လောကကိုပြောင်းလဲစေသည့် နီတိများ(၆)



လောကကိုပြောင်းလဲစေသည့် နီတိများ(၆)

အတတ်ပညာနှင့်တူသော မိတ်ဆွေ မရှိ၊
အနာရောဂါနှင့်တူသော ရန်သူ မရှိ၊
ကိုယ်နှင့်တူသော ချစ်အပ်သူ မရှိ၊
ကံနှင့်တူသော ခွန်အား မရှိ။      
          မိတ်ဆွေကောင်းရှိထားသူသည် လောကီအရေးတွင်သာမက လောကုတ္တရာအရေးထိတိုင် အကျိုးများစေကြောင်း ဗုဒ္ဓဘုရားရှင်က ညီတော်အာနန္ဒာအား နှုတ်မြွက်ကြားခဲ့ဖူးသည်။ ထို့ကြောင့် လူတိုင်းနီးပါး မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းရရန် ဆန္ဒရှိကြသူများချည်းဖြစ်သည်။

လူသည် မွေးဖွားသည်မှစ၍ သေဆုံးသည့်တိုင် ပတ်ဝန်းကျင်ကောင်းလိုသည်။ အသိုင်းအဝိုင်း မိတ်ဆွေလိုသည်။ တစ်ဦးတစ်ယောက်ထဲ ရပ်တည်မနေနိုင်သည့်အတွက် ခင်ရာ၊ မင်ရာ အုပ်စုတူရာလေး များဖြင့် အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ကို ဖန်တီးကြသည်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့်အတိုင်း သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုသော လူစားမျိုးမှသည် ကောင်းသည်ဆိုးသည်မဟူ သူငယ်ချင်း အပေါင်း အသင်းပေါ်တွင် အနွံအတာခံ၊ သည်းခံဆက်ဆံတတ်သည့် လူစားမျိုးလည်း သင့်မိတ်ဆွေထဲတွင် ရှိနေနိုင်ပါ သည်။
          အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်သည် အကြီးမားဆုံးရန်သူ ဖြစ်လာနိုင်သည်ဆိုသည့် အီသီယိုပီးယား စကားပုံတစ်ခုကို ဖတ်မှတ်ခဲ့ရဖူးသည်။ မိမိနှင့် လည်ပင်းဖက်ကာ ဆိုးတူကောင်းဘက် အဖြစ် ပေါင်းသင်းလာသည့် သူငယ်ချင်းမိတ်ဆွေသည်ပင် သဘောထားတစ်ချို့ မတိုက်ဆိုင်သည်နှင့် မိမိ၏အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်ကာ ရိုက်ချတတ်သည်ကို အံသြဖွယ်ရာ မကြာခဏ ကြုံဖူးကြမည် ထင်သည်။ လူသည် လူသာဖြစ်သည်။ ဒါသည် လူ့သဘာဝ ဖြစ်သည်။ အပြောင်းအလဲနှင့်အတူ ပြောင်းလည်းနေကြသူများဖြစ်သည်။ သို့မဟုတ် အပြောင်းအလဲများသည့် လောကကြီးထဲတွင် မပြောင်းလဲသည်က  မသေချာ မရေရာခြင်းဆိုသည့် လောကကြီး၏ နိယာမတရားကို သက်သေထူနေကြ သူများဖြစ်သည်။ နိမ့်ကျသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ သူငယ်ချင်းမိတ်ဆွေအပေါ်တွင် ခင်မင် တန်ဖိုးထားမှု မပြောင်းလဲသည့် သစ္စာရှိ မိတ်ဆွေတစ်ချို့လည်း ရှိနေနိုင်သည်။ သို့သော် လူနည်းစုသာ ဖြစ်မည်ထင်သည်။ ကျွန်တော်တို့က ပြောင်းလဲသွားနိုင်သည့်၊ ပြောင်းလဲတတ်ကြသည့် လူသားများကို မိတ်ဆွေဖွဲ့နေစဉ် မပြောင်းလဲတတ်သည့် သစ္စာရှိမိတ်ဆွေကိုမူ မေ့လျော့နေတတ်ကြသည်။ ပညာ ဖြစ်သည်။ အတတ်ပညာ ဖြစ်သည်။
          ပညာရပ်တစ်ခုကို ဆုံးခန်းတိုင် တတ်မြောက်ပြီးသည်နှင့် ထိုအရာသည် ဘဝတစ်လျှောက် အကောင်းဆုံးမိတ်ဆွေတစ်ယောက်အဖြစ် လိုက်ပါနေလိမ့်မည်။ အသုံးမပြုသည်မှာကြာ၍ မေ့လျော့နေ သည့်တိုင် ပြန်လည်အသုံးချလိုက်သည်နှင့် သင်ကြားတတ်မြောက်ပြီးသမျှကို ပြန်လည် အမှတ်ရမိမည် ဖြစ်သည်။ ထိုပညာရပ် တိုးတက်ကောင်းမွန်စေရန်အတွက်မူ မပြတ်ဆည်းပူးလေ့လာနေဖို့သာလိုသည်။ လူငယ်လူရွယ်တို့သည် ဝါသနာပါရာ ပညာရပ်တစ်ခုခုကို သင်ကြားနိုင်သည့်အရွယ်မှစ၍ မိတ်ဆွေဖွဲ့သလို လေ့လာသင်ကြားသင့်သည်။ ထိုအတတ်ပညာမိတ်ဆွေကို အခြေခံ၍ဖွဲ့လာမည့် သူငယ်ချင်းမိတ်ဆွေများ သည် ပြောင်းလဲတတ်ကြသည့်တိုင် ရာနှုန်းပြည့်နီးပါး အခင်အမင်မပျက်သည့် မိတ်ဆွေများအဖြစ် ရှိနေကြလိမ့်မည်။ (၃)နှစ်သားအရွယ်မှစကာ ယနေ့ထိတိုင် ဂေါ့(ဖ်)ကစားနေသည့် တိုက်ဂါးဝုဒ်ဆိုသည့် လူရွယ်တစ်ဦးတွင် နိုင်ငံအသီးသီး၊ လူမျိုးအသီးသီး၊ အလွှာအသီးသီးမှ အရွယ်စုံမိတ်ဆွေများ ရှိနေသည်။ တစ်ချို့မှာ၎င်းနှင့် စကားမပြောဖူးကြသော်လည်း တီဗီထက်မှာ၊ သတင်းစာ၊ ဂျာနယ်ထဲမှ သူ၏သတင်း၊ သူ၏ပုံရိပ်များကို မြင်ကာ အားကျနှစ်သက်စိတ်ဖြင့် ခင်မင်သွားကြခြင်း ဖြစ်သည်။ အတော်များများမှာ ဂေါ့(ဖ်)သီး ဝါသနာရှင်များဖြစ်မည် ထင်သည်။ ဒါသည် အတတ်ပညာမိတ်ဆွေကိုအခြေခံ၍ တိုးပွားလာ သည့် သူငယ်ချင်းမိတ်ဆွေများဖြစ်သည်။
          လေလှိုင်းထဲမှနေ၍ သူငယ်ချင်း မိတ်ဆွေများနှင့် စကားစမြည်ပြောရသည်မှာ ပျော်ရွှင်ကျေနပ်ဖို့ ကောင်းပါသည်။ လေလှိုင်းထဲမှာ ဖွဲ့ထားသည့် ရာချီ၊ ထောင်ချီရှိနေသည့် သူငယ်ချင်းမိတ်ဆွေများထဲမှ ရင်ဘတ်မိတ်ဆွေစစ်စစ် သင့်မှာ ဘယ်နှစ်ယောက်ရှိနေပါသလဲ။ အတိအကျဖြေဖို့ ခဲယဉ်းသည့် မေးခွန်း တစ်ခုဖြစ်မည်ထင်သည်။ လေလှိုင်းထဲမှာရှိနေသည့် အသုံးချ၍ရနိုင်သည့် သင်နှစ်သက်ရာ အတတ်ပညာ တစ်မျိုးမျိုးကို မိတ်ဆွေဖွဲ့ကြည့်မည်ဆိုပါလျှင် မိတ်ဆွေစစ်စစ်ကို သင်အတိအကျ ပြောနိုင်မည်ဖြစ်သည်။ ထိုမိတ်ဆွေနှင့် ဆက်စပ်၍ သင့်မှာ သူငယ်ချင်းမိတ်ဆွေကောင်းများလည်း ရလာနိုင်ပါသည်။ ထိုအတတ်ပညာမိတ်ဆွေကြောင့်ပင်လျှင် သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၏ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်လိမ့်မည်။ ကိုယ်တတ်စွမ်းသည့် အတတ်ပညာနှင့် လူများအကျိုးအတွက် ဆောင်ရွက် နေပြီဆိုပါလျှင် သင့်နာမည်ကို ကမ္ဘာတစ်ဝှမ်းမှလူအများ သိချင်မှသိမည်ဖြစ်သော်လည်း သင့်ပတ်ဝန်းကျင် တွင် အတတ်ပညာမိတ်ဆွေရှိသူအဖြစ် ဂုဏ်သတင်းသင်းပျံ့နေပေလိမ့်မည်။ သတင်းစာ၊ ဂျာနယ်ထက်မှာ သင့်နာမည်မပါသော်လည်း နိုင်ငံအကျိုးထမ်းဆောင်နေသူအဖြစ် သင်ကိုယ်သင် ဂုဏ်ယူနိုင်မည်ဖြစ်သည်။
          မည်သူတစ်ဦးတစ်ယောက်မျှ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လောကကြီးက သင်၏ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြုကာ သင်၏မိတ်ဆွေဖွဲ့မှုကို လက်ခံလိုက်ပြီဖြစ်သည်။ လောကကြီးတစ်ခုလုံး မိတ်ဆွေဖြစ်နေသည့် သင့်အတွက် သင်ကိုယ်တိုင် နောက်ထပ်မိတ်ဆွေဖွဲ့ရန် မလိုအပ်တော့သည်မှာလည်း သေချာသည်။
လောကနီတိတွင် အတတ်ပညာနှင့် တူသောမိတ်ဆွေမရှိဟု ဆိုထားသည်။ ကမ္ဘာလောကကြီး အတွက် လိုအပ်နေသည်မှာလည်း အတတ်ပညာမိတ်ဆွေကို အသုံးချကာ အများအကျိုးအတွက် ဆောင်ရွက်ပေးမည့်သူများကိုသာဖြစ်သည်။ အများအတွက် သင်ဘာများလုပ်ဆောင် ပေးခဲ့သလဲဆိုသော အချက်သည် သင်၏သမိုင်းဖြစ်သည်။ လူအများစုက ပြောသည်။ ကိုယ့်သမိုင်း ကိုယ်ရေးဆိုသော စကားဖြစ်သည်။ ကိုယ့်သမိုင်း ကိုယ်ရေးသည်ထက် တခြားသူရေးခြင်းက ပို၍ သင့်လျော်မည်ဟုထင်သည်။ ဗိုလ်ချုပ်ကသူ၏သမိုင်းကို ကိုယ်တိုင်ရေးခဲ့ခြင်း မဟုတ်ပါ။ ဗိုလ်ချုပ်လုပ်ဆောင်သွားခဲ့သမျှကို အခြားလူများ က သမိုင်းအဖြစ် မှတ်တမ်းတင်ပေးခဲ့ခြင်းဖြစ်သည်။ ချွင်းချက်အဖြစ် ကိုယ့်သမိုင်းကို သူများရေးပေးချင်
လောက်အောင် အများအကျိုးအတွက် အနစ်နာခံကာ ဆောင်ရွက်ပေးနိုင်သူဖြစ်ဖို့တော့လိုသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုပါလျှင် တိုးတက်ချင်ပါသည် အော်ဟစ်နေရုံမျှဖြင့် တိုးတက်လာမည် မဟုတ် သည်ကို လူတိုင်းအသိဖြစ်သည်။ သို့သော် လူများစုက တောင်းဆိုသည့် အဆင့်မှာပင် ကျေနပ်နေကြသူများ ဖြစ်သည်။ တစ်ချို့သာ လုပ်ဆောင်သည့်အဆင့်တွင် ရောက်နေသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုသည့် အသိနှင့်အတူ နိုင်ငံသားတိုင်းကြိုးစားကြမည် ဆိုပါလျှင် နောက်ကျန်နေခဲ့သည် အမိတိုင်းပြည် သည် အိမ်နီးချင်းနိုင်ငံများနှင့်အတူ မဝေးတော့သည့် ကာလတစ်ခုတွင် ရင်ဘောင်တန်းနိုင် လိမ့်မည် ဖြစ်သည်။
အမိတိုင်းပြည်ကို ခေတ်မှီတိုးတက်သည့် လမ်းကြောင်းပေါ်သို့ရွှေ့လိုသည့် လူငယ်လူရွယ်များ အတွက် အင်အားလိုသည်။ ပိတ်ထားသည့် တံခါးတိုင်းကို ဖွင့်နိုင်မည့်ထိုအားသည် အသိပညာတွင် ရှိသည်။ အတတ်ပညာတွင်ရှိသည်။ ပျော်ပျော်နေခြင်းကမူ အပြစ်ဆိုစရာမဟုတ်သော်လည်း ငါနှင့်မဆိုင်ဟုဆိုကာ ပေါ့ပေါ့နေခြင်းကမူ စကားတင်းဆိုစရာဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များသည် မိမိ၏အချိန်ကို ကိုယ်တိုင်စီစစ်ကာ အတတ်ပညာတစ်ခုခုကို ကြိုးစားသင်ယူရင်း တိုင်းပြည်အတွက် ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုသည့် လူနည်းစုထဲ ရောက်လာခဲ့မည် ဆိုပါလျှင်…။
٭٭٭                                           ٭٭٭                                            ٭٭٭

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း