ဒုက္ခကို ဆေးဆိုးဖူးတယ်

ဒုက္ခကို ဆေးဆိုးဖူးတယ်

              ဘဝဟာ ဒုက္ခတွေနဲ့ လေးလံပြီးသားပါ။ နဂိုဒုက္ခဆိုတာကတော့ သာမန်လူသားတစ်ယောက် အတွက် ရှောင်လွှဲလို့ မရနိုင်တဲ့ အရာပါ။ ခုဖြစ်နေတာက အပိုဒုက္ခအတွက် ပိုပြီးလေးလံတဲ့ဝန်ကို မသိမသာရော သိသိသာသာပါ ထမ်းနေကြတာမျိုးပေါ့။ ဆိုရရင် တတ်နိုင်သမျှတော့ အပိုဒုက္ခဆိုတာ ကို လျှော့နိုင်သလောက်တော့ ကြိုးစားပြီး လျှော့နေရတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အပိုဒုက္ခတွေက ရှိနေတုန်းပဲ။ သူတော်စင်တွေမှပဲ အပိုဒုက္ခကို ခွာချနိုင်တာမျိုး မဟုတ်လား။ အသက်ကြီးလို့ ဆံပင်ဖြူတာ သဘာဝပါ။ အဲဒါကို နက်အောင် ဆေးဆိုးလိုက်မယ်ဆိုရင်တော့ အပိုဒုက္ခကို စနစ်တကျ ခံယူလိုက်တာ ပဲလေ။ နောက်တော့ လစဉ်ဆိုးနေရတဲ့ ဒုက္ခတိုးလာတော့တာပေါ့။
ကျွန်တော့်အသက် သုံးဆယ့်ငါး ဆံပင်ဖြူတာ မဆန်းပါဘူးဗျာ။ ဒါပေမယ့် (Spa) က ညီမတစ်ယောက်က (ဆေးဆိုးသင့်တာပေါ့၊ ဒီလောက်လဲ အသက်မကြီးသေးပါဘူး၊ အနက်ရောင် မဆိုးနဲ့၊ ရောတဲ့ အရောင်လေးတွေရှိတယ်) လို့ မြှောက်ပေးတာနဲ့ ဆေးဆိုးဖြစ်လိုက်တယ်။ အနံ့ကလည်း ဆိုးလိုက်တာ လွန်ပါရော။ ကျွန်တော်က မွှေးလွန်းတဲ့အနံ့တွေလည်း မခံနိုင်တော့ နံတဲ့အနံ့ဆို ပိုဆိုးပေါ့။ ဆေးဆိုးပြီး နှစ်ရက်လောက်နေတော့ ကိုယ့်ရုပ်ကိုယ် မှန်ထဲကြည့်မိတယ်။ အော်ဂလီဆန်စရာကောင်းလိုက်တာ။ ဆံပင်အရောင်နဲ့ရုပ်နဲ့ လိုက်ပုံများ ရုပ်ကပြီတီတီနဲ့မို့ မှန်တောင် ကြာကြာမကြည့်ဝံ့ဘူး ဖြစ်သွားတယ်။ ဒီတစ်ခါတော့ ရှိစေတော့ဆိုပြီး ဆံပင်နက်ဆေးလည်း ထပ်မဆိုးဖြစ်ပါဘူး။ နံလွန်းလို့ ခေါင်းကိုက်တဲ့ ဝေဒနာလည်း မခံချင်တော့ဘူး။ ခုတော့ ဆံဖြူတွေ၊ ဆံနက်တွေနဲ့ နေသားကျသွားပါပြီ။ (High Light) ဖောက်ထားသလိုပဲ စမတ်ကို ဂွပ်လို့...။ ကျွန်တော်သိချင်တာက ခင်ဗျားရော ဒုက္ခကို ဆေးဆိုးသေးလား...။ ဆေးဆိုးရင် ဘာအရောင်တွေဆိုးလဲဗျာ...။ ဆေးဆိုးသည်ဖြစ်စေ၊ ဆေးမဆိုးသည်ဖြစ်စေ အိမ်ကို အလည်လာခဲ့စမ်းပါလို့ ဖိတ်ချင်တယ်ဗျ။ ကျွန်တော် ဆေးမဆိုးဘဲ စုထားတဲ့ ပိုက်ဆံလေးနဲ့ လက်ဖက်ရည်တိုက်ချင်လို့ပါ...။

ချစ်ခြင်းအားဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း