ဘဝသင်ခန်းစာ(၁ဝ)


ဘဝသင်ခန်းစာ(၁ဝ)

                             အသံလွှင့်ဌာန တစ်ခုက စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား - “အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ”
ဟု မေးခဲ့သည်။   လူငယ်မှာခဏမျှစဉ်းစားပြီးအဖြေကိုတိုက်ရိုက်မဖြေဘဲ အောက်ပါပုံပြင်ကို ပြောပြသွားခဲ့သည်။
“လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်တော့ မကြာခင်မှာပဲ သူဟာ ပြင်သစ်ကားဂိတ်၊ ရာထားဘူတာတွေမှာ လက်မှတ်စစ်တွေ၊ လက်မှတ်ပြရတဲ့ နေရာတွေမရှိကြောင်း သတိပြုမိတယ်။
ကားပေါ်၊ ရထားပေါ်မှာလည်း လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိပြုမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လည်း ဖမ်းမိမယ့်ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်မရှိဘူးလို့ သူတွက်မိပြန်သည်။ အဲဒီလိုနဲ့ သူဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး ကားစီးတိုင်း သူဟာ လက်မှတ်မဝယ်ဘဲ စီးခဲ့တယ်။ သူ့ကိုယ်သူလည်းငါဟာအလုပ်လုပ်ပြီးကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက်၊ ချွေတာနိုင်သမျှ
ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။
အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့သည်။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့
ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားအဖြစ် သူဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ သူအလုပ်လျှောက်ခဲ့တယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျှောက်လိုက်တိုင်း အလုပ်တိုင်း သူအပယ်ခံခဲ့ရတယ်။ အလုပ်စလျှောက်တော့ ကုမ္ပဏီတွေက သူ့ကို ဝမ်းသာအားရ ကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်သလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီတစ်ခုကို သူအီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို မေးခဲ့တယ်။
ပြန်စာကတော့ အောက်ပါအတိုင်း ရေးထားတယ်။
“ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ်ကျင့်တရားနှင့် ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ် ဆောင်ထားခံရကြောင်းကို ကျွန်တော်တို့ ဝမ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက -
(၁) ခင်ဗျားဟာ စည်းကမ်းကို မလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက်နှစ်ချက်ကြောင့် ခင်ဗျားကို ကျွန်တော်တို့ကုမ္ပဏီမှာ မသုံးခြင်းဖြစ်ပါတယ်။ အဲဒီစာကိုဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချား ခဲ့မိတယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလိုရေးထားတယ်။
“အသိဥာဏ်၏ ချို့ယွင်းမှုကို ကိုယ်ကျင့်တရားက အမြဲလိုက်ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချို့ယွင်းမှုကို အသိဥာဏ်က ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး” အဲဒီအီးမေးလ်ရပြီး နောက်တစ်ရက်မှာပဲ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ။ လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က -
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပဲ။ ကျွန်တော် ဒီနေ့လို အောင်မြင်လာရခြင်းဟာ မနေ့က အမှားကို ဒီကနေ့အတွက် သင်ခန်းစာအဖြစ် ခံယူထားလို့ပါပဲ” ။

Credit :
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ်
စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
(PS: ကိုယ့်အမှားကို သင်ခန်းစာအဖြစ် ပြဌာန်းနိုင်ဖို့လိုတယ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း