လောကကိုပြောင်းလဲစေသည့်နီတိများ(၄)



လောကကိုပြောင်းလဲစေသည့်နီတိများ(၄)

ပညာရှိသည် သူတစ်ပါးကမမေးသော် ပြောရိုးမရှိ
(တီးမှမြည်သော စည်ကြီးနှင့်တူ၏)၊
သူတစ်ပါးက မေးလာသော် သဲသဲမဲမဲရွာချသော မိုးကြီးနှင့်တူ၏၊
(ပြောသင့်သမျှ တစ်လုံးမကျန် ပြောတတ်၏)
သူမိုက်သည် သူတစ်ပါးက မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ များစွာပြောဟောတတ်၏။      ။
            ကျွန်တော်တို့မြို့သည် စာပေနှင့်ပတ်သက်လျှင် အစဉ်အလာရှိ၏။ အစဉ်အလာကြီး၏။ စာရေးဆရာပေါင်းများစွာထွက်၏။ စာပေနှင့် ပတ်သက်လျှင် ရေခံ၊ မြေခံကောင်း၏။ လောကုတတ္တရာ စာပေတွင် ကျမ်းပေါင်းများစွာပြုစုခဲ့သည့် လယ်တီဆရာတော်နှင့် ဆရာတော်၏တပည့် သေက္ချတောင် ဆရာတော် ဦးတိလောကတို့မှာ မုံရွာနယ်ထွက် ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်ကြသည်။

            လယ်တီဆရာတော်ဘုရား ရေးသားခဲ့သည့် ကျမ်းစာများထဲမှအချို့ကို ကျောက်စာအဖြစ် ထွင်းထုထားခဲ့ရာ လယ်တီကျောက်စာတိုက်သည် မုံရွာရောက်လျှင် သွားရောက်လေ့လာသင့်သည့် အထင်ကရနေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်နေခဲ့ပြီဖြစ်သည်။ အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ကို ရေးသားပြုစုခဲ့သည့်  ဝဏ္ဏသီရိသည်လည်း မုံရွာနယ်ထွက် ဆရာတော်တစ်ပါးပင်ဖြစ် သည်။
            လောကီစာပေဘက်တွင်လည်း လယ်တီပဏ္ဍိတဦးမောင်ကြီးမှသည် မုံရွေးမှ ဝေဖန်ရေးဆရာကြီး ကိုလေးမြတ်၊ ဆရာတာ၊ ဆရာခြိမ့်သဲတို့ အထိဖြစ်သည်။ မုံရွာနယ်ဘက်မှ ထွက်သည့် အသစ်အသစ်သော စာရေးဆရာငယ်များကိုလည်း မဂ္ဂဇင်းစာမျက်နှာအသီးသီးမှာ တွေ့မြင်နေရဆဲ ဖြစ်သည်။ အိမ်တိုင်း၏ စာအုပ်စင်တွင် နေရာယူထားတတ်သည့် ကုန်းဘောင်ရှာပုံတော် စာအုပ်ကိုရေးသည့် အိုးဝေဦးညိုမြသည် လည်းကောင်း၊ အရှေ့ကနေဝန်း ထွက်သည့်ပမာ စာအုပ်ကိုရေးသည့် ဆရာသိန်းဖေမြင့်သည်လည်းကောင်း မုံရွာနယ်ထွက် နိုင်ငံကျော်နိုင်ငံရေးစာရေးဆရာများ ဖြစ်သည်။  ထို့ကြောင့် နယ်ပယ်အသီးသီးမှာ ထင်ရှားကျော်ကြားသည့် စာပေသမားများစွာထွက်သည့် ကျွန်တော်တို့မြို့ကို အစဉ်အလာကြီးသည်ဟု ဆိုရခြင်း ဖြစ်သည်။
            စာအုပ်အရောင်းဆိုင်များကလည်း ပေါများလှသည်။ ကဗျာဆရာမင်းဆွေနှစ်၏ ချင်းတွင်းအိမ် စာပေ၊ အောင်မင်္ဂလာစာပေ၊ အမြင်သစ်စာပေ၊ အဓိပတိစာပေ စသဖြင့်ရှိသည်။ ထိုစာအုပ်ဆိုင်ကြီးများ အပြင် ဆိုင်အလတ်လေးများလည်းရှိသေးသည်။ တစ်ချို့က ဆိုင်ခွဲများလည်း ဖွင့်ထားကြသည်။ စာကြည့်တိုက်လည်းများစွာရှိသည်။ ရွှေစည်းခုံစာကြည့်တိုက်နှင့် အာရုဏ်ဦးစာကြည့်တိုက်မှာ စာစုံသည့် စာကြည့်တိုက် ကြီးများအဖြစ် ထင်ရှားသည်။ စာအုပ်အငှါးဆိုင်လေးများကလည်း ရပ်ကွက်တိုင်းမှာ ရှိနေကြဆဲဖြစ်သည်။ ဆိုလိုသည်က ကျွန်တော်တို့မြို့သည် စာချစ်သူပေါများသည့် ဂုဏ်ယူစရာ ကောင်းသော မြို့တစ်မြို့သာဖြစ်သည်။ ဒီမြို့လေးတွင် စာချစ်သူများနှင့်အတူ စာပေကိုခုတုံးလုပ်ပြီး အသုံးချနေသည့် စာကြောင်များ၊ စာကြွားများ၊ စာမောင်းကွဲများ၊ စာလွယ်အိတ်များ စသဖြင့် ဆွမ်းဆန်ထဲ ကြွက်ချေးရောနေသည့် လူနည်းစုလည်းရှိသေးသည်။
            စကားပြောလျှင် စာအုပ်ထဲက အကြောင်းအရာများကို ကြက်တူရွေးရွတ်သလို ရွတ်ပြတတ်သည့် စာကြောင်များထက် ဟိုစာအုပ်လည်း ဖတ်ပြီးပြီ၊ ဒီစာအုပ်လည်း ဖတ်ပြီးပြီ၊ ဟိုစာအုပ်က ဘယ်လို၊ ဒီစာအုပ်က ဘယ်ပုံဖြင့် စာစုံဖတ်ကြောင်း ကြွားဝါတတ်သည့် စာကြွားများက ပိုဆိုးသည်။ ၄င်းတို့ထက် ဆိုးသည်က စာမောင်းကွဲများဖြစ်သည်။ သူသိ၊ သူတတ်ကြောင်းကို ရောက်လေရာတွင် မေးသူမရှိသော် လည်း မောင်းကွဲကြီးမြည်သလို ထထမြည်တတ်သည့် စာမောင်းကွဲကြီးများကြောင့် အနီးရှိပုဂ္ဂိုလ်များ ထပြေးရသည်ကိုလည်း မကြာခဏကြုံရဖူးသည်။ အဆိုးဆုံးကတော့ ဘေးထိုင်ဘုပြောနေကြသည့် စာလွယ်အိတ်ကြီးများဖြစ်သည်။ ၄င်းတို့တတ်သိထားသည့် အသိပညာဗဟုသုတတို့ကြောင့် သူတစ်ပါး အနောက်မှလည်း မလိုက်လိုကြ၊ ရှေ့မှလည်းဦးဆောင်မသွားချင် လွယ်အိတ်ကြီးအဖြစ်ဖြင့် သူတစ်ပါးအမှား ကို ဘေးထိုင်ရှုံ့ချနေကြသည့် သူများဖြစ်သည်။
            စာဖတ်ရခြင်း၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန်ကို သူတို့တတွေ မေ့နေခဲ့ကြသည်။ ကြားမြင်သုတများဖို့၊ ကျွန်တော်တို့၏ နှလုံးသား တွေ အင်အားပြည့်ဝနေစေဖို့အတွက် ဖြစ်သည်။ သို့မှသာ ကျွန်တော်တို့၏ဘဝတွေကို မြင့်တင်နိုင်မည်။ ဆက်စပ်ရာပတ်ဝန်းကျင်၏ ကောင်းကျိုးကိုလည်း ဆောင်ရွက် နိုင်မည်ဖြစ်သည်။ စာပြီးရင်းစာ၊ စာမှစာဖြစ်နေသည့် ပုဂ္ဂိုလ်များသည် ပတ်ဝန်းကျင်ကို အနှောင့်အယှက် မပြုသော်လည်း ကိုယ်လုပ်နိုင်စွမ်းရှိသည့်အရာကို မလုပ်ဆောင်သောအခါ ဒေသသည် ဖွံ့ဖြိုးသင့် သလောက် မဖွံ့ဖြိုး၊ နိုင်ငံသည် တိုးတက်သင့်သလောက် မတိုးတက်ဖြစ်ကာ နစ်နာရသည်။ ဖယောင်းတိုင် အနားတွင် ကွက်၍မှောင်တတ်သလို ထိုပုဂ္ဂိုလ်၏ ဥာဏ်အမြင်တွင် အနည်းငယ်မှောင်ရိပ်ကျနေတတ်သည်။
            လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ လုပ်ကိုင်ခွင့် အခွင့်အရေးတွေ တပုံတပင်ရနေသည့် ယနေ့လို ကာလမျိုးတွင် ကိုယ်လုပ်နိုင်စွမ်းရှိသည့် အရာဟူသမျှကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခြင်းဖြင့် မိမိ ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်သင့်ပေသည်။ ထို့ကြောင့် စာရှုသူအပေါင်း၊ စာချစ်သူ အပေါင်းသည် မွေ့လျော်ရာ စာပေကမ္ဘာထဲတွင်သာ ဝဲလှည့်မနေဘဲ မိမိတို့တတ်သိထားသည့် ပညာ ဗဟုသုတတို့ကို လက်တွေ့လူမှုဘဝတွင် အသုံးချသင့်နေပြီဖြစ်သည်။ သို့မှသာ ကျွန်တော်တို့ဒေသသည် လည်းကောင်း၊ တိုင်းပြည်သည်လည်းကောင်း အချိန်တို အတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေတော့ သည်။
٭٭٭٭٭                                                   ٭٭٭٭٭                                                   ٭٭٭٭٭

စာကိုး=ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း(၁၉၈၉)[ဦးပညာသာမိ(မာဂဓီ-သာစည်)]
လယ်တီဆရာတော်ဘုရားကြီး=စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာ။
သေက္ချတောင်ဆရာတော် ဦးတိလောက=စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ခေါ်သန္တီကျေးရွာ။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး=စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ။
ညိုမြ=စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့၊ သောတပန်ရွာ။
သိန်းဖေမြင့်=စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်။
ဝဏ္ဏသီရိ=စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ရွာ၊ ကျီတွင်းရပ်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း