းတင်း
ဆုပ်ကိုင်လိုက်သည်။
ပို၍နက်သည့်တောနက်၊ လူ့လောကနယ်ပယ်ဆီသို့
တိုးဝင်ခဲ့ လိုက်သည်။ တောနက်၏ အစပ်ကိုရောက်သည်နှင့် မြေကြီးပေါ်သို့ ဓားကို အားကုန်ထိုးစိုက်လိုက်သည်။
ကျွန်တော်တိုးဝင်မည့် တောနက်သည့် ဓား၏အလှတရား၊ ဓား၏ အနုပညာကို မခံစားတတ်သေးသည့် နယ်မြေမဟုတ်လား။
ယုတ်စွအဆုံး ကျွန်တော်ကိုယ်တိုင်ပင် ဓား၏ငြိမ်းချမ်းမှုကို တိတိကျကျ နားမလည်နိုင်သေး၍
စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်က ဓားချစ်သူဖြစ်သည်။ ဓားထက် ငြိမ်းချမ်းမှုကို မြတ်နိုးသူဖြစ်သည်။
ထို့ကြောင့် ချစ်သည့်ဓားကို တောစပ်တွင် စွန့်ခဲ့ခြင်းဖြစ်သည်။
မြူတွေကင်းစင်သွားသည့်နောက်မှာ မြင်ကွင်းအားလုံး
ကြည်လင်ဝင်းပလာသည်။ နေခြည်နွေးလေး က မနက်ခင်းသစ်လေးတွင် ဖြာကျနေသည်။ ကျေးငှက်တို့၏
အသံတို့လည်း ပျံ့ပျံ့လွင့်လွင့်။ သို့သော် တောအုပ်ထဲတွင် မည်သူမျှ ရှိမနေတော့။ သို့မဟုတ်
လူသား သက်ရှိ တစ်ဦးတစ်ယောက်ကိုမျှ တွေ့မနေရတော့သည်က သေချာသည်။
ငြိမ်းချမ်းခြင်းနှင့် ဓား၏အလှတရားကိုယှဉ်တွဲပြနိုင်သည့်တစ်နေ့
ကမ္ဘာကြီး၏ တနေရာရာတွင် ဓားတစ်လက်၏ အနုပညာကို တစ်ဦးတစ်ယောက်က ခင်းကျင်းပြသနေမှာ သေချာလေသည်။
ကမ်းခြေတစ်နေရာရာမှာလည်း ဖြစ်နိုင်သည်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
http://shintnyolay.weebly.com
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
http://shintnyolay.weebly.com
***** ***** *****
Comments
Post a Comment