ငယ်ပေါင်းကြီးဖော်
ငယ်ပေါင်းကြီးဖော်
မြန်မာစာ ငယ်ပေါင်းကြီးဖော် ဟူသော စကားအသုံးအနှုန်း၏
အဓိပ္ပာယ်မှာ အသက်အရွယ် ငယ်စဉ်က စတင်၍ အသက်အရွယ် ကြီးသည့်တိုင်အောင်
ဆက်ဆံပေါင်းသင်း လာသူဟူ၍ ဖြစ်သည်။ မြန်မာလူမျိုးများ အတွက် မြန်မာစာသည်
ငယ်ပေါင်းကြီးဖော် ဖြစ်သည်။ ငယ်ပေါင်းကြီးဖော် မြန်မာစာဟူသော အဆိုအမိန့်သည်
ကျွန်တော်၏ စာပေသင်ဆရာနှင့် စာပေကျေးဇူးရှင်ဆရာ ဒေါက်တာဦးခင်အေး
(မောင်ခင်မင်-ဓနုဖြူ) ၏ နည်းယူမှတ်သား လေးစားဖွယ် အဆိုအမိန့်
တစ်ရပ်ဖြစ်သည်။
ဆရာ ဦးခင်အေး(မောင်ခင်မင်-ဓနုဖြူ) က ငယ်ပေါင်းကြီးဖော်
မြန်မာစာ၏ အနှစ်သာရကို ဤသို့ မိန့်ဆိုခဲ့သည်။ ကျောင်းသား တစ်ယောက်သည်
မြန်မာစာကို သူငယ်တန်းက စသင်ရသည်။ အတန်းတိုင်းတွင် မြန်မာစာသင်ရသည်။
တက္ကသိုလ်ဝင်တန်း အောင်တော့လည်း မြန်မာစာကို တက္ကသိုလ်မှာ ဆက်သင်ရသေးသည်။
ထို့ကြောင့် မြန်မာစာဆိုသော ဘာသာရပ်သည် ကျောင်းသားမှန်သမျှ၏
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကြီးသဖွယ် ဖြစ်နေသည်။ ဆက်လက်၍ ဆရာဦးခင်အေး
(ဆရာအေး)က မြန်မာ ကျောင်းသားများ၏ မိမိတို့၏ မိခင် မြန်မာစာ ဘာသာရပ်နှင့်
ပတ်သက်သည့် သဘောထားနှင့် ဆန္ဒကို ထိတွေ့ရင်းနှီးသောကြောင့် ပေလားတော့ မသိပါ။
ကျောင်းသား အတော်များများက မြန်မာစာကို ခပ်ပေါ့ပေါ့ သဘောထားကြသည်။
ဘယ်လိုဖြေဖြေ အောင်မှတ်ရသည်။ ငယ်နိုင်လို သဘောထားကြသည်။ စာမေးပွဲနီးခါမှ
ဖုတ်ပူမီးတိုက် ကပ်ကျက်ပြီး ဖြေနိုင်လျှင်လည်း သာသာကလေး အောင်နိုင်သည့်
ဘာသာရပ်အဖြစ် မှတ်ယူကြသည်။ တကယ်တမ်းကျတော့ သူတို့ထင်သလောက် မလွယ်ကူပါ။
မြန်မာစာနှင့်လည်း စာမေးပွဲ ကျနိုင်သည်ပင် ဖြစ်သည်။ ပိုဆိုးသည်က
ထိုခပ်ပေါ့ပေါ့ သဘောထား သူများသည် တက္ကသိုလ်ဝင်တန်း အောင်ပြီးသည်အထိ
မြန်မာစာကို အမှားမှား အယွင်းယွင်း ရေးနေကြခြင်းပင် ဖြစ်သည်။
ဘွဲ့ရပြီးသူများ ထဲမှာပင် မြန်မာစာကို ဖြောင့်အောင် မရေးတတ်သူများ
ရှိနေပါသေးသည်။ ထိုသို့ မဖြစ်သင့်သည်ကား အမှန်ပင် ဖြစ်ပါသည်။
မြန်မာဖြစ်ပါလျက် မြန်မာစာကို ပေါ့ပေါ့တန်တန် သဘောထားခြင်းသည် လိုလားအပ်သော
ကိစ္စမဟုတ်ပါ။ မြန်မာဖြစ်ပါလျက် မြန်မာစာကို ဖြောင့်တန်းအောင်
မရေးတတ်ခြင်းသည် ကြီးမားသော ချွတ်ယွင်းချက် ဖြစ်ပါသည်။ ကျောင်းသားဘဝ
ငယ်စဉ်ကတည်းကပင် မြန်မာစာကို အလေးထားသည့် စိတ်ဓာတ် ကိန်းအောင်းနေအောင်
ထိန်းကွပ်ပျိုးထောင် ပေးရပါလိမ့်မည်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေကို
လေးစားမြတ်နိုး တန်ဖိုးထားစိတ်များ ရင်ထဲမှာ စွဲမြဲနေအောင် လမ်းညွှန်ပေးရ
ပါလိမ့်မည်'' ဟူ၍ မြန်မာစာပေဆိုင်ရာ အမျိုးသားရေး ခံယူချက်နှင့်
လမ်းညွှန်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်တင်ပြထားသည်။
ငယ်ပေါင်းကြီးဖော်ဖြစ်သော မြန်မာစာကို လေ့လာသင်ကြားသော
မြန်မာကျောင်းသားများသည် မြန်မာစာနှင့် ပတ်သက်သည့် အနိမ့်ဆုံး လိုအပ်ချက်
တစ်ရပ်မှာ မြန်မာစာလုံးပေါင်းသတ်ပုံ မှန်အောင် မရေးနိုင်ခြင်းပင် ဖြစ်သည်။
စာလုံးပေါင်း သတ်ပုံသည် မြန်မာစာ အရေးအသားနှင့် ပတ်သက်၍ ထူးခြားသော
စည်းကမ်းချက် တစ်ရပ်ပင် ဖြစ်သည်။ မြန်မာစာ ရေးသားရာတွင် စာလုံးပေါင်းသတ်ပုံ
မှန်အောင်မရေးနိုင်လျှင် အနက်အဓိပ္ပာယ်နှင့် ဆိုလိုရင်း အဓိပ္ပာယ်
တလွဲတချော် ဖြစ်သွားစေနိုင်သည်။ ကုန်းဘောင်ခေတ်ဦးပိုင်း စာဆိုကျော်
စိန္တကျော်သူဦးသြ ပြုစုရေးသားခဲ့သော က၀ိလက္ခဏာ ဒီပနီကျမ်းတွင်
စာလုံးပေါင်းသတ်ပုံ မှားခြင်း၏ ဆိုးကျိုးများကို ''သာလွန်မင်း တရားကြီး
လက်ထက်တွင် မြို့ဝန်ကို နသတ် (-န်) ၍ မရေး။ သေးသေးတင် (-ံ) ဖြင့် ရေးမိ၍
မြို့ဝန်မဟုတ်ပြီ။ တောမှာဝံဖြစ်သည် ဟု စာကို ပစ်လွှတ်ဖူးချေသည်။ စာရေးလည်း
ရာဇ၀တ်ခံရဖူးသည်'' ဟူ၍လည်းကောင်း၊ ဘုန်းတော်ကြီး တစ်ပါးသည် စာထုတ်ဝေသည်ကို
ပ-သတ်၍ စာထုပ်-ဟု ရေးသားချေသောကြောင့် စာရှင်ပညာရှိက ''ငါ့စာကို
သေချာထုပ်၍ပင် ထားပါသည်ဆို၍ စာကို မထုတ်ပေးဘဲ နေဖူးလေသည်'' ဟူ၍ လည်းကောင်း
ဖော်ထုတ် သတိပြုစေခဲ့သည်။ မြန်မာစာ ရေးသားရာတွင် အများအားဖြင့်
စာလုံးပေါင်းသတ်ပုံ မှားလေ့ရှိသော အကြောင်းရင်း သုံးရပ်မှာ ယပင့်နှင့်
ရရစ်၊ တသတ်နှင့် ပသတ်၊ နသတ်နှင့် မသတ်၊ သေးသေးတင်တို့ ဖြစ်သည်။
မှားယွင်းရသည့် အကြောင်းအရင်းမှာ အသံတစ်သံတည်းကို စာလုံးပေါင်း
နှစ်မျိုးဖြင့် ရေးနိုင်သည့်အတွက် မည်သည့် စာလုံးပေါင်းနှင့် ရေးရမည်ကို
သဲသဲကွဲကွဲ မသိရှိ ခြင်းကြောင့်ပင် ဖြစ်သည်။ မိုးညှင်းသတင်း
Comments
Post a Comment