သားကြီးအတွက် လက်ဆောင်

         ဒါဟာ သားကြီးအတွက် ကျွန်တော် ပထမဆုံးပေးဖြစ်သည့် လက်ဆောင်ဖြစ်သည်။ စာအုပ်လေးကို   ရွေးချယ်ပေးသူကတော့ သားတို့ မေမေဖြစ်သည်။ ချင်းတွင်းအိမ်စာပေတွင် ကျွန်တော့်စိတ်ကြိုက် စာအုပ် များကို ရွေးနေစဉ် သားမေမေက သားအတွက် ရွေးထားသည့် စာအုပ်မှာ ဘိုဘို ဖြစ်သည်။ ထို့နောက်မှ အင်္ဂလိပ်စာ ကျွမ်းကျင်စေချင်သည့် စေတနာဖြင့် ဤစာအုပ်လေးကို ရွေးလိုက်ခြင်းဖြစ်သည်။

          သားကြီးက ပန်းချီဆွဲ ဝါသနာပါသည်။ သူဆွဲထားသည့် ပန်းချီလေးကို ဆိုင်းထိုးစေသည့် အခါ   ကောင်းကလေးဟု ထိုးသည်။ ကျွန်တော့် ကလောင်နာမည်ကို ကြားဖူးထား၍ ကောင်းကလေးဟု ထိုးခြင်း လည်း ဖြစ်နိုင်ပါသည်။ အသန့်အပြန့်ကြိုက်ကာ ဇီဇာကြောင်သည့် သားကြီးသည် ယခုတလော ကာတွန်း ကားတွေ အကြည့်များလာသည်။ ဟိုစဉ်တုန်းက (Tom & Jerry) ဇာတ်လမ်းတွဲကို ကြည့်တတ်သော်လည်း ယခုအချိန်ကြည့်သည့် ကာတွန်းများမှာ ပါဝါရိန်းဂျား၊ ဂြိုလ်သားကားများ ဖြစ်နေသည်။ သားပါးစပ်မှ ထွက်လာ တတ်သည့် စကားလုံးများမှာ စက်ရုပ်၊ ရောင်ခြည်၊ ပါဝါ စသည့် စကားများ ဖြစ်နေတတ်သည်။ စိတ်ကူးယဉ် လွန်ကာ သားရူးသွားမှာကို စိုးရိမ်မိသည်။ သားကို တီဗီ သိပ်မကြည့်စေတော့ဘဲ တခြားဘက်သို့ အာရုံ   ပြောင်းရန် ကြိုးစားကြည့်သည်။
               ကစားစရာ အမျိုးမျိုးကို တတ်နိုင်သည့် ငွေကြေးပမာဏထဲမှ ဝယ်ပေးသည်။ ဝယ်ကာစတွင် ရိုရိုသေသေ ကစားတတ်သော်လည်း ကြာသွားသည်နှင့် ပျက်စီးလုခမန်း ကစားပစ်သည်။ သူ့ကစားစရာကို သားငယ် ကောင်းသုတကစားမှာကိုလည်း သူက တွန့်တိုတတ်သေးသည်။ ကစားစရာတစ်ခုခုဝယ်လျှင် မတူသော ပစ္စည်းနှစ်ခုကို ဝယ်ကာ သူ့စိတ်ကြိုက်ရွေးစေရသည်။ သားဦးဖြစ်၍လည်း အတ္တနည်းနည်းကြီး သည်ဟု မဆိုရက်ဆိုရက် ဆိုချင်ပါသည်။ ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် အတူဆော့နိုင်မည့် ကစားစရာ များကို    ရွေးဝယ်ဖြစ်သည်။ စက်ဘီးဝယ်ပေးတော့ အဆင်ပြေသည်။ သူကနင်း၍ သားငယ်က နောက်မှ ထိုင်လိုက်ရသောကြောင့် ဖြစ်သည်။ပါဝါရိန်းဂျား ဘော်လုံးဝယ်ပေးသော်လည်း မကြာမီပင် သံနှင့်တွေ့၍ ပေါက်သွားသည်က များသည်။ ထို့ကြောင့် လူကြီးကစားသည့် ခပ်ကြီးကြီးဘော်လုံးတစ်လုံး ကို ဝယ်ပေးလိုက်သည်။ ထိုဘော်လုံးကို သားကြီးသိပ်မကစားလိုက်ရ။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှကျကာ လက်ကျိုး သွားသောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သားကြီးနှင့် အသင်တော်ဆုံးသော ကစားစရာမှာ စာအုပ်ဖြစ် သည်။ ကျောင်းတွေလည်း ပိတ်ထားချိန်ဖြစ်၍ သားကို စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးနိုင်လျှင် ဒီနွေကျောင်းပိတ်ရက်သည် သားအတွက် အကျိုးရှိသည့် အားလပ်ရက်ဖြစ်သွားမည်ဖြစ်သည်။
             ထို့ကြောင့် သားအမေ ရွေးပေးသည့်စာအုပ်လေးကို စိတ်ပါလက်ပါ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ စိတ်ပါ လက်ပါဟု ဆိုရခြင်းမှာ သားနှင့် ပို၍ ရင်းနှီးချင်သောကြောင့်ဖြစ်သည်။ သားနှင့်အတူ စာအုပ်လေးကို ဖတ်မည်။ စာအုပ်ထဲမှာပါသည့် အကြောင်းအရာများကို သားကိုယ်တိုင်ဖတ်နိုင်အောင် သင်ပေးမည်။ ကလေးတစ်ယောက်အတွက် ရိုးစင်းရှင်းလင်းသည့် အင်္ဂလိပ်စကားပြောများကိုလည်း ဒီစာအုပ်ထဲမှပင် ရနိုင် သည် မဟုတ်လား။ သားမေမေရွေးချယ်ပေးထားသည့် စာအုပ်လေး၏ ပထမဆုံးစာမျက်နှာတွင် သားကြီးအတွက် ဖေဖေ့ရဲ့ လက်ဆောင်ဆိုသောစာတမ်းကို လိပ်ပြာသန့်သန့်နှင့် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ တန်ဖိုးများစွာမတန်သည့် ဒီစာအုပ်လေးသည် သားကြီးအတွက် အဖိုးမဖြတ်နိုင်သည့် စာအုပ်လေး ဖြစ်သည်။ ပြင်ပစာအုပ်နှင့်ပတ်သက်၍ လက်ဆောင်အဖြစ်ရသည့် သားကြီး၏ ပထမဆုံး စာအုပ်ဖြစ်၍လည်း အဖိုးမတန်သော်လည်း တန်ဖိုးကြီးနေပါသည်။
           သားကြီးနှင့်အတူ ဒီစာအုပ်လေးထဲတွင် အချိန်ကာလတစ်ခုကြာအောင် ကျွန်တော် စီးမျောရပါဦး မည်...။

                                                                                     ချစ်ခြင်းများဖြင့်
                                                                                                         သင့်ရဲ့
                                                                                                                  ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း