ကျွန်တော်နှင့် မြို့ကလေး




ကျွန်တော်နှင့် မြို့ကလေး
          ရသစာတမ်း
        မြို့ကလေးသည် ချစ်စရာကောင်းသည်။ မြို့ကလေး၏ ဒိုင်ယာရီထဲရျိ နေ့စွဲတစ်ခုတွင် သူ့ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့သည် ဇွန်လ၏ တစ်ခုသောနေ့ခင်းတွင် ဖြစ်သည်။ မနက်ခင်းပိုင်း တွင် အေးမြပြီး နေ့ခင်းပိုင်းမှာတော့ နေပူပြီးလေမတိုက်သည့် သမားရိုးကျ နေ့ခင်းတစ်ခုလည်း ဖြစ်နိုင် သည်။
          ချစ်စရာကောင်းသည့် မြို့ငယ်လေးတွင် မွေးဖွားခဲ့သည့်အတွက် ချစ်စရာကောင်းမည့် ကလေးငယ် လေးဟု ယူဆမထားစေလိုပါ။ ထို့အတူ မုန်းစရာကောင်းမည့် လူတစ်ယောက်ဟူ၍လည်း ကြိုတွေးမထား စေလိုပါ။ ဘုရားသခင်က နောက်ဆုံးနေ့မရောက်မချင်း လူသားအား အပြစ်သတ်မှတ်တော် မမူဟု ကျမ်းစာထဲတွင် ဖတ်ခဲ့ရဖူးသည်။
သူ့ကိုယ်သူ ချစ်စရာကောင်းသူအဖြစ် မယူဆမိသလို မုန်းစရာကောင်းသူ အဖြစ်လည်း တစ်ခါမျှ ပင် တွေးမကြည့် မိခဲ့ဖူးချေ။ သူ့ကို မြို့ငယ်လေးတွင် မွေးဖွားလာသည့် ကလေးငယ် တစ်ဦးအဖြစ် သင်သိ ထားလျှင် လုံလောက်ပြီဖြစ်သည်။
          မွေးပြီးလျှင်ပြီးချင်း ငိုကြွေးသံပေးကာ မြို့သားတစ်ဦးတိုးလာပြီဖြစ်ကြောင်း မြို့လေးကို သတိပေး လိုက်သည်ဟု မိခင်က သူအရွယ်ရောက်လာသည့် တစ်နေ့တွင် ပြန်ပြောပြခြင်း ဖြစ်သည်။
          မြို့ငယ်လေး၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲမှာ ပြေးလွှားရင်း လူလားမြောက်လာသည်။ မူလတန်းကျောင်းတွင် အ-စ အနောက်သန်သည့် သူငယ်ချင်း၏ ကျောက်သင်ပုန်းကို ရိုက်ခွဲလိုက်ခြင်းဖြင့် ပထမဆုံးသော ကျောင်းတက်ရက်ကို စတင်ခဲ့သည်။ ဆရာ၊ ဆရာမများ၏ လက်ထဲမှ ကြိမ်လုံးသည် အိမ်မှာရှိသည့် ဖခင်၏လက်ထဲမှ ဝါးခြမ်းပြားလောက် ရသမပြင်းရှနိုင်ကြောင်း သိရှိပြီးနောက်မှာ   တော့  ကျောင်းသားငယ်လေးသည် ဆိုးသွမ်းခြင်းအနုပညာကို တတ်မြောက်သွားပြီ ဖြစ်သည်။
          လမ်းအချို့မှာ စက်ဘီးစီးရင်း လူရွယ်ရောက်လာသည်။ အလယ်တန်းကျောင်းသားဘဝ တွင် မြစ်တစ်စင်းပိုင်ဆိုင်သည့် မြို့ကလေးအတွက် ဂုဏ်ယူကာ အတန်းလစ်ပြီး သူငယ်ချင်းများနှင့် ရေဆင်း ကူးသည်။ ဒုတိယအကြိမ်အဖြစ် သူငယ်ချင်းအသက်ကို မြစ်ထဲတွင် မျှောလိုက်ရပြီးနောက် သူချစ်သော မြစ်ထဲတွင် ရေဆင်းမကူးတော့။
          ကံကောင်းခြင်းတစ်ရပ်မှာ အထက်တန်းစာမေးပွဲကို တစ်နှစ်တည်းနှင့် နှစ်ခြင်းပေါက်   အောင်မြင်ခဲ့ ခြင်း ဖြစ်သည်။ ထိုကံကောင်းမှုသည် သူ့အတွက်လား၊ အထက်တန်းတွင် သင်ကြားပေး ခဲ့ကြရသည့် ဆရာ၊ ဆရာမများ၏ ကံကောင်းခြင်းလားဆိုသည်ကို အတိအကျ မသိရသော်လည်း သူ့ထက်ပို၍၊ သူ့မိဘများ ထက်ပို၍ သူ၏အောင်မြင်မှုကို ဝမ်းသာကျေနပ်ကြသူများမှာ အထက်တန်းကျောင်း မှ ဆရာ၊ ဆရာမများ ဖြစ်ကြလေသည်။
          အဓိပတိလမ်းမထက်နှင့် ကံ့ကော်ပင်ရိပ်အောက် ရောက်နေချိန်များသည် သူ့အတွက် အနည်းငယ် ညွတ်နူးဖွယ်ရာကောင်းသော အချိန်များ ဖြစ်လေသည်။ အဆောင်တိုင်းမှာ ဂစ်တာတီးရင်း လူပျို တစ်ယောက်၏ မှတ်စုကို ရေးခြစ်ဖြစ်ခဲ့သည်။ ရန်ဖြစ်ခြင်း၏ သင်္ကေတအဖြစ် တတိယအကြိမ် အာမခံနှင့် ခေါ်ထုတ်ပြီးနောက်မှာတော့ မိဘနှစ်ပါးက လူငယ်တစ်ယောက်၏ လွတ်လပ်ခွင့်ကို အိမ်မှာသာ ဂစ်တာ တီးစေခြင်းဖြင့် သိမ်းပိုက်လိုက်ကြသည်။ သူချစ်ခဲ့ဖူးသည့် မြစ်ကလေးဆီသို့ ဟိုတုန်းကလို မသွားဖြစ်တော့်သော်လည်း မြစ်ကလေးပေါ်ရှိ တံတားကြီးထက်မှာ ချစ်သူလက်ကိုဆွဲရင်း အကြိမ်များစွာ ဖြတ်ကျော်ခဲ့ဖူးသည်။ သူ့အပေါ်နားလည်မှုအရှိဆုံးဟု ယူဆခဲ့ဖူးသည့် ချစ်သူသည် သူ့ကိုတံတားကြီး ထက်မှာ ချန်ထားရက်ခဲ့သူဖြစ်သည်။ သို့သော် မကြာမီ ဆေးထိုးအပ်ကိုင်ခွင့်ရတော့မည့် လူငယ်လေး တစ်ဦးက သူ့လက်ထဲမှ ချစ်သူကို အားအင်မသုံးဘဲ လုယူခဲ့ခြင်းကို အားပေးအားမြှောက်ပြုခဲ့သူဖြစ်သည်။ ဆုလာဘ်အဖြစ် ထိုလူငယ်လေးနှင့် ခမ်းနားကြီးကျယ်သည့် ဧည့်ခံပွဲကြီးတစ်ခုကို ကျင်းပသွားသူဖြစ်သည်။ စတုတ္ထအကြိမ်မြောက် တံတားကြီးထက်မှာ အသည်းကွဲပြီးနောက် သူ မသွားဖြစ်တော့သည့် နေရာတစ်ခု မှတ်စုစာအုပ်တွင် တိုးခဲ့ရသည်။ တံတားကြီးသည် သူ့အတွက် အသည်းကွဲသင်္ကေတဖြစ်ခဲ့ရသည်။
          ဘာသာရပ်တစ်ချို့ကို သတ်မှတ်ကာလအတွင်း သင်ကြားပြီးနောက် ဝတ်ဆင်ခွင့်ရသည့် ဝတ်စုံနှင့် ရွှေရောင်ဘောင်ကွပ်ထားသည့် သူ၏ပုံကို ဧည့်ခန်းတွင် ချိတ်ဆွဲထားသည်။ ထိုပုံသည် သူ့ကို အလုပ်တစ်ခု ရအောင်ပင် စွမ်းဆောင်မပေးနိုင်ကြောင်း သိရှိပြီးသည့်နောက် သူ၏ အားလပ်ချိန်အချို့ကို မြို့စွန်ရှိ မူးယစ် ပျော်ရွှင်ဖွယ်ရာဌာနတွင် ကုန်ဆုံးစေခဲ့လိုက်သည်။ ဤသို့ဖြင့်နေ့ရက်တို့က အိုဇုန်းလွှာပါးသလို ပါးလျ လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်နှာနှင့် တစ်ချို့ခန္ဓာကိုယ်အစိတ်အပိုင်းတို့က ဖောင်းကြွလာ သည်။ ယမကာချစ်သူ မဟုတ်လား။
          သူက ဘဝကို မကျေမနပ်ဖြတ်သန်းရသည်ထက် ကျေကျေနပ်နပ် ဖြတ်သန်းလိုသူဖြစ်သည်။ သူယူလိုက်သည့် ယမကာဆိုင်ရှင်သည် သူ့ထက်ဆယ်နှစ်ကျော်ကြီးသည်ကိုလည်း ကျေနပ်သည်။ ရှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ပါလာသည်ကိုလည်း ကျေနပ်သည်။ မကျေနပ်သူများက မိဘဆွေမျိုးအသိုင်းအဝိုင်းများနှင့် သူငယ်ချင်းတစ်ချို့ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် (၅)ရက်အတွင်း ပဉ္စမအကြိမ်အဖြစ် စကားများပြီးသည့်နောက်မှာတော့ သူ၏ ဘုံဗိမာန်လေးသည် မခမ်းနားသော်လည်း ညနေပိုင်းတွင် လူစည်ကားတတ်သည့် မြို့စွန်ရှိ ယမကာဆိုင်လေးဖြစ်လာခဲ့သည်။
          ထိုဆိုင်လေးသည် သူ့အိမ်ဖြစ်သည်။ သူပြန်လာလျှင် ဆိုင်ကယ်နောက်ရှိ ပုံးထဲမှအရာများကို စောင့်မျှော်နေတတ်ကြသည့် မိတ်ဆွေဖောက်သည်များ၏ ဝမ်းသာမျက်လုံး ကို တွေ့ရမည်ဖြစ်သည်။ အံဆွဲထဲမှပိုက်ဆံကို အကြိမ်ကြိမ်အထပ်ထပ်ရေတွက်နေတတ်သည့် သူ့အမျိုးသမီး၏ မျက်နှာထက်မှ အဆီပြန်နေသော ကျေနပ်ပြုံးကိုတွေ့ရမည်ဖြစ်သည်။ ကျေနပ်ခြင်း၏ သင်္ကေတသည် အပြုံးဖြစ်သည်။ သူနှင့်ပတ်သက်၍ သူ့မိခင်ပြုံးခဲ့ဖူးသလားဆိုသော အမေးအတွက်မူ သူ့မှတ်ဉာဏ်သည် မြူဆိုင်းသည့် ဆောင်းညနေခင်းကြောင့်လား၊ ဝမ်းအတွင်းမှာရှိနေကြသည့် သူရာကြောင့် လားမသိ ဝေဝါးထွေပြားလွန်းလှသည်။
ဆိုင်မှာသောက်စားနေကြ မိတ်ဆွေဖောက်သည်များ၏ ကျေးဇူးကြောင့်ရပ်ကွက်အပိုင် ရဲအချုပ်ခန်း လေးသည် သူ၏ ဒုတိယအိမ်(Second Home) ဖြစ်လာခဲ့သည်။ ယခုလည်း သူ့ရှေ့မှာလဲနေသည့် မိတ်ဆွေအရက်သမားကိုကြည့်ရင်း လက်ထဲမှထင်းချောင်းကို လွှတ်ချလိုက်သည်။ မကုန်သင့်တာ မကုန်အောင်ဆိုသော သဘောမျိုးဖြင့် တာဝန်ရှိသူများရောက်မလာမီ သက်ဆိုင်ရာ ရဲအချုပ်ခန်းလေးဆီသို့ ဆဌမအကြိမ်အဖြစ် လှမ်းခဲ့လိုက်သည်။
          အကုသိုလ်သည် အဖော်အပေါင်းနှင့် လာတတ်ပါသလား။ (၇)ဂဏန်းသည် ကံကောင်းခြင်းကို ကိုယ်စားပြုသည်ဆိုသည်မှာ ဟုတ်မှန်ခဲ့ပါသလား။ သူကတော့ ထိုအရာအားလုံးကို မယုံကြည်သူဖြစ်သည်။ ခံစားနေရသည့် အမျိုးသမီးရောဂါကို ဆေးမြီးတိုများနှင့် အချိန်အတန်ကြာအောင် နှစ်ပါးသွားခဲ့သည့် သူ့အမျိုးသမီးသည် သတ္တမအကြိမ်မြောက် ဆေးရုံတက်သည့်အခါမှာတော့ ခန္ဓာကိုယ်ကို ဆေးရုံကုတင်   ပေါ်မှာပင် စွန့်ခွာသွားခဲ့သည်။
          အမျိုးသမီးမရှိတော့သည့်နောက် သမီးနှင့်သူ့ကြားတွင် ပတ်ဝန်းကျင်၏ အရိုင်းဆန်သည့်အတွေးနှင့် စကားလုံးများကြောင့် တံတိုင်းထူထူခြားသွားမှာကို သူကြောက်သည်။ စွပ်စွဲပုတ်ခတ်သည့် ဓားသွား စကားလုံးတို့ မထိရှစေရေးအတွက် သမီးလေးရှေ့မှ မားမားမတ်မတ်ရပ်ကာ ကာကွယ်ခဲ့သည်။ ဦးဆုံးပြောင်းလဲမှုအဖြစ် နှစ်များစွာသောက်လာသည့်အရက်ကို သူစိမ်းဆန်ဆန် ဖြတ်တောက်ပစ လိုက်သည်။ သမီးလေးအရွယ်ရောက်လာခဲ့လျှင် ဆိုသောအတွေးဖြင့် အခြေကျပြီးသားလုပ်ငန်း ကို ပြောင်းလဲရန်ကြိုးစားရသည်။
          သူ၏ ပြုပြင်ပြောင်းလဲမှုများကို ဆွေမျိုးသားချင်းများက သိရှိနေကြသော်လည်း လာရောက်မှီခိုမှာ စိုးစိတ်ဖြင့် “ ဒါမှ နောင်ကြဉ်မှာ ” ဆိုသော စကားမျိုးဖြင့် ပညာပေးချင်ယောင်   ဆောင်ကာ ရှောင်ဖယ်လစ်လျူရှုနေကြသောအခါ သူ၏ ကိုယ်ရည်ကိုယ်သွေးတို့က မာနဖြင့်ပြောင်လက် လာသည်။ အပြောင်းအလဲကာလသည် ခက်ခဲကြမ်းတမ်းဆုံးသောအချိန်ဖြစ် သည်။ လျှောက်ခဲ့ဖူးသောလမ်းသည် လိုက်နာရန်ဥပဒေနည်းပါးသော်လည်း ကျင့်းချိုင့်အတိနှင့်ဖြစ်သည်။ သမီးလေးအတွက်ရည်ရွယ်ပြီး လူယဉ်ကျေးတို့၏ ဖြူးဖြောင့်နေသည့် လမ်းမထက်သို့ တက်နိုင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်။ ထိုလမ်းမထက်တွင် အရှိန်ထိန်းတုံးတွေရှိသည်။ မီးပွိုင့်တွေရှိသည်။ စည်းကမ်းတွေရှိသည်။ ဥပဒေတွေ ရှိသည်။ သမီးလေးဟူသောခေါင်းစဉ်အောက်တွင် စည်းကမ်းကလနား များစွာဖြင့် သူ့ကိုယ်သူ ကွပ်ညှပ်နိုင် ခဲ့သည်။
          ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကိုပိုင်စိုးတယ်ဆိုရင် နို့ဗူးဖျော်တဲ့လက်ကရော ဘယ်အရာတွေကို ပိုင်စိုးသလဲဆိုသော မေးခွန်းကို သူကြားဖူးသည်။
          ကံကြမ္မာ၏ထိုးနှက်ချက်ကြောင့် အကြိမ်ကြိမ်လဲပြိုခဲ့ရာမှ အဌမအကြိမ်မြောက် ပြန်ထလာပြီး သည့်နောက်တွင် လောကဓံရှစ်ပါးသည် သူ့ကို လက်မြှောက်အရှုံးပေးခဲ့ရသည်။ နောက်ပိုင်းကာလများတွင် သမီးလေး၏ စိတ်ကူးအိပ်မက်များကို သူကအကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ စာတော် ဉာဏ်ကောင်းသည့် သမီးငယ်လေးနှင့် ပတ်သက်သည့် ဆုပေးပွဲပေါင်းများစွာကို တက်ခဲ့ရသည် မှာလည်း အကြိမ်ကြိမ်ဖြစ်သည်။
          သမီးငယ်လေးနှင့် ပတ်သက်၍ နဝမအကြိမ်အဖြစ်တက်ခဲ့ရသည့်ပွဲသည် ပျော်ရွှင်ဝမ်းသာခြင်း၊ ဂုဏ်ယူဝမ်းမြောက်ခြင်းနှင့်အတူ နှမျောတသခြင်း၊ ဝမ်းနည်းဆို့နစ်ခြင်းတို့ကို ခံစားခဲ့ရသည့် ပွဲတစ်ခု လည်းဖြစ်သည်။ သမီးငယ်ဒေါက်တာမလေး၏ မင်္ဂလာပွဲဖြစ်သည်။ သမီးငယ်ထက် လေးနှစ်ခန့်ငယ်သည့် သမီးငယ်၏ခင်ပွန်းဒေါက်တာလေးသည် မခမ်းနားခဲ့သည့် သမီးငယ်၏အတိတ်ကို လစ်လျူရှုနိုင်သူ ဖြစ်သည်။ သို့မဟုတ် အရှိတရားကို လက်ခံနိုင်သူတစ်ဦးလည်းဖြစ်သည်။ ထိုဒေါက်တာလေး၏ ဖခင် ဒေါက်တာကြီးသည် သူ့ထံမှချစ်သူကို ရာထူးဂုဏ်သိန်တစ်ခုဖြင့် လုယူသွားသူဖြစ်ကြောင်း သမီးငယ် သိခဲ့မည်ဆိုလျှင် …။ ယခုအချိန်တွင် တစ်ချိန်ကလို အံမကြိတ်၊ တက်မခေါက်ဘဲ သမီးငယ်လေးကို ဒေါက်တာလေးလက်ထဲသို့ သူကျေနပ်ဝမ်းမြောက်စွာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပျော်ရွှင်ပါစေ သမီးငယ်ရေ ဟု တိတ်တဆိတ်ဆုတောင်းခဲ့သော နေ့တစ်ခုလည်း ဖြစ်သည်။
          သူတရားမရသော်လည်း တရားကျစရာကိစ္စတော်တော်များများကို ကြုံတွေ့လာရသည့်အခါ တရားစခန်းများကို အကြိမ်ကြိမ်ဝင်ခဲ့မိသည်။ ဒဿမအကြိမ်မြောက် တရားစခန်းဝင်ပြီးနောက်မှာတော့ တစ်ချို့အရာတွေကို သဘောပေါက်လာခဲ့ပြီဖြစ်သည်။ ဘဝကိုသုံးသပ်ကြည့်သည့်အခါ အချိုးအကွေ့ အပြောင်းအလဲများစွာနှင့် သူ့ကိုယ်သူပြန်မြင်ရသည်။ မပြောင်းလဲသည်က သူ့ပတ်ဝန်းကျင်မှ လူအများ ဖြစ်သည်။ အပြောင်းအလဲများကို တွေ့မြင်နေရသည့်တိုင် ၎င်းတို့၏သဘောထား အမြင်တွေကို ပြောင်းလဲ မပစ်နိုင်ခြင်းဖြစ်သည်။
          သူမည်မျှ ပြောင်းလဲနေသည်ဖြစ်စေ၊ ကောင်းသောအရာများကို မည်မျှလုပ်ဆောင်နေသည်ဖြစ်စေ အားလုံးစိတ်ဝင်တစားရှိနေကြသည်က ဟိုစဉ်တုန်းကရှိခဲ့ဖူးသည့် ဘဝစာမျက်နှာဟောင်းများထက်က ကြက်ခြေခတ်များကိုသာလျှင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့က အတိတ်စာမျက်နှာများကို ဆွဲလှန်ရန် ကြိုးစားတတ်ကြသေးသည်။ အရှိကို မသိ၊ မရှိကို အသိလုပ်နေကြသည့် ထိုသူများကို လစ်လျူရှုရန် ကြိုးစားလိုက်သည့်အခါ မျက်နှာတစ်ခုကို သတိရသွားသည်။ မြို့ကလေး၏ မျက်နှာဖြစ်သည်။
          ထူးချွန်ပြောင်မြောက်သူတို့ ကောင်းသတင်းဖြင့် ပေါ်ထွက်လာသည့်အခါ ဝမ်းသာဂုဏ်ယူစိတ်ဖြင့် မြို့ကလေးက ပြုံးနေမည်ဖြစ်သည်။ ဆင်းရဲဒုက္ခရောက်နေသည့် နိမ့်ပါးနုံချာသော မြို့သားတို့အတွက်လည်း အားပေးနှစ်သိမ့်သည့်အပြုံးတို့ ပွင့်လန်းနေမည်ဖြစ်သလို မြို့ကလေး၏ရင်ခွင်သည်လည်း နွေးထွေးနေဦး မည်မှာ အမှန်ပင်ဖြစ်သည်။ ကောင်းခြင်း၊ ဆိုးခြင်းအားလုံးကို လစ်လျူရှုကာ မြို့သားအားလုံးကို သန့်စင် မွန်မြတ်သည့် အချစ်ဖြင့် တပြေးညီချစ်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့ကလေး၏ မြို့သားဖြစ်ရသည့်အတွက် သူဂုဏ်ယူသည်။
          မြို့ကလေး၏ ဒိုင်ယာရီထဲရှိ နေ့စွဲတစ်ခုတွင် သူမွေးဖွားလာခဲ့သလို တစ်ခုသောရက်စွဲတွင် သူသေဆုံးသွားမည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထိုနေ့သည် ပူလောင်အိုက်စပ် သည့် နွေနံနက်ခင်း ဖြစ်နိုင်သလို စွတ်စိုနေသည့် မိုးရာသီ၏ နေ့ခင်းတစ်ခုလည်း ဖြစ်နိုင်သည်။ နှင်းဖွဲဖွဲကျနေသည့် ဒီဇင်ဘာလ ၏ ညချမ်းတစ်ခုမှာလည်း ဖြစ်နေနိုင်သည် မဟုတ်လား။ ဟိုတုန်းကလို မြစ်ကမ်းဘေးမှာ တစ်တစ်ချင်ချင် အော်လိုက်ချင်သော စကားလုံးတစ်ချို့သူ့မှာရှိသည်။ ထိုစကားလုံးမှာ ………….
          “ မြို့ကလေးရေ ……..”

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း