ဖတ်စရာ ရှားသလား


ဖတ်စရာ ရှားသလား 
စာရေးသူ=လူထုစိန်ဝင်း

                'ဖတ်စရာ စာအုပ်တွေ လမ်းညွှန်ပေးပါ'

               လူငယ်လေးတွေ၊ အထူးသဖြင့် ခေတ်ပေါ်ဂျာနယ်လစ်လူငယ်လေးတွေ ရောက်လာ တိုင်း ပြောလေ့ ရှိတဲ့စကား ဖြစ်ပါတယ်။ လူငယ်တွေ စာဖတ်ဝါသနာ ပါကြတယ်။ စာလေးပေလေး ရေးချင်ကြတယ်။ ခေတ်ပေါ် ဂျာနယ်လစ်လူငယ်တွေက စလောင်းက မြင်တွေ့နေရတဲ့ စီအင်အင်တို့၊ အေဘီစီတို့၊ အင်ဘီစီတို့၊ ဘီဘီစီတို့လို သတင်းမီဒီယာကြီးတွေက သတင်းထောက်တွေ၊ သတင်းထောက်မလေးတွေကို အားကျပြီး သူတို့လို ဖြစ်အောင် ကြိုးစားချင်ကြတယ်။ ဒါကြောင့် စာတွေ ဖတ်ချင်ကြတယ်။
ကြိုးစားချင်စိတ်ရှိတာ၊ စာဖတ်ချင်စိတ်ရှိတာ အင်မတန်ကောင်းပါတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှာ၊ အားပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ဂျာနယ်တွေ ၁၅ဝ လောက်၊ မဂ္ဂဇင်းတွေ ၁၅ဝ လောက် ထွက်ရှိနေတဲ့ကြားက ဘာဖတ်ရမှန်းမသိ ဖြစ်နေတယ် ဆိုတာကတော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ ပြီးတော့ ဒီခေတ်မှာ နိုင်ငံခြားက တိုင်းမ်၊ နယူးစ်ဝိ၊ ဘစ်ဇနက်ဝိ စတဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ရီးဒါးဒိုင်ဂျက်လို လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စထရိတ်တိုင်း၊ ဘန်ကောက်ပို့စ်၊ နေရှင်းတို့လို နေ့စဉ်ထုတ် သတင်းစာတွေ ပုံမှန်ဝယ်လို့ ရနေတဲ့ အခြေအနေမျိုးမှာ ဘာဖတ်ရမှန်းမသိ ဖြစ်နေတယ် ဆိုတာမျိုးက သာပြီး မဟုတ်သေးဘူးလို့ ထင်ပါတယ်။
ဒီခေတ်လူငယ်တွေက သတင်းစာပညာကျမ်းတို့၊ သတင်းရေးနည်းပညာတို့လို စာအုပ်မျိုးတွေ၊ How to be a Journalist ဆိုတာလို စာနယ်ဇင်းသမားဖြစ်နည်း လမ်းညွှန်စာအုပ်မျိုးတွေ ဖတ်မှ စာနယ်ဇင်းသမား ဖြစ်နိုင်တယ်လို့ အထင်ရောက်နေကြဟန် ရှိပါတယ်။ ပြီးတော့ Fast Food တို့၊ Ready made ဝတ်စုံတို့နဲ့ပဲ ကြီးပြင်းခဲ့ကြလေတော့ ဘာမဆို ရယ်ဒီမိတ်တွေကိုပဲ အားကိုးနေကြတဲ့ အကျင့်ဆိုးကြီးက အရိုးစွဲနေကြဟန် ရှိပါတယ်။ ကျောင်းနေကြတော့လည်း ကျူရှင်က ထုတ်ပေးတဲ့ မှတ်စုလောက်ကိုသာ ကျက်မှတ်နေကြတဲ့ ခေတ်ကြီးကိုး။
အဲဒီလို ရယ်ဒီမိတ်လူငယ်တွေကို သတင်းစာသမားပီပီ 'လိုတိုရှင်း' ပဲ ပြောလိုက်ပါမယ်။ How To စာအုပ်မျိုးတွေ ဖတ်နေလို့ကတော့ ဘာပညာမှ တတ်မြောက်မှာ မဟုတ်ဘူး။ အချိန်ကုန်ရုံ သက်သက်သာ ရှိလိမ့်မယ်။ ပိုးသာကုန် မောင်ပုံစောင်းမတတ်ကိန်းပဲ ကြုံရလိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။
ပညာတရပ်ဆိုတာ မှတ်စုဖတ်ရုံနဲ့ မတတ်မြောက်ပါဘူး။ မော်တော်ကား မောင်းနည်း၊ ရေကူးနည်း ဖတ်ရုံနဲ့ ကားမောင်းတတ် ရေကူးတတ် မဖြစ်ပါဘူး။ ကိုယ်တိုင် လက်တွေ့ အလေ့အကျင့်လုပ်မှ တတ်မြောက် ပါတယ်။ အလေ့အကျင့် များများလုပ်လေ ကျွမ်းကျင်လေ ဖြစ်ပါတယ်။ ဒီလိုပြောလို့ စာအုပ်တွေ ဖတ်ဖို့မလိုဘူးလို့ ဆိုလိုတာ မဟုတ်ကြောင်းလည်း ပြောချင်ပါတယ်။ How To စာအုပ်မျိုးတွေ နောက်ကို လိုက်မနေဖို့ ပြောချင်တာပါ။ စာဖတ်တာကတော့ များများဖတ်လေ ကောင်းလေပါပဲ။ ဝတ္ထုရေးနည်း၊ ကဗျာရေးနည်း ဖတ်နေမယ့်အစား ဝတ္ထုစာအုပ်၊ ကဗျာစာအုပ်တွေကို ဖတ်၊ နည်းနာယူ၊ လေ့လာသုံးသပ်ပြီး ကိုယ်တိုင် ဝတ္ထုရေးကျင့်ဖို့၊ ကဗျာရေးကျင့်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဖတ်စရာတွေ အင်မတန် ပေါပါတယ်။ ဘယ်မဂ္ဂဇင်း ကောက်လှန်လှန် ဝတ္ထုတွေ၊ ကဗျာတွေ တွေ့နိုင်ပါတယ်။ ဘာသာရေး မဂ္ဂဇင်းမျိုးမှာတောင် ဝတ္ထုနဲ့ ကဗျာ ပါလေ့ရှိမြဲ ဖြစ်ပါတယ်။ ဂျာနယ်လစ် ဖြစ်ချင်သူများအတွက်လည်း ဂျာနယ်မျိုးစုံ ၁ဝဝ ကျော် ၁၅ဝ နီးပါး ရှိပါတယ်။ စိတ်ကြိုက် လေ့လာနိုင်ပါတယ်။ စာအုပ်တွေက အရေအတွက်သာ များပြီး အရည်အချင်း မရှိကြဘူး၊ ဒါတွေဖတ်လို့ အကျိုးမရှိဘူးလို့ မပြောပါနဲ့။ လောကမှာ အကျိုးမရှိတဲ့စာဆိုတာ မရှိပါဘူး။ မကောင်းတဲ့ စာအုပ်ဆီကလည်း ဘာတွေ မကောင်းတာလဲ၊ ဘာ့ကြောင့်မကောင်းတာလဲ ဆိုတဲ့ ပညာရနိုင် သင်ခန်းစာယူနိုင် တာပါပဲ။ အရေးကြီးတာက ဘယ်လိုစာအုပ် ဖတ်တယ်ဆိုတာ မဟုတ်ပါဘူး။ စာအုပ်ကို ဘယ်လိုဖတ်တယ် ဆိုတဲ့ စာဖတ်နည်းသာ ဖြစ်ပါတယ်။
စာဖတ်တဲ့အခါမှာ 'ပြီးကပစ်' မဖတ်သင့်ပါဘူး။ မကောင်းတဲ့ စာအုပ်ပဲ ဖြစ်စေဦးတော့ ဖတ်ပြီး ဝေဖန်ဆန်းစစ် ကြည့်ရပါမယ်။ စောစောက ပြောခဲ့သလို ဘယ်လို မကောင်းတာလဲ။ ဘာကြောင့်မကောင်းတာ လဲလို့ သုံးသပ်ရပါတယ်။ ကောင်းတဲ့ စာအုပ်ဖတ်ရင်လည်း ဘယ်လိုကောင်းတာလဲ။ ဘာကြောင့် ကောင်းတာလဲ ဆိုတာ ဝေဖန်ဆန်းစစ် ရပါမယ်။ အဲဒီလို သုံးသပ်ပြီး သင်ခန်းစာ ထုတ်ယူတတ်မှ၊ အတုယူတတ်မှ အကျိုးရှိစေပါတယ်။
အထူးသဖြင့် ဂျာနယ်လစ် ဖြစ်ချင်သူများက စာမှန်သမျှ အကုန်ဖတ်သင့်ပါတယ်။ ဂမ္ဘီရလည်း ဖတ်သင့်တယ်။ အားကစားလည်း ဖတ်သင့်တယ်။ ဖက်ရှင်လည်း ဖတ်သင့်တယ်။ လျှို့ဝှက်သည်းဖိုလည်း ဖတ်သင့်တယ်။ နိုင်ငံရေးလည်း ဖတ်သင့်တယ်။ နိုင်ငံတကာရေးလည်း ဖတ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စာနယ်ဇင်းဆိုတာ Something of Everything ကို ရေးသားရတာ ဖြစ်လို့ပါ။ မဖတ်သင့်တဲ့ စာအုပ်လို့ မရှိပါဘူး။ ဘယ်လိုစာအုပ်မျိုး ဖတ်တယ်ဆိုတာထက် စာကို ဘယ်လို ဖတ်တယ်ဆိုတာက ပိုပြီး အဓိကကျပါတယ်။

လူထုစိန်ဝင်း
Credit to (ပင်ဝါးရုံစာပေမှ ထုတ်ဝေတဲ့ လူထုစိန်ဝင်း ရဲ့ 'ဖတ်စရာ' စာအုပ်၊ ပထမအကြိမ်၊ ၂ဝဝ၇ မှ)

Photo:My Sis;

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း