" စာရေးသူများ ကယ်ရီကေးချား "


" စာရေးသူများ ကယ်ရီကေးချား "
-----------
** ပါဝင်သူများ **
တုန်ချင်းသန် (အဖြစ်) သန်၎ကို ၊ လျောင်ရဲကြီး(အဖြစ်) ယက္ခရဲကြီး၊ ကျင်းဝေ့ပိုင် (အဖြစ်) မောင်ပိုင်
လျန်ရှဥ့်(အဖြစ်) ရှဥ့်ညိုလေး၊ မီရှဲဝိုင်(အဖြစ်) ညိုပြာဝိုင်၊ မိခါးခါး (အဖြစ်) မိုးခါးရေ
မယ်ရီရီ(အဖြစ်) ရည်ဝေ လင်းရောင်ခြည်၊ တိုမာကိုရိုပြည့်(အဖြစ်) ပြည့်ပြည့်၊ ကျင်းကျင်းမိုး(အဖြစ်) မြတ်လေးမောင်
----------------

(၁)
" ဘယ်လိုလဲ ဂိုဏ်းချုပ် သိုင်းလောကထဲ ၀င်မဲ့ အခြေအနေ "
" ထောင်ဖြစ်မှာ ထောင်ဖြစ်မှာ ခု ဂိုဏ်းသားတွေ စုမိပြီ။ သိုင်းပညာရှင်တွေကြီးပဲ "
ဂိုဏ်းချုပ် လျောင်ရဲကြီးနှင့် ကျုပ်ကျင်းဝေ့ပိုင်တို့ ဂိုဏ်းချုပ်တည်ထောင်လျှင် ရုံးချုပ်ဖွင့်လှစ်မည့် " ဖက်ဘုတ်" အဆောက်အဦတွင် တွေ့ဆုံနေခြင်းဖြစ်သည်။
လျောင်ရဲကြီးက ဂိုဏ်းချုပ်။ ဥပဓိရုပ်ကလည်း ဂိုဏ်းချုပ်ရုပ်ရည်။ ဆိုက်နှင့်ဂိုက်နှင့်။ မုတ်ဆိတ်ကျင်ဆွယ်က မည်းနေသော်လည်း ဖြူအောင် ဆေးဆိုးထားသည်။ ဒါတင်မျှမက ဆံပင်ကိုပါ ဆေးဆိုးထားသည်။ သိုင်းလောကတွင် နာမည်အမျိုးမျိုးရအောင် နဂိုရုပ်ကို သုံးရာ့ခြောက်ဆယ်ဖြင့်ပြင်သူပြင်၊ ရှိရင်းစွဲ ခန္ဓာကိုယ်ကို တင်လိုတင်လုပ်နေချိန်ဝယ် အတွေးအခေါ်အသစ်ဖြင့် ဆံဖြူ၊ မုတ်ဆိတ်ဖြူဖြင့် ဖြစ်နေသော လျောင်ရဲကြီးကလည်း နာမည်ကြီးလေသည်။
ထူးခြားသည်ကိုး။ သိုင်းလောကတွင် တော်ရုံတန်ရုံ သိုင်းကျွမ်းကျင်မှုဖြင့်မရ။ တတ်ရုံတင်မပြီးသေး ထူးလည်းထူးရမည်။ ထို့ထက်ပို၍ ရူးလျှင် ပိုအမည်ကျော်ကြားပေသည်။
" နေဦး ဂိုဏ်းချုပ်ရဲ့ ကျုပ်တို့အထဲ ဘယ်သူတွေပါမှာလဲ။ သူတို့တတ်ထားတဲ့ သိုင်းပညာ အခြေအနေ "
" အိုး သိုင်းလောကထဲဝင်မဲ့ ဂိုဏ်းပဲဗျ တော်ရုံအရည်အချင်းလောက်နဲ့တက်မလာနဲ့ တောက်ချပစ်လိုက်မယ် "
အလို ဂိုဏ်းချုပ်ကြီးလည်း ဂိုဏ်းလောကထဲ ရောက်မယ်မျှမကြံသေး သိုင်းလောက စကားတွေတတ်နေပြီ။
" တုတ်ချင်းသန်ဆို ကလိသိုင်းမှာ ခွက်ခွက်လန်အောင်တတ်တာ။ ဒါကြောင့် ကျုပ်တို့ဂိုဏ်းထဲဝင်ဖို့ ပြောပြီးပြီ "
ကလိသိုင်းဆိုပါလား။ ဘယ်လိုမျိုးပါလိမ့်။ ကျုပ်ကျင်းဝေ့ပိုင် တွေးနေတုန်း လျောင်ရဲကြီးက အကြားအမြင်ရသူပမာပြောလာသည်။ (အေးလေ ဂိုဏ်းချုပ်လုပ်မည့်သူဆိုတော့ စိတ်စွမ်းအားပြည့်ရှာမှာပေါ့)
" ကလိသိုင်းဆိုတာ တစ်ဖက်သားတွေကို အူနာအောင်လုပ်ပစ်တာ။ အူနာပြီဆိုရင် မကြာခင် အူပုပ်လာရော၊ အဲဒီလိုနဲ့ ချွေနေတာ "
" ကောင်းတယ်ဗျာ ကောင်းတယ် "
" နောက်တစ်ယောက်က ပိုထူးတယ် "
" အလို သူ့ထက်ငါလူစွမ်းတွေပါလား "
" စွမ်းလို့ပေါ့ဗျာ ကျုပ်တို့ဂိုဏ်းထဲ ၀င်မဲ့သူဆိုတာ တော်ရုံအရည်အချင်းလောက်နဲ့ တက်မလာနဲ့ တောက်ချပစ်လိုက်မယ် "
ပြောပြန်ပြီ ဒီစကား။ ဂိုဏ်းချုပ်ကြီးက ရပ်ကွက်ထဲမှာ အဲလေ သိုင်းလောကထဲမှာ ဇယ်တောက်နေကျ လားသိဘူး။
" နောက်တစ်ယောက်က လျန်ရှဥ့်တဲ့ "
" သူကရော "
" သူက ကူးသိုင်းဗျ၊ ကူးသိုင်းဆိုတာ ကိုယ်ဖော့ပညာ ပါရဂူမြောက်ကျွမ်းကျင်မှ။ တစ်နေရာကနေ တစ်နေရာ ကူးခတ်တဲ့သိုင်းပြီးတော့ တစ်ဖက်သားရဲ့ အာရုံကြောဗဟိုချက်ကို ဖောက်စားတတ်တာဗျ "
" အားလားလား ကြောက်တောင်လာပြီ တော်ကြာ ကျုပ်တို့ပါ ရန်မူနေပါ့မယ် "
" စိတ်ချ သူဘယ်တော့မှ သစ္စာမဖောက်ဘူး။ သူတို့ကို ဘီယာရေတိုက်ပြီးသား "
ကျုပ်မှာ နည်းနည်းအူလည်လည် ဖြစ်သွားပြန်သည်။ ဒီလူကြီး ဂိုဏ်းလောကထဲရောက်ပြီးမှ စကားအသစ်အဆန်းတွေ ထွက်ထွက်လာတယ်။ မဟုတ်မှလွဲရော လေသိုင်းများ ကျိတ်ကျင့်နေသလားသိဘူး။
" သစ္စာရေတိုက်တာ မဟုတ်ဘူးလားဗျ "
" ဟာ ကျင်းဝေ့ပိုင်ကလည်း သစ္စာရေသောက်ပြီး သစ္စာဖောက်သူတွေ ဟစ်ချရီထဲမှာ အများကြီး။ ဘာမှမဖြစ်ကြဘူး။ အဲဒါကြောင့် ခင်ဗျားကို မအ အောင်လို့ ဟစ်ချရီ သင်ပါလို့ "
ဟင့် ဘာမဆိုင်ညာမဆိုင် ဟောက်နေပြန်ပါပြီ။
" ဖဲသမား ဖဲသမားချင်း စည်းရုံးကြသလို ဘီယာတိုက်ပြီးရင် ဘီယာရှိန်ကြောင့် သစ္စာဖဖောက်တော့ဘူးဗျ ဘီယာသမားချင်း စည်းလုံးကြတယ်ဗျ "
(ဆြာသန်နဲ့ ဆြာရှဥ့်ကို ဘီယာဒကာခံမယ်လို့ ပြောပါတယ်။ တကယ်တိုက်မတိုက်တော့ မသိဘူး။ ကျွန်တော့်တော့ တစ်ခါမှ မတိုက်ဘူး။ ခွင့်ပြုချက်မရလို့လဲ ဖြစ်နိုင်တယ်)။
ဤသို့ ဤနယ် စာရေးသူများ ဂိုဏ်းကြီးတည်ထောင်နိုင်ရန်အတွက် လေကန်ပြီးသကာလ တာဝန်တွေ များလွန်းတယ်ဟုဆိုကာ အဆင့်မြင့် ကိုယ်ဖော့ပညာသုံးပြီး " ၀ှစ် " ကနဲ ထွက်သွားတော့သည်။ (မိန်းမနား ချက်ခြင်းရောက်သွားသည်၊ ဤကား စကားချပ်)
ကျုပ် ကျင်းဝေ့ပိုင်မှာသာ အူလည်လည်ဖြင့် ကျန်ခဲ့ရသည်။ မထူးတော့ပြီမို့ သိုင်းလောကအတွက် အကျိုးရှိစေသောငှာ၊ အတွင်းအားများ ပြည့်စေသောငှာ ကိုယ်ဖော့ပညာသုံး၍ ကုတင်ပေါ်တက်အိပ်လိုက်တော့ သည်။
--------
(၂)
စိမ့်၍အေးနေသော တောတွင်းတစ်နေရာတွင် အိမ်တစ်လုံးတည်ရှိနေလေသည်။ ထိုအိမ်လေး၏ အမည်ကား ချက်တင်းဟု အမည်တွင်လေသည်။ ထိုချက်တင်းအိမ်လေးသည် သိုဏ်းလောကတွင် နာမည်ကြီး နေသည့် " မိညှက်မဂိုဏ်း " ကြီးတို့ ကျက်စားရာဖြစ်သည်။
ခုလည်း တိတ်တဆိတ် လေကန်နေကြပြန်သည်။ အဲလေ အရေးတကြီး အစည်းအဝေးလုပ်နေကြပြန်သည်။ စကားသံများက အပြင်ပေါက်ကြားမည် ဆိုးသဖြင့် တိုးတိုးတိုင်ပင်ကြသော် လည်း အတွင်းအား ပြင်းလွန်းသဖြင့် တောထဲတွင် ပဲ့တင်ဟပ်နေသည်။
" အဲဒါ ဘလိုလုပ်မလဲ၊ ဘလိုလုပ်မလဲ "
ပါဝါ နှစ်ရာအား ပိုင်ဆိုင်ထားသည့် မီရှဲဝိုင်က ပြောခြင်းပင်။
" ဘာလဲ ဘာလဲ "
တစ်နာရီနီးပါးမျှ ပြောကြသော်လည်း ဖြန့်ကြက်မှုသိုင်း လေ့ကျင့်နေကြဖြစ်သည့် မယ်ရီရီက ထမေးသည်။ အချိန်အကျိုးရှိစေသောငှာ သိုင်းလေ့ကျင့်နေခြင်းကြောင့်ဖြစ်သည်။
" မယ်ရီရဲ့ ဟို စာရေးသူများဂိုဏ်းထောင်တဲ့ အဖွဲ့ကိုပြောတာလေ "
တိုမာကိုရိုပြည့်က ပြောသည်။ သူကဂျပန်သွေးစပ်။ ဂျပန်မင်းသမီးလေးနှင့် တူသည်ဟု သူ့ကိုသူဆိုပြီး သိုဏ်းလောကမှတ်ပုံတင် အမည်ကိုပါ လာဘ်ထိုးပြီး ပြောင်းသည်ဟု သတင်းကြားရသည်။ သူကတော့ ပြည့်ဟု ဆိုသော်လည်း မပြည့်ချေ။ မပြည့်ချေသော်ကား ပိန်သေးသေးသည်။ ထို့ကြောင့် မိညှက်မဂိုဏ်းဝင်များ ဖြစ်နေ ကြခြင်းပင်။ သူက အစုတ်သုံသိုဏ်းကျွမ်းကျင်သည်။ ရောသမမွှေဟုလည်း ဆို၏။
" အေးလေ သူတို့ဘာသူတို့ ထောင်တာ နာတို့နဲ့ ဘာဆိုင်လဲ "
မယ်ရီက ရီရီဝေေ၀ဖြင့် ဆို၏။ ထိုအခါ မနေသာတော့သည့် မိခါးခါးက ပြောရတော့သည်။ (အမှန်က မယ်ရီအသံကြောင့် သူအိပ်ပျော်နေရမှ လန့်နိုးသွားခြင်းပင်)။
" ဆိုင်တယ်။ ဆိုင်တယ် ကျုပ်တို့ ဂိုဏ်းနာမည် အမည်ပြောင်းဖို့နဲ့ဆိုင်တယ်။ ကျုပ်တို့က စာရေးသူများ ဂိုဏ်းကြီးကို ဂိုဏ်းလောကကြီးမှာ ဖိန့်ဖိန့်တုန်အောင် ထောင်ဖို့ မှတ်ပုံတင်ထားတာ "
မိခါးခါးပြောနေစဉ်ဝယ် ဂိုဏ်းချုပ်နေရာယူထားသည့် မီရှဲဝိုင်က ပါဝါနှစ်ရာအားကို ခဏနားလိုက်သည်။ (မျက်မှန်ချွတ်လိုက်တာပါ)။ ပြီးတော့ ပြောသည်။
" ဟုတ်တယ် ကျုပ်တို့က မှတ်ပုံတင်ပြီးသား သူတို့ထောင်ချင်ရင် " စာရေးသားများ " ဆိုပြီး ထောင်ပေါ့။ ခုတော့ " စာရေးသူများ" ဆိုတော့ သူတို့က ဟိုဟာတွေလား သိဘူးနော် "
" ခွိ ခွိ "
" ခ် ခ် "
" အဟစ် အဟစ် "
ရယ်သံမျိုးစုံထွက်သွားသည်။ ပြီးနောက် ရယ်သံတွေ တိတ်သွားသည်။ ထိုအချိန်ဝယ် ချက်တင်းအိမ် အတွင်းသို့ " ၀ှစ် ၀ှစ် " ဟုအသံနှင့်အတူ နောက်တစ်ယောက်ရောက်ရှိလာသည်။
သူသည်ကား ထိုနည်းတူ ပါဝါအားကြီးသော ကျင်းကျင်းမိုး ပင်တည်း။
" စာချွန်လွှာပါတယ် စာချွန်လွှာပါတယ် "
" မောင်ကြီး ဆီကလားဟင် "
တစ်ကိုယ်ရည်သိုင်းသမားများဖြစ်သော်လည်း သိုဏ်းလောကထဲမ၀င်ခင် ရွာတွင်ထားခဲ့သော မောင်စာဥကိုဆီကများလား ဟူသော စိတ်ဖြင့် တိုမာကိုရိုပြည့်က အပြေးအလွှားမေးသည်။
" အိမ်က ဖွတ်ကလိဒင်္ဂါး လွှဲပေးတာလားဟင် "
ဂိုဏ်းချုပ်နေရာယူထားသည့် မီရှဲဝိုင်က လိုချင်တာ လိုအပ်နေတာကို မေးရှာသည်။ ထိုနည်းတူ မိခါးခါး နှင့် မယ်ရီရီကလည်း မေးကြပြန်သည်။
" ရှောင်လင်ကျောင်းက ဘဘုန်းက ဘာမှာလိုက်တာလဲ "
" စက်တင်ဘာမှာ မိုးရွာမတဲ့လား "
သူတို့အမေးကို ကျင်းကျင်းမိုး ဘာမှ မဖြေနိုင်ရှာ။ စင်ပေါ်တွင်တင်ထားသည့် ဆိုဂျူပုလင်းကို ယူလိုက် သည်။ ပြီးတော့ တဂျိုက်ဂျိုက်ဖြင့် မော့သောက်သည်။
" တစ်ခုမှ မဟုတ်ဘူးဟေ့ သိုင်းပြိုင်ပွဲ ဖိတ်စာ သိုင်းပြိုင်ပွဲ "
" ဘာသိုင်းပြိုင်ပွဲဟုတ်လား"
" ဟုတ်တယ် ခုမှ ထောင်တဲ့ လျောင်ရဲကြီးက ပို့လိုက်တာ " စာရေးသူများ" ဂိုဏ်းလေ။ အဲဒါကျုပ်ကတော့ လာပြီးပြိုင်မယ်လို့ ပြောပြီးပြီ။ ပြီးတော့ ခင်ဗျားတို့ရှုံးရင် " စာရေးသားများ" ဂိုဏ်းလို့ ပြောပေးရမယ်လို့ ပြောလိုက်တယ် "
" ကောင်းတယ် ကောင်းတယ် "
" တော်တယ် တော်တယ် "
" ဒါမှ တို့ကျင်းကျင်းမိုးကွ "
ကျင်းကျင်းမိုးအား ၀ိုင်းမြှောက်လိုက်ကြသည်မှာ ကျင်းကျင်းမိုးခများ ကျွတ်ကျသွားလေတော့သည်။ ပါဝါနှစ်ရာအား ပါဝါများဖြစ်သည်။ (မျက်မှန်ကျွတ်တာနော်)။
--------
(၃)
လေက တဟူးဟူးတိုက်ခတ်နေသည်။ ကွင်းပြင်ကျယ်ကြီးထဲသို့ သစ်ရွက်တို့က တဖွဲဖွဲကြွေလွင့်နေသည်။ ကွင်းပြင်ကျယ်ကြီးထဲတွင် အလံများက လွှင့်ပျံနေသည်။ ကွင်းပြင်ကြီးပတ်လည်တွင် အနီရောင်၊ အနက်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင် စသည်တို့ဖြင့် စုံလင်လှသည့် အလံများလွှင့်ပျံနေသည်။
ကွင်းပြင်ကြီး၏ တစ်နေရာတွင်တော့ ကြီးမားစွာဆိုက်ထူထားသည့် ဆိုင်းဘုတ်ကြီးကို တွေ့ရသည်။
" စာရေးသူများ၏ စိန်ခေါ် သိုင်းပြိုင်ပွဲကြီး "
အနက်ရောင်ပေါ်တွင် အဖြူရောင် စာလုံးများဖြင့် ထင်ရှားစွာရေးထားသည်။
" ဘယ်လိုလဲ ကျင်းဝေ့ပိုင် အဆင်ပြေရဲ့လား "
" ပြေပါတယ် ဂိုဏ်းချုပ်ကြီး။ ဒါပေမဲ့ ဟိုဟာ အဆင်ပြေရင်တော့ ပိုကောင်းတာပေါ့ "
တကယ်တော့ ဒီဆိုင်းဘုတ်ဖြစ်မြောက်ရေးအတွက် ဒီဇိုင်းများကို ဆိုင်တွင် ဘီနဲအပ်ထားခြင်းဖြစ်သည်။ သို့သော် အပ်နှံထားသည့်ဆိုင်က ဟိုအရေး၊ ဒီအရေးအတွက် ဘီနဲများလုပ်ပေးနေရ၍ လက်မလည်ဟု ဆိုပြီး အကြောင်းပြန်လာသဖြင့် ဂိုဏ်းချုပ်ကြီး၏ ဆံပင် အဖြူရောင်ထပ်ဆိုးရပြန်သည်။
သိုင်းပြိုင်ပွဲကြီးကလည်း အနားကပ်လာသဖြင့် မထူးတော့ပြီမို့ ရပ်ထဲက စာသင်ကျောင်းမှ မ လာခြင်းဖြစ်တော့သည်။
" အချိန်က ကျရောက်တော့မယ် ဂိုဏ်းချုပ်ကြီး တစ်ဖက်အဖွဲ့သားတွေ မရောက်သေးဘူးထင်တယ် "
ဂိုဏ်းချုပ် လျောင်ရဲကြီးက ဝေ့၀ဲကြည့်လိုက်သည်။ သိုင်းပြိုင်ပွဲတွင် အစွမ်းကုန်အနိုင်ရရှိရေးအတွက် နေ့၊ ညမှားပြီး သိုင်းလေ့ကျင့်ခဲ့သော လျန်ရှဥ့်က ဆေးမြစ်များ ၀ါးစားနေသည်ကို တွေ့ရသည်။
တုတ်ချင်းသန်ကတော့ အတွင်းအားများ စုစည်းနိုင်ရန်နှင့် စိတ်တည်ငြိမ်စေရန် ကုလားဖန်ထိုး လေ့ကျင့် နေပေသည်။
" ရောက်မှာပါ မိညှက်မဂိုဏ်းက အချိန်မှန်တဲ့နေရာမှာ ချယ်ရီဦးတောင် အရှူံးပေးရတယ်ပြောတယ် "
ချယ်ရီဦးဆိုတာ ဂိုဏ်းချုပ်ကြီး၏ ဘာညာလား တွေးလိုက်မိသေးသည်။ ဖြစ်တော့ မဖြစ်နိုင်၊ သိုင်းလောက စည်းမျဉ်းသစ် ၇ နှစ်ဆိုသည့်အသံကြားရသဖြင့် ခုတလော ငြိမ်သွားသည်ကို တွေ့ရသည်။ လျောင်ရဲကြီး ငြိမ်သည်ကို ကျုပ်ကျင်းဝေ့ပိုင် သိသည်ပေါ့။ လာမှ မခေါ်တော့တာ။
သိုင်းပြိုင်ပွဲကြီး၏ အချိန်ကား လွန်စွာနီးကပ်လာလေပြီ။ သိုင်းပြိုင်ပွဲကြီးကို အားပေးမည့် သိုင်းလောကသားများကလည်း တဖွဲဖွဲရောက်ရှိနေကြလေပြီ။
(၄)
" ရှလွတ် ရှလွတ် ရှလွတ် "
မြေအောက်မှ ဖြတ်ခနဲ ခုန်တက်လာသည်။ လေပေါ်သို့ ကျွမ်းသုံးပတ်မျှ လိမ့်ထိုးပြီး မြေပေါ်သို့ အသာလေးကျလာသည်။ ၀တ်စုံက အနက်ရောင်၊ မျက်နှာတွင် မျက်လုံးလေးသာဖော်ထားသည်။ နောက်ကျောတွင်လည်း ဓားကြီးကို လွယ်ထားသည်။
ဒင်း အဲ သူ နင်းပြား၊ အဲ နင်ဂျာ။ ဒါဆို တိုမာရိုကိုပြည့်။ ခေါင်းစွပ်ကို ချွတ်လိုက်သည်။
" ငင်း ငင်း ငင်း ငင်း ..အဟွတ် ဟွတ် "
ရယ်နေရင်း ချောင်းကဆိုးသေးသည်။ နှာခေါင်းကို ကျုပ် အမြန်ပိတ်လိုက်ရသည်။ သိုင်းလောကသားများက ယုံကြည်ရသည်မဟုတ်။ ရောဂါပိုးများ ကူးဆက်ရင်ဖြင့် သိုင်းပင်မချလိုက်ရပဲ ဇီဝိန်ကြွေ သွားနိုင်သည်။
" အဖွဲ့တွေ ဘယ်မှာလဲ တိုမာကိုရိုပြည့် "
" ခင်ဗျားနောက်ကို ကြည့်လိုက် "
ကျုပ် ကြက်သီးမွှေးညင်းများပင် ထသွားသည်။ နောက်ကို ရောက်နေပြီလား။ ကိုယ်ကို ခပ်ဖြေးဖြေးခြင်း လှည့်လိုက်သည်။ သုံးယောက်။ မပြုံးမထေ့၊ ငိုခြင်း ရယ်ခြင်းမကွဲသည့် မျက်နှာပေးများဖြင့် ကြည့်နေကြသည်။
ကောင်းလိုက်သည့် ကိုယ်ဖော့ပညာ။ ဘယ်အချိန်ရောက်နေမှန်းပင် မသိလိုက်။ မိညှက်မဂိုဏ်းချုပ် မီရှဲဝိုင်က ခမောက်ဆောင်းထားပြီး အပေါ်က အဖြူ၊ အောက်က အနီရောင်ဝတ်ဆင်ထားသည်။ ပုဝါက လေထဲတွင် တလူလူလွင့်နေသည်။ မယ်ရီရီကတော့ ပါဝါနှစ်ရာအားကို သူ့အင်္ကျီနှင့် သုတ်နေသည်။ သူကတော့ အဖြူရောင်ဝမ်းဆက်ဖြင့်။ နောက်တစ်ယောက် မိခါးခါးကတော့ သူ့လက်သုံးစကား ခရမ်းရောင် ဂါဝန်ကြီး တစ်ကားကားဖြင့်။ ဤ၀တ်စုံကြီးဖြင့် မည်သို့ သိုင်းချမည်နည်း။
ကျန်နေသေးသည့် တစ်ယောက် ကျင်းကျင်းမိုးက ကွင်းပြင်ကြီးထဲတွင် ဒုတ်တစ်ချောင်းကိုင်၍ စည်းဝိုင်း ၀ိုင်းနေပေသည်။ အင်းလေ သူ့ကို ဒိုင်နေရာပေးထားသည်ပဲ။ သူက သမာသမတ်ရှိသည်ဟု သူ့ကိုယ်သူ အဆိုတင်သွင်းပြီး သူဘာသာသူထောက်ခံပြီး ဒိုင်အဖြစ်ဆောင်ရွက်ခြင်းပင်။ ကျုပ်တို့ကလည်း တစ်ယောက်ပို နေသဖြင့် မထူးတော့ဆိုပြီး လွှတ်ပေးထားလိုက်ခြင်းပင်ဖြစ်တော့သည်။
(၅)
" ဒုန်း ဒုန်း ဒုန်း ဒုန်း "
အချက်ပေးစည်ကြီး တီးခတ်လိုက်သည့်အသံက ကွင်းပြင်ကြီးထဲ ဟိန်းထလာသည်။ ပရိတ်သတ်များကလည်း တောင်းဆိုအားပေးနေကြပြီ။
" နှစ်ဖက်အဖွဲ့သားတွေ ရှေ့မှောက်ကိုလာပါ "
အောင်မြင်ခဲ့ညားသည့် အသံဖြင့် ကျင်းကျင်းမိုးက အတွင်းအားသုံး၍ ခေါ်လိုက်သည်။ နှစ်ဖက် အဖွဲ့သားများ ဒိုင်လူကြီး ကျင်းကျင်းမိုးရှေ့ ရောက်လာကြသည်။
" စည်းမျဉ်းတွေက ကြိုတင်ပြောထားပြီးတဲ့အတိုင်းဖြစ်တယ်။ လေးယောက်စီ ပြိုင်ရမယ်။ တစ်ဖွဲ့ကို နှစ်ယောက်စီ အနိုင်ရရင်တော့ အနိုင်အရှုံးပေါ်အောင် နောက်ထပ်တစ်တွဲ ဆက်ပြီး ယှဉ်ပြိုင်ကြရမယ်။ ရေကုန် ရေခမ်း ပြိုင်ကြပါ၊ တစ်ခုပဲ အသက်ထွက်အောင်တော့ မတိုက်ကြနဲ့ "
" ဟုတ်"
နှစ်ဖက်အဖွဲ့သားများက ခေါင်းညိတ်ကြသည်။
" ကျန်တဲ့သူများ နေရာပြန်ကြပါ။ ပထမဆုံး ယှဉ်ပြိုင်မဲ့ လျောင်ရဲကြီးနဲ့ တိုမာိုရိုပြည့်တို့ နေရာယူပါ "
ယှဉ်ပြိုင်မည့် နှစ်ယောက် နေရာယူကြသည်။ ကျုပ်တို့ စာရေးသူများ ဂိုဏ်းချုပ်ကြီးနှင့် တစ်ဖက်ကအဖွဲ့ သားပြိုင်ရမည်ဆိုတော့ လက်ရည်ချင်းတူပါ့မလားလို့ တွေးမိသေးသည်။ ပြီးတော့ လူကောင်ခြင်းက ဆင်နှင့် ဆိတ်ပမာ ကွာလွန်းသည်။ သို့သော် အကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်ဟု သူ့ကိုယ်သူ ကြွေးကြော်ပြီး ဂိုဏ်းချုပ်ကြီးနှင့် ပြိုင်ဖို့ တိုမာကိုရိုပြည့်က စိန်ခေါ်ခြင်းကြောင့် လွှတ်ပေးလိုက်ရခြင်းပင်။
" ၀ှီး ၀ှီး ရွှင် ရွှင် "
လျောင်ရဲကြီး၏ လက်များကစားနေခြင်းဖြစ်သည်။ အတွင်းအားများ ပြင်းထန်လှသည်မို့ လက်သွားရာ တစ်လျှောက် အသံများထွက်နေခြင်းပင်ဖြစ်သည်။ တိုမာကိုရိုပြည့်ကတော့ ကြောင်ပြုံးပြုံးသည်။
" တုံ "
တိုက်ပွဲစလေပြီ။ တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်သေးဘဲ အကွက်ချောင်းနေကြသည်။ ထို့နောက် တိုမာရိုကိုပြည့်က လှုပ်ရှားလေသည်။
မြန်သည် သိပ်ကိုမြန်လွန်းသည်။ ရေးမပြတတ်အောင် မြန်လွန်းသည်။ မည်သို့မည်ပုံ၊ မည်သို့ တိုက်ခိုက် လိုက်သည်မသိ လျောင်ရဲကြီး ကွင်းပြင်ကြီးထဲတွင် ခွေခွေလေး ကျသွားတော့သည်။
သွားပြီ ကျုပ်တို့ဂိုဏ်းချုပ်ကြီးတော့ ရှုံးပြီထင်ပါ့။
" ဂိုဏ်းချုပ်ကြီး ဂိုဏ်းချုပ်ကြီး "
တုတ်ချင်းသန်နှင့် လျန်ရှဥ့်က စိုးရိမ်တကြီး အော်ခေါ်ကြသည်။ ဒီအချိန်တွင် ဒိုင်လူကြီး ကျင်းကျင်းမိုးက စည်းဝိုင်းအတွင်း ၀င်လာပြီး လျောင်ရဲကြီးကို တစ်ချက်ကြည့်သည်။ ပြီးတော့ အမှတ်စဉ်ကို စတင် ရေတွက်လေသည်။
" ဖိုက် ဖိုး သရီး တူး ၀မ်း ဂိမ်း အိုဗာ"
သွားပြီ ပွဲအစတွင်ပင် ရှုံးလေပြီ။
(၆)
ဒုတိယယှဉ်ပြိုင်မည့် လျန်ရှဥ့်နှင့် မယ်ရီရီတို့ စည်းဝိုင်းထဲ နေရာယူကြသည်။
" တုံ "
စပါလေပြီ။ စလေပြီဆိုကတည်းက လေပေါ်ပျံဝဲရင်း ခုတ်ကြ ထစ်ကြသည်။ မြေပေါ်ကိုပင် မကျ။ သို့သော် နှစ်ယောက်သား၏အားများကြောင့် ကွင်းပြင်ကြီးထဲတွင်တော့ ဖုန်တလိတ်လိတ်ထနေပေသည်။
ကျုပ်က လျန်ရှဥ့်အတွက် စိုးရိမ်မိသည်။ နေ့၊ ညမှား လေ့ကျင့်ထားသည်မို့ အဆင်ပြေပါ့မလား။ သို့သော် လက်ရည်ညီကြသည်။ မယ်ရီရီ၏ ပါဝါအားလည်း သုံးအားကြီးသဖြင့် ကျနေပြီဟု စုံစမ်းသိရှိရသည်။
ဟော ဟော မယ်ရီရီ ကျလာပြီ။ မြေပေါ်သို့ ခြေအကျ ဖတ်ခနဲ ပြန်ထောက်ပြီး လေပေါ်ပျံတက်သွားပြန် သည်။
" ချလွင် ချလွင် ယားယိ ယိ အိ "
ဓားသံများနှင့် အားအင်သွင်းသံတို့က ရောထွေးနေသည်။ ပရိတ်သတ်ကြီးကလည်း လက်ရည်ညီသည့် ပွဲမို့ အားတက်သရော အားပေးနေကြသည်။
" လျန်ရှဥ့်ကွ မယ်ရီရီကွ "
ပရိတ်သတ်ထဲတွင် အလျော်အစားပွဲများရှိသည်ဟု သိရသည်။ မသိချင်ယောင်ဆောင်၍ လွှတ်ပေးထားရ သည်။ သို့မှသာ ပွဲမှ စည်မှလေကိုး။
" ဘုတ် "
လျန်ရှဥ့် ခြေကားယား၊ လက်ကားယား ပြုတ်ကျလာသည်။
" အွင့် "
ပါးစပ်ထဲ ဘယ်အချိန်က ၀ါးနေမှန်းမသိသည့် ကွမ်းကို ထွေးထုတ်လိုက်သည်။ ကွမ်းထွေးပြီဆိုလျှင်ဖြင့် အခြေအနေမကောင်းတော့။ ကွင်းထဲသို့ နှစ်ပတ်ကျွမ်းထိုးပြီး ကျင်းကျင်းမိုး ၀င်လာသည်။
" ဖိုက် ဖိုး သရီး "
လျန်ရှဥ့်က ကုန်းရုန်းထသည်။ ရေတွက်ခြင်းကို ရပ်လိုက်သည်။ ဒါမှ လျန်ရှဥ့်ကွ အားတင်းထား။ လျန်ရှဥ့်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထို့နောက် တစ်လှမ်းချင်းစီလှမ်းသည်။ စည်းဝိုင်း အမြင်သို့ ထွက်သွားတော့သည်။
ဟင့် ချများချမှာလားလို့။ ရှုံးပြန်လေပြီပေါ့။ မရတော့ စာရေးသူများ ဂိုဏ်းကို တုတ်ချင်းသန်နှင့် ကျုပ်ကျင်းဝေ့ပိုင် ကယ်မှ ရတော့ပေမည်။
(၇)
ယခင်ဇာတ်လမ်းအကျဉ်း စာရေးသူများ စိန်ခေါ် သိုင်းပြိုင်ပွဲကြီးတွင် တိုမာကိုရိုပြည့်နှင့် မယ်ရီရီတို့၏ လက်ချက်ကြောင့် လျောင်ရဲကြီးနှင့် လျန်ရှဥ့်တို့ ရှူံးနိမ့်သွားခဲ့ရသည်။
" ကဲ တတိယတွဲတက်မယ် ဒီပွဲမှာ စာရေးသူများဂိုဏ်းက ထပ်ရှူံးရင်တော့ နောက်တစ်ပွဲပြိုင်စရာမလိုဘဲ မိညှက်မဂိုဏ်းက အနိုင်ရသွားမှာပါ၊ ဒါကြောင့် စာရေးသူများဂိုဏ်းက အားတင်းထားကြပါ "
ကျင်းကျင်းမိုးက ဒိုင်လူကြီးပီသစွာ သူ့အဖွဲ့သားများကို အားပေးတာလား၊ တစ်ဖက်အဖွဲ့သားကို အားလျော့အောင်ပြုတာလားတော့မသိချေ။ (သူတို့က ပါဝါဂိုဏ်းဝင် ဆိုဂျူသောက် ညီအစ်မများ ဖြစ်သည်ကိုး)။
" ၀ါး ဟား ဟား ၀ါး ဟား ဟား "
တုတ်ချင်းသန်က အတွင်းအားများ ညစ်ထုတ်ပြီး စည်းအတွင်း ၀င်လာသည်။ ထိုအချိန်ဝယ် မိညှက်မဂိုဏ်းချုပ်ကြီး မီရှဲဝေက လေပေါ်ပျံဝဲပြီး မြေပေါ်သို့ ဒူးထောက်ကျသည်။ ပြီးတော့ ခေါင်းကို ဆတ်ခနဲမော့ လိုက်သည်။ သူ့ရဲ့ ပါဝါအားကြီးက သူ့မျက်လုံးအစုံမှာ မီးဝင်းဝင်းတောက်နေပြီ။ ဆောင်းထားသည့် ခမောက်ကို ချွတ်ပြီး မယ်ရီရီဆီပစ်ပေးလိုက်သည်။ (အစကတည်းက ချွတ်ထားရင် ရတာကို။ သူ့ခမောက်ကို လူပုံထဲ ပြချင်သေး)။
" တုံ "
စတင်လေပြီ။
တုတ်ချင်းသန်က အတွင်းအား လေပင့်စုစည်းပြီး ကလိသိုင်းဖြင့် တိုက်စစ်ဆင်သည်။ မီရှဲဝိုင်က သူ့အတွင်းအားဖြင့် ပြန်လည်ခုခံသည်။
" ဒုန်း "
အတွင်းအား နှစ်ခုတိုက်ခတ်သံသည် ကျယ်လောင်စွာထွက်လာသည်။ အိုးဟိုး နည်းသည့် အတွင်းအား ပိုင်ရှင်များ မဟုတ်။ ထို့နောက် လေပေါ်ပျံဝဲလိုက်၊ မြေပေါ်ပြန်ကျလိုက်၊ လေထဲပျံတက်လိုက်ဖြင့် ပြင်းထန်စွာ တိုက်ခတ်ကြနေသည်။
လေထဲတွင် လေလိုင်းဝဲဂယက်များ ဖြန့်ထွက်လာသည်။ မြေပေါ်သို့ နှစ်ယောက်သား ဖွဖွလေးကျလာသည်။ တုတ်ချင်းသန်၏ မျက်နှာက ပြုံးစစနှင့်ရှိနှင့်သည်။ မီရှဲဝိုင်ကတော့ မဲ့သလို ပြုံးသလိုလိုရှိ သည်။ သူ့တွင်တော့ ပါဝါနှစ်ရာအားကြီး မရှိတော့။
" ဟီး ဟီး ဟား ဟား ဟင့် ဟင့် "
မီရှဲဝိုင်ဆီမှ အူတက်အောင် လိမ့်ပိတ်ရယ်သံထွက်လာသည်။
" ခွိ ခစ် ခစ် ခွီ ခွိ ခွီး "
ရယ်သံတွေကတော့ တစ်ယောက်ထဲပေမယ့် စုံလင်လှသည်။ ဟင်း တုတ်ချင်းသန်၏ ကလိသိုင်းနှင့် တွေ့ သွားလေပြီ။ ကျိန်းသေသည် ဒီတစ်ပွဲ ကျုပ်တို့နိုင်လေပြီ။
မီရှဲဝိုင် စည်းဝိုင်းအပြင်သို့ ထွက်သွားပြီး ချောင်တစ်ချောင်တွင် သွား၍ ခွိ ခွိ လုပ်နေတော့သည်။ အနှီမီရှဲဝိုင်သည် ရောရောလွတ်တတ်သူဖြစ်သည်။ ချောင်တွင် ရယ်ရင်း ရောလွတ်နေလောက်ပြီ။ တရုတ်နှစ်သစ်ကူးပွဲတွင်လည်း ရေနှင့် ရောလွတ်သည်ဟု သူဖွင့်ဟ ကြေညာခဲ့သူပင်။
" ဟုတ်ကဲ့ စာရေးသူများဂိုဏ်းက အနိုင်ရသွားပါတယ် ရှဥ့် အဲ ရှန် "
ကျင်းကျင်းမိုးက လူကောင်မဲသေး၍ အသံဖြင့်ဖိန့်အောင် ကြေညာလိုက်တော့သည်။
(၈)
" တုံ"
လေးပွဲမြောက် စတင်လိုက်ပါပြီ။ ဒီပွဲက ကျုပ်အတွက်ရော စာရေးသူများ ဂိုဏ်းအတွက် ရော အထူးအရေးကြီးသည်။ ကျုပ်ရှူံးလိုက်တာနှင့် ပွဲကပြီးသွားပြီ။ ကျုပ်နိုင်မှဖြစ်မည်။ ဒါမှသာ နောက်တစ်ပွဲဆက်လက် ဆင်နွှဲနိုင်ပေမည်။
" ဟင်း ဟင်း "
ကျုပ်က လှောင်ရယ် ရယ်လိုက်သည်။ မိခါးခါးက ကျုပ်ကို မပြိုင်ခင်ကတည်းက ခေါင်းငုံ့နေရပြီလေ။
" ရွှမ်း "
ကျုပ် လန့်ဖျတ်ပင်သွားမိသည်။ သူ့ခရမ်းရောင်ဂါဝန်ကြီးကို ခတ်လိုက်သည့် အသံပင်။ ယုံရသည်တော့ မဟုတ်။ သူ့မှာ ဥာဏ်နီဥာဏ်နက်တွေ ရှိလိမ့်မည်။ ကျုပ်ကို ဘယ်အကွက်ဖြင့် ထုတ်သုံးမည်နည်း။ အလစ် ပေးလို့မရ။
ဘယ်ခြေကိုလှမ်းလိုက်သည်။ ခန္ဓာကိုယ်ကို လိမ်ပြီး တစ်ပတ်လှည့်ပြီး ရိုက်လိုက်သည်။ ဖတ်ကနဲ ရှောင်လိုက်သည်။
" ဖြန်း "
ကျုပ်ကျောပြင်တစ်ခုလုံး ပူထူသွားသည်။ သိုင်းပညာအဆင့် တော်တော်မြင့်သည်။ တွေ့ကြပြီပေါ့။ ကျုပ်က စည်းအတွင်းထဲတွင် သူ့ကိုယ်ဗဟိုထား၍ လှည့်ပတ် ပြေးလိုက်သည်။
" ၀ှစ် ၀ှစ် "
သူလိုက်ဖို့ပြင်သည်။ သို့သော် တည်ငြိမ်သည်။ သူ့ဂါဝန်ကြီးကို ရွှေ့မရတာကြောင့်လည်း ပါလိမ့်မည်။ သူမူးလောက်သည့် အချိန်မှ အလစ်အငိုက်ယူပြီး ကျုပ်ဝင်ရောက်တိုက်ခိုက်သည်။
" ရွှိ "
ဆံပင်ကောက်ကလိမ်များ မြေပေါ်သို့ ပြန့်ကျဲသွားသည်။ လူကိုတော့မထိလိုက်။ ကျုပ် လေပေါ်ဝဲပျံပြီး သူ့ဆီတည့်တည့် ၀င်တိုက်ခိုက်လိုက်သည်။ သူက လက်တစ်ဖက်ဖျတ်ခနဲထုတ်လိုက်သည်။
" ဘုတ် "
ကျုပ်တစ်ခါတည်း စည်းအပြင်သို့ လွှင့်ထွက်သွားတော့သည်။ သွားပြီ ကျုပ်တို့ရှူံးပါလေပြီ။
(၉)
" ဒီနေ့ စိန်ခေါ်သိုင်းပြိုင်ပွဲကြီးမှာ မိညှက်မဂိုဏ်းက အနိုင်ရရှိသွားသဖြင့် စာရေးသူများ အမည်အား လွှဲအပ်ပေးရမှာ ဖြစ်ပါတယ်…အဟမ်း..အဟမ်း …ဒီတော့..အဟမ်း ..အဟမ်း…ကျွန်မတိုပ မိညှက်မဂိုဏ်းချုပ်ကြီး ဖြစ်တဲ့ မီရှဲဝိုင်က လွှဲပြောင်းရယူရန် စည်းဝိုင်းအတွင်း ဖိတ်ခေါ်ပါတယ်…အဟမ်း…အဟမ်း.."
ဒီဒိုင်လူကြီးကို ကျုပ်သိပ်ကြည့်မရတော့။ သူတို့ဂိုဏ်းနိုင်တော့ ဘာမဆိုင်ညာမဆိုင် အဟမ်း..အဟမ်းလုပ်ပြီး ပြုံးစိစိလုပ်နေသည်။ ၀တ်ထားသည်က အမည်း၊ အသားရောင်က ညိုတိုတိုဖြင့် သွားပဲ ခပ်ဖွေးဖွေးမြင်ရသည်။ ကျုပ် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။
နောက်ဘက်တွင် လူကောင်ကြီးဖြစ်သော်လည်း စိတ်နုလှသည့် ဂိုဏ်းချုပ်ကြီး လျောင်ရဲကြီး၏ ပါးပြင်တွင် မျက်ရည်စီးကျနေသည်။ လျန်ရှဥ့်က သူ့ခါးကို နှိပ်ရင်း ကျွတ် ကျွတ်ဖြင့် စုတ်သပ်နေသည်။ တုတ်ချင်းသန်ကတော့ မျက်နှာတည်သည်။ အင်းပေါ့ တစ်ပွဲလုံးမှာ သူပဲနိုင်ထားတာကိုး။
နိုင်တဲ့သူကို အားပေးရမှာပေါ့။ တစ်ဖက်သို့ ပြန်လှည့်လိုက်သည်။ စည်းဝိုင်းအတွင်းတွင် ကျင်းကျင်းမိုးနှင့် မီရှဲဝိုင်တို့ လက်ဆွဲနှုတ်ဆက်နေသည်။ မီရှဲဝိုင်၏ လက်ထဲတွင်မတော့ အောင်နိုင်သူ စာရေးသူများဂိုဏ်းအလံကြီး ကို ကိုင်ဆောင်ထားသည်။
ထို့နောက်…
" ကျွန်မ သိုဏ်းလောကသားများရဲ့ ရှေ့မှောက်မှာ တစ်ခုလောက် ပြောချင်ပါတယ်ရှင် "
" ဖြောင်း ..ဖြောင်း…. ဖြောင်း.."
" ပြောပါ … ပြောပါ …"
လက်ခုပ်သံများနှင့် တက်ရောက်လာသည့် သိုင်းလောက၀င်များက ချီးမြှောက်ကြသည်။
" ဒီလိုပါ သိုင်းလောကသားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့ အမိမြေကြီးကို ကာကွယ်နိုင်မှာပါ။ ကျွန်မတို့အချင်းချင်း ညီညွတ်မှုတွေ၊ ဖလှယ်မှုတွေနဲ့ တိုင်းပြည်ကို တိုင်းတပါးသားတွေ မကျူးကျော်ရန်မစနိုင်အောင် ကာကွယ်နိုင်ကြမှာပါ။ ဒီတော့ကား.."
ကျုပ် မီရှဲဝိုင်၏ စကားကို စိတ်ဝင်တစားနားထောင်နေမိသလို လျောင်ရဲကြီးကလည်း မျက်ရည်သုတ်ပြီး မျက်လုံးအပြူးသားနှင့်ကြည့်နေသည်။ လျန်ရှဥ့်နှင့် တုတ်ချင်းသန်က တုတ်တုတ်မျှမလှုပ်။
" ဒီတော့ကား ဒီစာရေးသူများ ဂိုဏ်းကြီးကို ကျွန်မတို့ မိညှက်မဂိုဏ်းနဲ့အတူ ပူးပေါင်းပြီး တည်ထောင်လိုက်ရင် သိုဏ်းလောကမှာ ပြိုင်ဘက်ကင်း ဂိုဏ်းကြီးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ တစ်ဦးတည်း စာရေးသူများဂိုဏ်းကို သိမ်းပိုက်မဲ့အစား နှစ်ဖွဲပူးပေါင်းလိုက်ရင် ပိုမိုအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပူးပေါင်းဖို့ ဖိတ်ခေါ်ပါရစေ "
" ဖြောင်း .. ဖြောင်း…ဖြောင်း…ဖြောင်း…"
" ရွှီ .. ရွှီ…"
လက်ခုပ်သံများနှင့် လက်ခေါက်မှုတ်သံများ ဆူညံသွားသည်။ သိပ်ကောင်းမွန်သည့် စိတ်ကူးပင်။ သြော် မီရှဲဝိုင်က ရုပ်ကလေးက သင့်တင့်သလောက် စိတ်ဓာတ်လေးက လှပါတကား။ (နောက်တစ်ခါတွင် မုန့်ကျွေးပါမည် ဟု ခုထိမပြောသေး)။
ကျုပ်တို့ အဖွဲ့သားများက ဘာမှ မပြောပဲ အားရပါးရလက်ခုပ်တီးနေကြသည်။
" သဘောတူပါတယ် "
ပြိုင်တူ အော်လိုက်ကြပြီး အဖွဲ့သားများ စည်းဝိုင်းအတွင်းသို့ ၀င်လိုက်ကြသည်။
ဒိုင်လူကြီး ကျင်းကျင်းမိုးက အလည်တွင်နေပြီး အဖွဲ့နှစ်ဖွဲ့သားများက ဘေးတစ်ဖက်တစ်ချက်တွင် နေရာ ယူလိုက်ကြသည်။ လက်ချင်းချိတ်လိုက်ကြသည်။ ထို့နောက် သိုဏ်းလောက သီချင်းကို ပြိုင်တူ ဟစ်ကြွေးကြ တော့သည်။
" သိုဏ်းလောကမှာ မင်းမူ..အောင်လံလွှင့်ထူ..တို့…စာရေးသူ..တို့စာရေးသူများ .. လောကအကျိုး… အများအကျိုး … အတူထမ်းစို့လား…"
( ဗေတိုးဗေ ပတ်ဗေ ဂျိ ဂျိ.ဤတွင် ..ကားလိပ်ချ…)
----------
မေတ္တာဖြင့်
မောင်ပိုင်(လေးမျက်နှာ)
၂၆-၉-၂၀၁၅

(PS:သိုင်းလောကကြီးမှာ ဝူကျင်စက် (ကိုစက်ဖေ)
ဂျက်ကီ ဝေ(ဝေဟိဏ်း) ဝူတန်အောင် (ဆာအောင်ကောင်းဆက်)တို့နဲ့
ကျင်းကျင်းစံ (စံရတီ) တို့အင်အား ထပ်တိုးနေပြီဟု ကျင်းဝေ့ပိုင် ထံမှ သိရပါသည်။)

နေ့သိုင်း ညသိုင်း မှားကျင့်ထားသော...
လျန်ရှဥ့်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း