ကျွန်တော်နှင့် ဆေးထိုးအပ်လေးများ


ကျွန်တော်နှင့် ဆေးထိုးအပ်လေးများ
ရသစာတမ်း

           ကြောက်ရွံ့မုန်းတီးသည့် အရာတစ်ခုနှင့် မနှစ်သက်ဘဲလုပ်ဆောင်နေရသည့် လူတစ်ဦးအကြောင်း ကိုကျွန်တော်ပြောပြချင်ပါသည်။ခင်ဗျားပတ်ဝန်းကျင်မှာလည်းမနှစ်သက်သည့်အလုပ်တစ်ခုကို ရှောင်လွှဲမရ
သည့်အတွက် အံခဲလုပ်ဆောင်နေရသူတစ်ချို့လည်း ရှိနေနိုင်ပါသည်။လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့်
အတိုင်း လူသားတွေ၏ ကြောက်ရွံ့မုန်းတီးမှုက အမျိုးမျိုး ဖြစ်သည်။
           တစ်ချို့က ချွန်ထက်သည့်အရာတွေကို မုန်းသည်။ တစ်ချို့က ထက်မြိနေသည့် ဓားသွားတွေကို မုန်းသည်။ တစ်ချို့တွေကအဆိပ်ပြင်းသည့် မြွေ   တွေကို မုန်းသည်။ တစ်ချို့တွေကတော့ လူကို အန္တရယ် မပြုနိုင်သည့်တိုင် တီကောင်ဆိုသောအရာကို ထိကိုင်မိသည်နှင့် မေ့မျောမတတ်
ရွံမုန်းသည်။ လေထဲမှာလွင့်ဝဲလာသည့် ငှက်မွေးလေးကိုမြင်ပြီး ထိတ်လန့်တကြားအော်ဟစ်နေသည့် မိန်းကလေး တစ်ယောက်ကိုလည်း မြင်ဖူးခဲ့ပြီဖြစ်သည်။              တစ်ချို့တွေကတော့ ထိတွေ့စမ်းသပ်မရသည့် ပရလောကသားဆိုသူတွေကို ကြောက်သည်။ သို့သော် ၄င်းတို့ငှါးဖတ်ကြသည်မှာ သရဲ၊ တစ္ဆေ၊ စုန်းနှင့် သိုက်ဝတ္ထုများ၊ ဂမ္ဘီရစာအုပ်များ ဖြစ်သည်။ ညရောက်လျှင် အပေါ့အလေးမျှ မသွားဝံ့အောင် ကြောက်ရွံ့သော်လည်းအခန်းမီးမှိတ်ပြီးနောက်
 စောင်ကိုခေါင်းမြီးခြုံကာ မျက်နှာလေးကွက်ကွက်ဖော်ပြီး သရဲကားကြည့်သည့် သူငယ်ချင်းတစ်ဦးလည်း ရှိခဲ့ဖူးသည်။ သရဲ၊ တစ္ဆေကို ကြောက်ရွံ့မုန်းတီးသော်လည်း၎င်းကြောက်ရွံ့သည့်အရာတွေအကြောင်းကို
 နှစ်သက်စွဲမက်စွာကြည့်ရှုနေခြင်းဖြစ်သည်။
                  လူတိုင်းနည်းတူ ကျွန်တော်မှာလည်း မနှစ်သက်သည့် အရာတစ်ချို့ ရှိသည်။ ကျွန်တော် မနှစ်သက်သည်က ဆေးရုံ၊ ဆေးခန်းများဖြစ်သည်။ ထိုအရာသည် အဖွား၏အမေထံမှ အမွေရခြင်းလည်း
 ဖြစ်သည်။ အဖွား၏ အမေ့နာမည်မှာ ဒေါ်စိန်ရှုဖြစ်သည်။ ကျွန်တော်တို့က အမေရှုဟုပဲ ခေါ်သည်။ အမေရှုသည် ၄င်း၏သားကို ဆေးရုံပေါ်တွင်ငှက်ဖျားဖြင့်ဆုံးရှုံးခဲ့ရသည့်နောက်ပိုင်း ကြောက်ရွံ့သွားခြင်း
 ဖြစ်ကြာင်း အဖွားထံမှ သိခဲ့ရသည်။ နေမကောင်းဖြစ်လျှင်တောင် အင်္ဂလိပ်ဆေးတိုက်၍ မရ။ ဆေးခန်းသွား ပြီး ဆေးထိုးဖို့ဆိုသည်က အဝေးကြီးဖြစ်သည်။ နေမကောင်းဖြစ်လျှင် ဂျင်းသုပ်လေးသုပ်ပေးရန်သာ
 တောင့်တတတ်သည်။ ဂျင်းသုပ်စားပြီးနောက် ဖျားချင်သလိုလိုဆိုသောအရာတို့ ဝေးလွင့်သွားသည်။ ဂျင်းသုပ်သည် အမေရှုအတွက်တော့ ဆေးဖြစ်သည်။ ဓာတ်စာဖြစ်သည်။
̏ ငရုတ်သီး နီနီ
ကျီး(ကျေး)ချီလို့သွား
စပ်လိုက်လေ ကိုတက်ခါးရယ်
မရွှေတင့်နဲ့ ညား ˝
စိတ်လိုလက်ရရှိလျှင် အမေရှုရွတ်နေကျ ကဗျာလေးဖြစ်သည်။ ကိုတက်ခါးနှင့် မရွှေတင့် ညား၊ မညား မသိခဲ့ရသော်လည်း အမေရှုကတော့ ဆေးရုံ၊ ဆေးခန်းသို့ သေသည်အထိ မသွားခဲ့သူဖြစ်သည်။ လက္ခဏာရေး သုံးပါးကို မပြတ်ဆင်ခြင်နေသူဖြစ်၍ သံသရာခရီးသွားရာတွင် သုဿန်တစပြင် ဖြတ်သန်းရ မည်ကို နားလည်လက်ခံနိုင်သော်လည်း ဆေးရုံ၊ ဆေးခန်းကိုတော့ တစပြင်ထက် ရွံမုန်းသူ၊ လက်မခံနိုင်သူ ဖြစ်သည်။
အမေရှုမုန်းသည့်နည်းတူ ကျွန်တော်လည်း ဆေးရုံ၊ ဆေးခန်းကို မုန်းပါသည်။ ပိုးသတ်ဆေးနံ့ (ဒတ်တော)ကို ရသည်နှင့် ပျို့ချင်အန်ချင်ဖြစ်ရသည်။ ဆေးရုံ လူမမာမေးသွား၍ ပြန်လာလျှင် မပျို့အန်ဘူးဆိုလျှင်တောင် ခေါင်းတွေ တဒိန်းဒိန်းကိုက်ကာ ပြန်လာရသည်ချည်းဖြစ်သည်။ ဂျူတီကုတ် အဖြူရောင်၊ နားကြပ်လေးများနှင့် ဒေါက်တာမလေးများ၏ ပုံဟန်က ဆေးရုံမှ ဒတ်တောနံ့ကို ခေတ္တမျှမေ့ပျောက်စေခဲ့သော်လည်း အိမ်အပြန်လမ်းတစ်လျှောက် ခေါင်းကိုက်ခြင်းကို မကာကွယ်ပေးနိုင်ခဲ့ ချေ။ ထိုအရာကိုတော့ ခေါင်းကိုက်ပျောက်ဆေးတစ်မျိုးမျိုးကသာ ကာကွယ်ပေးနိုင်ခဲ့သည်။
ဘဝကို သမားရိုးကျ ဖြတ်သန်းနေသူ ကျွန်တော်သည် အိမ်ထောင်ကျပြီး မိန်းမရခဲ့သည်။ မိန်းမရပြီး အိမ်ထောင်ကျခဲ့ရခြင်း မဟုတ်ပါ။ စကားလုံးများ၏ အတိမ်အနက်ကို အလေးထားခဲ့သူကျွန်တော်သည် အမျိုးသမီးက သားဦးလေးကို မျက်နှာမြင်သည့်အခါ စကားလုံးများအကြောင်း မဆန်းစစ်နိုင်တော့။ လူပျိုကိုယ်လွတ်ဘဝတွင် ဂျူတီကုတ်ဖြူလေးများသာ မျက်ဝန်းထဲရှိခဲ့ဖူးသည်။ တစ်ခါမျှ မရှိခဲ့ဘူးသည့် စပ်ပူစပ်လောင် အနီရောင်များ မျက်ဝန်းထဲမြင်လာချိန်တွင် အရာရာကို သတိပြုမိသွားသည်။ ဟိုးတုန်းက ဆေးရုံလူမမာမေးတိုင်း သတိမမူခဲ့သည့် ဝါထိန်ထိန် ဖောသွပ်သွပ်မျက်နှာများ၊ စုတ်ထောင်းထောင် ညှင်းသိုးသိုးဆံပင်များဖြင့် ရက်ရှည်လူနာလာစောင့်နေရသည့် လူနာစောင့်များ၏ ပုံဟန်က အာရုံထဲကပ်ငြိ လာခဲ့သည်။
̏ ဆရာမ … ဆရာမ ˝
နှုတ်မှထွက်လာသော စကားလုံးတို့သည် လျှာဖျားမှလား၊ ရင်တွင်းမှလား ဆိုသည်ကို မဆန်းစစ်ချင်တော့။ ရုံးခန်းစားပွဲမှာ နေကြာစေ့စားနေသည့် ဆရာမလေးများ၏ အပူပင်ကင်းသော နှလုံးသားကို မတပ်မက်သော်လည်း ခဏမျှတော့ လိုချင်မိပါသည်။
̏ ပစ္စည်းတွေ သေချာသိမ်းထားလေ၊ ခဏနေ ဆရာဝန်ကြီး ရောင်း (Round) လှည့်တော့မှာ …˝
ဆရာမလေး၏ စကားကိုနာခံရင်း ဇနီးသည်နှင့် သားလေး၏ကျန်းမာရေးကို စစ်မေးနေသည့် ဒေါက်တာမလေးနှင့် ဘဝမခြားသော်လည်း အလွှာခြားသွားပြီဆိုသည်ကို သိလိုက်သည်။ တစ်ချိန်က မာန်ထောင်ဝင့်ဝါဖူးသော လူငယ်လေးတစ်ယောက်၏မာနသည် ယခုအချိန်တွင် မျက်လွှာချလိုက်သည်နှင့် လျောကျသွားတော့သည်။ ကောင်းဇေယျာလင်းဆိုသည့် သားကြီးကို ပြည့်သူ့ဆေးရုံတွင်မွေးပြီး သားငယ်ကောင်းသုတကိုမူ ပုဂ္ဂလိကဆေးရုံ ရွှေတော်ဝင်တွင် မွေးခဲ့သည်။
ထို့နောက်မှာတော့ ဆေးရုံ၊ ဆေးခန်းနှင့် ကင်းနိုင်ပြီဆိုကာ လက်သီးလက်မောင်းတန်းလိုသော ကျွန်တော်သည် ကလေးများ၏ကျန်းမာရေးကို အထူးဂရုစိုက်သည်။ မိုးတွင်းဆိုလျှင် သွေးလွန်တုပ်ကွေး မဖြစ်စေဖို့၊ ဆောင်းတွင်းဆိုလျှင် အအေးမပတ်စေဖို့နှင့် နွေအခါမှာတော့ အပူမရှပ်စေဖို့ဖြစ်သည်။ အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် သားတို့အမေထက်ပင် ပို၍ဂရုစိုက်ခဲ့သည်။ ဆေးရုံ၊ ဆေးခန်းတက်ရသည့် ဒုက္ခနှင့် ခယဝယနိုင်ရမူတို့ကို ကြောက်ရွံ့သွားသောကြောင့်ဖြစ်သည်။
ကျွန်တော်၏ ကြောက်ရွံ့မှု အရှိန်မသေသေးခင်မှာပင် ခင်ပွန်းသည်တာဝန်ကျရာ ဒေသ အသီးသီးသို့ လိုက်ပါသွားသည့် နှမငယ်နှစ်ယောက်သည် နှစ်ဝက်မျှအချိန်ခြား၍ မိဘထံသို့ပြန်လာကာ မျက်နှာမြင်ကြသောအခါ ဆန့်ထားသည့်လက်ရုံးလက်မောင်းကို အသာပြန်ချလိုက်ရသည်။ နှမငယ် နှစ်ယောက် သက်ဆိုင်ရာသိုက်မြုံဆီသို့ ပြန်သွားကြသည့်အခါ ကျွန်တော်ဆုံးဖြတ်ချက်ကို ခိုင်ခိုင်ကြီးချ လိုက်သည်။ မသေခင်စပ်ကြားနှင့် သေသည့်တိုင်အောင် ဆေးရုံ၊ ဆေးခန်းကို လုံးဝမသွားဟူသော အမေရှု၏ ဆုံးဖြတ်ချက်အတိုင်းဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကလေး လုံးလုံးကျမသွားမီပင် တစ်ပတ်တစ်ခါ ဆေးခန်းပြရန်အကြောင်းက ပေါ်လာခဲ့ပြီဖြစ်သည်။ မေမေ၏ ဆီးချိုရောဂါကြောင့်ဖြစ်သည့်။
အစားအသောက်ကို ဂရုတစိုက်ထိမ်းသော်လည်း နှစ်ရှည်လများခံစားနေရသည့် ဆီးချိုရောဂါသည် အတက်အကျ မမှန်တော့။ ပြနေကျဆေးခန်းသည် တိုကင်ပေးထားသည့်တိုင် လူနာစောင့်ရသည်။ ရောက်သွားချိန်တွင် ကိုယ့်အလှည့်ကျော်ကာစဖြစ်သည့်တိုင် နောက်ထပ်နှစ်ဦးသုံးဦးမျှ စောင့်ဆိုင်းစေ ခြင့်ဖြင့် ဆေးခန်းရှိ စာရေးမက ပညာပြသည်။ ဒါသောက်၊ ဒါစား၊ ဘယ်လောက်ကျတယ်ဆိုသည့် အာဏာရှင် ဆရာဝန်ကြောင့် လူနာအခြေအနေ၊ ရောဂါအခြေအနေကို ဆွေးနွေးမေးမြန်းခွင့်မရ ဖြစ်ရသည်။
သို့နှင့် မန္တလေးရှိ နန်းတော်ဆေးရုံကြီးတွင် နှစ်ပတ်ကျော်မျှတက်ကာ ဆီးချိုအထူးကု သမားတော်ကြီးနှင့် ပြသရသည်။ ဒီမိုကရေစီဆန်သည့် သမားတော်ကြီးက ရောဂါအကြောင်း၊ လူမမာနှင့် ရောဂါအခြေအနေတို့ကို ရင်းနှီးနွေးထွေးစွာ စိတ်ရှည်လက်ရှည်ရှင်းပြသည်။ စားသောက်နေထိုင်မှုပုံစံ၊ ထိုးဆေးသောက်ဆေးများကိုလည်း လမ်းညွှန်လိုက်သည်။ အာဏာရှင် ဆရာဝန်ကြီးနှင့် ဒီမိုကရေစီ သမားတော်ကြီးကြားတွင် ရင်းနှီးနွေးထွေးမှု၊ ယုံကြည်ကိုးစားမှုနှင့် လေးစားချစ်ခင်မှုတို့ ကွာခြားသွားသည်။
တစ်ချိန်က အင်ဆူလင်ဆေးထိုးရမည်ဆိုလျှင် အသေသာခံမည်ဆိုသော မေမေ၏ သဘောထား တို့လည်း ပြောင်းလဲသွားသည်။ တစ်ခါတစ်လေမဟုတ်ဘဲ နေ့တိုင်းထိုးရမည်ဖြစ်၍ ဆေးရုံတွင်အဆင်ပြေ သော်လည်း အိမ်ရောက်လျှင် မိသားစုထဲမှ တစ်ဦးဦးကထိုးပေးမှအဆင်ပြေမည် ဖြစ်သည်။ ထိုအခါ ပြဿနာသည် အတူနေသားကြီး ကျွန်တော့်အပေါ်သို့ ရောက်လာသည်။
ကျွန်တော်အမုန်းဆုံးမှာ ဆေးရုံ၊ ဆေးခန်းဖြစ်၍ အကြောက်ဆုံးမှာ ဆေးထိုးအပ်ဖြစ်သည်။ (Butter Fly)ခေါ် သေးမွှားသည့် လိပ်ပြာအပ်ကလေးမှစ-ကာ ပွိုင့်ဖိုက် ပွိုင့်သရီး ပွိုင့်ဝမ်းမီလီမီတာအဆုံး အပ်များအားလုံးကို မုန်းသည်၊ ကြောက်သည်။ ထိုအပ်အားလုံး၏ တူညီသော ဂုဏ်အရည်အချင်းတစ်ရပ်မှာ ချွန်မြစူးရှခြင်းဖြစ်သည်။ ချွန်မြစူးရှသည့် အပ်တစ်ဆုံး ကျွန်တော့်အသားထဲ ဝင်လာမှာကို ကြောက်သည်။
ရာသီအကူးအပြောင်းတွင် တုပ်ကွေးဖျားသည့်အခါ နှာရည်တစ်တောက်တောက်ကျကာ မျက်ရည်တဝိုင်းဝိုင်းရှိနေတတ်သည့် ကျွန်တော်သည် ဆေးသောက်ရုံဖြင့် မပျောက်တတ်ဘဲ တင်ပါးသို့ အပ်စိုက်မှသာ ဝေဒနာမှ သက်သာရာရသူဖြစ်သည်။ ထို့ကြောင့် ကြောက်ကြောက်နှင့် ဆေးခန်းသို့ သွားရသည်။ ရှက်ရှက်နှင့် တင်ပါးလှန်ရတော့သည်။ ဆေးထိုးအပ်ကို ကြောက်သည်မှာ နာကျင်မှု သက်သက်ကြောင့် မဟုတ်ဘဲ အပ်၏ချွန်မြမှုကိုတွေးကာ တစိမ့်စိမ့်ကြောက်ခြင်းဖြစ်သည်။
ယခုအခါတွင် ကျွန်တော်ကြောက်ရွံ့သည့် ထိုအရာကို ရှောင်လွှဲ၍မရတော့။ ဆေးရုံတွင် တက်နေသည့် နှစ်ပတ်ကျော် ကာလအတွင်း ဆေးထိုးခြင်းအတတ်ပညာကို ကျွန်တော်သင်ယူလိုက်သည်။ ပထမဆုံးအကြိမ်မှအပ နောက်အကြိမ်များတွင် အဆင်ပြေအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ ဇနီးသည်ကို ဆေးထိုးပုံထိုးနည်း သင်ပေးခဲ့သော်လည်း မေမေ သဘောကျသည်မှာ ကျွန်တော့်ကိုဖြစ်သည်။ သားကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်ကြိုးစားမယ် ဟု ပြောခဲ့ဖူးသောကျွန်တော်သည် ဆရာဝန်တစ်ယောက်ဖြစ်မလာခဲ့သော်လည်း ယခုအခါတွင် မေမေ့အတွက် အပ်ကိုင်နေရပြီဖြစ်သည်။ ကျွန်တော်၏အလုပ်မှာလည်း ညစာရင်းစစ်မှူးဖြစ်၍ မေမေ့ကို ဆေးထိုးပေးရန် အတွက် အဆင်ပြေသည်။
̏ သားရေ မေမေ ထမင်းစားမယ် …˝
ထိုအခါ မီးဖိုချောင်ထဲတွင် ဇနီးသည်က နွှေးသင့်သော ဟင်းများကို နွှေးကာ ခူးခပ်ပြင်ဆင်နေမည်ဖြစ်သလို ကျွန်တော်ကလည်း မေမေ့ကို ဆေးထိုးရန်အတွက်ပြင်ဆင်ရသည်။ ရေခဲသေတ္တာထဲမှ အင်ဆူလင်ပုလင်းကိုထုတ်ကာ လှုပ်မည်။ ဆေးထိုးအပ်ဖြင့် သတ်မှတ်ပမာဏရောက် အောင် စုပ်ယူမည်။ ထို့နောက် မေမေ့လက်မောင်းကို လက်ညှိုးဖြင့်ထောက်ကာ မနာကျင်သည့်နေရာကို ရွေး၍ အပ်ကို အသာစိုက်မည်။ တဖြည်းဖြည်းထိုးသွင်းပြီးနောက် ဂွမ်းစဖြင့်အသာဖိကာ အပ်ကိုနှုတ်မည်။ သို့မှသာ အပ်နှုတ်သည့် နာကျင်မှုကို မသိလိုက်မှာဖြစ်သည်။
ကြောင်စာလောက်သာရှိမည့် ထမင်းတစ်ပန်းကန် မစားရမီ ဆယ့်ငါးမိနစ်အလို နာကျင်မှုဒဏ်ကို နေ့စဉ်ခံစားနေရသည့် မေမေ့ကိုကြည့်ကာ သနားလာသည်။ မနာပါဘူးသားရယ်ဟု မည်မျှပင်ပြောနေ စေကာမူ စူးမြသည့်အပ် လက်မောင်းစိုက်ဝင်နေသဖြင့် နာကျင်မှုဝေဒနာကို ခံစားမိမည်သာဖြစ်သည်။ မေမေ၏ နာကျင်မှုကို ကျွန်တော်သိသည်။ ကျွန်တော်၏ စိတ်ပင်ပန်းမှုကို မေမေသိသည်။ ကျွန်တော်က ဟန်ဆောင်ကောင်းသူတစ်ဦး မဟုတ်ပါ။ မျက်နှာပေါ်က အရိပ်အကဲကို မေမေဖတ်တတ်ခဲ့မည်သာ ဖြစ်သည်။ ကျွန်တော်အတတ်နိုင်ဆုံးလုပ်ပေးနိုင်သည်မှာ နာကျင်မှုအနည်းဆုံးဖြစ်စေရန်အတွက်ဖြစ်သည်။ ဒူးနှင့်ပေါင်ကို ဆေးထိုးလျှင် နာသည်ဆို၍ လက်မောင်းသာ ဆေးထိုးဖြစ်ခဲ့သည်။ နေ့စဉ်ဖြစ်နေ၍ မေမေ့လက်မောင်းမှ အပ်ပေါက်ရာများကို ကြည့်ပြီး ငိုချင်လာမိကြောင်း ရိုးသားစွာ ဝန်ခံလိုပါသည်။ တစ်ခါတစ်ရံ အိပ်မက်ထဲမှာပင် မေမေ့လက်မောင်းကို ဆေးထိုးဖို့ပြင်နေပုံကို မြင်ယောင်အိပ်မက်သောအခါ အသံထွက်၍ ငိုကြွေးပစ်လိုက်ချင်သည်။
ဆရာဝန်တိုင်း မိမိ မိဘကို ဆေးထိုးပေးဖူးကြမည် ဖြစ်သည်။ သို့သော် ဖျားနာသည့်အခါ၊ အားနည်းသည့်အခါတွင်သာဖြစ်မည်။ ဆရာဝန်မဟုတ်သော ကျွန်တော်က မေမေ့ကိုနေ့စဉ် ဆေးထိုးပေး နေရသည်။ ဆရာဝန်တိုင်း၏ မိခင်သည် ဆီးချိုဝေဒနာသည် မဖြစ်နိုင်သော်လည်း ကျွန်တော့်မိခင်ကတော့ ဆီးချိုဝေဒနာရှင်ဖြစ်သည်။ လူနာပေါင်းများစွာကို နေ့စဉ်ဆေးထိုးပေးနေရသည့် ဆရာဝန်တစ်ယောက်၏ နှလုံးသားမျိုး ပိုင်ဆိုင်ချင်ပါသည်။ သို့သော် အမေဆိုသောခေါင်းစဉ်အောက်တွင် ဆရာဝန်မဟုတ်သည့် ကျွန်တော် ထိုခံစားချက်မျိုးမမွေးမြူနိုင်သည်မှာလည်း သေချာသည်။
ကျွန်တော့်နှလုံးသားသည် တစ်နေ့လျှင် နှစ်ကြိမ်နာကျင်နေရသည်။ တစ်ချိန်က ကြီးမားပြည့်ဖြိုး သည့် မေမေ့၏ခန္ဓာကိုယ် ပါးလျလာခြင်းကို သိမြင်နေရသည်။ လျော့ရဲလာသည့် လက်မောင်းနှစ်ဖက်ကို ကြည့်ရင်း စိတ်ဆင်းရဲရသည်။ မမြဲခြင်းတရားကို သိထားသော်လည်း အသိသည် အသိသာဖြစ်သည်။ နှလုံးသားပေါက်အောင် သိခြင်းမျိုး မဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်။ မပျောက်ကင်းနိုင်သည့် ရောဂါကိုထိန်းချုပ်ဖို့အတွက် ချစ်သောမိခင်ကို နေ့စဉ်နာကျင်မှုပေးနေရသည်။ ထိုအရာသည် ကျွန်တော့် အတွက် ကျိန်စာဖြစ်သည်။ မဝရေစာစားသောက်ဖို့အတွက် မေမေ့မှာ နေ့စဉ်နာကျင်ခြင်းကို ခံစားနေရ သည်။ ထိုအရာသည် ဝဋ်ကြွေးဆိုသောအရာဖြစ်နိုင်သည်ဟု မပြောရက်၊ မဆိုရက် ပြောချင်ပါသည်။
̏ ဆီးချိုဆိုတာ လူမသေဘဲ ပြိတ္တာအဖြစ် ဘဝပြောင်းသွားတဲ့ ရောဂါ …˝
ထိုစကားမျိုး ဆီးချိုရောဂါဖြစ်ကာစက မေမေ့နှုတ်ဖျားမှ ကြားခဲ့ရဖူးသည်။ ကျွန်တော်ကြောက်ရွံ့ မုန်းတီးသည့် ဆေးထိုးအပ်တစ်ချောင်းနှင့် မနှစ်သက်သောအလုပ်တစ်ခုကို နေ့စဉ်လုပ်ဆောင်နေရပါသည်။ ထိုအရာအတွက် ကျွန်တော်ပြန်ရသည်မှာ မေမေ့ထံမှ မေတ္တာလွှမ်းသည့် မျက်ဝန်းတစ်စုံဖြစ်သည်။ ဆေးထိုးနေစဉ် ကျွန်တော့်မျက်နှာကို မလွတ်တမ်းဖတ်ရှုနေသည့် မေမေ၏ပြုံးနေသည့် မေတ္တာအပြည့်နှင့် မျက်ဝန်းတစ်စုံဖြစ်သည်။ ထို့ကြောင့် ကျွန်တော် ကြောက်ရွံ့မုန်းတီးသည့် ဆေးထိုးအပ်လေးများကို ယနေ့ထိတိုင် ကိုင်တွယ်နေရဆဲ ဖြစ်သည်။
ခင်ဗျားပတ်ဝန်းကျင်မှာလည်း မနှစ်သက်သည့် အလုပ်တစ်ခုကို ရှောင်လွှဲမရနိုင်သည့်အတွက် အံခဲလုပ်ဆောင်နေရသူတစ်ချို့ ရှိနေနိုင်ပါသည်။ ထိုသူများ ပြန်ရသည့် အရာတွေသည် မည်သည့်အရာ များဖြစ်သနည်း။
ခင်ဗျားပြောပြနိုင်မည် ဆိုပါလျှင် သို့မဟုတ် ကျွန်တော်သိခွင့်ရှိခဲ့မည် ဆိုပါလျှင် …….။

ရှဥ့်ညိုလေး
(ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်း။ အမှတ်(၂)၊ စက်တင်ဘာ (၂၀၂၀)၊ စာမျက်နှာ (၈၂))
https://shintnyolay.weebly.com 
https://web.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း