ကြောင်ကလေးဖြစ်ဖို့ ကြိုးစားဖူးတဲ့ ရှဥ့်

ကြောင်ကလေးဖြစ်ဖို့ ကြိုးစားဖူးတဲ့ ရှဥ့်

                အပျိုကြီးဆိုတာ အပျိုကြီး အခေါ်မခံရမှာ အကြောက်ဆုံးပါ...။ အစတော့ သဘောမကျသလိုလိုနဲ့ နှုတ်ခမ်းစူမယ်၊ မျက်စောင်းထိုးမယ်။ နောက်တော့ အပျိုကြီးဆိုတဲ့ အာလုတ်စကား မကြားရဘဲ နာမည်ခေါ်ပြောရင်ကို တစ်ခုခုလိုသလိုကို ဖြစ်လို့။
ဆရာတွေကလည်း ဆရာအခေါ်မခံရမှာ အကြောက်ဆုံး ထင်ပါတယ်...
ဒါ့ကြောင့် ဆရာတို့က...ဆရာတို့ကနဲ့ စကားထဲ ထည့်ထည့်ပြောတာပေါ့...
ကိုယ့်မှာ သူတို့တွေနဲ့ စကားပြောမိရင် အလိုလိုကို တပည့်ဖြစ်လို့...
ကိုယ့်ထက် ရက်ပိုင်းငယ်တဲ့ တစ်ယောက်က ကိုယ့်မွေးနေ့ မသိခင်တုန်းက သားလို့ ခေါ်တာခံခဲ့ရဖူးတယ်...(ဘွဲ့ထူးဂုဏ်ထူးတွေနဲ့သူမို့ လေးစားစေချင်လို့ယူဆပြီး ကိုယ့်ကိစ္စအောင်မြင်စေရေး ရှေးရှုခဲ့ပါတယ်။ ငယ်တုန်းကဆိုဘယ်ရမလဲ...နားရွက် တံတွေးဆွတ်ပြီး နဘမ်းလုံးပစ်မှာ)
ကျွန်တော် မခံချင်ဆုံးက တက္ကသိုလ်တုန်းက ကျွန်တော်ပိုးခဲ့ဖူးတဲ့ မမကြီးက သားတဲ့။ သူက ကျူရှင်ဖွင့်နေတဲ့ အပြင် ဆရာမပေါ့။ သူသင်နေတဲ့ ကိုးတန်း၊ ဆယ်တန်းကလေးတွေနဲ့ မှားစရာလားဗျာ။သံယောဇဉ်လက်ကျန်လေးနဲ့မို့ သီးခံခဲ့ပါတယ်။
" သား...အဆင်ပြေရဲ့လား..."
ကျွန်တော် ဖြတ်ခနဲ မျက်လုံးလှန် ကြည့်လိုက်တယ်။ သူလည်း စကားမှားသွားတာသိတယ်။ ဆရာမဆိုတော့ မှင်ကောင်းတယ်။ ခပ်တည်တည်နဲ့ စကားလွှဲတယ်။
" သား..အဲလေ.. မောင်လေး ခုဘာတွေလုပ်နေလဲ..."
ခက်တယ်။ ခက်တယ်။ ဟိုတုန်းက ခေါ်သလို "မ"လို့လည်း ခေါ်လို့က မသင့်။ အနားမှာက သူ့တပည့်လေးတွေနဲ့ဆိုတော့။ အပျိုကြီး မမကိုလည်း ဆရာမလို့ မခေါ်ချင်။ အဲဒါနဲ့ စကားမြန်မြန်ဖြတ်ပြီး ပြန်ခဲ့တော့တယ်။ ဖီလင်ကို ငုပ်လိုက်တာလေ။ ဟိုးတုန်းကသာ မမကြီးရဲ့ ကြောင်လေးဖြစ်ချင်ခဲ့တာ။ ခုမှတော့ ကျောသပ် မခံချင်တော့ဘူးရယ်။ ကျောသပ်ခံလို့လည်း မရတော့ဘူးလေ။ အိမ်က မမက ရှဥ့်သော၊ စာကလေးရော ဘာမှချန်မှာမဟုတ်ဘူး။ အကုန်လုံး အမွေးနုတ်ပစ်မှာသေချာတယ်။ (စကားချပ်...ကျွန်တော်က အိမ်ကိုကြောက်ရတယ်ခင်ည)
အပျိုကြီး မမများ ဂွကျတယ်။ ဆရာမ ဆိုတော့ ပိုဆိုးတာပေါ့။ ခုတော့ သူလည်း အိမ်ထောင်ကျလို့ သားတွဲလဲ ဖြစ်နေပြီကြားတယ်။ အိမ်က စည်ပိုင်းလေး ဝ-လှပြီ အောက်မေ့နေတာ ပေပါကြီးဖြစ်နေတဲ့ သူ့တွေမှ ကိုယ့်ကံဘယ်လောက်ကောင်းတယ်ဆိုတာ သိရတော့တယ်။ ဟိုးတုန်းကတော့ သူလာနိုင်မယ့်လမ်း စောင့်ခဲ့ဖူးတဲ့ကျွန်တော် ခုလမ်းမှာ မတော်တဆ ဆုံရင်တောင် မမြင်ချင်ယောင်ဆောင်လို့...။ တစ်ခါတစ်ခါ အဝေးကများ ပေပါကြီးလိမ့်လာတာမြင်ရင် သူမှတ်ပြီး ဟိုလမ်းချိုး သည်လမ်းကွေ့နဲ့ ရှောင်ရတာ အမော။ ရေစက်များ ဆုံပုံပြောပါတယ်။ သူ့ရဲ့ ဆယ်တန်းတပည့်လေးတစ်ယောက်နဲ့ ဌာနတစ်ခုအောက်မှာ အလုပ်လုပ်ရပြန်ရော။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ညီမတွေကို အဲဒီ ငတိက သမီး၊ သမီးနဲ့ခေါ်တော့ ကိုယ်ဖြင့် အူယားလိုက်တာ။ ကိုယ့်ကိုယ်တောင်မှ သူ့ထက်ငယ်တယ်ထင်နေသေးလို့ ညီလေး၊ ဘာညာခေါ်လိုက်သေးတယ်။ အသက်သိသွားမှ အစ်ကိုကြီးဖြစ်သွားတာ။ ကိုယ်လဲ ပြောရဲဖူး။ သူ့ဆရာမဟာ ကိုယ်ပိုးဖူးခဲ့တဲ့ အပျိုကြီးဆိုတာကိုလေ...။ ခုတော့ ဟိုးတုန်းကအကြောင်းပြန်တွေးရင် လွမ်းစရာလေးတွေကို ဖြစ်လို့...။


ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/htooaungwintt/?ref=settings

(PS: ပေါက်တတ်ကရရေးထားခြင်းသာ ဖြစ်ပါသည်။ အမှန်ဟုယူဆပါက ငြင်းမည်မဟုတ်သလို လျှောက်ရေးထားတာပါဟု စွပ်စွဲလျှင်လည်း ပြုံးနေမည့်သူ ဖြစ်ပါသည်။)


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း