အိမ်ပြန်ကြစို့ သူငယ်ချင်း



အိမ်ပြန်ကြစို့ သူငယ်ချင်း

မုဆိုးလား သားကောင်လား
မင်းဘာကောင်လဲ ငါဘာကောင်လဲ
နီသလား စိမ်းသလား
ငါတို့နဲ့ မတူတော့ ရန်သူပေါ့
တချို့ကတော့
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြပါစို့ ...။
ဥယျာဉ်မှူးက ပန်းတွေစိုက်တယ်
ကဗျာဆရာက ကဗျာရေးတယ်
စာရေးသူက စာတွေရေးတယ်
ကလောင်ကိုသွေးတယ်
စုတ်တံဆိုတာ ဆေးခြယ်သူအတွက်
သေနတ်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့
စစ်သားတစ်ယောက်ရဲ့ အနုပညာ
ခင်ဗျားလက်ထဲ ကိုင်ထားတဲ့ အရာ
ဘာ့အတွက်လဲ...။
လွှတ်ချသင့်တဲ့အရာတွေ
လွှတ်မချခဲ့ကြတော့
အိမ်အပြန်ခရီးဟာ လေးလွန်းတယ်
ဘယ်သူ့အတွက် ဘယ်သူ့ကြောင့်နဲ့
စဉ်းစားရင်းနဲ့ နေညိုသွားတော့
အိမ်ပြန်ဖို့အတွက် ဝေးလွန်းတယ်...။
ပြန်လာမှ ရေလောင်းခံရမယ့်
ပန်းတစ်ခင်း ရှိတယ်
ပြန်လာမှ လက်စုံစားမယ့်
ထမင်းဝိုင်းလေးလည်း ရှိတယ်
ခင်ဗျားမှာ...
ဖိုးခွား စာကျက်သံကို နားထောင်ပေးဖို့
တာဝန်တွေလည်း ရှိတယ်...
ကျွန်တော့်မှာ...
ဖိုးသား စာအံသံကို နားထောင်ရမယ့်
တာဝန်လေးလည်း ရှိတယ်...
သာနေတဲ့ လရောင်အောက်မှာ
မိသားစုကို ပြောပြဖို့အတွက်
ပုံပြင်တွေလည်း ကိုယ်စီရှိတယ်...။
ခု နေညိုသွားပြီ
မမှောင်ခင်
အိမ်ပြန်ကြစို့ သူငယ်ချင်း...။ ။
ရှဥ့်ညိုလေး
(https://shintnyolay.blogspot.com)
(၃.၁၀.၂၀၁၆ မနက် ၈း၂၅ မိနစ်)


(PS: ဆရာမောင်ပိုင်(လေးမျက်နှာ)၏ အိမ်ပြန်ကြမယ် သူငယ်ချင်းဆိုသော အက်ဆေးတစ်ပုဒ်၏ ခေါင်းစဉ်ကို သဘောကျ၍ ယူသုံးထားပါသည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း