ဒီနေ့ခေတ်စာပေတွေထဲကရသကိုးပါး


ဒီနေ့ခေတ်စာပေတွေထဲကရသကိုးပါး
ဖြူဖြူဝင်း(မြန်မာစာ)


               “ရသ” ဆိုတဲ့ စကားလုံးလေးရဲ့ မူရင်းက သက္ကတဘာသာစကားပါ။ အဲဒါကိုပဲ မြန်မာတွေက စာပေလောကမှာ ပြောဆိုယူငင်သုံးစွဲကြရာက မြန်မာစကားလုံး ဖြစ်လာရတာပါ။
မြန်မာတို့ နားလည် ကြတာကတော့ “အလွမ်း၊ အဆွေး၊ အသော” ဖြစ်တယ်လို့ ဆရာဇော်ဂျီက လွယ်လွယ်လေးနဲ့ဖွင့်ဆိုထားပါတယ်။

မူရင်းသက္ကတစာပေမှာတော့ “ရသ” ကို သတိ- ရှိမှု ၊ စိတ်-သိမှု ၊ အာနန္ဒ- နှစ်သက်မှု ရယ်လို့ ဆရာကြီးဦးရွှေအောင်က ရှင်းလင်းပြထားပါတယ်။
အနုပညာခံစားမှုတစ်ခုခုကြောင့် ရှုမြင်ရသူ၊ ဖတ်ရှုရသူ၊ ကြားနာသူတွေရဲ့ စိတ်ထဲမှာခံစားမှု
တစ်ခုခု ပေါ်ထွက်လာရခြင်းနဲ့အတူ နှစ်သက်ကျေနပ်ခြင်း ဖြစ်လာတာကို “ရသမြောက်တယ်”
လို့ ဆိုကြပါတယ်။
ဒီလိုရသဝါဒနဲ့သဘောတရားကိုစတင်ဖော်ထုတ်ခဲ့တဲ့ပညာရှိကတော့နစ္စသတ္ထ(အကပညာ)
ကျမ်းကို စီရင်တဲ့ ဘရတမုနိဖြစ်ပါတယ်။
သူက “ဝိဘာဝ၊ အနုဘာဝ၊ ဗျာဘိစာရီဘာဝတို့၏ ပေါင်းစပ်မှုကြောင့် ရသသည်
ဖြစ်ပေါ် လာရသည်” လို့ ဝိဘာဝါနုဘာဝ ဗျာဘိစာရီသံယောဂါ ရသနိပ္ဖတ္တိသုတ်ထဲမှာ
ဖွင့်ဆိုပြခဲ့တာပါ။
ဒါကိုအခြေခံပြီး သက္ကတစာပေတတ် မြန်မာပညာရှင်တွေက မြန်မာဘာသာစကားနဲ့ မြန်မာတွေ
နားလည်အောင် ရှင်းလင်းဖွင့်ဆိုကြရာက ဒီနေ့ခေတ်မှာဆို ရသစာပေ၊ ရသမြောက်မှု၊ ရသ
ပညာ၊ ရသသဘောတရား၊ ရသကိုးပါး စတာတွေကို ရေးသားကြတဲ့စာပေ၊ ဖျော်ဖြေကြတဲ့
ပြဇာတ်၊ ရုပ်ရှင်၊ တေးသီချင်း၊ ပြသကြတဲ့ ပန်းချီ၊ ဓာတ်ပုံတွေကိုကြည့်ရှုခံစားပြီး ပြောဆိုအသုံး
ပြုနေကြပါပြီ။
စာပေဖန်တီးမှု အနုသုခုမပညာရပ်တွေရဲ့ အလှဖြစ်တဲ့ “ရသ”ဟာ ၉ပါးရှိပါတယ်။
ခက်ခဲနက်နဲလှတဲ့ သက္ကတဘာသာသုဗောဓာလင်္ကာရကျမ်းက ရသကိုးပါးရဲ့သဘောကို လွယ်ကူ
သဘောပေါက်အောင် မြန်မာမှုပြုခွဲခြမ်းစိတ်ဖြာ ပြခဲ့တဲ့ပညာရှင်ကတော့ ဆရာဇော်ဂျီပါ။
ဆရာဇော်ဂျီက“အလွမ်း၊ အဆွေး၊ အသော” ရယ်လို့ ဦးစွာယေဘုယျ မြန်မာမှုပြုပြီး အလွမ်းရသမှာ
သိင်္ဂါရ ရသ၊ အဗ္ဘုတ ရသ၊ ဝီရ ရသ၊ သန္တ ရသ ဆိုတဲ့ ရသလေးမျိုးအကျုံးဝင်
ကြောင်း၊
အဆွေးရသမှာတော့
ဘယာနက ရသ၊ ရုဒ္ဒ ရသ၊ ဝိဘစ္ဆ ရသနဲ့ ကရုဏာ ရသ လေးမျိုး
သတ်မှတ်ကြောင်း၊
အသောရသကတော့
ဟာသ ရသ ဆိုပြီး ရသကိုးပါးကို ထပ်မံစိတ်ဖြာပြခဲ့
ပါတယ်။ ခေတ်စမ်းစာပေဖန်တီးရှင်တယောက်ဖြစ်တဲ့ ဆရာဇော်ဂျီဟာ ရသကိုးပါးရဲ့ သဘောသ
ဘာဝတွေကို သူ့ခေတ်က စာပေတွေ၊ အနုပညာဖျော်ဖြေမှုတွေနဲ့ တခမ်းတနားဝေဝေဆာဆာ
သက်သေသာဓကပြပြီး ရှင်းလင်းဖွင့်ဆိုခဲ့ပါတယ်။
ဒီနေ့ခေတ် ၂၁ရာစုကို တချို့ကပြောဆိုနေကြတာကတော့ “သတင်းခေတ်” ပါတဲ့။ တချို့ကတော့ “ပညာခေတ်”“နည်းပညာခေတ်” တဲ့။
စာပေပညာရှင်တချို့ကတော့ ရသစာပေတိမ်ကော ပျောက်ကွယ်တော့မတဲ့။ တချို့ကတော့ရှိကို
မရှိတော့ဘူးတဲ့။
သတင်းတွေ၊ အချက်အလက်တွေ၊ သုတအသိပညာတွေကိုအခြေခံတဲ့ နည်းပညာတွေသာတနေ့
တခြားဖွံ့ဖြိုးတိုးတက်များပြားလာနေပြီး လူတို့ရဲ့စိတ်နှလုံးနူးညံ့ပျော့ပြောင်းစေမယ့် စိတ်ခံစားမှု
ဆိုင်ရာရသတွေဟာ အရာတိုင်းမှာ ပျောက်ကွယ်လုနီးဖြစ်နေပြီဆိုပြီး စိုးရိမ်တကြီးဖြစ်နေသူတွေ
လည်းတွေ့လာရပါတယ်။ စာရေးသူအနေနဲ့ကတော့ စိတ်မပူပါဘူး။ စိုးရိမ်စရာလို့လည်း မမြင်မိ
ပါဘူး။ ဘာလို့ဆို ဒီခေတ်မှာ အချက်အလက်ကိုအခြေခံတဲ့ စာပေတွေ ပညာရပ်တွေ အရှိန်အ
ဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေသလို လက်တကမ်းမှာ တွေ့မြင်နေနိုင်တဲ့ အနုသုခုမပညာရပ်တွေ၊
ဖျော်ဖြေမှုတွေ၊ စာပေမျိုးစုံတွေမှာလည်း ရသမြောက်တာတွေကို လှိုင်လှိုင်လေး ဖောဖောသီသီ
လေး တွေ့နေရလို့ပေါ့။ အခုဒီဆောင်းပါးလေးမှာ အနုပညာနယ်ပယ်အစုံကို သတ်မှတ်ထားတဲ့
ရသကိုးပါးနဲ့ချိန်ထိုးသာဓကပြဖို့ရာက စာရေးသူအနေနဲ့ လက်လှမ်းမမီလို့ လက်လှမ်းမီတဲ့စာပေ
တစ်ခုတည်းနဲ့ဘဲ ချိန်ထိုးသာဓကပြသွားပါရစေ။
နည်းပညာခေတ်ကြီးထဲက မြန်မာစာပေအမျိုးအစားတွေ
၂၁ရာစုနည်းပညာခေတ်ကြီးထဲမှာ အစဉ်အဆက်ကြိုးပမ်းခဲ့ကြတဲ့ သမားရိုးကျပုံနှိပ်ထုတ်ဝေတဲ့
မဂ္ဂဇင်း၊ ဂျာနယ်သတင်းစာ၊ စာစောင်၊ ဝတ္ထု၊ ကဗျာ စတဲ့စာအုပ်ပုံစံတွေအဖြစ်သာမကတော့ဘူး
ကွန်ပျူတာနည်းပညာတွေနဲ့ ထုတ်လုပ်လာနိုင်တဲ့ ကွန်ပျူတာစီဒီရွမ်တွေ၊ ဒစ်စကပ်တွေ၊ စကင်
နာတွေနဲ့လည်း စာအုပ်တွေ စာမူ ဆောင်းပါး အချက်လက်တွေကိုဖတ်ရှုလာနိုင်ကြပါပြီ။ ဒါ့အပြင် အင်တာနက်တစ်ခေတ်ဆန်းလာပြန်တော့ အင်တာနက်နည်းပညာရဲ့နောက်ဆက်တွဲ စာပေ၊
ဘာသာစကား၊ အနုပညာဆိုင်ရာ ကွန်ယက် ဝက်ဘ်ဆိုက်တွေလည်း အမြောက်အမြားပေါ်
ပေါက်လာရပြန်တယ်။
နောက်တခါ နည်းပညာတွေ ထပ်ဆင့်တိုးတက်လာပြန်တော့ ဘာသာစကားအမျိုးမျိုးကိုအသုံး
ပြုပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ၊ ဘလော့တွေပါ ပေါ်လာနေပေပြီ။ တချို့အစဉ်အလာ နည်း
ပညာတွေထဲမှာဘဲ နစ်မြုပ်နေကြတဲ့ ပညာရှင် တချို့ကတော့ဘလော့တို့ အင်တာနက်တို့ဆို
တာတွေကို ကိုယ်တိုင်လက်တွေ့သုံးမကြည့်ပါဘဲ ဒါတွေဟာ ရသခေါင်းပါးစေတယ်၊အချက်
အလက်တွေ ရဖို့အတွက်သာ အသုံးဝင်တယ်၊ စိတ်ခံစားချက်တွေပျောက်ဆုံးနေတယ်၊ စာပေ
တန်းမဝင်ဘူး၊ရသမမြောက်ဘူး အစရှိသည်ဖြင့် ဝေဖန်နေကြတာကိုလည်း တွေ့နေကြားနေ
ရပါတယ်။
ဒီနေ့ခေတ်စာပေတွေထဲက ရသမြောက်တဲ့အဖွဲ့များ
ဒီနေ့ခေတ်စာပေတွေထဲက ရသမြောက်တဲ့အဖွဲ့များကို ထုတ်နုတ်ကိုးကားပြရာမှာ ဒီဘက်ခေတ်
၂၀၀၀ပြည့်လွန်က စာပေတွေကိုဘဲ ရွေးခြယ်ထုတ်နုတ်တင်ပြပါရစေ။
အနုပညာရဲ့သဘောတရားကိုက စိတ်ခံစားမှုမပါဘဲ ဖြစ်မြောက်လာရိုးထုံးစံမရှိတာက သဘာဝပါ။
အနုပညာကိုဖန်တီးတဲ့စာရေးဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆို
တော်၊ ပန်းချီဆရာ၊ ဓာတ်ပုံဆရာစတဲ့ သူတွေမှာလည်း သူတို့ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုခု
ဟာ စိတ်ခံစားမှုတစ်မျိုးမျိုးနဲ့အတူ ပေါ်ပေါက်လာကြမြဲပါ။
ဒါကြောင့် ကျမ်းဂန်ထဲကပညာရှင်တွေသတ်မှတ်ထားတဲ့ ရသကိုးပါးဆိုတဲ့အထဲက တစ်ပါးပါးက
တော့ သူတို့အနုပညာတွေထဲမှာ ကပ်ငြိလာတော့တာပေါ့။
အတင်အပြကောင်းရင်ကောင်းသလို၊ လိမ္မာပါးနပ်ရင်ပါးနပ်သလို၊ ပါရမီထူးရင်ထူးသလို ကိုယ်
ဖန်တီးပြလိုက်တဲ့ အနုပညာကိုရှုမြင်သုံးသပ်သူတွေ ကြည့်ရှုသူတွေကိုလည်း ကူးစက်ပြီးလွှမ်းမိုး
ခံစားသွားစေတတ်တာကလည်း ရသမြောက်ခြင်းပါဘဲ။
ရသစာပေပျောက်ကွယ်လုနီးဖြစ်နေပြီလို့ စိုးရိမ်တကြီးဆွေးနွေးနေကြတဲ့ အင်တာဗျူးတွေကို
ဖော်ပြထားတဲ့ ဒီနေ့ခေတ် မဂ္ဂဇင်းတွေရဲ့ ခေါင်းစီးမှာကိုက “ရသစုံမဂ္ဂဇင်း”“ရုပ်စုံမဂ္ဂဇင်း”ရယ်
လို့ အထင်းသားကြီးဖော်ပြထားကြပြန်တော့ စာဖတ်သူတွေအတွက် မျက်စိလည်ချင်စရာတောင်
ဖြစ်နေရပါတယ်။
အဲဒီအထဲမှာပါတဲ့ စာပေအမျိုးအစားတွေကြည့်ပြန်ရင်လည်း အစဉ်အလာကရှိခဲ့တဲ့ ဝတ္ထုရှည်၊
ဝတ္ထုတို၊ အခန်းဆက်ဝတ္ထုရှည်၊ ဆောင်းပါး၊ ကဗျာ စတာတွေသာမက ရသစာတမ်း အက်ဆေး၊
သရော်စာ၊ ကာတွန်း၊ ဖြတ်သန်းမှုအတွေ့အကြုံ၊ အင်တာဗျူး၊ ခရီးသွားဆောင်းပါးအစရှိတဲ့
စာပေ ပုံသဏ္ဌာန်တွေပါရှင်သန်ဖွံ့ထွားနေဆဲဖြစ်တာကိုတွေ့ကြရမှာပါ။
ဒါ့အပြင်နိုင်ငံခြားသတင်းအချက်အလက်တစ်ခုကို ဘာသာပြန်တင်ပြထားတဲ့အချက်အလက်ပေး
သတင်းမှတ်တမ်းတွေမှာလည်း ဘာသာပြန်တင်ပြသူတွေရဲ့ လိမ္မာပါးနပ်မှု၊ ဘာသာစကားပရိ
ယာယ်ကြွယ်ဝမှုစသည်တို့ကြောင့် ဖတ်ရှုသူမှာ ရသတစ်ခုခု ခံစားကျန်ရစ်ရတာတွေတောင်ရှိပါ
တယ်။

ရသ တစ်- “သိင်္ဂါရ ရသ”

ကျမ်းဂန်တွေရဲ့အဆိုအရ “သိင်္ဂါရရသ” ဆိုတာဟာ ယောင်္ကျား မိန်းမတို့ရဲ့ တစ်ထောင့်ငါးရာ
ချစ်ခြင်း မေတ္တာဆိုင်ရာ ချစ်ကြိုက်ခန်းကိုရေးပြထားလို့ စာဖတ်သူရဲ့စိတ်ထဲမှာကြည်နူးနေလျက်
နှစ်သက်ခြင်းသဘော ဖြစ်ပေါ်ခံစားလာရတာဟာ သိင်္ဂါရ ရသမြောက်ခြင်းပါပဲ။
ဒီလို သိင်္ဂါရရသမြောက်စေတဲ့ စာတွေဒီနေ့ခေတ်မှာက အများကြီးပါ။
“မန္တလေးမြို့နှစ်၁၅၀ပြည့်အမှတ်တရ” လို့ခေါင်းစီးထိုးထားတဲ့ မိုးနီလွင်ရဲ့ “မမေ့မယ့်----မိုး”လုံးချင်းဝတ္ထုလေး ဆိုရင် စာဖတ်သူတို့အတွက် သိင်္ဂါရရသတွေ ကူးစက်ခံစား ရစေတဲ့ ဝတ္ထုလေးပေါ့။
ဇာတ်လမ်းလေးက အရာရာပြည့်စုံ၊ မိဘစုံရှိပေမယ့်မိသားစုဘဝကိုမပိုင်ဆိုင်ရတဲ့ ရန်ကုန်သူ
သူဌေးသမီးလေးနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လက်ရှိဘဝကို ပျော်အောင်နေ၊
ပတ်ဝန်းကျင်အတွက် ကိုယ်တတ်နိုင်သလောက် အကျိုးရှိအောင်လုပ်ပေးနေတဲ့ မန္တလေးသား
တစ်ယောက်ရဲ့ အမှတ်မထင်ဆုံခဲ့ချစ်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သာမာန်တွေ့ဆုံကြုံကွဲ
ဇာတ်လမ်းလေးတစ်ပုဒ်ကို စာရေးသူက စိတ်ခံစားမှုနဲ့ဈာန်ဝင်ပြီးရေးသားလို့ထင်ပါရဲ့။
“သူက တံခါးကိုဆောင့်ပိတ်လိုက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး မိုးစက်မိုးပေါက်တွေ
သည်းသည်းမည်းမည်း ရွာချလိုက်ပါသည်။ ကားခေါင်မိုးပေါ် မိုးစက်တွေခပ်သဲသဲရွာချ
လိုက်သံ။
ကားရှေ့လေကာမှန်မှာ မိုးရေစက်တွေ မြင်ကွင်းတစ်ခုလုံး ဝေဝါးအောင် စီးကျလျှော
ဆင်း ----ကားထဲမှာတော့ သူမတို့နှစ်ယောက်--။
အသက်ခပ်ပြင်းပြင်း ရှူသံတွေကိုယ်စီနဲ့ စကားသံတွေကတော့ တိတ်ဆိတ်ခြောက်သွေ့
လို့။ အရုဏ်ဦးအလင်းရောင် ကောင်းစွာမပီပြင်သေးခင် မိုတွေ မည်းမှောင်ကာသည်း
သည်းမည်းမည်း ရွာချလိုက်သောမိုးကြောင့် ကားထဲမှာလည်းမည်းမှောင်နေပါသည်။
သူ့မျက်နှာပေါ်က အရိပ်ကို သူမကွဲပြားစွာ မမြင်ရချေ။
သူမကိုလည်း အရိပ်တစ်ခုလောက်သာ သူမြင်နေရပါလိမ့်မည်။ သူ----ဘာစကား
ပြောမှာလဲ ဟု သူမ မတွေးတတ်ဘဲစာင့်စားနေစဉ် သူကပြောချလိုက်သည်။
“လေချို့ကို ကျွန်တော်ချစ်တယ်”
လျှပ်ပြက်သည့်ခဏမှာ သူ့မျက်နှာကို ဖျတ်ကနဲသူမလှမ်းတွေ့သည်။ သူ့မျက်လုံးတွေက
သူမဆီ စူးစူးနစ်နစ် ငေးစိုက်ကြည့်နေပါသည်”
[စာ- ၁၅၂,၁၅၃]
ဆိုတဲ့အဖွဲ့လေးက စာဖတ်သူတွေကို သိင်္ဂါရရသ ကူးစက်ခံစားရစေပါတယ်။ ဒါပေမယ့် လက်မ
ထပ်ရသေးဘဲ အတူနေတာမျိုး၊လွန်ကြူးတာမျိုး စတဲ့ တဏှာချစ်ကိုရေးပြထားတာမဟုတ်ဘဲ
ဖြူဖြူစင်စင်လေးနဲ့ သူ့အလို ကိုယ့်အလိုတွေကို ဖြည့်ဆည်းပေးနေကြတဲ့ ချစ်သူနှစ်ဦးရဲ့မေတ္တာ
တွေကို ဖွဲ့ပြထားတဲ့ အချစ်သန့်သန့်ဝတ္ထုလေးတစ်ပုဒ်ပါ။ စာရေးသူရဲ့ စာပြီးနှစ်ကိုကြည့်လိုက်
တော့ ဇန်နဝါရီလ၁၅ရက် ၂၀၀၉ခုနှစ် နံနက်တစ်နာရီဆယ့်ငါးမိနစ်တဲ့။ ၂၀၀၉အထိ ရသတွေ
မပျောက်ဆုံးသေးဘူးဆိုတဲ့ သက်သေတစ်ခုပေါ့။


“ရသ နှစ်- အဗ္ဘုတ ရသ”

အံ့သြစရာအဖြစ်ကို ရေးပြထားလို့ စာဖတ်သူရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ အံ့သြနေလျက်နဲ့ နှစ်သက် ခြင်းသဘောခံစားလာရစေတာကို“အဗ္ဘုတ ရသ” မြောက်တယ်လို့ ဆိုပါတယ်။ အဗ္ဘုတရသမြောက်စေတဲ့ အဖွဲ့တွေကိုလည်း ဒီနေ့ခေတ်စာပေတွေမှာ အများကြီး တွေ့နိုင်တာ
ပေါ့။
ဝတ္ထု၊ ကဗျာတွေထဲမှာပဲ အဗ္ဘုတရသမြောက်တာကို တွေ့နိုင်တာမဟုတ်ပါဘူး။ အချို့အချက်
အလက်ပေးတဲ့ သုတပေးတဲ့ဆောင်းပါးတွေထဲမှာလည်း တွေ့နိုင်ပါတယ်။
“၁၉၆၀နဲ့၇၀နှစ်များဆီက ဗီယက်နမ်စစ်အတွင်းမှာ မြောက်ဗီယက်နမ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက တစ်ကမ္ဘာလုံးမှာကြဲချခဲ့တဲ့ ဗုံးထက်များတဲ့ ဗုံးကြဲခြင်းခံခဲ့ရပါ
တယ်။
၁၉၇၅ခု ဗီယက်နမ်စစ်ပြီးတဲ့အခါမှာ တောင်ဗီယက်နမ်တစ်ခုတည်းမှာကိုပဲ ပြည်သူ
ဆယ်သန်းဟာ ခိုကိုးရာမဲ့ ဒုက္ခသည်များဖြစ်ခဲ့ရတယ်။ လူ ၃၆၂၀၀၀ မသန်'မစွမ်း
ဒုက္ခိတဘဝကို ရောက်ခဲ့ရတယ်။ မိန်းမတစ်သန်း မုဆိုးမဖြစ်ကျန်ရစ်ခဲ့ရတယ်။ မိဘမဲ့
ကလေး ၈၈၀၀၀၀ ကျန်ခဲ့တယ်။ လူ ၂၅၀၀၀၀ဆေးစွဲနေပြီး မိန်းမငယ် ၃၀၀၀၀၀
ကျော် ပြည့်တန်ဆာ ဖြစ်ကျန်ခဲ့တယ်။ လူသုံးသန်းက ဘာအလုပ်အကိုင်မှ မရှိဘူး။
ရွာအားလုံးရဲ့သုံးပုံနှစ်ပုံဟာ ပြာပုံဖြစ်ပြီး သစ်တောဧက၁၂သန်းခွဲဟာ ပျက်စီးတော
တုံးခဲ့ရတယ်။
အဲဒီအခြေနေကနေပြီးတော့ နှစ်သုံးဆယ်ကျော်ကာလမှာ စာတတ်သူဦးရေနှုန်းအမြင့်
ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး လူဦးရေအားလုံးရဲ့ ၂၀ရာခိုင်နှုန်းသာ ဆင်းရဲမွဲတေတဲ့
ဘဝမှာကျန်တော့တယ်။ ၇၅ရာခိုင်နှုန်းရှိတဲ့ ကျေးလက်နေပြည်သူများအပါအဝင် အား
လုံးအတွက် တတ်နိုင်သမျှတပြေးညီအောင်ကြိုးစားရင်း ဒီလိုမြင့်မားတဲ့လူသားအရင်း
အမြစ် ပြန်လည်ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်ခြင်းဟာ ဒဏ္ဍာရီထဲမှာပါတဲ့ မီးလောင်ပြီး
နောက် ပြန်မွေးလာတဲ့ နတ်ငှက်သဖွယ်ပါပဲလို့ ဆိုပါရစေ”
[ရနံ့သစ်၊ အမှတ် ၇၊ ဇူလိုင် ၂၀၀၉၊ စာ-၁၆၀]
ဒါလေးကိုဖတ်လိုက်ရတာနဲ့ စာရှုသူမှာ အံ့သြနေလျက်နဲ့ နှစ်သက်ခြင်းသဘော အမှန်တကယ်ကို
ခံစားလာရစေပါတယ်။ သုတဆောင်းပါးအနေနဲ့ တင်ပြခဲ့ပေမယ့် အဗ္ဘုတရသ မြောက်စေတဲ့ ရသအရေးအသားလေးလို့ဆိုရမှာပါ။


“ရသ သုံး-ဝီရ ရသ”

စိတ်တက်ကြွစရာ၊ ရဲရင့်စရာအဖြစ်ကို ဖွဲ့ပြရေးပြလို့ ဖတ်ရှုသူရဲ့စိတ်ထဲမှာပေါ်လာတဲ့ တက်ကြွ
ရဲရင့်နေလျက်က နှစ်သက်ခြင်းသဘောဟာ ဝီရရသမြောက်စေတဲ့အဖွဲ့လို့ သတ်မှတ်ကြပါ
တယ်။ ဒီအဖွဲ့တွေလည်း ဒီနေ့ခေတ်စာပေတွေထဲမှာ အများကြီးတွေ့နိုင်တာပေါ့။ ကိုလိုနီခေတ်၊
ဂျပန်ခေတ်မှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ဆရာမကြီးဒေါ်ခင်ကြည်ကြည်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့
အကြုံလေးတစ်ခုမှာဆိုရင်---
“ဆရာမကြီးတို့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမြော်အမြင်သိပ်ကြီးမား
တယ်။
အမြော်အမြင်ကြီးမားတာနဲ့အမျှ အမျိုးသမီးထုကိုလည်း သိပ်တန်ဖိုးထားတာ။
အမျိုးသမီးတွေကို သိပ်လေးစားတာ။ ဘယ့်နှယ်- စဉ်းစားကြည့်လေ .......
မြန်မာပြည်ရဲ့ လူဦးရေ၆၀ရာခိုင်နှုန်းက အမျိုးသမီးတွေပဲဟာကိုး။ ဗိုလ်ချုပ်က
အမျိုးသမီးတွေရဲ့အားကိုမြင်တယ်။ တိုင်းပြည်တည်ဆောက်ရေး တိုင်းပြည်ထူ
ထောင်ရေး တော်လှန်ရေးစတာတွေမှာ မြန်မာပြည်ရဲ့ ၆၀ရာခိုင်နှုန်းသော အမျိုး
သမီးထုရဲ့အားကိုယူလိုက်ရင် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ ဗိုလ်ချုပ်ကသိ
တယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်က ကျကျနနကို အမျိုးသမီးတပ်ဖွဲ့ဖွဲ့ဆိုပြီး အမိန့်ပေး
ခဲ့တာ ခွင့်ပြုခဲ့တာ ဒီအမျိုးသမီးတပ်ဖွဲ့ဖွဲ့စည်းဖို့ ဗိုလ်ချုပ်က He is very much
interested အမျိုးသမီးတို့ရဲ့အရေးကို လုပ်ကိုလုပ်ရမယ်။ တော်လှန်ရေးတစ်ရပ်
လုပ်မယ်ဆိုရင် အမျိုးသမီးတွေပါကိုပါရမယ်။ အမျိုးသမီးတပ်ဖွဲ့ရမယ်ဆိုပြီးတော့
ကို ဗိုလ်ချုပ်က ပဲခူးမှာလုပ်တဲ့အစည်းအဝေးမှာပြောတာ”
[ရနံ့သစ်၊ အမှတ်၆၊ ဇွန် ၂၀၀၉၊ စာ-၁၃]
စတဲ့ ပြန်ပြောင်းပြောပြချက်တွေကို ဖတ်ကြည့်ရင်းက အဲဒီတော်လှန်ရေးထဲမှာပါဝင်ချင်စိတ်ပေါ်
လာရအောင်ကို ဖတ်ရှုသူရဲ့ရင်မှာ တက်ကြွရဲရင့်စိတ်တွေ ဖြစ်ပေါ်လာရပြီး ဝီရရသကို ခံစားရရှိစေခဲ့ပါတယ်။


“ရသ လေး- သန္တ ရသ”

သန္တ ရသနဲ့ ပတ်သက်တဲ့ စာပေပုံသဏ္ဌာန်တွေကိုလည်း ဒီနေ့ခေတ်စာပေတွေထဲမှာ အမြောက်
အမြားတွေ့ရှိနိုင်ပါတယ်။ သန္တရသဆိုတာကတော့ စိတ်တည်ငြိမ်အေးချမ်းဖွယ်ရာအဖြစ်ကို ရေး
ပြထားလို့စာဖတ်သူရဲ့စိတ်ထဲမှာ ပေါ်လာတဲ့စိတ်တည်ငြိမ်နေလျက် နှစ်သက်ခြင်းသဘောကိုဆို
လိုတာပါ။ ဒီကနေ့ခေတ်ပေါ်ရဟန်းသံဃာတော်တွေဟာ ခက်ခဲနက်နဲတဲ့ ပါဠိသက္ကတ ဘာသာ
ကျမ်းဂန်တွေနဲ့ ရေးသားထားခဲ့တဲ့ ဗုဒ္ဓတရားတော်ရဲ့သဘောတရားတွေ အကျင့်အကြံတွေကို ၇
ရက်သားသမီး လောကီလူသားတွေ နားလည်သဘောပေါက်စေနိုင်တဲ့ သာမာန်အရပ်သုံးစကား
တွေသုံးပြီး ဆောင်းပါး ဆုံးမစာ သံပေါက်ကဗျာပုံစံတွေနဲ့စာအုပ်တွေ လက်ကမ်းစာစောင်တွေ
အဖြစ် ရေးသားထုတ်ဝေလာကြပါတယ်။
“ကိုယ့်တရားနဲ့ကိုယ် မွေ့ပျော်နေတဲ့သူဟာ တစ်ယောက်တည်းနေပေမယ့် ဘယ်တော့မှ အထီးကျန်မဖြစ်ပါဘူး။ တစ်ယောက်တည်းနဲ့ ဘဝဟာပြည့်စုံနေပါပြီ။ မသိနားမလည်
သူတွေက တစ်ယောက်တည်းနေရင် အထီးကျန်ဆန်တယ်လို့ ယူဆကြပါတယ်။
အထီးကျန်ဝေဒနာဆိုတာ တရားမသိတဲ့သူ၊ တရားမရှိတဲ့သူ၊ ကိုယ့်ဘဝကိုယ့်အလုပ်
ထဲမှာ တရားကို ထည့်သွင်းမထားနိုင်တဲ့သူတွေသာ ခံစားရတာပါ။
တရားလက်လွတ်ဖြစ်နေသူအတွက်တော့ တစ်ယောက်တည်းပဲနေနေ အများနဲ့
အပေါင်းအဖော်နဲ့ပဲနေနေ စိတ်အစဉ်မှာ ကိလေသာလွှမ်းမိုးနေရင် အထီးကျန်ဆန်
ပါတယ်။ စိတ်အစဉ်မှာ ကိလေသာကင်းစင်နေရင် အထီးကျန်မဆန်ပါဘူး။
အဖော်မဲ့နေတဲ့အခြေအနေကို မကျေမနပ်စိတ်တိုနေရင် ဒေါသကိလေသာနဲ့
အထီးကျန်ဖြစ်နေတတ်ပါတယ်။ တွေးချင်ရာတွေး ငေးချင်ရာငေးစိတ်ပျံ့လွင့်
နေရင် ဥဒ္ဓဒ္စကိလေသာနဲ့ အထီးကျန်ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအားဖြင့်
ကိလေသာဖြစ်နေတဲ့အချိန်ဟာ အထီးကျန်နေတဲ့အချိန်ပါပဲ။ ကိုယ့်အပြုမူမှန်သမျှ
စိတ်အခြေအနေမှန်သမျှကို ဖြစ်တိုင်းဖြစ်တိုင်း သတိကပ်ပြီး ရှုမှတ်နေတဲ့တရားပိုင်
ရှင် သတိပဌာန်ယောဂီကတော့ ကိုယ့်တရားနဲ့ကိုယ် ပျော်မွေ့နေတဲ့အတွက် ဘယ်
တော့မှ အထီးကျန်မဖြစ်ပါဘူး။
အထီးကျန်တဲ့ဝေဒနာကို ဘယ်တော့မှ မခံစားရပါဘူး။ ”
[တစ်ယောက်တည်းနေ တစ်စိတ်တည်းထား၊ အရှင်ဆန္ဒာဓိက၊ ဇွန်လ ၂၀၀၇ (နဝမအကြိမ်)၊
စာ-၁၀၅,၁၀၆,၁၀၇]
ကဲ- အထီးကျန်နေတယ်လို့ ခံစားနေရတဲ့ စာရှုသူတို့က ဒီစကားပြေအရေးအသားလေးကို ဖတ်
လိုက်ရတာနဲ့တင် အထီးမကျန်တော့ဘဲပူလောင်နေတဲ့ စိတ်တွေအေးမြပြီး စိတ်တည်ငြိမ်အေး
ချမ်းဖွယ်ရာ သန္တရသ ခံစားရရှိကြမှာမလွဲပါဘဲနော်။


“ရသ ငါး- ကရုဏာ ရသ”

ချစ်ခင်ကြင်နာတတ်တဲ့၊ သနားကရုဏာသက်တတ်တဲ့ မြန်မာလူမျိုးတွေရေးဖွဲ့ထားတဲ့ စာပေ
အမျိုးမျိုးတွေထဲမှာ ကရုဏာရသကို ဖောဖောသီသီတွေ့ရှိနိုင်ပါတယ်။ ကရုဏာရသ ရဲ့
သဘောကတော့ သနားစရာအဖြစ်ကိုရေးပြထားလို့ ဖတ်ရှုသူရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာရတဲ့
သနားနေလျက်နှစ်သက်ခြင်းသဘောပဲဖြစ်ပါတယ်။ ဒီကနေ့ ၂၁ရာစုခေတ်မှာ သမုဒ္ဒရာဝမ်း
တစ်ထွာအတွက် မှီခိုနေကြတဲ့မိသားစုတွေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေက လူတချို့
ဟာ တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံကြီးတွေဆီကို သွားရောက်ပြီး ရရာအလုပ်ကို ပင်ပင်ပန်းပန်း
လုပ်ကိုင်ရှာဖွေနေကြရပါတယ်။
“ရေကြည်ရာ မြက်နုရာ” “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ မြန်မာစကားပုံလေး
အတိုင်း တိုးတက်ရာတိုးတက်ကြောင်းအတွက် အမိနိုင်ငံကိုစွန့်ခွာစွန့်စားနေကြရတဲ့ ခေတ်ကြီး
ထဲက လူတချို့ရဲ့ပုံရိပ်ကို.......
“နာရီစက်သံကြောင့် အထိတ်တလန့်နိုးထ
အိပ်ရေးမဝတဲ့ မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဗူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံ ခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးသံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲလို့
ဘင်္ဂလားဒေ့ရှ် လူရွယ်က မှတ်ချက်ချတယ်
----------------------------------
နေ့စဉ်နဲ့အမျှ ကျွဲလိုနွားလို အလုပ်လုပ်ရတယ်
အခန့်မသင့်ရင် ခွေးသေဝက်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာ ဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာ ဘာလဲ
မေးခွန်းတွေထုတ်ရင်း ကြေကွဲရပြန်
“တရားမဝင်အလုပ်သမား”တဲ့
အာရှကျားတွေ ထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား”


[ရွှေအမြုတေရဲ့ရွှေအမြုတေများ၊ ပထမအကြိမ်ဆုရစာမူများ၊ ဖေဖော်ဝါရီ ၂၀၀၇၊ စာ-၂,၃,၄]
ဆိုပြီး ရှေးကဗျာတွေလို ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပြစရာမလိုတဲ့ ရင်တွင်းခံစားချက်စကားလုံးရိုးရိုး
လေးတွေနဲ့ ဖွဲ့စပ်ထားတဲ့ကဗျာစာသားလေးတွေကိုဖတ်ရင်း မျက်ရည်ဝဲမိတဲ့အထိတောင် သနား
ကရုဏာသက်မိစေရပါတယ်။ ကရုဏာရသမြောက်စေတဲ့ အဖွဲ့လေးတွေပေါ့။


“ရသ ခြောက်-ဝိဘစ္ဆ ရသ”

စက်ဆုပ်ရွံရှာစရာအဖြစ်ကို ရေးပြဖွဲ့ပြထားလို့ စာဖတ်သူရဲ့စိတ်ထဲမှာ ပေါ်လာတဲ့ စက်ဆုပ်ရွံရှာ
နေလျက်က နှစ်သက်ခြင်းသဘောဟာဝိဘစ္ဆရသမြောက်တဲ့ အတင်အပြလို့ဆိုကြပါတယ်။
ဒီနေ့ခေတ်မှ ဒီရသကိုလည်း အတော်များများတွေ့နိုင်တာပေါ့။
“လွင်တီးခေါင်ခေါင်ထဲမှာ ဖြစ်သဖြင့်လည်း ရေအိုးစင်လေးက စိတ်အာရုံထဲပို၍ ထင်းထင်းစွဲ
နေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ”လို့ အစချီရေးထားတဲ့ အက်ဆေးလေးတစ်ပုဒ်ထဲမှာ
စာရေးသူက ခရီးသွားဟန်လွှဲကြုံခဲ့ရတဲ့ သွေးမတော်သားမစပ်ဝေဒနာသည် သူဆင်းရဲမလေးကို
ရောဂါပျောက်ကင်းအောင် မိမိရဲ့ မင်္ဂလာဦးပစ္စည်းဆွဲကြိုးလေးကို ပေါင်နှံပြီး မြို့ခေါ်ကုသပေးခဲ့
တဲ့ ဆရာမလေးတစ်ယောက်ရဲ့အကြောင်းကို ရေးပြရာက--------------
“မုန်တိုင်းတိုက်ခတ်စဉ်က ကူကယ်ရာမဲ့လမ်းမပေါ်မှာ တစာစာအော်ဟစ် အကူအညီ
တောင်းခံနေသူတို့၏ အသံကို မကြားဟန်ပြုကာ လုံခြုံနွေးထွေးအိမ်ဂေဟာအတွင်း
မင်းတုပ်ချ၍ စိတ်အေးချမ်းသာနိုင်သူတို့ ရှိခဲ့သည်။ မုန်တိုင်းလွန်စနေ့ရက်များ၌ အမိုး
အကာကင်းမဲ့သွားသူတို့ကို အခွင့်ကောင်းယူက သံတစ်ပိဿာနှစ်သောင်း သွပ်တစ်ချပ်
သုံးသောင်း ဂုဏ်ခံရောင်းသူတို့လည်း ရှိခဲ့သည်။ အကြီးအကျယ်ဆင်းရဲဒုက္ခရောက်နေ
သူတို့ထံမှ ဖြတ်စားလတ်စားလုပ်ကာ ထမင်းရည်တစ်ဇွန်း ကူသောက်ဝံ့အောင်
အသည်းမာသူတို့လည်းရှိသည်။
အကျည်းတန်အရုပ်ဆိုးသော မနှစ်မြို့မသတီစရာ ပုံကားချပ်များပဲဖြစ်သည်....”
[ရနံ့သစ်၊ အမှတ် ၇၊ ဇူလိုင် ၂၀၀၉၊ စာ-၁၁၀]


ဆိုပြီး ၂၀၀၈မေလ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေထဲက လူတချို့
အကြောင်းနဲ့နှိုင်းယှဉ်ရေးပြထားတာကို ဖတ်ရှုရသူတွေမှာ စာရေးသူနဲ့ထပ်တူ စက်ဆုပ်ရွံရှာ
ဖွယ်ရာ ဝိဘစ္ဆရသကို ခံစားရရှိလာစေရပါတယ်။


“ရသ ခုနစ်-ဘယနက ရသ”


ဒီနေ့ခေတ်ပြိုင် မြန်မာစာမျိုးစုံတွေထဲမှာ အစဉ်အလာကရှိခဲ့တဲ့ သမားရိုးကျ စာအုပ်အသွင်
တွေထဲက စာတွေသာမက အင်တာနက်စာမျက်နှာပေါ်က မြန်မာစာသုံးဘလော့တွေရဲ့ စာ
တွေကိုလည်း ထည့်မပြောလို့မရပါဘူး။ ဘလော့စာမျက်နှာပေါ်က ဆည်မြောင်းတစ်ခုမှာ
ညဂျူတီကျတဲ့ အငယ်တန်းလက်ထောက်အင်ဂျင်နီယာလေးတစ်ယောက်ရဲ့ ကိုယ်တွေ့အ
ဖြစ်အပျက် ဆောင်းပါးလေးတစ်ပုဒ်ကိုလည်း ဖတ်ကြည့်ပါဦး။
“ကျွန်တော်လည်း အလုပ်အားလုံးပြီးပြီမို့ ကိုအောင်ခိုင်ကို ပြန်ခိုင်းလိုက်ပါတယ်။
" ဆန်းလင်းရေ Dumper တွေ ဘယ်နှခေါက်လည်း မှတ်ထားတယ်နော်"
" ဟုတ် မှတ်ထားပါတယ် " အေးအေး မင်းမီးတိုင်နှစ်တိုင် ဖြုတ်ပြီးယူသွားတော့။
ဒီတစ်တိုင်တော့ ထားခဲ့ မနက်ကျမှ ဖြုတ်မယ်။ မင်းဒေါ်ဘုမ ဆိုင်ကစောင့် ငါဖိနပ်မှာ
ကပ်နေတဲ့ ရွံ့တွေ ခွာပြီးလိုက်ခဲ့မယ် " ။
ဆန်းလင်းထွက်သွားတော့ ကျွန်တော်လည်း အနားမှာ ရှိတဲ့ မီးတိုင်အောက် ထိုင်ပြီး
တုတ်တချောင်းနဲ့ safety ထဲနစ်ဝင်နေတဲ့ ရွံ့တွေကို ခွာပါတော့တယ်။ ရွံတွေခွာရင်းက
နေ ဘယ်လို ဖြစ်တယ် မသိပါဘူး ကြက်သီးတွေ တဖြန်းဖြန်းနဲ့ ထလာပါတယ်။ ပထမ
တော့ အေးလို့ဖြစ်မယ်လို့ဘဲ တွေးလိုက်မိပါတယ်။ ဒါပေမယ့် နောက်တော့ ကြက်သီး
ထတာက အေးလို့ထတာနဲ့ မတူဘူးဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါနဲ့ အနီးအနား
ပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ ဝေ့၀ိုက်ပြီး ထိုးကြည့်မိပါတယ်။ လူရိပ်လူခြေဆိုလို့ လည်း
မတွေ့ရ အလင်းရောင်ကလည်း ကျွန်တော့အနားမှာသာ မီးချောင်းအသေးလေး
ထွန်းထားလို့ လင်းနေပေမယ့် ပတ်ဝန်းကျင်အကုန်လုံးကတော့မှောင်နဲ့ အတိပါ။
ကျွန်တော်လည်း စိတ်ထင်လို့ဖြစ်မှာပါလို့ အားတင်းရင်း ရွံ့တွေဆက်ခွာနေမိပါတယ်။
ဒါပေမယ့် စိတ်ထဲမှာတော့ တစ်ယောက်ယောက်က ကျွန်တော့် ကိုစိုက်ကြည့်နေသလို
မျိုး ခံစားလာရပါတယ်။ ဒါနဲ့ ကျွန်တော်လည်းး ဖိနပ်က ရွံ့တွေကို ပြီးအောင်မခွာ
တော့ဘဲ ကပါးပေါ်က ဒေါ်ဘုမဆိုင်ကို ထွက်လာပါတော့တယ်။ ကျွန်တော် ခြေလှမ်း
သုံးလှမ်းလောက် လှမ်းပြီးချိန်မှာတော့ ကျွန်တော့်ကျောကို အရှိန်ပြင်းပြင်းနဲ့ အ
နောက်ကနေ တစ်ခုခုနဲ့ ပစ်လိုက်တာ ကျွန်တော် ကျောပါကော့ထွက်သွားပါတယ်။
လူသူ တစ်ယောက်မှ မရှိတဲ့ ကမ်းပါးအောက်က ကွင်းပြင်ထဲမှာ ဘယ်သူက
ကျွန်တော့်ကို ပစ်မှာလဲ။ ပုန်းပြီးပစ်ရအောင်လည်း ပုန်းခိုစရာ နေရာ မရှိ လွင်ပြင်
ထီးထီးတည်း ရယ်ပါ။ စိတ်ထဲကလည်း အသားနာသွားတော့ ဒေါသက ထောင်းကနဲ
ထွက်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း ဖျတ်ကနဲနောက်လှည့်ကြည့်လိုက်ချိန်မှာ
စောစောက ကျွန်တော်ထိုင်ခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ မည်းမည်းအကောင်ကြီး
ကျွန်တော့်ဆီလှမ်းလာနေတာကို မီးရောင်နဲ့ တွေ့လိုက်ရတယ်။ ကျွန်တော် ဘာမှ
မစဉ်းစားနိုင်တော့ပါဘူး။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ သဘောထား
ပြီး ဒေါ်ဘုမ ဆိုင်ရှိရာ ကမ်းပါးယံပေါ်ကို အသည်းအသန် ပြေးပါတော့တယ်။
နောက်လည်း လှည့်မကြည့်ရဲတော့ပါဘူး။ ဒေါ်ဘုမဆိုင်ကို ဘယ်လိုဘယ်လို
ရောက်လာမှန်းတောင်မသိတော့ပါဘူး။ safety စီးထားပြီး ကမ်းပါးယံပေါ်ကို
သာမာန်အချိန်မှာ တက်ခိုင်းရင် တော်တော်ကြိုးစားပြီး တက်ယူရပါမယ်။ အခုတော့
ဘယ်လိုဘယ်လို အပေါ်ရောက်လာမှန်းတောင် မသိတော့ပါဘူး။ ကြောက်ကြောက်နဲ့
ပြေးလာလိုက်တာလေ။ မောကြီးပန်းကြီးနဲ့ ပြေးလာတဲ့ ကျွန်တော့်ကို ကြည့်ပြီး
ဆန်းလင်းကော ဒေါ်ဘုမ ပါလန့်သွားကြပါတယ်။”


http://moemyinttane.blogspot.com/2008/09/blog-post.html

ဒါလေးကို ဖတ်နေရင်းက ပထမ ဘာဖြစ်မလဲ သိလိုစိတ်တွေကြွလာရတယ်။ နောက်ပြီး
စာရေးသူကြောက်လာသလိုပဲ တဆင့်ပြီးတဆင့်အကြောက်တွေပိုလာရစေပါတယ်။ စာ
ရေးသူ ကြောက်လန့်တကြားထွက်ပြေးတဲ့အချိန်မှာတော့ နောက်ကလိုက်လာတဲ့ ဘာမှန်း
မသိတာကြီး မှီလာမှာစိုးရိမ်စိတ်တွေနဲ့ သူနဲ့အတူပြေးနေမိသလိုပဲ။ ဒီခံစားမှုလေးဟာ
ကြောက်စရာအဖြစ်ကို ရေးပြတာကိုဖတ်နေ၇င်းက စာရေးသူနဲ့အတူ ကြောက်ရွံ့နေလျက်
နဲ့ သိလိုစိတ်တွေကြွပြီး နှစ်သက်ခြင်းသဘောခံစားနေရတာပါ။ ဒါကို ဘယာနကရသ
မြောက်တဲ့အဖွဲ့လို့ ကျမ်းဂန်တွေကဆိုပါတယ်။


“ရသ ရှစ်-ရုဒ္ဒ ရသ”


ရုဒ္ဒရသဆိုတာ ကြမ်းကြုတ်ရက်စက်သွေးပျက်စရာအဖြစ်အပျက်တွေကို ရေးပြထားတာကို
စာဖတ်သူတွေရဲ့စိတ်ထဲ ကူးစက်ခံစားလာရစေတဲ့ အဖွဲ့မျိုးကိုခေါ်တာပါ။ ဒီလို ရုဒ္ဒရသ
မြောက်အဖွဲ့တွေကိုလည်း ဒီနေ့ခေတ်ပြိုင်စာတွေမှာ တွေ့ရှိနိုင်ပါတယ်။
“ဤဖြစ်ရပ်သည် အိန္ဒိယလူမျိုးများနားလည်ထားသလို အကြမ်းဖက်မှုမဟုတ်ပါ။ စစ်ပွဲသာဖြစ်ပါသည်။” လို့ အစချီရေးသားထားတဲ့ မွန်ဘိုင်းအကြမ်းဖက်မှု သတင်း
ဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပါဦး။
“အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သော မွန်ဘိုင်း၏လမ်းမများပေါ်တွင် စက်သေနတ်
များကိုင်ဆောင်ပြီး လက်ပစ်ဗုံးများထည့်ထားသောအိတ်များကိုသယ်ဆောင်လာသည့်
လူသတ်သမားများသည် တရကြမ်းဝင်ရောက်လာသည်။ သူတို့သည် သာမာန်အကြမ်း
ဖက်သမားများကဲ့သို့ ဘယ်သူဘယ်ဝါမသိလိုက်ရဘဲ လှစ်ကနဲပြေးထွက်ကြသူများ
မဟုတ်။ သူတို့လုပ်ပုံကိုင်ပုံက တမင်ရည်ရွယ်သော စေ့စပ်သေချာခြင်းမျိုးဖြစ်သည်။
ဒုတိယနေ့နှင့် အဆုံးမသတ်သေးဘဲ တတိယနေ့သို့ရောက်သွားသည်။ သူတို့ကအချိန်
ယူသည်။
ဖမ်းဆီးထားသူများကို ဘယ်နိုင်ငံသားလဲ အသက်မွေးဝမ်းကျောင်းက ဘာလဲမေး
သည်။ အချို့ကို ဖယ်ထားသည်။ တစ်နေရာရာမှာစုနေခိုင်းတာလည်း ရှိသည်။
ဦးခေါင်းနောက်ဘက်မှ သေနတ်ဖြင့်တေ့၍ ပစ်သတ်ခံရသူတွေလည်း ရှိသည်။”
[ရနံ့သစ်၊ အမှတ်၂၊ ဇန်နဝါရီလ ၂၀၀၉၊ စာ-၅၈,၅၉]
ဒီသတင်းဟာ လအနည်းငယ်ဟောင်းနွမ်းသွားတဲ့ သတင်းတစ်ခုဖြစ်သွားပေမယ့် ဒီစာလေးကို
အခုဖတ် အခုထက်တိုင် ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ၊ သွေးပျက်ချင်စရာမြင်ကွင်းတွေ၊ ရက်စက်
ကြမ်းကြုတ်မှုတွေကို စာဖတ်သူတွေမှာ ခံစားနေရဆဲ မြင်ယောင်နေကြဆဲ ဖြစ်နေရပါတယ်။
ဒါဟာ ရုဒ္ဒရသမြောက် ဘာသာပြန်ဆောင်းပါးလေးလို့ ဆိုရမှာပါ။ ရုဒ္ဒရသမြောက်လှတဲ့ မျက်နှာ
ဖုံးဆောင်းပါးလေး တစ်ပုဒ်ကိုလည်း ဆက်ဖတ်ကြည့်ပါဦး။
“Al-Qahtani ကို အာဖဂန်နစ်စတန်နိုင်ငံမှာ ဖမ်းဆီးရခဲ့ပြီး ဂွမ်တာနာမို အကျဉ်း
စခန်းရှိ ထိန်းသိမ်းရေးစခန်းမှာ စစ်ကြောပုံကို မိနစ်အလိုက် အသေးစိတ်စစ်ကြောရေး
မှတ်တမ်းတင်ထားပါတယ်။ Al-Qahtaniကို မနက်တိုင်း ၄နာရီမှာနှိုးပြီး တခါတရံ ည
သန်းခေါင်အထိ ဆက်တိုက်စစ်ကြောမေးမြန်းကြပါတယ်။ နောက်ပိုင်းမှာ သူ့ကိုအချိန်
အကြာကြီး မတ်တပ်ရပ်ခိုင်းတယ်။တစ်ဦးတည်း ရက်ပေါင်း ၃၀လောက်ထားတယ်။
ဝတ်လစ်စလစ်ထားတယ်။ အတင်းအကြပ်မုတ်ဆိတ်ရိတ်တယ်။ ခွေးနဲ့ ခြိမ်းခြောက်
တယ်။ ဇောက်ထိုးဆွဲထားပြီး မျက်နှာပေါ်ကို ရေလောင်းချနေတဲ့အတွက် ရေမွန်းသလို
ဖြစ်စေတယ်။ water boarding အမျိုးသမီးနဲ့ နီးနီးကပ်ကပ်ထားပြီး လှုံ့ဆော်တယ်။
ခွေးလိုဟောင်ခိုင်းတယ်။”
[ရနံ့သစ်၊ အမှတ် ၄၊ မတ်လ ၂၀၀၉၊ စာ-၇၇]
ရက်စက်ကြမ်းကြုတ်မှုတွေကို ရရှိခံစားလာစေရတဲ့ သာဓကလေးတစ်ခုပါ။


“ရသ ကိုး- ဟာသ ရသ”

ဒီနေ့ခေတ်ပြိုင်စာတွေထဲမှာ အတွေ့ရများတဲ့စာပေပုံသဏ္ဌာန်တစ်ခုကတော့ ဟာသရသမြောက်
စေတဲ့စာတွေပါ။ ဆရာဇော်ဂျီ သရုပ်ခွဲပြခဲ့တဲ့ အလွမ်း၊ အဆွေး၊ အသော မှာ အသောရသအဖြစ်
မှတ်ယူရမှာပါ။ အမြည်းအမောက်မတည့်တဲ့ ရယ်ရွှင်ဖွယ်ရာ အဖြစ်ကို ရေးပြလို့ စာဖတ်သူစိတ်
ထဲမှာ စာဖတ်ရင်းမရယ်ဘဲမနေနိုင်အောင် စိတ်ထဲမှာရွှင်မြူးခံစားရင်း နှစ်သက်သွားစေရတဲ့
စာအဖွဲ့ဟာ ဟာသရသမြောက်အဖွဲ့ဘဲဖြစ်ပါတယ်။
ဆရာမင်းလူရဲ့ “ကျမ်းကိုးစာရင်း”လေးကို ဖတ်ကြည့်ပါဦး။
“သမ္ဗန်သမားတစ်ယောက်သည် ကူးတို့ဆိပ်မှာ ခရီးသည်ကိုမျှော်နေသည်။ ခဏအကြာ
တွင် သားသားနားနားဝတ်စားပြီး လက်ဆွဲအိတ်တစ်လုံးဆွဲထားသော လူတစ်ယောက်
်ရောက်လာသည်။ တစ်ဖက်ကမ်းသို့ ပို့ပေးဖို့ ငှားရမ်းသည်။ သမ္ဗန်ထွက်ခွာစတွင် ထိုသူ
ကမေး၏။ “မင်းအင်္ဂလိပ်စာတတ်သလား” သမ္ဗန်သမားက “ရက်စ်နဲ့နိုးကလွဲရင် ဘာမှ
မတတ်ဘူးခင်ဗျာ့”ခရီးသည်ကခေါင်းကိုခါယမ်းလိုက်ပြီး “အင်းအခုခေတ်မှာအင်္ဂလိပ်
စာမတတ်ရင်လူဖြစ်ရှုံးတာပဲကွ” မြစ်လယ်သို့ ရောက်သောအချိန်မှာပင် ကောင်းကင်
တပြင်လုံး အုံ့မှိုင်းပြီး နီရဲလာတာတွေ့ရ၏။ သမ္ဗန်သမားက “မုန်တိုင်းတိုက်တော့မယ်
ဗျ” ခရီးသည်လည်း ထိတ်လန့်တကြား “ဒုက္ခဘဲ ငါရေမကူးတတ်ဘူးကွ ဘယ်လိုလုပ်
ကြမလဲ” သမ္ဗန်သမားက ကောင်းကင်ကိုမော့ကြည့်ပြီး “လေမုန်တိုင်းက အင်္ဂလိပ်လို
မတတ်တော့လဲ ခက်သားကလားဗျ” ဟုရေရွတ်လိုက်၏။
..... ...... ........ ......... ................................. ......... ...................
ယုတ္တိဗေဒသမားတစ်ယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ်၄၈
ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါသူသည် မှတ်တိုင်
သို့ဆိုက်လာသော ယုတ္တိဗေဒသမားတစ်ယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ်၄၈
ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါသူသည် မှတ်တိုင်
သို့ဆိုက်လာသော အမှတ်၄၇ကားကို တက်စီးလိုက်သည်။ လမ်းဆုံမှတ်တိုင်မှာဆင်းပြီး
အမှတ်၁ကားကို ပြောင်းစီးသည်။ ၄၇နှင့်၁ပေါင်းတော့ ၄၈ဖြစ်သွားတာပေါ့ဟု သူက
မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့
ရောက်သွားလေသည်။”
[နှလုံးသား ၃၈၀/၅၄၊ မင်းလူ၊ ဇန်နဝါရီ ၂၀၀၇၊ စာ-၈၁,၈၂]


ဖတ်နေရင်းက စာဖတ်သူရဲ့စိတ်ထဲမှာ ရွှင်မြူးခံစားရင်း မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားစေရပါ
တယ်။ ရယ်လိုက်မိရင်းက နှစ်သက်သွားစေရတဲ့ ဟာသမြောက်အဖွဲ့လေးတွေပါ။
အဲဒီစာအုပ်ထဲကဘဲ တစ်ချို့အပုဒ်တွေဖြစ်တဲ့ “ခြေ,စစ်ပွဲ” “အီးကော်လာ”“ဘောအေးတိုက်ပွဲ”
စတာတွေကလည်း ဖတ်နေရင်းက မရယ်ဘဲမနေနိုင်အောင်ဖြစ်ရတဲ့အပြင် ဖတ်ပြီးတဲ့အထိ
တွေးမိပြီး ပြုံးနေမိအောင် ဟာသရသမြောက်အဖွဲ့လေးတွေပေါ့။ ဒီလိုစာတွေလည်း ဒီနေ့
ခေတ်မှာ အမြောက်အမြားတွေ့နိုင်ပါသေးတယ်။

ရသတွေခမ်းခြောက်သွားပြီလား?

ဒီမေးခွန်းရဲ့ အဖြေကို ဖြေကြည့်မယ်ဆိုရင် ရသတွေမခမ်းခြောက်သေးပါဘူး။ ဆောင်းပါးဆို
တော့ အကန့်အသတ်နဲ့ရေးရလို့သာ လက်လှမ်းမီရာစာလေးတွေကိုပဲ ကိုးကားထုတ်နုတ်
သာဓကပြနိုင်ခဲ့ပါတယ်။ ဒီကိုးကားချက်ထဲမပါဝင်ဘဲ ရသမြောက်တဲ့စာတွေ အများကြီးကျန်ရှိ
နေပါသေးတယ်။
တချို့ဆိုရင် လုံးချင်းဝတ္ထုရှည်တစ်ပုဒ်ထဲမှာပဲ ရသကိုးပါးလုံးပါဝင်ခံစားရစေတဲ့ စာတွေရှိပါတယ်
အခုကိုးကားပြခဲ့တဲ့စာတွေက ၂၀၀၀ပြည့် ဒီဖက်ပိုင်းကစာတွေကိုသာ အတတ်နိုင်ဆုံး အမျိုးစား
စုံအောင်ထုတ်နုတ်သာဓကပြထားတာပါ။ ဒီနေ့ခေတ်ရေးနေကြတဲ့ အနုပညာကိုပုံဖော်နေကြတဲ့
သူတွေကို ပြန်ကြည့်ရင်လည်း အရင်တုန်းကလိုပဲ လူသားစစ်စစ်တွေဖြစ်ကြပါတယ်။
ခံစားမှုကြောင့် အလိုအလျောက်ဖြစ်ပေါ်လာတဲ့ လွမ်းတတ် ဆွေးတတ် ရယ်တတ် ပျော်ရွှင်တတ်
ကြတဲ့ စိတ်အခြေခံရှိတဲ့ လူတွေကပဲ အနုပညာကိုပုံဖော်နေကြတာပါ။ ခေတ် အချိန်ကာလမတူ
လို့ စာပေပုံသဏ္ဌာန်တွေ၊ အကြောင်းအရာတွေ၊ စာပေလွတ်လပ်ခွင့်အနေအထားတွေ မတူ
တော့လို့သာ အရေအတွက် နည်းတာ များတာ ကွဲပြားနေရတယ်လို့ မြင်ပါတယ်။
ဒါက ဟိုခေတ်က ရသစာပေကို ပိုဖန်တီးနိုင်ခဲ့တယ်၊ ဒီခေတ်ကလူတွေက မဖန်တီးနိုင်ဘူးလို့
ယှဉ်ပြောနေလို့မရပါဘူး။ အနုပညာကိုဆက်လက်ပုံဖော်နေသူတွေဟာ အလိုအလျောက်ဖြစ်
တည်လာတဲ့ စိတ်ခံစားမှုရသကို ထည့်ပေးလို့မရတဲ့ စက်ရုပ်တွေမဖြစ်သေးသရွေ့ ရသမြောက်
တဲ့ အနုပညာရပ်တွေလည်း ဆက်လက်ရှင်သန်နေကြဦးမှာပါ။


ဖြူဖြူဝင်း(မြန်မာစာ)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း