သိမ်းထားရသည့် စာတစ်စောင်(သို့မဟုတ်) မပို့ဖြစ်တော့သည့် စာမူတစ်ပုဒ်
သိမ်းထားရသည့်
စာတစ်စောင်(သို့မဟုတ်) မပို့ဖြစ်တော့သည့် စာမူတစ်ပုဒ်
မည်သည့်
မဂ္ဂဇင်း၊ ဂျာနယ်တွင်မျှ ပေးပို့ရန် မရည်ရွယ်သည့် စာမူတစ်ပုဒ်၊ သို့မဟုတ် မည်သူတစ်ဦး
တစ်ယောက်မျှ ပေးဖတ်ရန် စိတ်ကူးမထားသည့် စာတစ်စောင်ကို သင်ရေးဖူးပါသလား။ သူကတော့ ရေးဖူးသွားပြီဖြစ်သည်။
ရေးဖြစ်ခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် မည်သူ့ကိုမျှ ပေးမဖတ်ရန်ရည်ရွယ်ထားသည့် ဤစာကိုဖတ်ရင်း
သင်ပြုံးလိုက ပြုံးနိုင်သလို မဲ့လိုကလည်း မဲ့နိုင်သည်။
ရေးထားသည့် အကြောင်းအရာသည် ဝတ္ထုမဟုတ်သလို
ဆောင်းပါးလည်း မဟုတ်ချေ။ အက်ဆေးမဟုတ်သလို ဘဝလမ်းညွှန်ဆောင်ပုဒ်လည်း မဟုတ်ခဲ့ချေ။ မှတ်တမ်းဟု
ဆိုရလောက်အောင် လည်း စကားလုံးတွေနှင့် ဖွဲ့စည်းထားသည့် ဤစာသားတွေက မကြီးကျယ်၊ မခမ်းနား၊
မတောက်ပြောင်ခဲ့။ မှတ်တမ်းဆိုသည်က နှောင်းလူတို့ ရှာတွေ့ခဲ့ချိန်တွင် တစ်စုံတစ်ခု အကျိုးရှိစေ၊
သိသွားစေသည့် အကြောင်းအရာမျိုးဖြစ်သည်။ နေ့စဉ်မှတ်တမ်းခေါ်သည့် ဒိုင်ယာရီထဲတွင် ရေးဖြစ်ခဲ့သည့်
အကြောင်းအရာ မျိုး မဟုတ်သည်မှာလည်း သေချာသည်။ ယခု သူရေးထားသည့်စာသည် မရေးဖြစ်ခဲ့သည့်
ထိုအကြောင်း အရာများအကြောင်း ရေးထားသည့် အကြောင်းခြင်းရာများ ဖြစ်သည်။ တစ်နည်းပြောရလျှင်
သူ၏ မပြည့်ဝနိုင်သည့် ဆန္ဒများ သို့မဟုတ် သူမလုပ်လိုဘဲ လုပ်နေရသည့် အရာများအကြောင်းဖြစ်သည်။
သူငယ်ငယ်က မိုးများသည့် တောင်ပေါ်မြို့လေးတစ်မြို့တွင်
သုံးနှစ်ခန့် နေခဲ့ရဖူးသည်။ သူ့ဘဝတွင် ကျောင်းပညာကို စတင်သင်ကြားခွင့်ရသည့် မြို့ကလေးလည်းဖြစ်သည်။
ဖခင်တာဝန်ကျရာ အလုပ်ခွင်နှင့် နီးသည့် ဝန်ထမ်းအိမ်ရာလေးသည် တောင်ပေါ်မြို့လေး၏ မြို့ပြင်တွင်ရှိသည်။
ထိုမြို့ပြင်မှ စာသင်ခန်းရှိရာ မိုင်အနည်းငယ်ဝေးသည့် မြို့လေးထဲသို့ ဘဝတူသူငယ်ချင်းတစ်စုနှင့်အတူ
ထမင်းဘူးကိုယ်စီကိုင်ကာ ခြေလျင်ကျောင်းတက်ခဲ့ရသည်။ ကျောင်းမုန့်ဈေးတန်းသို့ သူငယ်ချင်းများသွားနေချိန်တွင်
သူက အမေ ထည့်ပေးလိုက်သည့် သားရေစာကိုစားရင်း စာသင်ခန်းထဲတွင် ငြိမ်နေခဲ့ဖူးသည်။ ထိုအခြေအနေမျိုးကို
ငြိုငြင်စိတ်မဝင်ခဲ့သော်လည်း ညနေကျောင်းဆင်းချိန် အခန်းတူ၊ အတန်းတူသူငယ်ချင်းများ၏
မိဘ အသီးသီးက လာကြိုသည့်မြင်ကွင်းကို မြင်ရဖန်များလာသောအခါ သိမ်ငယ်စိတ်က မသိမသာဝင်လာ
တော့သည်။ စားမတော်သော်လည်း စာကြိုးစားသည့် သူသည် အတန်းပိုင်ဆရာမ၏ သူငယ်ချင်းများ အပေါ်
အထူးအရေးပေး ဂရုစိုက်ခြင်းနှင့် သူ့အပေါ်လစ်လျူရှုခြင်းကို သိမြင်လာရသောအခါ စာကြိုးစားချင်
သည့်စိတ်က ရာခိုင်နှုန်းတော်တော်များများ လျော့သွားသည်။ နွမ်းပါးသည့် သူု့ကို အတန်းဖော်သူငယ်ချင်း
များ၏ ဝိုင်းပယ်နှိမ့်ချခြင်းက မကြာခဏကြုံလာရသောအခါ ကျောင်းဆိုသည့်အရာကို သူမုန်းတီးလာသည်။
ကျောင်းစာကို သူစိတ်မဝင်စားတော့။ အမေက စာကြည့်ခိုင်း၍သာ အမေကိုချစ်စိတ်ဖြင့် သူမနှစ်သက်
တော့သည့် ကျောင်းစာကို ကျက်ခဲ့ရခြင်း ဖြစ်သည်။ ထိုအကျိုးဆက်အဖြစ် ယခုအချိန် သူ၏ဧည့်ခန်းတွင်
ဘွဲ့ဓာတ်ပုံတစ်ခုကို ချိတ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
တောင်ပေါ်မြို့လေးတွင် သုံးနှစ်ခန့်နေပြီးနောက်
သူ့ဇာတိချက်မြှုပ်ဖြစ်သည့် အပူပိုင်းဒေသလေးသို့ တစ်မိသားစုလုံး ပြောင်းလာခဲ့ကြသည်။
အမေ့ဘက်မှ ဆွေမျိုးမောင်နှမများကြားတွင် ခေတ္တနွေးထွေး သယောင် ထင်ခဲ့ရသည်။ လေးတန်းအောင်ပြီးနောက်
ငါးတန်းတက်ရန် ပြင်ဆင်ချိန်တွင် ဘယ်ကျောင်းတက်မလဲဆိုသည့် မေးခွန်းနှင့် တိုးရတော့သည်။ အများစုက ရပ်ကွက်လေးနှင့်နီးသည့် အလယ်တန်းကျောင်းလေးတွင်
တက်စေလိုကြသည်။ အကြောင်းပြချက်က သွားရေးလာရေး လွယ်ကူ၍ ဖြစ်သည်။ သူကျောင်းတက်ရန်အတွက်
ဝန်ထမ်းအဖေသည် စက်ဘီးတစ်စီး ဝယ်မပေးနိုင်သေးချိန်လည်း ဖြစ်သည်။ သူကတော့ မြို့ထဲမှာရှိသည့်
အထက်တန်းကျောင်းကြီးတွင်သာ တက်လိုသည်။ ရွေးချယ်ခွင့်က သူ့လက်ထဲတွင် ဖြစ်သည်။ မိုင်အနည်းငယ်ဝေးသည့်
မြို့ထဲကျောင်းသို့ ခြေလျင်တက်ရန် သူဆုံးဖြတ် လိုက်သည်။ ဘာအရေးလဲ။ သူ့ဘဝရဲ့အစ ပညာဆည်းပူးရာတွင်လည်း
ခြေလျင်သွားခဲ့ရသေးသည် မဟုတ်လား။
စက်ဘီးနောက်တွင် တင်ခေါ်ရမည်စိုးသဖြင့်
မမြင်ချင်ယောင်ဆောင်သွားသော၊ အဆက်အဆံ ဖြတ်တောက်သွားသည့် ဝမ်းကွဲညီအစ်ကို မောင်နှမများကြောင့်
ဆင်းရဲနွမ်းပါးမှုကို ပထမဆုံးအကြိမ် စက်ဆုပ်သွားသည်။ အဖေတန်ဖိုးထားသည့် ဝန်ထမ်းဘဝကို
သူ မနှစ်မြို့တော့။ မပြည့်စုံသည့် ဝန်ထမ်းသားသမီးဘဝ၏ ခါးသီးမှုရသကို စတင်သတိပြုမိသွားခြင်း
ဖြစ်သည်။ ထို့အတူ မာနကို ဘယ်လို အရောင်တင်ရမလဲ ဆိုသည့်နည်းအား သိရှိသွားချိန်လည်းဖြစ်သည်။ လွယ်အိတ်တစ်လုံး စလွယ်သိုင်းကာ သူတက်လိုသည့် ကျောင်းကို
ပြုံးပြုံးကြီး တက်ခဲ့လိုက်သည်။ ပန်းတိုင်ဆီကို သွားသည့်လမ်းက တစ်ခုတည်း သာ မဟုတ်ပေ။
လမ်းတွေက အများကြီးပဲ မဟုတ်လား။ မည်သို့ပင်ဖြစ်စေ လူငယ်တစ်ယောက်၏ သူ့မာနကို ချစ်စိတ်၊
အရောင်တင်လိုစိတ်ဖြင့် ခက်ခဲချိန်တချို့ကို ဖြတ်သန်းနိုင်ခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင်တော့
သူငယ်ချင်းများ၏ စက်ဘီးနောက်တွင် သူပါသွားတတ်မြဲဖြစ်သည်။
ဆယ်တန်းအောင်ပြီးနောက် (Distance) အဝေးသင်တက်သည်။
(Day) ဒေးကျောင်းသားဘဝကို မက်မောသော်လည်း အကုန်အကျသက်သာသည့် အဝေးသင်ပညာရေးကို ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။
ဖြစ်ချင်ရာဖြစ်ခွင့်မရသည့် ဘဝထဲတွင် ဖြစ်သင့်ရာတစ်ခုကို ရွေးလိုက်ခြင်းဖြစ်သည်။ အဝေးသင်
ကျောင်းသားဘဝတွင် ခရမ်းရောင်ပန်းဘီးတစ်စင်းကို သူပိုင်သည်။ အနီရောင် ကချင်လွယ်အိတ်ကလေးက
ပခုံးထက်မှာရှိသည်။ ထိုလွယ်အိတ်ထဲမှာ တက်ခေါက်သံတွေရှိသည်။ လက်ခေါက်သံတွေရှိသည်။ ကဗျာတွေရှိသည်။
ဝတ္ထုတွေရှိသည်။ ချစ်သူကို အခွံနွှာပေးဖို့အတွက် နေကြာစေ့ထုပ်တွေရှိသည်။ ချစ်သူပေးခဲ့ဖူးသည့်
ပုဝါဖြူလေးရှိသည်။ မျှော်လင့်ချက်အပြည့်နှင့် အိပ်မက်တွေရှိသည်။
အိပ်ကပ်ထဲတွင် သူ့တစ်ယောက်စာ လက်ဖက်ရည်ဖိုးရှိသည်။
ဆိုင်မထိုင်ဖြစ်တာများလာလျှင် ခင်မင်သည့်သူငယ်ချင်းတစ်ဦးဦးအား ကဲန်တင်းသွားရအောင်ဟု
ခေါ်နိုင်သည့် အခြေအနေတစ်ခုကို ပိုင်ဆိုင်လာသည်။ ကြီးမားထွားကျိုင်းသည့် ဆိုင်ကယ်ကြီးများ၊
ပြောင်လက်တောက်ပလွန်းသည့် ကားအလှများ၊ အရောင်အသွေးစုံလင်လှသည့် ပန်းပွင့်ငယ်များနှင့်
ခမ်းနားထည်ဝါလွန်းသည့်ဝန်းကျင်တွင် စက်ဘီးငယ်လေးတစ်စီးဖြင့် အဆိုးမြင်စိတ်မဝင်ဘဲ ပျော်ရွှင်ကြည်နူးခဲ့ရသည်မှာ
နံဘေးမှာရှိနေသည့် ချစ်သူကြောင့်ဖြစ်မည်ထင်သည်။ လောကကြီးကပေးသည့် သိပ်မများလှသည့် လက်ဆောင်ထဲမှ
အကောင်းဆုံးသောလက်ဆောင်မှာ သူမ ဖြစ်သည်။ မြန်နှုန်းမြင့်ကားများ၊ ဆိုင်ကယ်များ၊ ကြီးမားထည်ဝါမှု
များကို လျစ်လျူရှုကာ သို့မဟုတ် မပြည့်စုံသည့် ဘဝအခြေပြဇယားများကို မေ့လျော့ကာ အဓိပတိလမ်းမထက်တွင်
သူမလက်ကို ဆွဲပြီး လမ်းလျှောက်ခဲ့ဖူးပြီ။ ကျောင်းတော်ကြီး၏လှပမှုကို
သူမကို
ချစ်သည့်စိတ်ဖြင့် မြင်တတ်ခဲ့ပြီဖြစ်သည်။
ကျောင်းပြီးသွားသည့်နောက် ဘဝလက်တွဲဖော်အဖြစ်
သူရွေးချယ်ခဲ့သူမှာ သူမဖြစ်သည်။ ဘဝနှစ်ခု ပေါင်းစပ်မြဲမြံဖို့အတွက် ရွှေတွေမလိုဘူး၊
ငွေတွေမလိုဘူး၊ တစ်ဦးနဲ့တစ်ဦး နားလည်ဖို့ပဲလိုတယ် မဟုတ်လား။ (Heart to Heart) ဟတ်တူ
ဟတ် ဖြစ်နေသည့် သူမနှင့်သူ လက်တွဲပြီးမှာတော့ ဘဝရဲ့ရသ ဆေးခါးကြီးတွေက ရနံ့သင်းတဲ့ ကော်ဖီခါးလေးတွေအဖြစ်
ပုံပြောင်းသွားခဲ့ရသည်။ ဝန်ထမ်းအဖြစ်ကို မနှစ်သက်ဖူးသောသူသည် ပုဂ္ဂလိကဝန်ထမ်းအဖြစ်နှင့်
အလုပ်အမျိုးမျိုး ပြောင်းခဲ့ဖူးပြီ။ ရာသီတွေ
အရောင်ရင့်လာသလို သားနှစ်ယောက်တိုးလာခြင်းဖြင့် မိသားစုဟူသည့် အနုပညာမြောက်စကားလုံးတို့
ပိုမိုပီပြင်လာခဲ့သည်။
တကယ်တော့ သူသည် ချောင်မှာငေးရင်း ကလောင်သွေးလိုသူဖြစ်သည်။
လက်တွေ့ဘဝဖြစ်စဉ်ထဲ မှာတော့ အစာအိမ်တစ်ခုအတွက် သို့မဟုတ် သူ့ကိုမှီခိုနေသည့် သမုဒ္ဒရာသုံးစင်းအတွက်
ကိုယ်စိတ်နှလုံး အားလုံးကို ဝန်းကျင်သစ်တစ်ခုတွင် ကိုးနာရီတိတိရောင်းစားရင်း ဘဝကို
ရှေ့ဆက်နေရသူတစ်ဦးသာ ဖြစ်သည်။ ကံကောင်းသည်လား၊ ကံဆိုးသည်လား ဆိုသည်ကိုတော့ သူ မဝေခွဲနိုင်ခဲ့ချေ။
ထိုအလုပ်သည် သူ့ဂုဏ်သိက္ခာကို မတိုက်စားသော်လည်း သူ့နှလုံးသားကိုတော့ တတိတိတိုက်စားသည်။
သူ့စိတ်ကို တရိရိညှဉ်းသည်။ တစ်ခါတစ်ခါတော့ ထွက်ပြေးလွတ်မြောက်ခြင်း မရှိသည့် ပတ်လမ်းထဲမှာပြေးရင်း
သူမောပန်းလာသည်။
သူသည် မွေးရာပါ ခါးကုန်းတစ်ဦး မဟုတ်ပါ။
(Customer Right) ဆိုသည့် စကားလုံးအောက်တွင် သူ့ခါးသည် ပြန်မမတ်နိုင်တော့သလို ငြင်းဆန်သည့်
သင်္ကေတအဖြစ် ခေါင်းရမ်းခြင်းကို မေ့လျော့သွားသည်။ အချိုလွန်နေသည့် စကားလုံးများ အမြဲတမ်းနီးပါး
စီးဆင်းနေသည့် နှုတ်ဖျားမှ ပင်ကိုယ်ဘာသာစကားတို့ ပျောက်ဆုံးကုန်သည်။ (Dead Smile) တို့ကို
မျက်နှာထက်မှာ ကျဲချထားသောကြောင့် (True Smile) တို့ လန်းလန်းစွင့်စွင့် မပွင့်တော့သည်မှာ
ကြာပြီဖြစ်သည်။ မောက်မာရိုင်းပြသည့် စကားလုံးကျောက်သားများ နားစည်အတွင်း ပြိုဆင်းလာခြင်းကို
မျက်မှောင်တစ်ချက်မတွန့်ဘဲ အပြုံးမျက်နှာဖြင့် ရိုကျိုးစွာနာယူတတ် သည်မှာ ကော်ဖီခါးခါးမှောက်ကျထားသည့်
သင်ရိုးတစ်ခုကြောင့်ဖြစ်သည်။ ဝန်းကျင်ကို မပြောင်းလဲနိုင်သေး ချိန်တွင်တော့ လိုက်လျောညီထွေရှိအောင်
ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်ရမည်ဟူသော အသိတစ်ခုကို စွဲကပ်ထားလိုက်သည်။ ကဗျာဆရာမတစ်ယောက်၏
" ကောင်းကင်ကိုမိုးရတာ သိပ်ပင်ပန်းတာပဲဖေဖေ " ဆိုသော စာသားကို သတိရလိုက်မိသေးသည်။
ဘဝရဲ့ရသတွေထဲမှာ ဒုက္ခဟာ ဆားတစ်ပွင့်ဆိုလျှင် သူ့အတွက်ဖြစ်ထွန်းသည့် ဆားတောင်တွေက မြင့်မားလွန်းလှချည့်လား။
" ဖေဖေပြန်လာရင် မုန့်ဝယ်ခဲ့…"
" မောင်ရေ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းနော်…"
ထိုသို့သော စကားလုံးများအောက်တွင် ဆားတောင်တို့က
ပိုမိုမြင့်မားလာခဲ့ကြသည်။ သင့်မှာရော ဆားတောင်တွေ ရှိတုန်းပဲလား။ လောလောဆယ်မှာတော့
ပျားရည်တစ်စက်အတွက် ဆားတောင်တွေကို ဖြိုကာ ဆားကုန်သည်လုပ်ရဦးမည်။ မနှစ်သက်သည့်အလုပ်ကို
မုန်းမုန်းကြီးဆက်လုပ်နေသည့် သူ့အတွက် သင် ကဲ့ရဲ့ရှုတ်ချနိုင်သည်။ ထိုအရာ ထိုအခြေအနေသည်
သူ့ဘဝဖြစ်သည်။ သို့မဟုတ် သင်ကလက်ခုပ်တီး အားပေးနိုင်သည်။ သည်အရာသည် သင့်အခွင့်အရေး
ဖြစ်သည်။ ကဲ ကော်ဖီတွေအေးမသွားခင် သင်ဘာလုပ်မလဲ။ ဘဝကိုထမ်းပိုးထားရသည့် သူ့အတွက် ဘဝက
လေးလံလွန်းလှသည်။ ကော်ဖီသောက် မည့် သင့်အတွက် ကော်ဖီတွေက ဝေးလံလွန်းလှသည်။
ကြိုးစားသမျှ အရာထင်ချင်သည်မှာ လူ့သဘာဝဖြစ်မည်ထင်သည်။
ပမာဆိုရလျှင် ဆိုင်ကယ်တစ်စီး ကို ဂီယာကုန်၊ လီဗာကုန်ဖြင့် မိုင်ကုန်မောင်းလို့ရပါသည်။
သို့သော် သွားမည့်ခရီးဝေးအတွက် ဆီဖြည့်ထားဖို့တော့လိုသည်။ ဝန်ထမ်းဖြစ်မှတော့ အထက်လူကြီးခိုင်းတာလုပ်ရမှာကို
မကြောက်ဘူး ဆိုတာကိုတော့ သိစေချင်ပါသည်။ (Over Load) တွေအတွက် (Supply) ကောင်းကောင်းတော့
လိုချင် သည်။ မိုင်တစ်ရာခရီးကို ဆီတစ်စိတ်မျှဖြင့် အရောက်သွားလိုသည့် လူကြီးမင်းများ
အုပ်ချုပ်သည့် ပုဂ္ဂလိက လုပ်ငန်းစုကြီးတစ်ခုတွင် ရပ်တည်နေရသည့် သူ့အဖြစ်က ခက်ခဲလွန်းလှသည်။
တွဲလောင်းဆွဲထားသည့် သူ့လက်အစုံကို လွှတ်ချလိုက်ဖို့ မကြာခဏ စဉ်းစားမိသည်။ ဆက်လက်ဆုပ်ကိုင်ထားစေသည့်
အကြောင်းအရာတွေက မများလှသော်လည်း သူကတော့ အင်အားတစ်ရပ်ဖြင့် ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေ
ဆဲ ဖြစ်သည်။
မူလတန်းကျောင်းသားဘဝတွင် အမေကိုချစ်သည့်စိတ်ဖြင့်
မနှစ်သက်သည့်အရာကို ကျော်ဖြတ်နိုင် ခဲ့သည်။ အထက်တန်းကျောင်းသားဘဝတွင် လူငယ်တစ်ယောက်၏
မာနဖြင့်၊ တက္ကသိုလ်မှာတော့ ချစ်သူထံမှ အင်အားဖြင့် အခက်အခဲတချို့ကို ဖြတ်ကျော်ခဲ့ဖူးသည်။
လက်ရှိအချိန်မှာတော့ သူချစ်သည့် မိသားစုဆိုသော အင်အားဖြင့် ရင်ဆိုင်နေခြင်းဖြစ်သည်။
" မိသားစု "တဲ့။ ဘယ်လောက်လှလိုက်သလဲ။ ဘယ်လောက် အနုပညာဆန်လိုက်သလဲ။ စကားလုံးလေးကတော့
သုံးလုံးပဲဖြစ်သည်။ ထိုသုံးလုံးသော စကားလုံးလေးများက ချစ်ဇနီးနှင့် သားနှစ်ယောက်ကို
ကိုယ်စားပြုသည့် သင်္ကေတတစ်ခုဖြစ်နေသည်။ ထိုသင်္ကေတသည် သူ၏ (Logo) လိုဂိုဖြစ်သည်။ သူ၏
(Life) ဘဝဖြစ်သည်။ သူ၏ (Dream) အိပ်မက် ဖြစ်သည်။ သူ၏ (Hope) မျှော်လင့်ချက်ဖြစ်သည်။
သင့်ဘဝကို ဘယ်လိုဖြတ်သန်းနေသလဲဆိုတာကိုတော့
သိစမ်းချင်လှသည်။ သူကတော့ ဘဝကို ကော်ဖီသောက်ရင်း ဖြတ်သန်းနေသူ ဖြစ်သည်။ ခပ်သက်သက်ရနံ့လေးသင်းနေသည့်
ဘဝ၏ကော်ဖီကို သူတရှိုက်မက်မက် သောက်သုံးနေဆဲဖြစ်သည်။ ခုချိန်ထိတိုင် စွဲလမ်းနှစ်ခြိုက်နေဆဲ
ဖြစ်သည်။ ကဲ သင်ရော…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(အမှတ် ၃၂၃၊ အောက်တိုဘာ ၂၀၁၆ ရွှေအမြုတေ မဂ္ဂဇင်း)
https://www.facebook.com/htooaungwintt/
Comments
Post a Comment