လောကကိုပြောင်းလဲစေသည့် နီတိများ(၅)
လောကကိုပြောင်းလဲစေသည့်
နီတိများ(၅)
အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊
စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။
ခြကောင်များစု၍ ကြီးထွားလာသော တောင်ပို့နှင့်
အိုးစရည်း၌ ကျဖန်များ၍ ပြည့်လာသော ရေကဲ့သို့
မှတ်အပ်၏။ ။
လူငယ်၊ လူရွယ်တို့သည် ကြားမြင်သုတကို နည်းသည်၊
များသည် မမှတ်ယူဘဲ လေ့လာမှတ်သား သင့်သည်။ စနစ်တကျ၊ တိကျခိုင်မာ သေချာစွာ မှတ်သားထားသင့်သည်။သို့မှသာ
မိမိအလိုရှိချိန်၌ လေ့လာမှတ်သားမိသမျှထဲမှ လိုအပ်သောအရာဟူသမျှကို လွယ်ကူစွာထုတ်ယူ သုံးစွဲနိုင်မည်
ဖြစ်သည်။
ကျွန်တော်တို့လူမျိုးသည် အဖြစ်အပျက်၊ အကြောင်းအရာတစ်ခုကို
မေ့မေ့လျော့လျော့နေတတ် သောလူမျိုး မဟုတ်ချေ။ သို့သော် စနစ်တကျ သိမ်းဆည်းမှတ်သားသောအလေ့တွင်မူ လွန်စွာ အားနည်းသူ များ ဖြစ်ကြသည်။ ထူးခြားဖြစ်စဉ်များနှင့် အစဉ်အဆက်ပြောလာခဲ့ကြသည့် အကြောင်းအရာ များသည် လုံးဝတိမ်ကောပျောက်ကွယ်သွားခြင်းမျိုး မဟုတ်သော်လည်း ပါးစပ်ရာဇ၀င်အဖြစ် ရှိနေကြသည်။ အကိုးအထောက် ခိုင်ခိုင်လုံလုံဖြင့် တင်ပြရမည့် အခြေအနေမျိုးတွင် အသုံးချ၍မရတော့သည့် အကြောင်း အရာများစွာကို တွေ့ကြုံဖူးကြမည် ထင်ပါသည်။ ထိုအခြင်းအရာသည် ပါးစပ်ရာဇ၀င်အဖြစ် လက်ဆင့်ကမ်း ခဲ့ခြင်း၏ အားနည်းချက်ဖြစ်သည်။
ဆရာကြီး မှော်ဘီဆရာသိန်းက ပါးစပ်ရာဇ၀င်ဟူသော
ကျမ်းစာအုပ်ကို ပြုစုခဲ့သည်။ နှောင်းလူငယ် များအတွက် လွန်စွာဗဟုသုတရစေသော်လည်း အကိုးအထောက်ပြုရမည့်အခါ
ရာနှုန်းပြည့် အသုံးချ၍ မရနိုင်သည်မှာလည်း သေချာသည်။ ထိုအခါ သမိုင်းဆိုင်ရာအဖြစ်အပျက်
အကြောင်းအရာများနှင့် စာအုပ် ၏ တန်ဖိုးသည် လျော့ကျရလေတော့သည်။ စာပေနှင့် မှတ်တမ်းတင်ခဲ့ပေးသည့်
မှော်ဘီဆရာသိန်း၏ ဂုဏ်ကျေးဇူးကို ဦးညွှတ်ရင်း သမိုင်းဆိုင်ရာအချက်အလက်များကို နှုတ်ဖြင့်သာ
လက်ဆင့်ကမ်းခဲ့မိကြသည့် ဘိုးဘွားများ၏ ချွတ်ယွင်းအားနည်းချက်ကို သိမြင်စေလို ၍ ဖြစ်သည်။
ရှေးအခါက ပေ၊ ပုရပိုက်တို့ဖြင့် မှတ်တမ်း၊
မှတ်ရာ တင်တတ်ကြသူများမှာ ဆရာတော်၊ သမားတော်ကြီးများ၊ လူပညာရှိ၊ ရဟန်းပညာရှိ များသာ ရှိလေသည်။ သာမန်အရပ်သားထဲမှ
စာပေဖြင့် မှတ်မှတ်သားသားရှိသူ လွန်စွာနည်းပေလိမ့်မည်။ ဆရာတော်ကြီးများ အများအားဖြင့်
သိမ်းဆည်းမှတ်သား ထားသည်မှာလည်း ဘာသာရေးနှင့်ဆိုင်သော အကြောင်းခြင်းရာများ၊ အဂ္ဂိရတ်နှင့်ဆိုင်သော
ပေ၊ ပုရပိုက် များသာ ဖြစ်လေ သည်။ ရှင်ဘုရင်အနားရှိ ပညာရှိ၊ မှူးကြီးမတ်ကြီးများ မှတ်တမ်းတင်ကြသည်မှာလည်း
၎င်းတို့ကျင်လည်ရာ နန်းတွင်းရေးရာများနှင့် ဘုန်းတော်ဘွဲ့ များသာ များလေသည်။ သက်ဦးဆံပိုင်ဘုရင်
အနားတွင် ခစားနေရသည့် ပညာရှိကြီးများ၏ မှတ်တမ်းသည် ရာနှုန်းပြည့် ခိုင်မာမှန်ကန်ပါမည်လားဟု
တွေးတောဖွယ်ရာ ဖြစ်သည်။ သို့သော် မှတ်တမ်း၊ မှတ်ရာ မရှိခြင်းနှင့်စာလျှင် ရှိနေခြင်းက
ပိုကောင်းသည် မဟုတ်လား။ ၄င်းတို့နှင့် ခေတ်ပြိုင် ရေးသားထားသည့် မှတ်တမ်းများကို နှိုင်းယှဉ်လေ့လာခြင်းအားဖြင့်
ထိုခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး စသည်တို့၏ အခြေနေမှန်ကို
ချဉ်းကပ်နိုင်လိမ့်မည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါးက
အင်းဝရှိ သူဌေးတစ်ဦး၏သားသည် သောက်စား ကာ၊ ပျော်ပါးကာနှင့် စည်းစိမ်ယစ်ကာ နေခဲ့မည်ဆိုပါလျှင်
သမိုင်းသုတေသီများနှင့် ရာဇ၀င်ဆရာကြီးများ အကိုးအထောက်ပြုကာ အားပြုရသည့် မဟာရာဇ၀င်ကြီးဆိုသည့်
ကျမ်းစာအုပ် သည် ပေါ်ပေါက်လာခဲ့မည် မဟုတ်ချေ။ သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးတာဆိုသော
စာသားကို ဖတ်မှတ်ခဲ့ဖူးသည်။ သို့သော် ညောင်ရမ်းခေတ် သူဌေးသားလေးသည် စစ်ဘုရင်တစ်ဦး
မဟုတ်ပါ။ သမိုင်းကို လေ့လာမှတ်တမ်းတင်ခဲ့ သည့် သူဌေးသားတစ်ဦးသာ ဖြစ်သည်။ ၄င်း၏ကျေးဇူးကြောင့်
သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များစွာကို သိခဲ့ရခြင်း ဖြစ်သည်။ ဘကြီးတော်လက်ထက်တွင်
ပညာရှင်အများစုရုံးတိုင်ပင် ကာ ပြုစုခဲ့သည့် မှန်နန်းရာဇ၀င်သည်ပင် ၄င်း၏ကျေးဇူးမကင်း
ဖြစ်ခဲ့ရသည်။
ပထ၀ီ မသိတော့ န-တယ်။ သမိုင်း မသိတော့ အ-တယ်
ဟူသော စကားကို ကြားဖူးကြမည် ထင်ပါသည်။ မအ-အောင် သမိုင်းသင်ပါ ဆိုကာ ရာဇ၀င်သမိုင်းပါရဂူကြီး
ဒေါက်တာသန်းထွန်းက ဗဟုသုတလိုလားသူ လူငယ်များကို တိုက်တွန်းထားခဲ့သည်။ ဟိုး ရှေးအတိတ်
ပဒေသရာဇ် ခေတ်မှ ယနေ့ ဒီမိုကရေစီခေတ်ထိတိုင် ခေတ်အဆက်ဆက် သမိုင်းပညာရှင်၊ သုတေတီ၊ ရာဇ၀င်ဆရာအသီးသီးနှင့်
ဗဟုသုတလေ့လာလိုက်စားသူတို့က ညောင်ရမ်းခေတ်ရှိ ဦးကုလားအမည်ရသည့် သူဌေးသားကို ဦိးညွှတ်
နေကြဆဲ ဖြစ်သည်။ ၄င်းနှင့် ခေတ်ပြိုင် ပညာရှိ၊
ပညာရှင်အသီးသီး ရှိနေမည်ဖြစ်သော်လည်း ပုဂ္ဂိုလ်စွဲဖြင့် ဦးညွှတ်နေခြင်း မဟုတ်ဘဲ ၄င်းလေ့လာဆည်းပူးခဲ့သည့်
ဗဟုသုတနှင့် ပြုစုခဲ့သည့် သမိုင်းကျမ်းအဆူဆူ အတွက် ဖြစ်သည်။ ဦးကုလားသည် ရာဇ၀င်ကျမ်းထဲရှိ
စစ်ဘုရင်များ၊ သူရဲကောင်းများနှင့်အပြိုင် သမိုင်း လေ့လာသူတို့ကြားတွင် ထင်ရှားနေဆဲ၊
ကျော်ကြားနေဆဲ ဖြစ်သည်။
ဗဟုသုတရှာမှီးသူ၊ တိုင်းပြည်ကြီးပွားတိုးတက်စေလိုသူ
လူငယ်၊ လူရွယ်၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးအပေါင်းတို့သည် ပညာဗဟုသုတမျိုးစုံကို လေ့လာဆည်းပူးရုံမျှသာမကဘဲ နှောင်းလူတို့ လေ့လာမှတ်သားနိုင်ရန်အတွက်
စာအုပ်စာတမ်းဖြင့် ခိုင်ခိုင်လုံလုံ စနစ်တကျမှတ်သားကာ မှတ်တမ်း ထားရှိခြင်း၊ တတ်သိသမျှ
ပညာဗဟုသုတတို့ကို ကြောင်လက်သည်းဝှက်သလို သိမ်းဆည်းမထားဘဲ မျှဝေသင့်လှပေသည်။ သို့မှသာ
ကမ္ဘာ့အလယ်တွင် စနစ်ကျသည့်လူမျိုး၊ ဗဟုသုတကြွယ်သည့်တိုင်းပြည် အဖြစ်ဖြင့် ဂုဏ်တင့်ပေလိမ့်မည်။
တတ်သိထားသည့် ပညာဗဟုသုတတို့ဖြင့် တိုင်းပြည်၏ အားသာချက်၊ အားနည်းချွတ်ယွင်းချက်တို့ကို
လေ့လာသုံးသပ်ကာ တိုင်းပြည်ကြီးပွားတိုးတက်ရေးအတွက် ဆောင်ရွက် ပေးနိုင်မည် ဖြစ်လေသည်။
***** ***** *****
မှီငြမ်းကိုးကား=
မဟာရာဇ၀င်ကြီး(ဦးကုလား)
Comments
Post a Comment