ကြောင်

ကြောင်

                သတ္တဝါလေးတွေကို ကျွန်တော်ချစ်သည်။ အကောင်ငယ်လေးတွေဆိုလျှင် ပို၍နှစ်သက်သည်။ ခွေးချစ်သည်။ ကြောင်ချစ်သည်။ ငှက်ချစ်သည်။ ကြွက်ချစ်သည်။ ကျွန်တော်ချစ်သည့် ကြွက်မှာ အိမ်မှာရှိတတ်သည့် မည်းမည်းသည်းသည်း ကြွက်လေးများဖြစ်သည်။ ထိုစဉ်က ဟမ်းစတားခေါ် ကြွက်ဝမ်းဖြူတို့ ခေတ်မစားသေးချိန်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကျွန်တော် မသိသေးခြင်းလည်း ဖြစ်နိုင်ပါသည်။

ကျွန်တော် သူတို့ကို ချစ်သည်မှာ မျက်လုံးမည်းလေးများကြောင့် ဖြစ်သည်။ ပြူးပြူးဝိုင်းဝိုင်း မျက်လုံးလေးများနှင့် ဟိုသည်ကြည့်ကာ နှာခေါင်းလေးရှုံ့ရင်း စူးစမ်းတတ်ပုံလေးကို သဘောကျခြင်းဖြစ် သည်။ အကြောင်းတစ်စုံတစ်ခုကြောင့် ချောင်ပိတ်ကာ ဖမ်းမိသောအခါမျိုး၊ ပလတ်စတစ် အုပ်ဆောင်း အောက်တွင် ရောက်နေသောအခါ သူဝင်လာသည့် အပေါက်ကိုပိတ်ပြီး ဖမ်းထားသောအခါမျိုးတို့တွင် ဆန်စေ့လေးများချကာ ကျွေးသည်။ ဆန်စေ့လေးများကို သူ့လက်ချောင်းလေးများနှင့်ကိုင်ကာ စားသောက်ပုံကို တွေ့မြင်ဖူး၍ ဖြစ်သည်။ ထိုစဉ် ကလေးဘဝက ကြွက်ကလေးများနှင့် ကျွန်တော် ငြိုးသူရန်ဖက် မဖြစ်သေးချိန်လည်း ဖြစ်သည်။
တစ်ကြိမ်တွင် မှန်ဘောင်သွင်းထားသည့် ဘုရားပုံတော်၏နောက်တွင် ၎င်းရှိနေသည်ကို ကျွန်တော်သိသည်။ ဘုရားပုံတော်နောက်ရှိ ထွက်နေသည့် ကြွက်မြီးလေးကို သွားဆွဲကြည့်သည်။ ကျွန်တော်က ကျီစယ်လိုစိတ်ဖြင့် အသာဆွဲလိုက်ခြင်းဖြစ်သော်လည်း ထိုအကောင်က ဒေါသတကြီးဖြင့် တုန့်ပြန်လိုက်သောအခါ ကျွန်တော့်လက်သည် အပေါက်အပေါက်ဖြင့် သွေးငေါက်တောက် ထွက်သည်။ စိတ်မနာသော်လည်း စိတ်ဆိုးသည်။ ထို့ကြောင့် ကြွက်နှင့် ကျွန်တော်၏ ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်သွားသည်။ သတ္တမတန်းရောက်သည့်နှစ်တွင် သူတို့နှင့် ကျွန်တော် စစ်ကြေငြာသည့် အဆင့်သို့ရောက်လာသည်။ မိုးလင်းသည်နှင့် ဆန်နို့ဆီဗူး သုံးလေးလုံးမျှ ၎င်းတို့ဖောက်ထားသည့် ဆန်အိတ်ပေါက်အောက်တွင် နေ့စဉ်ကျုံးနေရသည့်အခါ ရန်သူတော်လုံးလုံးဖြစ်သွားသည်။
ချစ်ခဲ့ဖူးသည့် ရန်သူတော်ကို နှိမ်နင်းရန်အတွက် အဆိပ်၊ ထောင်ချောက်တို့ပယ်ကာ ရွေးချယ်ဖြစ်ခဲ့ သည်က ကြောင်ဖြစ်သည်။ ထိုအချိန်မှစကာ ချစ်စရာသတ္တဝါငယ်ကြောင်သည် ရယ်ရွယ်ချက်ဖြင့် မွေးမြူခြင်းခံခဲ့ရသည့် ပထမဆုံးသော သတ္တဝါဖြစ်သည်။
***** ***** *****
ကျွန်တော်ငယ်စဉ်ကလေးဘဝက ကြောင်ကလေးများနှင့် အိပ်ယာထဲတွင် အိပ်ဖူးသည်။ ဆောင်းရာသီတွင် ပူနွေးနေသည့် ၎င်းတို့၏ ကိုယ်လုံးလေးကို သဘောကျ၍လည်းဖြစ်သည်။
ကျွန်တော်တို့ မိသားစုသည် မဆင်းရဲသော်လည်း နွမ်းပါးသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။ သို့သော် ပျော်ခဲ့ကြသည်။ မူလတန်းကျောင်းဆရာလေး အဖေပြန်လာချိန်တွင် ရွာမှ ကျွန်တော်တို့ စားရန်ထည့်ပေးလိုက်သည့် အိပျော့နေသည့် အကြော်ဆံများနှင့် လက်ဖက်ကို မက်ရေစက်ရေ စားခဲ့ဖူးသည်။ ဟင်းကောင်း ကျွေးကောင်းဟူသည် တစ်လလျှင် အကြိမ်အနည်းငယ်မျှသာ စားခွင့်ရချိန်ဖြစ်သည်။ ထမင်းစားနေချိန် အနားတွင် ကြောင်ကလေးရှိနေလျှင် စားနေသည့် ပန်းကန်ထဲမှ ဟင်းတုံးကို ချကျွေးဖို့ မနှမျောသူဖြစ်သည်။ ကြောင်ကျွေးရန်အတွက် ပန်းကန်ထဲမှ ကိုယ်တာရသည့် အသားဟင်းကို ချန်ထားတတ်သူ ဖြစ်သည်။
အလုပ်မရှိ ကြောင်ရေချိုးဆိုသောစကားကို အတန်အသင့်အရွယ်ရောက်လာမှ ကြားဖူးခဲ့ခြင်းဖြစ် သော်လည်း ငယ်စဉ်ကတော့ ကြောင်ကို ဆပ်ပြာနှင့် ရေချိုးပေးခဲ့ဖူးသည်။ ကြောင်ဘုန်းကြီးဆိုသော အဝါရောင်ကြောင်ကို မမွေးခဲ့ဖူးသော်လည်း မကြာခဏ မွေးဖြစ်ခဲ့သည်မှာ ကြောင်ဖြူလေးများဖြစ်သည်။ မကြာခဏ ပေးဖြစ်ခဲ့သည့်နာမည်မှာလည်း ဂျက်ကီဖြစ်သည်။
ကျွန်တော် ဆယ်တန်းရောက်သည့်နှစ်တွင် မွေးဖြစ်ခဲ့သည့်ကြောင်မှာ ကြောင်နက်ကြီးဖြစ်သည်။ တချို့က ၎င်းကို ကြောင်စုန်းကြီးဟု ပြောသည်။ တစ်ကိုယ်လုံးနက်သည်။ အမွေးအမျှင်များမှာ နက်ရုံမက ပြောင်လက်နေသည်။ မျက်နှာမှာ ဝိုင်းဝိုင်းကြီးဖြစ်၍ ကျားနက်နှင့်ပင်တူသည်ဟု ဆိုချင်သည်။ တချို့တစ်ကိုယ်လုံးနက်နေသည့် ကြောင်နက်များကို မြင်ဖူးသော်လည်း မျက်နှာမှာ ချွန်စုတ်စုတ်နှင့်မို့ မျောက်နှင့်တူသည်ဟု ခံစားမိသည်။ ကျွန်တော့်ကြောင်နက်ကြီးကို တိုက်ခိုက်ရေးသမားတစ်ဦးပမာ ခံစားမိ၍ ဘလက်ကီဟု အမည်ပေးခဲ့သည်။ သူ့ကိုဖမ်းပေးလိုက်သည့် သခင်မမှာ မျက်လုံးသိပ်လှသည့် သူငယ်ချင်းမလေး ဖြစ်သည်။ မျက်ဝန်းလှလှလေးများကို သဘောကျတတ်သည့် ကျွန်တော်သည် သူငယ်ချင်းမလေးကိုယ်စား ဘလက်ကီလေးကို ပို၍ချစ်ခဲ့သည်။ မျက်ဝန်းလှသည့် သူငယ်ချင်းမလေးကို စိတ်မဝင်စားခဲ့မိသည်မှာ သူမ၏ မေမေကြောင့် ဖြစ်မည်ထင်သည်။ သမီးလိုချင် အမေကြည့်ဆိုသော စကားကို ကြားဖူးထား၍လည်း ဖြစ်သည်။ ထို့ကြောင့် ဘလက်ကီကိုပင် ပို၍ ချစ်ခဲ့သည်။
မြို့ထဲမှနေ၍ အိမ်သို့ခေါ်လာစဉ်လမ်းတစ်လျှောက် အိတ်ထဲမှနေ၍ ဘလက်ကီက ရုန်းသည်။ လမ်းတစ်ဝက်လောက်ရောက်မှ ကျွန်တော်၏ခြိမ်းခြောက်စကားကြောင့်လား၊ အခြေအနေကို သုံးသပ်လို၍ လား မသိ ငြိမ်ငြိမ်သက်သက် လိုက်လာခဲ့တော့သည်။ မြို့ထဲရှိ သူ့သခင်မအိမ်နှင့် ကျွန်တော့်အိမ်သည် အတော်လှမ်းသော်လည်း ပြန်ပြေးသွားမှာစိုးစိတ်ဖြင့် ကြောင်ကို ကြိုးချည်ထားလိုက်သည်။ သူက ဒေါသတကြီးဖြင့် ခုန်လိုက်သည့်အခါ ကျွန်တော့်တစ်ရပ်နီးပါးမြောက်သွားသည်။ ထို့ကြောင့် ပြန်လိုလျှင်လည်း ပြန်ပါစေတော့ဆိုကာ ကြိုးဖြည်ပေးလိုက်သည်။ ထွက်ပြေးသွားမည်ထင်ထားသော်လည်း အိမ်ထောင့်တစ်နေရာတွင် သွားဝပ်နေသည်။
ထိုနေ့ထိုရက်မှစကာ ဘလက်ကီဆိုသောကြောင်သည့် ကျွန်တော့်နှလုံးအိမ်ထက်တွင် ယနေ့ထိ တိုင် အမှတ်ရနေဆဲသော ကြောင်တစ်ကောင်ဖြစ်လာသည်။ ငွေကြေးချောင်လည်သော ကာလကို ဖြတ်သန်းနေရချိန်ဖြစ်၍ သားစိမ်း၊ ငါးစိမ်းများကို နေ့စဉ်ဝယ်ကျွေးသည်။ သူက ဒေါသကြီးသော ကြောင်တစ်ကောင်ဖြစ်သည်။ သူအစာတောင်း၍ ကျွေးရန်ပြင်နေစဉ်ပင် စိတ်တိုကာ ခြေထောက်ကို ကိုက်တတ်သည်။ မကြာခဏ အကိုက်ခံရသောအခါ မေမေက မကျွေးဝံ့တော့။ ထိုအခါ ကျွန်တော်ချည်း ကျွေးရတော့သည်။ ကျွန်တော်ချည်း အကိုက်ခံရသည်။ ကိုက်ပြီးသွားသည်နှင့် မြေကြီးနှင့်ကပ်ကာ အရိုက်ခံသည်။ ရိုက်မည်မှန်းသိသော်လည်း ဘယ်တော့မှ ထွက်မပြေးသည့် ကြောင်ဖြစ်သည်။
အချိန်တွေပြောင်းသွားခြင်းနှင့်အတူ အိမ်မှာမွေးထားသည့် ကြောင်တွေလည်း ပြောင်းသွားကြ သည်။ ယခုမွေးထားသည့် ကြောင်မျိုးဆက်မှာ ကျွန်တော်အလုပ်လုပ်သည့် ဟိုတယ်မှ ဖြစ်သည်။ ဟိုတယ်ဝန်းကျယ်ကြီးထဲရောက်နေသည့် ကြောင်မိသားစုကို ကြောင်ချစ်သည့် ဘဲလ်ဘွိုင်းထဲမှ ညီငယ်တစ်ယောက်က ကြောင်စာများကျွေးကာ မွေးထားခြင်းဖြစ်သည်။ ထိုကြောင်များကို ဖယ်ရှားရန် ဟိုတယ်မှစီစဉ်သောအခါ ကြောင်ချစ်သူ ညီငယ်ထံမှ ကောင်းမွန်စွာမွေးပါ့မည်ဟူသော ကတိဖြင့် တောင်းလာခဲ့ခြင်းဖြစ်သည်။ ထိုညီငယ်မှ ကျွေးလက်စ ကြောင်စာထုပ်ကြီးကိုလည်း ပေးလိုက်သည်။
အမှန်တကယ်ဝန်ခံရမည်ဆိုလျှင် ထိုအချိန်တွင် ကြောင်များကို ကျွန်တော် မချစ်တတ်တော့။ စာနာသနားစိတ်တော့ ကျွန်တော့်ရင်ထဲမှာ ရှိနေသေးသည်။ ဘယ်လိုရေစက်တော်ခဲ့မှန်းမသိ၍ တစ်မိုးထဲအောက် အတူနေသတ္တဝါတွေဆိုသော နှလုံးသွင်းဖြင့် ဖြစ်သည်။ မေမေရှာခိုင်း၍သာ မွေးဖို့တောင်းခဲ့ရသော ကြောင်များကို ကတိအတိုင်း ကောင်းမွန်စွာမွေးသည်။ ကြောင်စာကုန်လျှင် ကြောင်စာဝယ်ကျွေးသည်။ ထူးဆန်းသည်မှာ ငါးဝယ်ကျွေးသည့်အခါများတွင် ထိုကြောင်များက ငါးမစားတတ်ကြတော့။ သူတို့အတွက် သီးသန့်လုပ်ထားသည့် ကြောင်စာနှင့်မှ စားတတ်ကြတော့သည်။
ဟိုတယ်မှခေါ်လာသည့် ကြောင်မျိုးဆက် သုံးဆက်ခန့်မှာတော့ ကြောင်တွေအပေါ်ထားသည့် ကျွန်တော့် သဘောထားတွေက တင်းတင်းမာမာဖြစ်လာသည်။ ၎င်းတို့ လက်သည်းသွေးသဖြင့် ဆိုဖာတစ်စုံလည်း ပစ်လိုက်ရပြီဖြစ်သည်။ နောက်ထပ်ပေါက်လာသည့် ကြောင်များကိုတော့ အိမ်ထဲ အဝင်မခံတော့။ မီးဖိုးချောင်သည်သာ သူတို့နေခွင့်ရသည့်နေရာအဖြစ် ကန့်သတ်ပစ်လိုက်သည်။
မနေ့ညက ဧည့်ခန်းတွင် ကျွန်တော်စာဖတ်နေစဉ် သားငယ်ကောင်းသုတက လှမ်းပြောသည်။
“ ဖေဖေ ဒီမယ်၊ သားသားကြောင်လေးကို ပွတ်ပေးနေတာ…”
ကြည့်လိုက်တော့ ကြောင်ကလေးကျောကို အလိုက်သင့်မဟုတ်ဘဲ ပြောင်းပြန်ပွတ်ပေးနေခြင်းဖြစ် သည်။
“ အဲလို မပွတ်ရဘူးသားရဲ့၊ ဒီလိုပွတ်မှ ကြောင်ကလေး ဇိမ်ရှိမှာပေါ့…”
ဆိုကာ သားလက်ကလေးဖြင့် ကြောင်ကလေးကို ပွတ်ပေးလိုက်သည်။
“ ကြောင်မွေးတွေ ကျွတ်ပြီး ကလေးကို ရောဂါရလိမ့်ဦးမယ် …”
ဇနီးသည် အသံကြားမှ သားပွတ်ပေးနေသည့် ကြောင်ကလေးကို တွန်းထုတ်လိုက်သည်။ ကျွန်တော် ငယ်စဉ်က ဘာဘူစောင်လေးထဲ ကြောင်ကလေးနှင့် ကွေးခဲ့ဖူးသည့်အဖြစ်ကို မေ့သွားသည်။
***** ***** *****
နားထဲတွင် တဗြတ်ဗြတ်မြည်နေသော အသံကို ကြားနေရသည်။ မနက်လင်းအားကြီးအထိ မျက်လုံးကြောင်နေရာမှ မှေးမှေးနှင့် အိပ်ပျော်စဖြစ်သည်။ အတွေးတို့ကို စုစည်းရာမှ ဖြတ်ခနဲ သတိရလိုက်သည်။ ကြောင်။ ကြောင်အိမ်ထဲရောက်နေပြီ။ ဆိုဖာခုံကို လက်သည်းသွေးနေတာ။ ဒေါသနှင့်အတူ အိပ်ယာထဲမှ ရုတ်ခြည်းထသည်။ ဧည့်ခန်းထဲရောက်တော့ သခင့်အမူအရာနှင့် အပြုအမူကို သိသည့်ကြောင်က ရေခဲသေတ္တာခံထားသည့် ခုံအောက်သို့ပြေးဝင်သည်။ ကျွန်တော် ကြောင်ကို ဂုတ်မှဆွဲကာ ပြတင်းပေါက်ဖွင့်ပြီး လွှင့်ပစ်လိုက်သည်။
“ တောက် လက်သည်းသွေးစရာရှားလို့၊ နေနှင့်ဦး မနက်ကျမှ သိမယ်…”
အိပ်ယာထဲရောက်သည်အထိ စိတ်တို့က မပြေသေး။ အဲဒီလက်သည်းတွေကို လက်သည်းညှပ်နဲ့ ညှပ်ပစ်ဦးမယ် စသဖြင့် ဒေါသကို အစာကျွေးကာ စိတ်အလိုလိုက်ပြီး တွေးနေမိသည်။ တကယ်တော့ ကျွန်တော် မလုပ်ဖြစ်ဘူးဆိုတာကို သိသည်။ ခွေးလိုက်လို့ အသက်ဘေးပြေးရတဲ့အခါ သူဒုက္ခရောက်မှာကို သိသည်။ အပျော်သဘောဖြင့်ပင် ကြောင်နှုတ်ခမ်းမွေးကို မကိုက်ဖူးခဲ့။ နှုတ်ခမ်းမွေးသည် အပေါက်တွေကို တိုးဝင်ရသည့်အခါ သူတို့၏ကိုယ်တိုင်း မဟုတ်ပါလား။
တဖြည်းဖြည်းနှင့် ဒေါသတို့ ပြေလျော့လာသည့်အချိန်တွင် ငယ်တုန်းကချစ်ခဲ့ဖူးသည့် သတ္တဝါလေးများအကြောင်း စဉ်းစားမိလာသည်။ ဘဝတစ်လျှောက်လုံး ထိတွေ့လာရသည့် သတ္တဝါမှာ ကြောင်ဖြစ်သည်။ ဟိုးတုန်းက ချစ်ခဲ့ဖူးသည့်ကြောင်ကို ယခုအခါ ကျွန်တော် မချစ်နိုင်တော့တာ သေချာသည်။ ဘာ့ကြောင့်ပါလဲ။ ကောင်းကျိုး၊ ဆိုးကျိုးကို ပိုသိလာသောကြောင့်လားဟု စဉ်းစားကြည့်သည်။ မဟုတ်ဘူးဆိုသော အဖြေကိုရသည်။ အရက်သောက်နေ၊ မူးယစ်ဆေးသုံး နေကြသူတွေက ဆိုးကျိုးကို မသိလို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။
ကြောင်တွေကို မချစ်တော့တာ အသက်အရွယ်ကြောင့်များလား။ အသက်ကြီးသူတွေ ထွေးထွေးပိုက်ပိုက်လုပ်နေသည့် ကြောင်ကလေးများ၏ ပုံရိပ်ကိုမြင်ယောင်မိတော့ ထိုအတွေးလည်း မှားသည်ဆိုတာကို သိသည်။
မည်သို့ပင်ဖြစ်စေ ဟိုးငယ်စဉ်ကလေးဘဝက ကြောင်ကလေးနှင့်အတူ ဘာဘူစောင်ခြုံရင်း အိပ်ခဲ့ရသည့် ကျေနပ်မှုမျိုး ပြန်လိုချင်သည်။ စားနေသည့်ပန်းကန်ထဲမှ ဟင်းတုံးချန်ထားတတ်သည့်၊ ချကျွေးတတ်သည့် ရက်ရောမှုမျိုး ပြန်လိုချင်သည်။ ရေကြောက်၍ ဇွတ်ရုန်းနေသည့် ကြောင်ကလေးကို ရေချိုးပေးဖို့ကြိုးစားနေသည့် စိတ်ရှည်သီးခံမှုမျိုး ပြန်လိုချင်သည်။
သောင်းကျော်ပေးရသည့် တရုတ်စောင်ထူကြီးကို ခြုံထားရသော်လည်း ဘာဘူစောင်စုတ်လေးခြုံ ထားစဉ်ကလို နွေးထွေးမှုကို မခံစားရတော့။ စောင်ခြုံထား၍ ပူပြီးအိပ်မပျော်သည်ကိုတော့ သတိထားမိသည်။
“ ဘာလိုသေးလဲ၊ လိုတာထပ်မှာဗျာ…”
သောင်းချီ၊ သိန်းချီရှင်းရသည့် စားသောက်ဝိုင်းများတွင် စားလက်စ ပန်းကန်ထဲက ကိုယ်စားမည့် ဟင်းတုံးကို ကြောင်ကလေး ချကျွေးခဲ့သည့် ခံစားချက်မျိုး၊ စေတနာမျိုး မပါခဲ့ဘူးဆိုတာ သေချာပါသည်။
တွေ့ရမှာကြောက်၍ ရုံးခန်းထဲမှ ထွက်မလာသည့် လူကြီးမင်းကို မတွေ့မချင်းထိုင်စောင့်နေရသည့် စိတ်ရှည်သီးခံမှုမျိုးသည် လက်ရှိအချိန်တွင် ကျွန်တော်ရင်းနှီးကျွမ်းဝင်နေသည့် သီးခံခြင်းတစ်မျိုးဖြစ်သည်။
အချိန်ကာလက တိုက်စားလိုက်သည့်အခါ ပျောက်ဆုံးသွားသည့် အရာတချို့ရှိသည်။ ယခုအခါတွင် ကျွန်တော့်ရင်ထဲမှာ ပျောက်ဆုံးသွားသောအရာသည် ကြောင်ဖြစ်သည်။ ခင်ဗျားရင်ထဲမှာလည်း ကြောင်တစ်ကောင် ပျောက်ဆုံးနေနိုင်ပါသည်။ သို့မဟုတ် ကျွန်တော် ပျောက်ဆုံးသွားသည့် ကြောင်ကလေး ခင်ဗျားရင်ထဲ ရောက်နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
မိတ်ဆွေ ခင်ဗျားရင်ထဲ ကြောင်တစ်ကောင် ရောက်နေပြီဆိုလျှင်တော့ ကျေးဇူးပြု၍ အကြောင်းကြား ပေးစေလိုပါသည်။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
***** ***** *****

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း