စာရေးခြင်း အတတ်ပညာ


စာရေးခြင်း အတတ်ပညာ
စာရေးသူ=မိုးထက်မင်းကဲ

           နေ့တိုင်း စာရေးဖြစ်ဖို့ အလေ့အကျင့် လုပ်ရပါတယ် ။ စာရေးဖို့ ထိုင်လိုက်တိုင်းမှာ ကိုယ်ရေးမယ့် အကြောင်းအရာတွေက စိတ်ကူးထဲမှာ ရှိပြီးသားတွေပါ ။ ဥပမာ … ကလေးဘ၀ ကျောင်းသားဘဝ အကြောင်း ၊ သူငယ်ချင်း မိတ်ဆွေတွေ အကြောင်း ၊ အိမ်တို့ မြို့တို့ စသည်တို့နဲ့ ပတ်သက်ပြီး ကိုယ်ခံစားမိတာလေးတွေကို ရေးသားနိုင်ပါတယ် ။ ကွန်ပျူတာမှာ ရေးသည် ဖြစ်စေ ၊ စာရွက်ပေါ်မှာ ရေးသည်ဖြစ်စေ အဆင်ပြေသလို ရေးထားလိုက်ပါ။
ကိုယ်ရေးမယ့် အကြောင်းအရာကို စဉ်းစားရင်း အချိန် လေးငါးမိနစ်လောက် ကုန်သွားနိုင်ပါတယ် ။ စိတ်အေးအေးထားကာ အသက်ကလေးကို ပုံမှန်ရူရင်း စိတ်ကို လွတ်ပေးထားပါ ။ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေတဲ့ စိတ်က ခဏလောက် အကြာမှာ တစ်စုံတစ်ခု လုပ်ဖို့ သတိပေးတတ်တယ် ။
တနေ့မှာ ကောင်မလေး တစ်ယောက် ကျွန်တော့်ဆိုင်ကို ရောက်လာတယ် ။ သူမကို အရင်က တစ်ခါမှ မတွေ့ဖူးသောကြောင့် သူဘယ်သူလဲ ၊ ဘယ်မှာနေလဲ ၊ ဘာလာလုပ်တာလဲ ဆိုတာလောက်တော့ သိချင်ပေမယ့် ကိုယ်နဲ့က သူငယ်ချင်းလည်း မဟုတ် ၊ အလုပ်ကိစ္စနဲ့လည်း မသက်ဆိုင်တော့ မသိသလို့ဘဲ နေနေပါတယ် ။ သူမ ဆိုင်ထဲကို ရေးကြီးသုတ်ပျာနဲ့ ၀င်လာသလား ၊ အေးအေးဆေးဆေးပဲ ၀င်လာသလားဆိုတာ မမှတ်မိတော့ဘူးလေ ။ အရေးကြီးတယ်ဆိုရင် အလုပ်ကိစ္စကြောင့် ဖြစ်နိုင်ပြီး ၊ အေးဆေးဆိုရင်တော့ တစ်စုံတစ်ယောက်ကို စောင့်မျှော်ရင်း အချိန်လာဖြုန်းတာလား လို့ မှတ်ချက်ချမလို့ပါ ။ ကျွန်တော့် ဆိုင်လေးက အဆင့်မမြင့်ပေမယ့် ၀န်ဆောင်မှုက ကောင်းပါတယ် ။ အဲဒါကို သူမက သဘောကျနှစ်သက်တယ် ထင်ပါရဲ့ ။ သူမ ဆိုင်က မထွက်မှီ ဖုန်းနံပါတ် တောင်းသွားခဲ့ပါတယ် ။ သူမ ဒီဆိုင် ဖုန်းနံပါတ်ကို တောင်းပြီး ဘာများ လုပ်မလို့လဲဆိုတဲ့ ကျွန်တော့်ရဲ့ အံ့သြမှုကို သူမ ရိပ်မိသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ သူမ ထွက်ခွာသွားတယ် ။
ဒီလို စာပိုဒ်မျိုးတွေ ရေးသားနိုင်ပါတယ် ။ ကိုယ်ရေးမယ့်စာရဲ့ အဆုံးသတ်ကို ကြိုတင်သိထားစရာ မလိုပါဘူး ။
အဲသလို စာပိုဒ်တွေ စုပြီး Story တစ်ခု ဖြစ်သွားနိုင်တယ် ။
စာရေးကောင်းခြင်းဆိုတာ အမှန်တွေကို ပြောရဲခြင်းပါပဲ ။ ဘယ်ကစရ မလဲ ၊ ဘယ်လိုရေးရမလဲ ဆိုတာတွေ ဘေးဖယ်ပြီး တစ်ခုခုကို စာရွက်ပေါ်မှာ ချရေးပစ်လိုက်ပါ ။ စာရေးမကောင်းလို့ စိတ်မညစ်ပါနဲ့ ၊ ကိုယ်ရေးထားတဲ့ စာကိုလည်း ဘယ်သူမှ မဖတ်ရသေးဘူးလေ ။ မနက်တိုင်း ၊ နေ့တိုင်း စာရေးတဲ့ အလေ့အကျင့်ကလေး ရပြီးနောက် တစ်ပတ် ၊ တစ်လ ၊ တစ်နှစ် ကြာတဲ့အခါ ကိုယ့်ရဲ့ ကျွမ်းကျင်စွာ စာပေရေးသားနိုင်မှုဟာ တဖြေးဖြေး တိုးတက်လာတယ်ဆိုတာကို သိရှိပါလိမ့်မည် ။ တစ်နေ့ကို နာရီဝက်ပဲ ဖြစ်ဖြစ် ၊ စာတစ်ပိုဒ်ပဲ ဖြစ်ဖြစ် ၊ စာကို နည်းနည်း ရေးလာခဲ့မယ်ဆိုရင် မိုးစက်လေးတွေ ကျတဲ့ရေအိုးလိုပဲ တစ်နေ့တော့ ပြည့်သွားမှာပါနော် ။
ဒီလူ၏ နောက်ကြောင်းရာဇဝင်က လမ်းပေါ်ကလာတယ်လို့ သိရ၏ ။ လမ်းပေါ်ကကောင်လည်း အသဲနဲ့ပါလို့ ပြောချင်နေပုံရသည် ။ ကောင်မလေးတစ်ယောက်ကို မတော်တဆ ချစ်ခဲ့မိပါသည် ဆိုပဲ ။ ဘဝမှာ အသက်ရှင်နေထိုင်ရတာ အရမ်းပင်ပန်းခက်ခဲသောကြောင့် သူသည် ငယ်စဉ်အရွယ် ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်မိတာဖြစ်မည် ။ သူ့အတွက် ကောင်းမွန်တဲ့ အနာဂတ်တွေပျောက်ဆုံး ၊ လူတွေ၏ ယုံကြည်စိတ်ချရမှုတွေလည်းမရရှိနိုင် ၊ အရေးကြီးဖုန်းကောတွေလည်း မလာဘူးတော့ သူဟာ ဘဝအရှုံးသမား – ဘဝကို အရှုံးပေးထားတဲ့သူလား ၊ အရှုံးသမားဘဝ – ဘဝမှာ တစ်ခါမှ အနိုင်မရရှိဘူးတဲ့သူလား ဆိုတာ သူကိုယ်တိုင် ကွဲပြားခြားနားစွာ နားလည်နိုင်စွမ်း မရှိတော့ချေ ။
ကျွန်တော့် ဆိုင်မှ ထွက်လာသော ဖြူဖြူဖွေးဖွေးကောင်မလေးကို လမ်းပေါ်ကကောင်က မတော်တဆ ချစ်သွားမိပါသည် တဲ့ ။ ဒင်းတော့ ရင်ကွဲပတ်လက်ဖြစ်ပြီး သင်္ကျိုင်းကုန်းရောက်မှာ မြင်ရောင်သေး၏ ။
စာရေးတဲ့သူတိုင်း စာဖတ်ကြသည့်အတွက် စာဖတ်ဖို့ ပြောစရာ မလိုဘူးထင်ပါတယ် ။ ကြိုက်တဲ့စာကို ဖတ်ပါ ၊ မှတ်စုကိုလည်း ရေးချင်သလို ရေးပါ ။ ဘောပန် နဲ့ စာရွက်မရှိလည်း ခေါင်းထဲမှာပဲ Save လုပ်ထားပေါ့ ။
စကားလုံးတွေ ဂရုစိုက်ပါ ၊ အသစ်ထွင်လို့ ရပါက ထွင်စေချင်ပါတယ် ။ ဘဝအရှုံးသမား နဲ့ အရှုံးသမားဘဝ အဓိပ္ပာယ် မတူပါဘူး ။ စာကောင်းပေမွန်တွေ ဖတ်ရင်း Writing Skills တွေ ရရှိနိုင်ပါတယ် ။
ကျွန်တော် ကွန်ပျူတာမှာ ဇော်ဂျီဖောင့်သုံးပြီး စာစီစာရိုက်လုပ်သည့် အခါတိုင်း ဤ ၊ ၍ ၊ ၌ တို့ကို ရိုက်ဖို့ လက်ကွက်ကို မေ့နေသောအခါ ဒီ ၊ ပြီး ၊ မှာ တို့ကို အဆင်ပြေသလို အစားထိုးပြီး အသုံးများခဲ့တယ် ။
အကယ်၍ နဲ့ တကယ်လို့ ၊ သို့သော် နဲ့ သို့ရာတွင် ၊ တဖန် နဲ့ တနည်း ၊ တစ်နေ့တစ်၌ နဲ့ တစ်နေ့သောအခါ စသည်တို့မှာ အဓိပ္ပာယ် အတူတူပင် ဖြစ်၏ ။
အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျပန် စတဲ့ နိုင်ငံခြားဘာသာစကား တစ်ခုခု တတ်မြောက်ထားတဲ့
သူတွေဟာ ခေါင်းနှစ်လုံးရှိသူတွေနဲ့ တူပါတယ် ။ တနည်း ဦးနှောက်နှစ်လုံးရှိသူတွေပေါ့ ။
ဘာသာပြန်စာပေတွေကို ဖတ်မယ်ဆိုရင်လည်း ထိုနည်း၎င်း အကျိုးရှိနိုင်ပါတယ် ။
ကိုယ်ရေးခဲ့ပြီးသော စာများကိုလည်း နောက် ခြောက်လ ၊ တစ်နှစ်လောက် ကြာရင် ပြန်ဖတ်ကြည့်ပါ ။ ဘယ်လို ခံစားရမလဲ ၊ ဘာတွေရေးထားမှန်းလည်း မသိ ၊ အဓိပ္ပယ်လည်း နားမလည် ၊ ရှင်းလင်းမှုလည်း မရှိ စတဲ့ အားနည်းချက်များကို မြင်တွေ့ပါလိမ့်မယ် ။ စာရေးသားမှုပိုင်းမှာလည်း စကားလုံးတွေ ထပ်နေတာ ၊ ၀ါကျတည်ဆောက်ပုံတွေ မှားနေတာ ၊ ခံစားမှုရသတွေကို အပြည့်အဝ ထုတ်ဖော်မရေးသားနိုင်တာ စသည်တို့ကို နားလည်သဘောပေါက်လာမှာပါ ။ အမှားတွေကို သိရှိပြီဆိုရင်လည်း အမှန်တွေ ရေးလာနိုင်ဖို့ သတိကပ်လို့ ရလာပါပြီ ။
မေးခွန်းတွေ ထုတ်ပြီး မေးကြည့်ပါ ၊ ငါဘာတွေ ရေးမလဲ ၊ ဘာအကြောင်းအရာတွေကို စိတ်ဝင်စားလဲပေါ့ ။
အဲဒိမေးခွန်းတွေရဲ့ အဖြေဟာ သင့် ဦးနှောက်ထဲမှာပဲ ရှိပါတယ် ။

Credit:
https://nitikiti.wordpress.com
Photo:Shwe Ei

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း