လောကကိုပြောင်းလဲစေသည့် နီတိများ(၃)




လောကကိုပြောင်းလဲစေသည့် နီတိများ(၃)

နာကြားခြင်း၊ မှတ်သားခြင်းကြောင့် သုတနှင့် ပြည့်စုံ၏၊
သုတပညာဖြင့် ကြီးပွားတိုးတက်နိုင်၏၊
သုတပညာဖြင့် အနက်အဓိပ္ပါယ်ကို သိနိုင်၏၊
သိထားသော အနက်အဓိပ္ပါယ်သည် ချမ်းသာကိုဆောင်တတ်၏။           ။
            ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တဝါအားလုံးတို့၏ အကျိုးအတွက် မင်္ဂလသုတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်ခြင်းကြောင့် မင်္ဂလာဟု ခေါ်သည်။ လောကီ၊ လောကုတ် အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်ဟု ဘုရားရှင်က မင်္ဂလာတရားတော်တွင် အတိအကျ ဟောတော်မူထားသည်။

            မင်္ဂလာတရားသည် ကြီးပွားခြင်း၏ အကြောင်းဖြစ်သည်။ အကြားအမြင်များခြင်း၊ ကြားမြင် သုတရှိခြင်းသည် ကြီးပွားချမ်းသာခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ကြားမြင်သုတရှိခြင်းကြောင့် ကမ္ဘာကျော်သွားသည့်၊ ရာဇဝင်တွင် စာတင်ခဲ့ရသည့် ပုဂ္ဂိုလ်ပေါင်းမြောက်များစွာ နိုင်ငံအသီးသီးမှာ ရှိသည်။
            ကျောင်းသားဘဝ ပျော်ပွဲစားထွက်ရာတွင် အမှတ်တမဲ့ မနေတတ်သည့် လူငယ်လေးတစ်ဦးက တောတောင်၊ ရေမြေ၊ ရာသီဥတုတို့ကို လေ့လာမှတ်သားသည်။ ထိုသို့လေ့လာမှတ်သားမိခဲ့သည့် အကြိုးဆက်ကြောင့် လူငယ်လေးအရွယ်ရောက်လာသောအခါ သာမန်စစ်သားလေး အဖြစ်မှ တိုက်တိုင်းအောင်သည့် စစ်ဘုရင်ဧကရာဇ်သို့တိုင် ရောက်ခဲ့ရသည်။ ထိုသူသည်ကား ပြင်သစ်ဧကရာဇ် နပိုလီယံပင်ဖြစ်သည်။
            ရှိတ်စပီးယားဟာ သူရှိတ်စပီးယား ဖြစ်လာမယ်လို့မသိဘဲ အလုပ်လုပ်ခဲ့တာပါ ဟူသော ဆိုရိုးတစ်ခုကို ဖတ်မှတ်ခဲ့ရဘူးပါသည်။ သူသည်လည်း ပြင်သစ်ဧကရာဇ်ကြီးဖြစ်လာလိမ့်မည်ဟူ၍ မရည်ရွယ်ခဲ့ဘဲ လေ့လာမှတ်သားခဲ့ခြင်းဖြစ်မည်ဟု ယူဆရသည်။ သူ့ခေတ်၊ သူ့အခါ၌ သူ့ထက် ရဲဝင့်ကြံ့ခိုင် သူ၊ စစ်ပရိယာယ်ကြွယ်ဝသူ၊ လက်ရုံးရည် နှလုံးရည်ပြည့်ဝသူ၊ ဗဟုသုတကြွယ်ဝသူများလည်း ရှိနေခဲ့ကြ မည်သာဖြစ်သည်။ သို့သော် သူကဲ့သို့ အသိအမြင်၊ ဗဟုသုတစွမ်းရည်ကို လက်တွေ့အသုံးမချနိုင်ခဲ့ကြ၍ အားလုံး၏အထက်တွင်သူက ခေါင်းတစ်လုံးမြင့်ကာ ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် ကြီးပွားတိုးတက် လိုသူတိုင်းသည် အကြားအမြင်၊ ဗဟုသုတ ပြည့်စုံကြွယ်ဝရမည်။ ထို့အပြင် ကိုယ်သိထားသည့် ဗဟုသုတ၊ တတ်ထားသည့် အတတ်ပညာတို့ကို အရေးအခွင့်ကြုံသည်နှင့် လက်တွေ့ဘဝတွင် ပေါင်းစပ်အသုံးချနိုင်မှ သာ ကြီးပွားတိုးတက်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း တို့ကို ရရှိခံစားနိုင်မှာဖြစ်သည်။
            မြန်မာ့သမိုင်းတွင်လည်း ရှိခဲ့ဖူးသည်။ မိတ္ထီလာနယ်၊ ဝန်ဇင်းရွာတွင် တောင်သူယာလုပ်သည့် မင်းရာဇာဟူသည့် အသည်သား တစ်ယောက်ရှိသည်။ စာတိုငညိုဟု နာမည်ပြောင်တွင်သည့်တိုင်အောင် ယာထွန်နားသည့် ခဏတစ်ဖြုတ်အချိန်လေးမှာပင် ပေ၊ ပုရပိုက်များကို လေ့လာကာ၊ မှတ်သားကာဖြင့် ဗဟုသုတရှာမှီးခဲ့သူဖြစ်သည်။ အရေးအခွင့်ကြုံကြိုက်သောအခါ၌ လေ့လာမှတ်သားခဲ့သည့် သူ၏ ပညာ၊ ဗဟုသုတတို့ကို ဖော်ထုတ်အသုံးချနိုင်ခဲ့သည်။ တီးမှမြည်သော စည်ကြီးပမာ ပညာရှိပီပီကျင့်သုံးနိုင် ခဲ့ခြင်းကြောင့် မင်းတိုင်ပင်အမတ်ကြီးအဖြစ်နှင့် မင်းသုံးဆက်တိုင် အမှုထမ်းရွက်နိုင်ခဲ့သည်။ ရာဇဝင်တွင် စာတင်ခံခဲ့ရသည့် ဝန်ဇင်းမင်းရာဇာဆိုသည့် မင်းတိုင်ပင်အမတ်ကြီးသည် သာမန် အသည်သားလေးဘဝမှ တက်လှမ်းလာသူသာဖြစ်သည်။ ထို့ကြောင့် ကြားမြင်သုတများမြောင်ခြင်းသည် ကြီးပွားတိုးတက်လိုသူ တို့အတွက် အရေးကြီးဆုံးသော မရှိမဖြစ် အရည်အချင်းတစ်ရပ်ဖြစ်သည်။
            ပေ၊ ပရပိုက်ခေတ်မှ ယနေ့ အိုင်တီခေတ်အထိ လေ့လာစရာ ဗဟုသုတတွေက လေ့လာလိုသူတို့အတွက် များပြားလွန်းလှသည်။ အင်တာနက်မှနေ၍ သိလိုသည့် အကြောင်းအရာ၊ အချက်အလက်တို့ကို ခဏချင်းသိနိုင်သည်က ယနေ့ခေတ်၏ အားသာချက်ပင်ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်က နည်းပညာကို အသုံးချတတ်သည်မှာ လူနည်းစုဖြစ်ပြီး နည်းပညာ၏ အသုံးချခြင်းကို ခံနေရသည်က လူများစုဖြစ်နေခြင်းပင်။ Cyber Cafe တစ်ခုထဲသို့ သွား၍ကြည့်လိုက်ပါ။ ယုန်လေးရေ၊ ကြောင်လေးရေနှင့် နည်းပညာကို ဖျော်ဖြေရေးအဆင့်မှာထားကာ Chatting ထိုင်နေကြသည်က လူများစုဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
            သဘာဝတရားက လူတိုင်းအတွက်ပေးထားသောအချိန်သည် အညီအမျှသာဖြစ်သည်။ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်သူများအတွက်မူ အချိန်သည် တန်ဖိုးမဖြတ်နိုင်သော်လည်း အချိန်ကို ဖြုန်းတီး နေသူများ၊ အချိန်၏တိုက်စားမှုကို ခံနေရသူများအတွက်မူ အချိန်သည် တန်ဖိုးမဲ့လေတော့သည်။
            ရခဲလှသည့် လူ့ဘဝတွင် လောကကောင်းကြိုး သယ်ပိုးဆောင်ရွက်လိုသည့် အဖိုးအနမတဂ္ဂ ထိုက်တန်သော လူမွန်လူကောင်းလေးများသည် ကြားမြင်သုတများအောင် လုံ့လပြုသင့်သည်။ ကြားမြင် သုတမှ ပညာဖြစ်လာကာ အတ္တ၊ ပရ မျှတစွာဖြင့် မိမိအကျိုး၊ တိုင်းပြည်အကျိုးကို ပညာစွမ်းဖြင့် ကြီးမြတ် တိုးတက်အောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။
٭٭٭٭٭                                                   ٭٭٭٭٭                                                   ٭٭٭٭٭
စာကိုး=ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း(၁၉၈၉) [ ဦးပညာသာမိ(မာဂဓီ-သာစည်)]
          ဦးကုလား=မဟာရာဇဝင်ကြီး(ပထမအုပ်)  စာမျက်နှာ ၂၈၁။ စာပိုဒ် ၄၂၄။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း