သူငယ်ချင်း

သူငယ်ချင်း
                       သူငယ်ချင်း... မင်း ပရဟိတလုပ်ငန်းတွေ တက်တက်ကြွကြွလုပ်နေတာ မြင်ရတော့ သိပ်ဝမ်းသာတယ်၊ ဂုဏ်လည်းယူတယ်။ ဒါပေမယ့် မင်းလို မလုပ်နိုင်တဲ့သူတွေ၊ လုပ်ခွင့်မသာတဲ့သူတွေ၊ မလုပ်ချင်တဲ့သူတွေကို တရားစခန်းကထွက်လာတဲ့သူက တခြားလူတွေကို မြင်တဲ့အမြင်မျိုးနဲ့ မပြောစေချင်ဘူး၊ မမြင်စေချင်ဘူး။ တို့အားလုံးက တစ်ခုတည်းသော ဂြိုလ်ပြာကြီးပေါ်မှာနေတယ်ဆိုပေမယ့် လူတစ်ဦးစီတိုင်းမှာ မတူညီတဲ့ ကမ္ဘာတစ်ခုစီ ရှိနေလို့ပါ။
သူငယ်ချင်း... မင်းက မိုးထဲရေထဲ၊ ဗွက်တောထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်စွန့်ဆံဖျား လုပ်နေ ချိန်မှာ တချို့က လက်ဖက်ရည်ဆိုင်မှာ ဖုန်းပွတ်နေကြတယ်။ ပါးကလေးဖောင်း၊ မျက်လုံးကလေးစောင်းပြီး စမီးလှလားငင် ဆိုတဲ့
ဆယ်ဖီ မမတွေ၊ ညီမလေးတွေ ရှိမယ်။ စားသောက်ဖွယ်ရာတွေကို ဓာတ်ပုံရိုက်ကြီး စားကြပါဦး သူငယ်ချင်းတို့ ဆိုတဲ့စာနဲ့ မည်းသည်းနေတဲ့ ဟင်းပုံတွေ တက်လာတာမျိုးရှိမယ်။ ဘီယာခွက် နဲ့ ကေတီဗွီမှာ မိုက်ခဲနေတဲ့ ပုံတွေတက်လာတဲ့ သူငယ်ချင်းမျိုးလည်း ရှိမှာပဲ။ အဲဒါဟာ သူတို့တွေရဲ့အပိုင်းပါ။ သူတို့ ကမ္ဘာပါ။ မင်းပိုင်တဲ့ ကမ္ဘာနဲ့တော့ ဘယ်ထပ်တူညီမလဲ။
သူငယ်ချင်း... ရှင်ဘုရင်က ရှင်ဘုရင်အလုပ် လုပ်ရင်၊ သူတောင်းစားကလည်း သူတောင်းစားအလုပ် သူတောင်းစား လုပ်ရမှာပါ။ ရဲက လူဆိုးဖမ်းရင် လူဆိုးကလည်း လူဆိုးအလုပ် လူဆိုးလုပ်မှာပေါ့။ ရဲက ရဲအလုပ်မလုပ်လို့ကွလို့တော့ မပြောပါနဲ့။ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ လူဆိုးတချို့ ဘာတွေလုပ်နေကြတယ် ဆိုတာ မင်းလည်းကြားမှာပဲ။ (Mind your own business) ဆိုတဲ့ စကားလေးက သိပ်လှတယ် သူငယ်ချင်း။
သူငယ်ချင်း... မင်းက ဗိုလ်ချုပ်ကို ချစ်တာ၊ လေးစားတာ ငါသိပါတယ်။ ဒါပေမယ့် လူကြားထဲ ပုဆိုးကြီး မ-သွားဖို့တော့ မလိုဘူးလေ။ နောက်ပြီး ပွင့်လင်းတာနဲ့ ရိုင်းတာလည်း သိပ်ကို ကွာပါတယ်။ ဆဲတဲ့စကားလုံးခြင်း တူရင်တောင် အဲဒီလူရင်ထဲမှာ ဘာတွေရှိတယ်ဆိုတဲ့ သုံးသပ်ချက်က ရှိသေးတယ်မို့လား။ မပြောပေမယ့် ဗိုလ်ချုပ်ရင်ထဲ ဘာတွေရှိခဲ့တယ်ဆိုတာ တို့တွေအားလုံးသိတယ်။ မင်းရင်ထဲ ဘာတွေရှိတယ်ဆိုတာကိုတော့ မင်းကိုမွေးထားတဲ့ မင်းအမေကိုယ်တိုင်ကပဲ သိလိမ့်မယ်။ ကမ္ဘာလောကကြီး မှောင်နေတယ်လို့ယူဆရင် ဖယောင်းတိုင်တိုလေး တစ်ချောင်းလောက် ထွန်းပေးလိုက်ပါ သူငယ်ချင်း...။
သူငယ်ချင်း... တို့နေရတာ ပေါက်ပြဲနေတဲ့ ကောင်းကင်ကြီးအောက်မှာပါ။ အမိုးမလုံဘူးဆိုတာ မင်းလည်း သိတယ်။ ငါလည်း သိတယ်။ တို့တွေနင်းထားရတဲ့ မြေကြီးကလည်း ကျင်းချိုင့်အတိနဲ့ မဟုတ်လား။ ဘုရားလေးဆူ ပွင့်သွားပြီ။ ဘုရားလေးဆူချွတ်လို့ မကျွတ်နိုင်တဲ့သူတွေရှိနေတဲ့ ကမ္ဘာကြီးလေ။ သေခြင်းတရာက ငါတို့ မလွတ်မြောက်နိုင်သေးဘူးလေ။ အချိန်တန်တော့လည်း အိမ်ပြန်ရမှာပါ သူငယ်ချင်း။ အိမ်မပြန်ရသေးတာကလည်း အချိန်မတန်သေးလို့ပါ။ နောက်ဆုံးတော့လည်း အိမ် ပြန်ရတော့ မှာပါ သူငယ်ချင်း......

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/htooaungwintt

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း