စာရေးရခြင်းအကြောင်းများ
စာရေးရခြင်းအကြောင်းများ
ရေးသူ=ပြည့်စုံဝင်း
ဘဝဟာ ဘာများလဲ။ကျွန်တော်တွေးတယ်။ကျွန်တော်မျှော်ကြည့်တယ်။လက်ဆေးကန်ရှေ့မှာရပ်တိုင်း ဆပ်ပြာပူဖောင်းတွေ မှုတ်ဖို့ကျွန်တော်ကြိုးစားလေ့ရှိတယ်
။လက်ထဲမှာတင်ပေါက်သွားတဲ့ ဆပ်ပြာပူဖောင်း မဖြစ်တဖြစ်တွေဟာ
ကျွန်တော့်အတွေးတွေဖြစ်ပြီး နံရံကိုထိပြီးပေါက်သွားတဲ့
ဆပ်ပြာပူဖောင်းတွေကတော့ ကျွန်တော့်အရေးအသားတွေဖြစ်ပါတယ်။ရေကွက်အရာလေးတွေ
နံရံမှာကျန်ခဲ့တာပေါ့လေ။
နေထိုင်လာတဲ့ ကာလတွေမှာ ထိရှလွယ်ခြင်းကလည်း ကျွန်တော့်ကို
စာတွေရေးဖြစ်စေတာပါပဲ။တစ်ခုခုဆို သူများထက်ပိုမှောင်ပစ်လိုက်တဲ့အကျင့်
ကျွန်တော့်မှာရှိတယ်။နာကျင်ဝေဒနာတွေကို ချရေးလိုက်ရတဲ့အခါ
နှစ်သိမ့်ကျေနပ်မှုတစ်မျိုးကိုရတယ်။နာကျင်ဝမ်းနည်းမှုကသပ်သပ်
ဖန်တီးလိုက်ရလို့ကျေနပ်တဲ့ ပီတိစိတ်က သပ်သပ် ပါပဲ။
အသက် ၂၂ နှစ်အရွယ်လူငယ်တစ်ယောက် စာရေးတဲ့အခါ ဘယ်လိုအကြောင်းအရာတွေပါမယ်လို့ ခင်ဗျားထင်သလဲ။အခြေခံအားဖြင့်တော့ အချစ် ၊ စိတ်ကျရောဂါ ၊ ဝန်းကျင်နဲ့ အဆင်မပြေမှု ပြီးတော့ စီးကရက်ငွေ့တွေအကြောင်းပေါ့ ။
ဇာတ်လမ်းအစမှာ နံရံမှာသေနတ်တစ်လက်ချိတ်ထားလို့ ဇာတ်လမ်းအဆုံးကျ အဲ့ဒီသေနတ်ကိုပစ်ရမယ် ဆိုတဲ့အယူအဆကိုကျွန်တော်လက်မခံဘူး။ တိကျသေချာတဲ့ အဆုံးသတ်တွေကို ကျွန်တော်မုန်းတယ်။ အဖြစ်အပျက်တွေထဲက တစ်ပိုင်းတစ်စလောက်ကိုပဲ ကျွန်တော်ရေးခြစ် ချင်တာ။ကျွန်တော်ဝန်ခံပါတယ်။ အချစ်ကဗျာတွေရေးတဲ့အခါ ပထမတစ်ကြောင်းက နီနီ့ ကိုရည်ရွယ်ပေမယ့် ဒုတိယတစ်ကြောင်းကျ ဝါဝါ နဲ့ပတ်သက်တဲ့ အမှတ်တရကို ထည့်ရေးမိတတ်တာမျိုးလည်းရှိတယ်ဆိုတာ ။
စာရေးခြင်းဟာ ပျော်ရွှင်မှုပါပဲ ။ ပျော်ရွှင်မှုဟာ ဘာလဲလို့ ကျွန်တော် ခဏ ခဏမေးခံရဖူးတယ်။သစ်ရွက်ဖျား က နှင်းစက်ကလေး ဖြုတ်ခနဲ စိတ်ထဲကြွေကျအေးမြတဲ့ အခိုက်အတန့်လို့ ကျွန်တော်အမြဲဖြေလေ့ရှိတယ်။ စကားလုံးတွေဟာ နှင်းစက်ကလေးတွေဖြစ်ပြီး စာရေးနေရတဲ့အချိန်ဟာ ကျွန်တော်အေးမြပျော်ရွှင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
ဘယ်သူ့စာတွေကို ကြိုက်သလဲလို့မေးရင် ကျွန်တော့်မှာဖြေစရာတွေအများကြီးရှိပါတယ်။ ဘာလို့ကြိုက် တာလဲလို့မေးရင်တော့ ကျွန်တော်မဖြေတတ်ဘူး။ကျွန်တော့်မှာ အမြင် ဆိုတာမရှိဘူး ။ကျွန်တော့်မှာ ခံစားမှုအာရုံပဲရှိတယ်။
ကျွန်တော်ဟာ ဒီလောကကိုဖန်တီးတည်ဆောက်နေသူမဟုတ်ဘူး ။ကျွန်တော်ဟာ ဒီလောကထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းနေတဲ့ သာမန်လူငယ်တစ်ယောက်။ရေးချင်တာ ကို ရေးနိုင်သလောက်ရေး တယ်။ကျွန်တော့်နာကျင်မှုနဲ့ စာဖတ်သူရဲ့နာကျင်မှု အဲ့ဒီနာကျင်မှုနှစ်ခု တိုက်မိတဲ့အခါ အခိုက်ဓာတ်တစ်မျိုး ရလိမ့်မယ်လို့ ကျွန်တော် အမြဲယုံကြည်တယ်။
အနုပညာဆိုတဲ့စကားလုံးက ကြီးကျယ်လွန်းပါတယ်။အခိုက်ဓာတ်လို့ပဲ ကျွန်တော်သုံးချင်/သုံးပါရစေ ။
ကျွန်တော်ဟာ နာကျင်ဝေဒနာမှာပျော်ရွှင်သူစစ်စစ်ပါ ။အားလပ်ချိန်တချို့နဲ့ သီချင်းတွေစုဆောင်းတယ်။ ပြီးတော့ စာတွေရေးပါတယ် ။ ။
-ပြည့်စုံဝင်း
6 May
P.S-အခိုက်ဓာတ်ဆိုတဲ့စကားလုံးကို စတင်သုံးစွဲခဲ့သူဟာ ဆရာမောင်ချောနွယ်ဖြစ်ပါတယ်။ ။

Comments
Post a Comment