ကျွန်တော်နှင့် ရှဥ့်ညိုလေး၏ အက်ဆေးများ
ကျွန်တော်နှင့် ရှဥ့်ညိုလေး၏ အက်ဆေးများ
ရသစာတမ်း
စာပေတွင် ပုံဏ္ဍာန်အမျိုးမျိုး ရှိသည့်အနက် ကျွန်တော်စွဲမက်သည့် အမျိုးအစားမှာ အက်ဆေးဖြစ် သည်။ တစ်ချို့က ရသစာတမ်းဟု အမည်တပ်သည်။ တစ်ချို့က အစမ်းစာဟု ကင်ပွန်းတင်သည်။ မည်သို့ ပင် ဆိုစေ ထိုအရာအားလုံးသည် ကျွန်တော်နှစ်သက်သည့် အက်ဆေးများဖြစ်လေသည်။
ဟိုစဉ်ကမူ ရသဝတ္ထုတိုများကို တရှိုက်မက်မက် ဖတ်ခဲ့ဖူးသည်။ ရသဝတ္ထုတိုများဟု ဆိုရခြင်းမှာ တစ်ချို့ဝတ္ထုတိုများသည် ရသစွက်ရုံသာ စွက်သည့် ဝတ္ထုတိုများဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ ဝတ္ထုတိုတစ်ပုဒ်တွင် ဦးတည်ချက်(မက်ဆေ့ခ်ျ) တစ်ခုခုပါမြဲဖြစ်သော်လည်း တစ်ချို့ဝတ္ထုတိုများကတော့ ဝါဒဖြန့်သက်သက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဌာနဆိုင်ရာများမှထုတ်သည့် နှစ်ပတ်လည် မဂ္ဂဇင်းများတွင် အဆိုပါဝတ္ထုမျိုးကို တွေ့ရတတ်သည်။
ယခုတလော ဖတ်ရသည့် ဝတ္ထုတိုများတွင် အုပ်စုသုံးမျိုးတွေ့ရသည်။
တစ်မျိုးမှာ တောအကြောင်း၊ တောင်အကြောင်းနှင့် တောရွာဓလေ့စရိုက်ဖွဲ့သည့် ဝတ္ထုတိုများဖြစ်သည်။ နောက်တစ်မျိုးမှာ မွန်းကြပ်စွာဖြင့် ရုန်းကန်လှုပ်ရှားနေကြရသည့် မြို့ပြလူနေမှုစရိုက်ကို ပုံဖော်ထားသည့် ဝတ္ထုတိုများဖြစ်သည်။ နောက်ဆုံး တစ်မျိုးမှာ နိုင်ငံရေးစွက်သည့်ဝတ္ထုတိုများဖြစ်လေသည်။
“ ဘယ်လိုဝတ္ထုတွေ ရေးရမှာတုန်း၊ ဘယ်ပုံသဏ္ဍာန် ဖွဲ့ရမှာတုန်း …”
ထိုသို့သော မေးခွန်းများ မေးလာခဲ့မည်ဆိုပါလျှင် ကျွန်တော်က စာချစ်သူသက်သက်သာလျှင် ဖြစ်သည်။ စာတွေ၊ ကဗျာတွေကို ချစ်မြတ်နိုး၍ဖတ်နေသည့် စာဖတ်သမားဖြစ်သည်။ ထို့ကြောင့် ဝတ္ထုဘယ်လိုရေးရမည် ဆိုသည်ကို မသိပါ။ ဇာတ်လမ်း ဘယ်ပုံဖွဲ့ရမည် ဆိုသည်ကို နားမလည်ပါ။ သို့သော် စာတစ်ပုဒ် ဖတ်ပြီးသည်နှင့် မကောင်းဘူး၊ ကောင်းတယ်၊ မကြိုက်ဘူး၊ ကြိုက်တယ် စသဖြင့် ခံစားနားလည်တတ်ပါသည်။ ဟင်းကောင်းတစ်ခွက် မချက်တတ်သော်လည်း စားပြီးသည်နှင့် မကောင်းဘူး၊ ကောင်းသည် ဆိုသည်ကို ခံစားနားလည်ပုံမျိုးဖြစ်သည်။ စာရေးဆရာကြီးတစ်ဦး ပြောခဲ့ဖူးသည်ကို တစ်ဆင့်ကြားဖြင့် မှတ်သားဖူးပါသည်။
“ စာတစ်ပုဒ်မှာ မကောင်းဘူး၊ ကောင်းတယ်ဆိုတာ မရှိဘူး။ မကြိုက်ဘူး၊ ကြိုက်တယ်ဆိုတာပဲ ရှိတယ်။ ဝတ္ထုတစ်ပုဒ်ဖတ်ပြီးသွားလို့ မကောင်းဘူးဆိုရင် မင်းမကြိုက်လို့ မကောင်းတာပဲ ဖြစ်ရမယ်။ ဘယ်စာရေးဆရာ၊ ဆရာမဖြစ်ဖြစ် ကိုယ်ရေးတဲ့ဝတ္ထုကို အကောင်းဆုံး ဖန်တီးကြတဲ့သူချည်းပဲ …”
ထို့ကြောင့် စာတစ်ပုဒ်ဖတ်ပြီးသည်နှင့် မကြိုက်ဘူး၊ ကြိုက်တယ်ဆိုသည်ကို ကျွန်တော်ခွဲခြားနိုင် ခြင်း ဖြစ်သည်။
ဝတ္ထုတိုသည် ကန့်သတ်ထားသည့် ဘောင်အတွင်း ရှိနေသည့် အနုပညာပစ္စည်းဖြစ်သည်။ ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်သည့်၊ ပေးချင်သည့် မက်ဆေ့ခ်ျကို အောင်မြင်စွာပေးလိုက်နိုင်သည့် မည်မျှကောင်းမွန်အောင်မြင်သော ဝတ္ထုပင်ဖြစ်စေ ကန့်သတ်ထားသည့် ဘောင်အတွင်းမှာသာ ရှိနေတတ် သည်။
စာရေးဆရာတစ်ဦး ပြောသည်ကို ကြားခဲ့ရဖူးသည်။ ဟိုတယ်ဝန်ထမ်းလေးတစ်ဦးအပေါ်တွင် အနိုင်ကျင့်နှိပ်စက်ကာ ညစ်ထားသည့် (GM)ဂျီအမ်တစ်ယောက်အကြောင်းဖြစ်သည်။ စာရေးဆရာက အဖြစ်မှန်ကို ရသစွက်ကာ သူ့အတတ်ပညာဖြင့် ဝတ္ထုတိုအဖြစ်ရေးသည်။ အဆုံးသတ်တွင် ထို(GM)ဂျီအမ် က ပို၍အဆင့်မြင့်သော ဟိုတယ်တစ်ခုသို့ ပြောင်းရွေ့သွားသည်။ အဖြစ်မှန်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ လက်ရှိဟိုတယ်ထက် ပို၍အဆင့်မြင့်သော နိုင်ငံတကာအဆင့်မှီဟိုတယ်တစ်ခုသို့ ပြောင်းသွား သည်။ ထိုဟိုတယ်တွင် ယခုထိတိုင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လုပ်ကိုင်နေဆဲဖြစ်သည်။
စာရေးဆရာက သူ့စာမူလေးကို ပုံနှိပ်စာလုံးအဖြစ် မပြောင်းသေးခင် ဝါရင့်စာရေးဆရာကြီး တစ်ဦးကို ပြကြည့်သည်။ ထိုအခါတွင် စာရေးဆရာကြီးက ဝတ္ထုတိုတွင် သတ်မှတ်မထားသော်လည်း လိုက်နာနေကြဆဲ စည်းမျဉ်း၊ စည်းကမ်းတစ်ချို့ကို ရှင်းပြသည်။ ထို့နောက်မှာတော့ စာရေးဆရာလေး၏ ဝတ္ထုတိုနိဂုံးပိုင်းသည် ပြောင်းလွဲသွားတော့သည်။ အပြင်တွင် လက်အောက်ငယ်သားတစ်ယောက်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် ဖိနှိပ်ညစ်ပတ်ထားဖူးသည့် လူသားတစ်ယောက်သည် အောင်မြင်ပျော်ရွှင်နေ သော်လည်း ဝတ္ထုတိုထဲတွင် နှလုံးရောဂါဖြင့် သေဆုံးပေးရလေသည်။ ဒါသည်ပင် သတ်မှတ်မထားသည့် စည်းမျဉ်းကို လိုက်နာနေရခြင်းဖြစ်သည်။
ဝတ္ထုအစတွင် သေနတ်ပြထားလျှင် အဆုံးမှာတော့ ပစ်ဖြစ်အောင် ပစ်ပြပါဆိုသော ဘောင်အတွင်း တွင် စာရေးဆရာအတော်များများ ရှိနေကြသေးသည်။ ကျွန်တော်က ဘောင်များ၊ ကန့်သတ်ချက်များဖြင့် မနေထိုင်တတ်သူဖြစ်သည်။ လမ်းသွားလျှင်ပင် ခုန်ပျံကျော်လွှားသွားလိုသူဖြစ်သည်။
ကျွန်တော်ချစ်သည့် အက်ဆေးများတွင် ဘောင်များ၊ ကန့်သတ်ချက်များ နည်းပါးသည်မှာ သေချာသည်။ စကားလုံးများနှင့် လွတ်လပ်စွာ စီးမျောခွင့်ရခြင်းသည် အက်ဆေး၏အားသာချက်ပဲ ဖြစ်မည်ထင်သည်။ အက်ဆေးချစ်သူဖြစ်၍ မဂ္ဂဇင်းစာမျက်နှာများထက်မှ ဆရာကြီးများ၏ အက်ဆေးများကို မလွတ်တမ်းဖတ်သည်။ ထွက်သမျှသော အက်ဆေးပေါင်းချုပ်များကို မလွတ်တမ်းဝယ်သည်။
တစ်နေ့က အက်ဆေး(၁၀၂)ဆိုသည့် အက်ဆေးပေါင်းချုပ်ထွက်နေပြီဟု အွန်လိုင်းစာမျက်နှာ ထက်တွင် တွေ့လိုက်ရသည်။ ထိုနေ့သည် တိမ်သားထူထူတို့ ကျွန်တော်တို့ မြို့ကောင်းကင်ထက်သို့ အလည်ရောက်နေသောနေ့လည်းဖြစ်သည်။ မြို့ထဲရှိ ကဗျာဆရာတစ်ဦးဖွင့်ထားသည့် စာအုပ်အရောင်း ဆိုင်ကြီးသို့သွားဝယ်သည်။ နမူနာယူထားသည့် (၂)အုပ်ကုန်သွားပြီဖြစ်၍ နောက်ရက်များမှ ရောက်မည်ဟု ပြောသည်။ တစ်ဆိုင်ကတော့ မရောက်သေးဟု ဆိုသည်။ ကျွန်တော်သည် စာအုပ်နှင့် ပတ်သက်လျှင် ဆုံးဖြတ်ချက်တို့ မကြာခဏပြောင်းလွဲတတ်သူဖြစ်သည်။ ထို့ကြောင့် နောက်တစ်ခေါက်မှဆိုသော အတွေးနှင့် နာမည်ကျော်စာရေးဆရာကြီးတစ်ဦး၏ ဝတ္ထုတိုပေါင်းချုပ်ကြီးဝယ်ကာ ပြန်လာခဲ့လိုက်သည်။ ကျွန်တော်က စာအုပ်ထူကြီးများကို နှစ်သက်သဘောကျသူ ဖြစ်သည်။ သို့သော် စာအုပ်ပါးလေးများကို လည်း မလွတ်တမ်းဝယ်ယူဖတ်ရှုသည့် စာချစ်သူတစ်ဦးလည်းဖြစ်သည်။
ကျွန်တော်မြို့ရှိ စာအုပ်အရောင်းဆိုင်များ၏ အားနည်းချက်လား၊ ဖြန့်ချိရေးစနစ်၏ ချို့ယွင်းချက် ကြောင်းလားမသိ လိုချင်သည့် စာအုပ်ကို အလွယ်တကူဝယ်ယူမရ ဖြစ်တတ်သည်မှာ မကြာခဏဖြစ်သည်။ သူငယ်ချင်း၊ မိတ်ဆွေများ၏ စာအုပ်များ ထွက်နေသည်ကို အွန်လိုင်းစာမျက်နှာများ၏ ကျေးဇူးဖြင့် သိနေရသည်။ စာအုပ်ဆိုင်သွားမေးကြည့်လိုက်လျှင် မရသေးလို့၊ မရောက်သေးလို့ဆိုသော အဖြစ်မျိုးသာ ကြုံရတတ်သည်။ မှာပေးပါဟု တောင်းဆိုထားမိလျှင်လည်း စာအုပ်ဆိုင်ခဏခဏရောက်သည်သာ အဖတ်တင်သည်။ သူငယ်ချင်းစာရေးဆရာထံဖုန်းဆက်လိုက်လျှင် လိုချင်သည့်စာအုပ်ကို မေတ္ထာ လက်ဆောင်အဖြစ် ရနိုင်သော်လည်း စာရေးသူတစ်ဦး၏ ကြိုးစားအားထုတ်မှုကို ဝယ်ယူအားပေးခြင်းဖြင့် သာ အသိအမှတ်ပြုပေးလိုပါသည်။ ဝယ်ယူထားသည့်စာအုပ်ကို ထိုစာရေးဆရာနှင့်ဆုံလျှင် လက်မှတ်ထိုး ပေးခံရသည့် ခံစားမှုမျိုးကိုလည်း ကျွန်တော်က နှစ်ခြိုက်သဘောကျတတ်သူဖြစ်သည်။
ကျွန်တော် အက်ဆေးဆိုသည်ကို စွဲမက်သွားသည်မှာ ဆရာမဂျူး၏ အဝါရောင်ရထားကို ဖတ်ပြီသည့်နောက်ပိုင်းဖြစ်သည်။ စာပေဟောပြောပွဲတစ်ခုတွင် ထိုဝတ္ထုတိုနှင့် ပတ်သက်ပြီး ဆရာမက ရှင်းပြဖူးသည်။ နိုင်ငံခြားမှာ စာရေးဆရာ ပီတာဆင်းဂါး(Peter Singer) ၏ (Time) တိုင်းမ် မဂ္ဂဇင်းပါ စာတမ်းတစ်ခုကို ဆင့်ပွားခံစားထားခြင်းဖြစ်ကြောင်း၊ ထိုစာရေးဆရာသည်ပင် တခြားစာရေးဆရာ တစ်ယောက်၏ ဝတ္ထု(Living High and Letting Die)ကို နှစ်သက်၍ ဆင့်ပွားခံစားထားခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ (Peter Singer)၏ စာတမ်းအမည်မှာ (The Singer Solution To World Poverty) ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုကို ဆင်းဂါး၏ဖြေရှင်းချက်ဟူ၍ ဖြစ်သည်။ ဆင်းရဲမွဲတေမှုနှင့် ကလေးသူငယ်များ အကြောင်း ရေးထားသည့် အက်ဆေးအဆုံးသတ်တွင် မေးခွန်းနှစ်ခုမေးထားသည်ဟု ဆရာမက ပြောပြ သည်။
“ ခင်ဗျား ကလေးသူငယ်တွေကို ချစ်တတ်ပါသလား …”
ဆိုသောမေးခွန်းဖြစ်သည်။ ချစ်တယ်ဟု ဆိုပါလျှင် နောက်မေးခွန်းတစ်ခုကို မေးလိုပါသည်။
“ ကလေးသူငယ်တွေအတွက် ခင်ဗျားဘာလုပ်ပေးပြီးပြီလဲ …”
ထိုမေးခွန်းလေးသည် ရိုးစင်းရှင်းလင်းသော်လည်း မျက်နှာပူစေသော၊ အသက်ရှု ရုတ်တရက်ကြပ် သွားစေသည့် မေးခွန်းလေးလည်းဖြစ်သည်။ အက်ဆေးဆိုသောအရာများကို နှစ်သက်စွဲမက်သွားစေသည့် စာတမ်းလေးလည်းဖြစ်သည်။
အက်ဆေးရေးသူအများအပြားရှိသော်လည်း အက်ဆေးဟုဆိုလိုက်သည်နှင့် နှုတ်ဖျားတွင် စာရေးဆရာများ၏ ကလောင်အမည်များသာ တန်းစီရောက်လာတတ်သည်။ အက်ဆေးရေးသည့်ဆရာမက လက်ချိုးရေတွက်၍ရအောင်ပင် နည်းပါးသေးသည်။ ထိုနည်းပါးလှသည့် အက်ဆေးဆရာမများထဲမှ တစ်ယောက်မှာ ကျွန်တော်၏ (Favourite) ဖေးဘရိတ်ဖြစ်လာခဲ့သည်။ မီးခိုးရောင်စက်တင်ဘာဆိုသော အက်ဆေးလေးမှစကာ ကျွန်တော်သည် ထိုဆရာမ၏ ပရိတ်သတ်လုံးလုံးဖြစ်သွားသည်။ ဆရာမ၏ အက်ဆေးစုစည်းမှုလေး ထွက်လာသောအခါ နယ်မြို့များထုံးစံအတိုင်းဝယ်မရ၊ မှာမရ အဖြစ်ကို ကြုံရသေးသည်။ ရေဘေးသင့်ဒေသအလှူငွေအတွက် စာအုပ်တွေကို ကိုယ်တိုင်ပုံကာရောင်းနေသည့် ဆရာမနှင့်ကြုံ၍ အပိုင်သိမ်းခွင့်ရခဲ့သည်။ စိမ်းစိုလတ်ဆတ်လွန်းသည့် စကားလုံးများဖြင့် ဖွဲ့သီထားသည့် ထိုအက်ဆေးစာအုပ်လေးကို တစ်ထိုင်တည်းမဖတ်ပစ်ဘဲ တစ်ရက်တစ်ပုဒ်နှုန်းသာ ဖတ်ခဲ့သည်။
“ ညို သေသွားတာ အရေးမကြီးဘူး၊ မောင့်ကိုထားခဲ့ရမှာ သိပ်နောက်ဆံတင်းတာပဲ၊ မောင်ညို့ကို လွမ်းနေမှာစိုးလို့ ”
ဟု ခပ်ချွဲချွဲလေးပြောမိသည့်အခါတိုင်း ဘဝအပေါ် ကျွန်မ တပ်မက်စိတ်မကုန်သေးပုံကိုသိသည့် မောင်က
“ စိတ်ပူမနေပါနဲ့ကွယ်၊ စိတ်ဖြောင့်လက်ဖြောင့်သာသွား၊ ခုခေတ်ကောင်မလေးတွေက တစ်နေ့ တစ်ခြား ပိုလှလာနေကြတာ၊ မောင် ညို့ကို သတိတောင်ရအားမှာ မဟုတ်ဘူး …”
ထိုသို့သော ရွဲ့ကန်းကန်းအရေးအသားများကို ကြိုက်သည်။
ခဲနေသည့်တိမ်များ အရည်ပျော်သောအခါ ပြာလွင်နေသော ကောင်းကင်ကို ကျွန်တော် တွေ့ကောင်းတွေ့ရနိုင်ပါသေးသည်။ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ပြန်သည့်အခါ အားလုံးကို ထားခဲ့ရမည် ဖြစ်ပြီး လောကတွင် နေရသည့် အခိုက်အတန့်တွေထဲမှာ ပိုးပြီးဆိုးစေသည့် အချက်က အမှန်တရားကိုပင် မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံမှု လိုအပ်ခြင်းဖြစ်သည်။
ထိုသို့သော စကားလုံးများကို ကျွန်တော်က ခံတွင်းတွေ့တတ်သေးသည်။ စာအုပ်ထဲမှနေ၍ စကားလှမ်းလှမ်းပြောတတ်သည့် အက်ဆေးဆရာလေးတစ်ဦး၏ အက်ဆေးတိုလေးများကိုလည်း မြိန်မြိန် ယှက်ယှက် ဖတ်တတ်သူဖြစ်သည်။
“ ကျွန်တော်တို့အားလုံးရဲ့လက်တစ်စုံစီဟာ လဲနေသူတစ်ဦးစီတိုင်းကို ထူပေးနိုင်တာ သတိရကြပါ။ ပိုကောင်းတဲ့တစ်နေ့မှာ ကျွန်တော်တို့အားလုံးရဲ့လက်တွေ အတူတူစုလိုက်နိုင်တဲ့အခါ လဲနေတဲ့ တိုင်းနိုင်ငံကြီးတစ်ခုလုံးကိုတောင် ဆွဲထူလို့ရတယ်ဆိုတာကိုလည်း တစ်ပါတည်း သတိရနေကြစေချင် ပါတယ် …”
သူက ထိုသို့လည်း တိုက်တွန်းတတ်သူ ဖြစ်သည်။
“ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ မလိုက်နာနိုင်သရွေ့ ယာဉ်ကြောပိတ်ဆို့မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာမှာပါပဲ။ ယာဉ်မတော်တဆမှုတွေက ထပ်ကြပ်လိုက်နေဦးမှာပဲ။ ရုပ်ရှင် ပိတ်ကားပေါ်က နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းရှေ့မှာ ဒူးချိတ်ခြေဆင်းထိုင်နေသရွေ့တော့ အိမ်အပြင်ဘက်ရောက်တိုင်း (ရွှေ)တွေကို (ရွှေ)တွေလို ဆက်ဆံတာ ခံနေရဦးမှာပဲ … ”
ထိုသို့သော စကားလုံးများနှင့် စကားလှမ်းပြောတတ်သူဖြစ်သည်။ စာအုပ်ဖတ်နေရသည့် ခံစားမှုထက် မိတ်ဆွေတစ်ယောက်နှင့် စကားပြောနေသယောင် ခံစားမိစေသည်အထိ ဖန်တီး တည်ဆောက်ထားသည်။ အက္ခရာစာသားတို့ပျောက်ကွယ်ကာ နားမှကြားယောင်လာစေသော အက်ဆေး ဖြစ်သည်။ စာတစ်ကြောင်း၊ စာတစ်ပိုဒ်မျှ ကျော်လွှားမသွားချင်လောက်အောင် ဆွဲဆောင်ဖျားယောင်းသည့် အက်ဆေးလေးများလည်း ဖြစ်သည်။
ကျွန်တော်နှင့် မျက်နှာချင်းဆိုင်တိုက်တွင် စာရေးဆရာတစ်ယောက်ရှိသည်။ သူ့ခြံအမည်ကို “ ပြုံးရိပ်သာယာ ” ဟု ခပ်နုနုစိတ်ကူးတစ်ခုဖြင့် အမည်ပေးထားသေးသည်။ ထိုစာရေးဆရာသည် အများ အားဖြင့် စာဖတ်နေတတ်သော်လည်း တစ်ခါတစ်ရံ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် စာရေးနေတတ်သည်။ မည်သည့်ကလောင်အမည်နှင့် မည်သို့သောစာတွေရေးနေမှန်း မသိသော်လည်း အပြာရောင်ကတ္ထူဖုံး စာအုပ်လေးထဲတွင် တစ်ခါတစ်ရံ နေ့စဉ်ရက်ဆက်ရေးနေသည်ကို တွေ့ရတတ်သေးသည်။ ထိုကတ္ထူ စာအုပ်လေးသည် တက္ကသိုလ်ရိပ်သာတွင်နေသည့် သူငယ်ချင်းစာရေးဆရာလင်မယားမှ ပေးထားခြင်းဖြစ် သည်ဟု အလည်လာသည့် မိတ်ဆွေများအား ပြောသည်ကို ကြားမိလိုက်ဖူးသည်။ ယခုလည်း ထိုစာရေးဆရာ စာရေးနေသည်ကို အပေါ်မှ မြင်နေရသည်။ ကျွန်တော် ထိုသူ့တိုက်ဘက်သို့ ကူးခဲ့လိုက် သည်။
ထိုသူက လူတစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်တော်ရောက်နေသည်ကို ဂရုမထားမိပုံမျိုး ဖြစ်သည်။ အသားကြီး၍ မမြင်ချင်ယောင်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တွေးမိတွေးရာ၊ ငေးမိငေးရာကို ငေးနေပုံမျိုးဖြစ်သည်။ ကျွန်တော်ရောက်သွားတော့ စာရေးပြီးသွားသည့် ပုံမျိုးဖြင့် ဘောလ်ပင်အဖုံးကို ပိတ်ကာ လက်တွေကိုတစ်ဖက်ချင်းဆီ ဆုပ်ရင်း အညောင်းဆန့်နေသည်။ ထို့နောက် အနားမှာချထားသည့် ဟန်းဖုန်းကို ကောက်ကာ နံပါတ်တစ်ချို့ကို နှိပ်နေစဉ် သူရေးပြီးသွားပုံရသည့် စာကို ငုံ့ဖတ်လိုက်သည်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး …
ကျွန်တော်သည် နာမည်ကျော် စာရေးဆရာမများ၏ ဇာတ်လိုက်မင်းသမီးဖြစ်ခဲ့မည် ဆိုလျှင် “ ဘုရားရေ ” ဟု ရေရွတ်မိမည်လားမသိ။ ဆိုင်းထိုးထားသည့် သူ့လက်မှတ်ကိုကြည့်ပြီး ကျွန်တော် မျက်လုံးပြူးသွားသည်။ ကလောင်အမည် မှည့်စရာရှားလို့ဆိုသော အတွေးနှင့်အတူ ကျွန်တော်ပြုံးလိုက်မိ သည် ထင်သည်။ ရှဥ့်ချစ်တဲ့သူမို့နေမှာ ဆိုသော အတွေးကို တွေးမိစဉ် …
“ ဟဲလို … ဆရာရဲ … ဖုန်းပြောလို့ရလား …”
“ ……………………”
“ စာအုပ်ထုတ်မယ်ဆိုပြီး စုထားတာ ဆယ့်သုံးပုဒ်တော့ ရသွားပြီ …”
“ ……………………..”
“ ဟုတ်တယ်၊ နည်းသေးတယ်၊ ဆယ့်ရှစ် နှစ်ဆယ်လောက်ဆို ထုတ်မယ်လေ။ ခေါင်းစဉ်က ရှဥ့်ညိုလေး၏ အက်ဆေးများပေါ့ …”
ကျွန်တော့် သိုက်မြုံရှိရာသို့ ပြန်ခဲ့လိုက်စဉ် သူလည်း အက်ဆေးသမားပါလားဆိုသောအတွေးက ကပ်လျှက်ပါလာသည်။ သူ့စာအုပ်ထွက်လာသောတစ်နေ့တွင် ကျွန်တော်တို့၏ မိသားစုစာအုပ်စဉ်တွင် အက်ဆေးစာအုပ်တစ်အုပ် တိုးလာဦးမှာ သေချာသည်။ စာအုပ်အဖုံးအတွင်းဘက်ပိုင်းတွင် ကျွန်တော်နှင့် သူ၏စာအုပ်အမည်ကို တွဲကာ ကျွန်တော်နှင့် ရှဥ့်ညိုလေး၏အက်ဆေးများဟု နာမည်ရေးထိုးဖြစ်ဦးမှာက လည်း ပို၍ သေချာလေသည်။
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပေးဖို့ မေ့သွားသည်ကိ ခွင့်လွှတ်စေလိုပါသည်။ ကျွန်တော့် နာမည်အပြည့်အစုံမှာ “ ရှဥ့်ညိုလေး ” ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်ဆိုပါလျှင် ကျွန်တော်က ရှဥ့်တစ်ကောင်ဖြစ်သည်။ ကျွန်တော်တို့ ရှဥ့်မိသားစုတွင် အားလုံးသွေးတူ၊ မွေးတူဖြစ်သော်လည်း နီညိုရောင်အမွေးများနှင့် ရှဥ့်မှာ ကျွန်တော်တစ်ကောင်တည်းသာ ဖြစ်သည်။ ငယ်စဉ်ကဆိုလျှင် ကျွန်တော့် မိခင်က …
“ ရှဥ့်ညိုလေး … ရှဥ့်ညိုလေး
မြီးလေးလှုပ်တုတ်တုတ် …”
ဆိုသော ကဗျာဖြင့် ချော့သိပ်ခဲ့ရသူ ဖြစ်သည်။ စာရေးဆရာလေးသည် ရှဥ့်ချစ်သည့် အက်ဆေးသမားလေး ဖြစ်၍ ကျွန်တော်ကမူ အက်ဆေးချစ်သည့် ရှဥ့်တစ်ကောင် ဖြစ်သည်။ ခင်ဗျားကို ကျွန်တော် မေးခွန်းတစ်ချို့ မေးချင်ပါသည်။
“ ခင်ဗျားက အက်ဆေးချစ်သူလား …”
အက်ဆေးချစ်သူ ဆိုပါလျှင် …
“ ခင်ဗျားမှာ အက်ဆေး ဘယ်နှစ်အုပ် ရှိပါသလဲ …”
ဒုတိယမေးခွန်းကို သေချာဖြေစေလိုပါသည်။ အဖြေကို ကျွန်တော် စိတ်ဝင်တစား နားထောင်နေပါ သည်။ ကျွန်တော့်မှာ မရှိသည့် အက်ဆေးစာအုပ်များကို ငှါးရမ်းလို၍ မေးခြင်းဖြစ်ကြောင်း ခင်ဗျားသိခဲ့မည် ဆိုပါလျှင် အဖြေသည် …….. ။
Comments
Post a Comment