ကျွန်တော်နှင့် ကော်ဖီချစ်သူများ




ကျွန်တော်နှင့် ကော်ဖီချစ်သူများ
ရသစာတမ်း
          

       လူတိုင်းတွင် ကိုယ်ပိုင်သင်္ကေတအဖြစ် သတ်မှတ်၍ရနိုင်သည့် အမူအကျင့်ပုံရိပ်များ ရှိကြမည်ဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်း ဟုဆိုလိုက် သည်နှင့် တစ်သက်တာမှတ်တမ်းမှ ဆရာကြီး၏ပုံရိပ်ကို မြင်ယောင်မိမည်ဖြစ်သည်။ ဘရန်ဒီတစ်လုံးဟု ဆိုလိုက်သည်နှင့် ဆရာသော်တာဆွေကို အမှတ်ရချင် ရသွားနိုင်သည်။ အပြင်လောကတွင် တွေ့ကြုံမြင်ဖူးခြင်းမျိုး မဟုတ်သော်လည်း ၄င်းတို့ရေးသားထားခဲ့သည့် စာအုပ်များထဲမှ ကိုယ်ပိုင် သင်္ကေတများက စာဖတ်သူ၏စိတ်တွင် စွဲထင်သွားကြသောကြောင့်ဖြစ်သည်။

            မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းမိတ်ဆွေများအကြောင်း စကားစပ်မိလျှင် ၄င်း၏ ဝါသနာ၊ ဗီဇ၊ သင်္ကေတတို့ကို ရုတ်ချည်းဖြတ်ခနဲ သတိရမိကြမည်သာဖြစ်သည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသော် ကျွန်တော့်မှာလည်း နှစ်သက်စွဲမက်သည့် အရာတစ်ချို့ရှိသည်။ ၄င်းတို့ထဲမှ ကျွန်တော့်ကို ကိုယ်စားပြုသည့်အရာမှာ ကော်ဖီဖြစ်သည်။


            ကျွန်တော်သည် ကော်ဖီချစ်သူဖြစ်သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ထမင်းမစားဖြစ်သည့်နေ့ ရှိနိုင်မည်ဖြစ်သော်လည်း ကော်ဖီ မသောက်ဖြစ်သောနေ့ မရှိဟု ဆိုရဲပါသည်။ ကော်ဖီသည်ကျွန်တော်၏ သင်္ကေတဖြစ်သည်။ သို့မဟုတ် နိမိတ်ဖြစ်သည်။ ကော်ဖီသည် ကျွန်တော့်ဘဝ ဟု မဆိုနိုင်သော်လည်း ဘဝထဲမှာကော်ဖီရှိနေသည့်အတွက် ကျေနပ်ပြည့်စုံခြင်းရသကိုတော့ ခံစားရသည်။

            ကမ္ဘာပေါ်မှာရှိသည့် အမျိုးပေါင်းရာချီနေသော ကော်ဖီများကို မသောက်ဘူးသေးသော်လည်း ပြည်တွင်းမှာ အလွယ်တကူဝယ်ယူရရှိနေ သည့် ရယ်ဒီမိတ်ကော်ဖီမစ်မျိုးစုံကိုတော့ အထိမ်းအမှတ်အမျိုးမျိုးဖြင့်ထုတ်ထားသည့် ကြွေပန်းကန်လုံးအလှလေးများ၊ တရုတ်ဖြစ်၊ ကိုရီးယားဖြစ် အချိုပန်းကန်လုံးလှလှလေးများဖြင့် ထည့်သောက်ခဲ့ဖူးပြီးဖြစ်သည်။ ကော်ဖီက အဓိကဟုဆိုသော်လည်း ကျွန်တော်ချစ်သည့် ကော်ဖီတွေကိုတော့ အချိုပန်းကန်လုံးလှလှလေးထဲ ထည့်သောက်လိုသူဖြစ်သည်။

            “ လက်ဖက်ခြောက် ဘယ်လောက်ကောင်းကောင်း ကြွေပန်းကန်ပဲ့နဲ့တိုက်လို့ကတော့ လက်ဖက်ခြောက်ကောင်းကြောင်း ချီးကျူးမှာ မဟုတ်ဘူး ”

            ဆိုသောဆိုရိုးကို မှတ်သားထားမိသူဖြစ်သည်။ လောလောဆယ်တွင် စိတ်ကူးယဉ်နေမိသည့် အိပ်မက်တစ်ခုရှိသည်။ ကမ္ဘာ့နိုင်ငံကြီးများမှ သန်းကြွယ်သူဌေးကြီးများလို အာကာသရှိ လကမ္ဘာသို့ ခြေချလိုခြင်းမျိုးမဟုတ်သလို ငါသာ သမ္မတကြီးဖြစ်ခဲ့ရင်ဆိုသော စိတ်ကူးအတွေးမျိုးမဟုတ် ဆိုသည်ကိုတော့ ကြိုပြောပြလိုပါသည်။

            ကျွန်တော်၏ စိတ်ကူးအိပ်မက်က ရိုးစင်းသည်။ ရှင်းလင်းသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကမ္ဘာ့ဒေသအသီးသီးမှာရှိသည့် နာမည်ကြီးကော်ဖီဆိုင်ကြီးများတွင် မသောက်ဖူးသေးသည့် ကော်ဖီများကို သောက်လိုခြင်းဖြစ်သည်။ အမျိုးပေါင်းရာချီနေသည့် ကော်ဖီများထဲမှ စာလုံးပေါင်း၍ အသံပင်မထွက်တတ်သည့် ကော်ဖီများကို သောက်လိုသည့် ကျွန်တော့်အိပ်မက်ကို သင်လှောင်ပြုံး-ပြုံးလိုက ပြုံးနိုင်ပါသည်။

            “ ရူးပါ့ကွာ …”

            ထိုသို့သော စကားလုံးမျိုး သင့်နှုတ်ဖျားမှ ထွက်မလာဖို့ကိုတော့ တောင်းဆိုလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်က ကော်ဖီချစ်သူမဟုတ်လား။ ကမ္ဘာပေါ်တွင် ကျွန်တော်ကဲ့သို့ ကော်ဖီချစ်သူ သန်းချီ၍ရှိနေသောကြောင့်ဖြစ်သည်။ သူတို့၏ဒေါသသည် ကော်ဖီကြိတ်စက်ထဲမှ ကော်ဖီစေ့များ အမှုန့်အဖြစ်ပြောင်းသွားသလို သင့်ကိုအမှုန့်အဖြစ်ပြောင်းသွားစေနိုင်သောကြောင့် ဖြစ်သည်။

            ခပ်ငယ်ငယ် ကလေးသားဘဝတွင် ကော်ဖီနှင့်မိတ်ဆက်ပေးသူမှာ ဖေဖေဖြစ်သည်။ ဖေဖေနှင့် လက်ဖက်ရည်ဆိုင်လိုက်သွားစဉ် ရင်ကြပ်လိမ့်မယ်ဆိုသော အကြောင်းပြချက်နှင့် ကော်ဖီတစ်ခွက်က ကျွန်တော့်ဘဝထဲသို့ တိုးဝင်လာခဲ့သည်။ အရသာက သောက်ဖူးခဲ့သည့်  လက်ဖက်ရည်နှင့်မတူတာကို သိသည်။ အရောင်က လက်ဖက်ရည်နှင့်ကွဲတာကို သိသည်။ နောက်တော့ မိုးရွာပြီးစ မန်ကျည်းပင်အောက်မှာ ရှိနေတတ်သည့် ဗွက်အိုင်ကလေး၏ အရောင်နှင့်တူတာကို သတိထားမိလာသည်။ တစ်ချို့ဗွက်အိုင်တွေက လက်ဖက်ရည်အရောင်နှင့်တူသည်။ ထိုထက်ပို၍ ကော်ဖီသည် ငယ်ဘဝတွင် စွဲစွဲထင်ထင်မရှိခဲ့သည်မှာ သေချာသည်။ ရာသီတွေ အရောင်ရင့်လာသည်နှင့်အမျှ ကော်ဖီတွေက ရနံ့သင်းလာခဲ့သည်။

            ထို့နောက် ထို့နောက်မှာတော့ ချစ်ကောင်း၏ ကော်ဖီခါးခါးက လက်ဖက်ရည်ဆိုင်များတွင် သင်းပျံ့သည့်ရနံ့တစ်ခုဖြင့် နေရာယူလာသည်။ သီရိဂျေမောင်မောင်၏ ဘလက်ကော်ဖီကလည်း သီချင်းနှင့်အတူ ရင်ထဲရောက်ရောက်လာသည်။ ဘလက်ခ်လား၊ နက်စ်လား၊ ချစ်ကောင်းလား၊ သီရိလားဆိုသော စာပွဲထိုးလေး၏ မေးခွန်းများအတွက် သီရိဂျေမောင်မောင်ကို သံကုန်ဟစ်ခဲ့ဖူးသည်။ တက္ကသိုလ်တက်တော့ အလွမ်းကဖီးဆိုသော သီချင်းကို အဆောင်ရှေ့သွားကာ အကြိမ်ကြိမ်အခါခါဟစ်ခဲ့ဖူးသည်။ ချစ်သူကြိုက်သည့် နှပ်ကော်ဆိုသော နှပ်ထားသည့် ကော်ဖီခါးစိမ့်စိမ့်ကို သုံးနှစ်လုံးလုံးစွဲမြဲသောက်ခဲ့သူမှာ ကျွန်တော်ဖြစ်သည်။ စားပွဲထိုးလေးလာချပေးသည့် ချစ်သူအတွက်ကော်ဖီကို ဇွန်းကလေးနှင့် သုံးနှစ်လုံးလုံး မွှေပေးခဲ့သူမှာ ကျွန်တော်ဖြစ်သည်။ နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးနောက်မှာတော့ ချစ်သူက သူမမိဘများပိုင်ဆိုင်သည့် အေးမြသည့် တောင်ပေါ်မြို့လေးရှိ ကော်ဖီခြံသို့လိုက်သွားသည်။ ကျွန်တော်က နေကျဲကျဲတောက်ပူသည့် အညာမြို့လေးမှာ ကျန်နေရစ်ခဲ့သည်။

            ကော်ဖီတွေက မျက်နှာမများခဲ့သော်လည်း ကော်ဖီချစ်သူကျွန်တော်က မျက်နှာများခဲ့ပါသည်။ အကျိုးဆက်အဖြစ် ကျွန်တော့် မင်္ဂလာဆောင်တွင် နာမည်ကြီးတံဆိပ်ရိုက်နှိပ်ထားသည့် အတော်အတန်ကြီးသည့် ဂျပ်ဖာပုံးကြီးအပြည့်ထည့်ထားသော ကော်ဖီစေ့များရောက်လာ ခဲ့ခြင်းဖြစ်သည်။

            “ ဘာသဘောလဲ မသိဘူးနော် …”

            “ ကော်ဖီချစ်သူတွေမို့ပေါ့ ….”

            အသစ်စက်စက် အိမ်ရှင်မလေးအပေါ်တွင် ယောင်ဝါးဝါးစကားဖြင့် လှည့်ဖြားခဲ့ဖူးသည်။ သူမသည်လည်း ကော်ဖီချစ်သူတစ်ဦးဖြစ်နေခြင်း က ကျွန်တော့်အတွက် ကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။ သူမသည် ကော်ဖီဖျော်ရာတွင် သူမတူအောင် ကျွမ်းကျင်သူဖြစ်သည်။ ပမာဏ အတိအကျဖြင့်ထုတ်ထားသည့် ရယ်ဒီမိတ်ကော်ဖီသည်ပင် သူမဖျော်ပေးမှ အရသာပိုရှိလာသည်မှာ သူမ၏အရည်အချင်းတစ်ရပ်ဖြစ်သည်။ သို့မဟုတ် ကျွန်တော်၏ တွယ်ငြိမှုလည်း ဖြစ်နိုင်သည်။

            ကော်ဖီတွေကို တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း နေ့ရက်တွေကို တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာခဲ့လိုက်သည်။ ဝန်ဆောင်မှုပေးရ သည့် လုပ်ငန်းစုကြီးတစ်ခုမှာ ဝင်လုပ်ရင်း ခါးမကျိုးသော်လည်း ခါးချိုးထားလိုက်သည်။ မာန်မကျသော်လည်း မာန်ချထားလိုက်သည်။ နေ့ရက်တစ်ချို့က ရှတတ၊ နေ့ရက်တစ်ချို့က ကြမ်းရှရှဖြစ်သည်။ တစ်ချို့နေ့ရက်တွေက ယောက်ျားရင့်မကြီးတစ်ယောက် မျက်ရည်အတောင့်လိုက် ထွက်ကျလောက်အောင်ပင် ကြမ်းရှရိုင်းစိုင်းသည့် နေ့ရက်များဖြစ်သည်။

            ထိုဝေဒနာများကို အန်ထုတ်ဖို့အတွက် စာမျက်နှာထက်မှာ အက္ခရာစီသည်။ ချစ်ဇနီးက ကော်ဖီတစ်ခွက်နှင့် အနားမှာအားဖြည့်ပေးသည်။ ထို့ကြောင့် ကျွန်တော်ရေးပြီးသမျှစာများသည် ကော်ဖီရနံ့သင်းသည်။ သို့မဟုတ် ခပ်သက်သက် ရသာစွက်သည်။

            ခပ်သက်သက်အရသာကဲသည့် ကော်ဖီတစ်ခွက်အကြောင်း ပြောပြချင်ပါသေးသည်။ ထိုနေ့သည် အပြင်မှာပူ၍ အဲကွန်းဖွင့်ထားသည့် လော်ဘီအတွင်း သိပ်မအေးသောနေ့လည်းဖြစ်သည်။ အပြင်မှာပူသလို မပူသော်လည်း လော်ဘီတွင်းရှိ လူတစ်စုကြောင့် အနည်းငယ်ဆူသည်။ ဌါနဆိုင်ရာလူကြီးမင်းမျာ အစည်းအဝေးကျင်းပနေစဉ် ၄င်းတို့၏ငယ်သားများ လော်ဘီတွင်း စောင့်ဆိုင်းနေချိန်ဖြစ်သည်။ တစ်ချို့က အစားအသောက်မှာကာ စားသောက်နေကြသည်။ လူကြီးတစ်ယောက်၏ ကိုယ်ရေးအရာရှိဟု သိထားရသူတစ်ယောက်က ကော်ဖီတစ်ခွက်ကို အမည်တပ်ကာ မှာပေးခိုင်းသည်။ ဧည့်ကြိုဌါနရှိ ကျွန်တော်က စားသောက်ခန်းမသို့ ဖုန်းဆက်၍မှာပေးလိုက်သည်။ ခဏအကြာ စည်းဝေးပွဲပြီးသွား၍ ဆိုင်ရာလူကြီးအသီးသီးထံသို့ လော်ဘီတွင်းမှ ပုဂ္ဂိုလ်များ အပြေးအလွှားထွက်သွားကြသည်။ စားသောက်ခန်းမသို့ ကော်ဖီမဖျော်တော့ရန် လှမ်းတားသည်။ မမှီတော့။ ကောင်တာရှေ့သို့ ယွန်းဗန်းလေးဖြင့်ရောက်လာသည့် ကော်ဖီလေးက ရနံ့သစ်တစ်မျိုးဖြင့်ဆွဲဆောင်လာသည်။ ကော်ဖီချစ်သူ မဟုတ်လား။ ဆယ်နာရီလုပ်အားခနှင့် ညီမျှသည့် ကော်ဖီတစ်ခွက်ကို တစ်နာရီတိတိ အချိန်ဆွဲ၍ သောက်ပစ်လိုက်သည်။ သောက်နေကျကော်ဖီတွေထက် အရသာပိုပြင်းသည်ဟု ထင်လိုက်မိသည်။ မှတ်မိသေးသည်။ ကော်ဖီလေး၏ အမည်က အက်စ်ပရက်ဆို။

            “ မင်္ဂလာပါဆရာ …၊ ကျွန်တော်က …၊ ကျွန်တော့်စာမူလေးအခြေအနေ …”

            “ ခင်ဗျာ …၊ ဒီလထုတ်ထဲမှာ…၊ ဟုတ် …ဟုတ်ကဲ့ ကျေးဇူးပါဆရာ …”

            ကွာလတီမဂ္ဂဇင်းကြီးတစ်စောင်မှာပါလာသည့် ကော်ဖီရနံ့သင်းသည့် စာမူကြောင့် အပျော်တို့က ခုန်ပေါက်နေသည်။ အထိန်းအမှတ် တစ်ခုခုလုပ်ဦးမှ ဆိုသောအတွေးနှင့်အတူ ချစ်ဇနီးကို မြို့ထဲရှိ ဆိုင်တစ်ခုခုတွင် မုန်ကျွေးရန်စဉ်းစားမိသည်။ စာအုပ်နှင့်အတူ ပြသကြွားဝါလိုပါ သော်လည်း ရပ်ကွက်ထဲမှာက ဂမ္ဘီရများကြီးစိုးနေသည်။ ကွာလတီမဂ္ဂဇင်းထားသည့် စာအုပ်အငှါးဆိုင်များ မရှိကြတော့။ စာအုပ်လက်ဆောင်ရမှပဲ ကြွာတော့မည်ဟုတွေးကာ မုန့်သွားစားရအောင်ဟု ဇနီးသည်ကို ခေါ်လိုက်သည်။ မုန့်စားထွက်တိုင်း လက်ဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင်တစ်ခုခုမှာ ထိုင်ဖြစ်သည်က များသည်။ ဒီတစ်ခါတော့ ကျွန်တော်တို့မြို့ငယ်လေးရှိ တစ်ခုတည်းသော ကော်ဖီဆိုင်သို့ ခေါ်ခဲ့လိုက် သည်။

            မှန်တံခါးကို ဖွင့်၍ ဝင်လိုက်စဉ်ခဏ ခံစားလိုက်ရသည်က အေးစိမ့်မှု။ နောက် အပြင်ဘက်ဆီမှ အသံတို့က လျော့ကျသွားသည်။ ကောင်တာမှာခင်းထားသည့် မုန့်များ၊ စားသောက်နေကြသည့် ဧည့်သည်များကို တစ်ချက်ဝေ့ကြည့်ရင်း ချစ်ဇနီးလက်ဆွဲကာ အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။

            အပေါ်ထပ်ရှိ စားပွဲတစ်ချို့တွင် ဧည့်သည်အသီးသီးနှင့်ဖြစ်သည်။ ဆောင်းဘောက်မှ ခပ်တိုးတိုးထွက်လာသည့် သီချင်းသံမှအပ တီးတိုးမျှသာပြောဆိုနေကြသဖြင့် ဆူညံသံအနည်းဆုံးသောနေရာတစ်ခုဖြစ်မည် ထင်သည်။ လမ်းမဘက်ကို မြင်ရသည့် အစွန်းဆုံးသော စားပွဲကို ရွေး၍ထိုင်လိုက်သည်။

            “ အက်စ်ပရက်ဆို…”

            မီနူးကြည့်နေစဉ် သူမမှာလိုက်သည့် ကော်ဖီနာမည်ကြောင့် လျှာရင်းတစ်လျောက် ခါးဆိမ့်သွားသည်။ သူမနှင့်မတူအောင် ကျွန်တော်က ကပ်ပက်ချီနိုကို မှာလိုက်သည်။ သူမက မီးနူးထဲရှိ မုန့်များကို မကြိုက်၍ အောက်ထပ်ရှိ မုန့်များကို သွားရွေးစဉ် ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကော်ဖီချစ်သူအသီးသီးက ပြုံးရွှင်ရယ်မောကာ တီးတိုးစကားဆိုနေကြစဉ် အသည်းကွဲသီချင်းများနှင့် နာမည်ကြီးလာသည့် အဆိုတော်အမျိုးသမီး၏ အသံက ခပ်တိုးတိုးဖွင့်ထားသည့်တိုင် ဆောင်းဘောက်တစ်ချို့မှ အနည်းငယ်စူးရှစွာ ထွက်နေသည်။ Westlife အဖွဲ့၏ အချစ်သီချင်းတစ်ပုဒ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဟု မဆီမဆိုင် တွေးလိုက်မိသေးသည်။

            မုန့်နှင့်ကော်ဖီများရောက်လာ၍ စားသောက်နေသည့် ချစ်ဇနီးကို ပြုံးပြလိုက်သည်။ အသည်းပုံဖော်ထားသည့် ကပ်ပက်ချီနိုကော်ဖီခွက်ကို မ-လိုက်စဉ် အဖြူတစ်ခြမ်း၊ အညိုတစ်ခြမ်းဖြစ်နေသည့် အသည်းပုံလေးကို သတိထားလိုက်မိသည်။ ဘာ့ကြောင့် အသည်းပုံကို တစ်ရောင်ထဲခြယ်မထားတာပါလိမ့်။ အတွေးနှင့်အတူ ကော်ဖီကို သောက်လိုက်စဉ်ခဏ …။

            ဖြတ်ခနဲ သတိရသွားသည်က ကော်ဖီချစ်သူတစ်ယောက်အကြောင်း။ နှုတ်ဖျားမှ လွှတ်ခနဲ ထွက်သွားသည်က ……

            “ အားပါး …. ကောင်းမှ ကောင်း …”

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း