ကျွန်တော်နှင့် အသစ်ကြိုက်သူများ




ကျွန်တော်နှင့် အသစ်ကြိုက်သူများ
ရသစာတမ်း



          ကျွန်တော့်မှာရှိသည့် ဖုန်းလေးတစ်လုံးအကြောင်း ပြောပြချင်ပါသည်။ အနက်ရောင် (Nokia Slide)ဖုန်းလေးဖြစ်သည်။ မော်ဒယ်မှာ (Nokia 3600s) ဖြစ်သည်။ လက်ဝယ်ရှိသည့် ဖုန်းလေးတစ်လုံးအကြောင်းကို မော်ဒယ်မှအစ ပြောပြနေရခြင်းမှာ ကြွားဝါလို၍မဟုတ်ဘဲ ယနေ့ခေတ်မှာ ရှေ့ပြေးနေကြသည့် (touch)ဖုန်းများ၊ (i-pad)များကြားတွင် မော်ဒယ်မည်မျှ နိမ့်နေကြောင်း သိသာစေလို၍ဖြစ်သည်။

          အသစ်ကြိုက်သူများကြားတွင် ကျွန်တော်လည်း အသစ်ကိုစိတ်ဝင်စားသူဖြစ်သည်။ အသစ်တိုင်းကို မကြိုက်သော်လည်း

အင်တာနက်မှာရှိနေကြသည့် အသစ်အဆန်းများနှင့် ဂျာနယ်ထက်မှာရှိနေကြသည့် ပစ္စည်းအသစ် အဆန်းလေးများအကြောင်းကိုတော့ မလွတ်တမ်း ဖတ်ရှုမှတ်သားတတ်သူဖြစ်သည်။ တစ်နေ့တစ်မျိုး ထွက်ပေါ်လာသည့် ပစ္စည်းအသစ်အဆန်းတိုင်းကို ဝယ်ယူအသုံးပြုဖို့ ဆန္ဒမရှိသော် လည်း ခေတ်ရေစီးကြောင်း  ကိုတော့ မျက်ခြေမပြတ်လိုသူဖြစ်သည်။

          ကျွန်တော့်မှာရှိနေသည့် ဖုန်းလေးက ကျွန်တော့်အတွက် (Need and Tidy) ဖြစ်သည်။ သေးငယ်သည့် ဖုန်းလေးထံမှ အသံထွက်က ပီသသည်။ ကြည်မြသည်။ လိုင်းဆွဲအားလည်းကောင်းသည်။ နောက်ပြီး အိပ်ကပ်ထဲထည့်ကာ သယ်ဆောင်သွားဖို့ အတွက်လည်း လွယ်သည်။ ဖုန်းအသုံးမပြုနိုင်ခင်ကတည်းက လိုချင်နေခဲ့သော (Brand)နှင့် ပုံရိပ်လေးလည်း ဖြစ်သည်။ ထိုအချက် အလက်များနှင့် ပြည့်စုံနေသည့် ဖုန်းလေးတစ်လုံး လက်ဝယ်ရောက်သည့်နေ့မှစ၍ ယနေ့ထိတိုင် အမျိုးမျိုးသော (touch)ဖုန်းများ၊ (i-pad)များကို ဝယ်ယူရန် စိတ်ကူးမဲ့ခဲ့ခြင်း ဖြစ်သည်။
          “ အစ်ကို့ဟာကြီး ဝဲပစ်လိုက်တော့၊ ဒါမျိုးလေးပဲ သုံးစမ်းပါ အစ်ကိုရ ….”
          ညီငယ်တစ်ယောက် လက်ဆောင်ပေးသည့် ဟမ်းဆက်က နောက်ဆုံးပေါ် မဟုတ်သော်လည်း ယနေ့ပေါ်ပြူလာဖြစ်နေသည့် အမျိုးအစားဖြစ်ကြောင်းကိုတော့ မြင်ယုံနှင့် သိလိုက်သည်။ ကျွန်တော်၏ နှလုံးသားနှင့် စိတ်ခံစားချက်အား ရိပ်မိသိရှိခြင်း မရှိသည့် ညီငယ်ကို အပြုံးတစ်ခုနှင့်တုန့်ပြန်ကာ ပေးသည့်လက်ဆောင်ကို ငြင်းဆန်သည့် သင်္ကေတတစ်ခုကို ပြသခဲ့သည်။ ကျွန်တော်သည် အသစ်ကို စိတ်ဝင်စား သော်လည်း အဟောင်းကို စွဲမက်မြတ်နိုးသူ မဟုတ်လား။
          အိမ်သူ့ထံမှာလည်း ဖုန်းတစ်လုံးရှိသည်။ ကျွန်တော့်ထံမှာလည်း ရှိပြီးဖြစ်သည်။ သားနှစ်ယောက်မှာလည်း ဖုန်းအသုံးပြုရန် အတွက် ငယ်လွန်းသေးသည်။ (Sim Card) တွေ အလွယ်တကူ ဝယ်ယူရနေသော ယနေ့ခေတ်တွင် ဖုန်းပိုတစ်လုံးဖြင့် အပိုဒုက္ခ မရှာလိုသူဖြစ်သည်။ အစည်းဝေးခန်းမများ၊ ဧည့်ခံပွဲများတွင် မည်သည့်ဖုန်းက မြည်မှန်းမသိအောင်ပင် ဟိုအိတ်စမ်း၊ ဒီဇစ်ဖွင့်ကာဖြင့် ဖုန်းရှာနေရသည့် ဒုက္ခသည် ဖုန်းသူဌေးကြီးများကို အတည့်မမြင်တတ်သူဖြစ်သည်။ အမြင်မတည့်ဖြစ်မှာစိုးသည့်အတွက် ညီငယ်ပေးသည့် လက်ဆောင်လေး အပိုဒုက္ခအဖြစ် ပြောင်းလဲမသွားခင် ငြင်းဆန်လိုက်ရခြင်းဖြစ်သည်။
          မလိုအပ်သည်များကို ငြင်းဆန်ရဲရမည်ဖြစ်သလို လိုအပ်ချက်များကိုလည်း တောင်းဆိုရမည်ဖြစ်သည်။ အသစ်ကြိုက်သူများက အကျသစ်၊ ဘောင်းဘီသစ်၊ ဟမ်းဖုန်းသစ်၊ ကားအသစ်နှင့် အသစ်ဆုံးသောအရာများ၊ မော်ဒယ်များကို တောင့်တသည်။ တောင်းဆိုသည်။ တစ်ချို့တွေက အခြေခံလိုအပ်ချက်များကို တောင်းဆိုသည်။ တစ်ချို့တွေက နယ်မြေသစ်အရှာထွက်သွားသည့် ချိုးငှက်လေး အိမ်ပြန်နားဖို့ အတွက် တောင်းဆိုသည်။ မည်သို့ပင်ရှိစေ တောင်းဆိုမှုတွေကတော့ ရှိနေကြဆဲ၊ ရှိနေကြမြဲဖြစ်သည်။
          ကျွန်တော်တို့၏ ရော့ခ်ကာကြီးကိုလေးဖြူ မည်သည့် ဟမ်းဆက်အမျိုးအစားသုံးမှန်း မသိသော်လည်း အသစ်ကြိုက်သူ တစ်ဦးဖြစ် ကြောင်းကိုတော့ သိသည်။ တစ်ချိန်က ၄င်း၏တောင်းဆိုသံတစ်ခု ကျယ်လောင်ခဲ့ဖူးသည်။
          “ သီချင်းသစ်တွေရေးပါ ….”
          သီချင်းသစ်ကိုသာ ဆိုချင်ကြောင်း သီချင်းတစ်ပုဒ်ထဲတွင် ရော့ခ်ကာကြီး ကိုလေးဖြူက ဖွင့်ထုတ်ဆိုခဲ့ဖူးသည်။
          “ ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက ….”
          အစချီသော ကမ္ဘာသစ်တေးကိုသီရင်း ကမ္ဘာသစ်အရှာထွက်သွားသည့် တေးဘုရင်ကိုငှက်သည်ပင် ကမ္ဘာဟောင်းမှ ထွက်ခွာသွားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်သည်။ အသစ်ကြိုက်သူများနှင့် အဟောင်းခိုက်သူများကြားတွင် သစ်လွင်နေဆဲသော တေးသီငှက်တစ်ကောင်လည်းဖြစ်သည်။
          စာပေတွင်လည်း မှတ်တမ်းမှတ်ရာ စာအုပ်များစွာရှိသည့်အနက် တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဆိုသည့် ဆရာကြီးရွှေဥဒေါင်း၏ မှတ်တမ်းစာအုပ်သည်လည်းကောင်း၊ ဘာသာပြန်စာအုပ်များထဲမှ စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန် အစရှိသောစာအုပ်များသည်လည်းကောင်း အသစ်ကြိုက်ကြသည့် အသစ်အသစ်သော စာသမားများ၏ စာအုပ်စင်များတွင် ယနေ့ထိတိုင် သစ်လွင်နေဆဲဖြစ်သည်။
          ရုပ်ရှင်ကားကြီးများထဲမှ သင်္ကြန်မိုးဇာတ်ကားသည် သင်္ကြန်ရောက်တိုင်း အကြိမ်ကြိမ်ရွာသည့် မိုးဖြစ်သည်။ သင်္ကြန်ရောက်တိုင်း အကြိမ်ကြိမ်ပွင့်ခဲ့ရသည့် ပိတောက်ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း အကြိမ်ကြိမ်သစ်ခဲ့ရသည့် ရုပ်ရှင်ဖြစ်သည်။ အသစ်အသစ်များကြား တွင် ဟောင်းသော်လည်း သစ်လွင်နေဆဲသော အရာများဖြစ်ကြသည်။
          သစ်လျှင်ပြီးရောဆိုကာ တစ်ချို့တွေ၏ အသစ်ကြိုက်မှုက ပြင်းရှသည်။ ရူးသွပ်သည့် အဆင့်ဖြစ်သည်။ ဈေးကွက်ထဲရောက် လာသည့် အသစ်ဟူသမျှသုံးစွဲကာ ခေတ်ရေစီးကြောင်းထဲတွင် ပျော်ပျော်ကြီးကူးခတ်ကြသည်။ တစ်ခါတစ်ရံ ဈေးကွက်ထဲပင် မရောက် သေးသည့် ပစ္စည်းအသစ်အဆန်းများကိုသုံးကာ ဂုဏ်ယူတတ်ကြသူများဖြစ်သည်။
          ကျွန်တော်သည့် ပစ္စည်းအသစ်အဆန်းများကြောင့် ဂယက်သိပ်မထသည့် မြို့ငယ်လေးတစ်ခုမှာနေသည်။ ထိုမြို့ငယ်လေးရှိ တိုးပွားလာသော အသစ်အသစ်သော ဟိုတယ်များထဲမှ ဘန်ဂလိုအများဆုံးရှိသည့် ဟိုတယ်တစ်ခုတွင် အလုပ်လုပ်သည်။ ဧည့်ကြိုကောင်တာတွင် ညစာရင်းစစ်မးဟူသော တာဝန်ကိုယူရင်း အသစ်ကြိုက်သူများအကြောင်း လေ့လာမိသူဖြစ်သည်။ ကမ္ဘာပေါ်တွင် ရယ်မောတတ်သူများမှာ လူသားများသာဖြစ်၍ ရယ်စရာအကောင်းဆုံးမှာလည်း ၄င်းလူသားများသာဖြစ်သည်ဟူသော စာသား၏ အဓိပ္ပါယ်ကို ခံစားမိသူလည်း ဖြစ်သည်။
          သူတို့တတွေ အသစ်ကြိုက်သလောက် ကိုယ်တိုင်က အဟောင်းကြီးဖြစ်သည်။ ပစ္စည်းသစ်ကို တပ်မက်မောသည့် လောဘစိတ်က အဟောင်းဖြစ်သည်။ နှလုံးသားက အဟောင်းဖြစ်သည်။ နေ့သစ်တွေရှိ အသစ်များစွာကို တပ်မက်ရင်း အတ္တအဟောင်း၊ နှလုံးသားအဟောင်းနှင့် လူဟောင်းများဖြစ်ကြသည်။
          “ Happy New Year …”
          နှစ်သစ်ရောက်တိုင်း သံကုန်ဟစ်ခဲ့ဖူးသည့် စာသားကလည်း အဟောင်းဖြစ်သည်။ အတွေးအခေါ်ဟောင်းများ၊ နှလုံးသား အဟောင်းများကို အသစ်ဖြစ်ဖို့ မကြိုးစားကြသော်လည်း အသစ်တစ်ခုပေါ် ရူးသွပ်တပ်မက်ပုံကတော့ အံ့အားသင့်စရာအတိ တူညီကြ သည့် လူဟောင်းများဖြစ်ကြသည်။
          တစ်ချို့တွေက ဟမ်းဆက်အမျိုးမျိုးကို ရေလဲသုံးသည်။ တစ်ချို့တွေက အသစ်ဝင်လာသမျှသော မော်ဒယ်မြင့်ကားများကို ထည်လဲစီးနိုင်ဖို့ကြိုးစားသည်။ တစ်ချိုကတွေက အလှအပဖက်ရှင်ရေစီးကြောင်းမှာ လက်ပစ်ကူးခတ်နိုင်ဖို့ကြိုးစားသည်။ တစ်ချိုတွေ၏ အသစ်ကြိုက်ပုံက တစ်မျိုးတစ်ဘာသာဖြစ်သည်။
          “ ညီလေး အခန်းရသေးလား …”
          အမေးနှင့်အတူ ကောင်တာရှေ့ရောက်လာသည့် စုံတွဲကိုကြည့်ရင်း အပြုံးနှင့်အတူ နှုတ်ဆက်လိုက်သည်။ မှတ်ပုံတင်နံပါတ်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အလွတ်ရနေလောက်အောင်ပင် လာနေကြဧည့်သည်များဖြစ်၍ (Registration Form) ဖြည့်ပြီးသည်နှင့် ယူနေကြအခန်းအမျိုးအစားထဲမှ အခန်းလွတ်တစ်ခန်း၏ သော့ကိုပေးလိုက်သည်။ ၄င်းတို့မှာ လက်ထပ်ထားသည့် စုံတွဲမဟုတ်သော်လည်း နှစ်ဦးစလုံးမှာ ထူးထူးခြားခြားအသစ်ကြိုက်သူများဖြစ်သည်။
          အမျိုးသားမှာ တစ်လလျှင် လေးငါးကြိမ်ထက်မနည်း ဟိုတယ်သို့ လာတတ်သူဖြစ်သည်။ လာသည့်အခါတိုင်းလည်း သူ့ဘေးနား တွင် မိန်းမလှလေး တစ်ဦးမဟုတ် တစ်ဦးက ပါလာမြဲဖြစ်သည်။ တစ်ချို့က ညိုသည်။ တစ်ချို့က ဖြူသည်။ တစ်ခါတစ်ရံ (thin)၊ တစ်ခါတစ်ရံ (slim) လေးနှင့်ဖြစ်သည်။ ကောက်ကြောင်းလှလှလေးများနှင့်လည်း မကြာခဏလာသည်။ ထိုအမျိုးသားနှင့် တွဲလာသည့် မိန်းကလေးများအားလုံးသည် အသက်မွေးမှု တစ်စုံတစ်ရာကို ထင်ရက်စရာမရှိအောင်ပင် လှသည်။ ထိုမိန်းကလေးများစွာထဲမှ တစ်ဦးတစ်ယောက်နှင့်ပြန်တွဲလာသည်ကို တစ်ကြိမ်တစ်ခါမျှပြန်မမြင်ဖူးလောက်အောင်ပင် ထိုသူက အသစ်ကြိုက်သူဖြစ်သည်။ ယခု တွဲလာသည့် အမျိုးသမီးနှင့် ဟိုတယ်သို့ တစ်ခါမျှ တွဲလျှက်မလာဘူးသည်မှာ သေချာသည်။
          ထိုအမျိုးသမီးငယ်သည် ဟိုတယ်သို့ မကြာခဏ အလည်ရောက်လာတတ်သည့် ဧည့်သည်တစ်ဦးပင်ဖြစ်သည်။ သီချင်းခွေ မထုတ်ဘူးသော်လည်း ပန်းကုံများစွာ၏ ပိုင်ရှင်အဖြစ်ကျော်ကြားသည်။ ယခုတွဲလာသည့် အမျိုးသားနှင့် တွဲလျှက်မလာဘူးသော်လည်း ပုံသဏ္ဏာန်မျိုးစုံသော ပုရိသများနှင့် စုံတွဲခုတ်လာ ဟိုတယ်သို့ လာဖူးသူဖြစ်သည်။ မည်သူက အသစ်လည်း ဆိုသောမေးခွန်းအတွက်မူ တစ်ဦးအမြင်တွင် တစ်ဦးက အသစ်ဖြစ်နေမည်မှာ သေချာသည်။ ကျွန်တော့်အမြင်တွင် နှစ်ယောက်စလုံးက အဟောင်းချည်းဖြစ်သည်။ ၄င်းတို့ကို မှတ်မိနေသည့် ကျွန်တော်ကိုယ်တိုင်ပင်လျှင် အဟောင်းကြီးဖြစ်သည်။
          မိုးမလင်းခင် ကောင်တာတွင်အပ်ထားသည့် မှတ်ပုံတင်ယူကာ ထွက်သွားတတ်သည့် ထိုအမျိုးသားတွင် အိမ်ထောင်ရှိသည်ဟု သိထားသည်။ အိမ်မှာရှိသည့်ကားကို မစီးဘဲ မော်ဒယ်မြင့်၊ ဒီဇိုင်းလန်းကားများကို အသစ်အဖြစ် အခကြေးငွေပေးကာ စီးနေသည့် ထိုအမျိုးသား၏ အသစ်တပ်မက်စိတ်ကို မည်သို့တံဆိပ်ကပ်မည်နည်း။
          ကျွန်တော်ကတော့ အသစ်ကြိုက်သူများကြားတွင် အသစ်ကို စိတ်ဝင်စားသူတစ်ဦးသာဖြစ်သည်။ အသစ်ဆိုသောအရာကို မယုံကြည်စိတ်မချဆုံးသူမှာလည်း ကျွန်တော်ပင်ဖြစ်သည်။ အင်ဂျင်အဟောင်းနှင့် ဘော်ဒီအသစ်ကို အသစ်ဟုဆိုမည်လား။ ဘော်ဒီအဟောင်းနှင့် အင်ဂျင်သစ်တပ်ဆင်ထားသည့် ကပ်ခွာမော်တော်ဆိုင်ကယ်ကိုရော အသစ်ဟု ဆိုနိုင်ပါမည်လား။ ကျွန်တော့်စကား ကြောင့် နားထွေးသွားမည်ထင်ပါသည်။
          မြန်နှုန်းမြှင့်ကားများကို စီးနိုင်ဖို့အတွက် ငွေကျည်ဆံတွေ တလဟောသွန်ချနိုင်ဖို့လိုပါလမ့်မည်။
          “ မင်းမှာ ငွေကျည်ဆံတွေအပြည့် ရှိနေခဲ့မယ်ဆိုရင်ကော ” သို့မဟုတ်
          “ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ဘဝမှာ မြန်နှုန်းမြင့်ကားတွေစီးဦးမှာလား ”
          ထိုမေးခွန်း၏အဖြေကို သင်သိပြီးသားဖြစ်သည်။ ကျွန်တော့်မှာ အနက်ရောင် (Nokia Slide) ဖုန်းလေးတစ်လုံးရှိပါသည်။ ထိုဖုန်းလေး၏ (Brand) နှင့် (Image) မှာ မပိုင်ဆိုင်ခင်ကတည်းက နှစ်သက်ခဲ့ရသည့်အရာဖြစ်၍ ကြိုးစားဝယ်ယူခဲ့ရသည့် ဖုန်းကလေးဖြစ်သည်။ ဟောင်းသော်လည်း ကောင်းနေဆဲ မော်ဒယ်နိမ့် ဖုန်းကလေးတစ်လုံးကို ယနေ့ထက်တိုင် နှစ်ခြိုက်စွာ အသုံးပြုနေဆဲ ဖြစ်သည်။
          ခင်ဗျားမှာလည်း ဖုန်းလေးတစ်လုံးတော့ ရှိမည်ထင်ပါသည်။ ထိုဖုန်းလေး၏ မော်ဒယ်အမျိုးအစားနှင့် အကြောင်းအရာအချို့ကို ဆန္ဒရှိ၍ပြောပြမည်ဆိုပါလျှင် နားထောင်ရန် အသင့်ရှိနေပါသည်။ အသစ်ကြိုက်သူများကြားတွင် ထိုဖုန်းလေး၏ ပိုင်ရှင်သည် သင်ဖြစ်ခဲ့မည် ဆိုပါလျှင် သို့မဟုတ် သင်၏ပိုင်ရှင်သည် ထိုဖုန်းကလေးဖြစ်နေခဲ့မည်ဆိုပါလျှင် ….။ မည်သို့ပင်ရှိစေ ခင်ဗျားပြောပြမည့် အကြောင်းအရာတို့ကို စိတ်ဝင်တစားဖြင့် နားထောင်ပေးရန် တစ်ယောက်မကရှိကြောင်း သိစေချင်ပါသည်။ ထိုသူသည် ကျွန်တော်ဖြစ်နိုင်သလို အသစ်ကြိုက်သူတစ်ဦးဦးလည်း ဖြစ်နေနိုင်ပါသည်။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
http://shintnyolay.weebly.com

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း