Sweet Memories
Sweet
Memories
ကျွန်တော်ငယ်ငယ်တုန်းက နွေကျောင်းပိတ်ရက်ဆို
ပြင်ဦးလွင်၊ အနီးစခန်းခြံမှာနေဖြစ်တာ များတယ်။ အဲဒီတုန်းက မေမြို့လို့ပဲခေါ်တယ်။ မေမြို့လို့ပဲ
နှုတ်ကျိုးနေတယ်။ မြို့ဝင်ဂိတ်ဝမှာရေးထားတာ က ပြင်ဦးလွင်မှ ခင်မင်လှစွာကြိုဆိုပါ၏တဲ့။
ဒါပေမယ့် ပြောဖြစ်တဲ့စကားတွေမှာ ပြင်ဦးလွင်ဆိုတဲ့စကားလုံး တစ်လုံးမှ မပါဘူး။ မေမြို့သွားမယ်။
မေမြို့မှာ အမျိုးတွေရှိတယ်။ မေမြို့မှာ သင်္ကြန်ကျမယ်… စသဖြင့်ပေါ့။
အနီးစခန်းခြံထဲရောက်ပြီး လေးရက်လောက်နေရင်
အိမ်လွမ်းပြီ။ အိမ်ကို စာရေးချင်တယ်ပြောလို့ ဝိုင်းစကြသေးတာကို မှတ်မိတယ်။ နောက် ညနေတိုင်း
မီးရထားကြီးဖြတ်သွားတိုင်း အိမ်ကိုလွမ်းပြီး ငိုတယ်။ အစ်ကို၊ အစ်မတွေက ဝိုင်းစကြတာပေါ့။
နောက်တော့ ပျော်သွားပါတယ်။ ကျွန်တော့်မှာ မရှိတဲ့အရာတွေ အဲဒီမှာရှိတယ်။ အိမ်မှာ ကျွန်တော်က
အကြီးဆုံးသား။ ကိုယ့်အောက် ညီမငယ်နှစ်ယောက်ပဲရှိတယ်။ ဟိုမှာကျ ကိုယ့်ထက်ကြီးတဲ့ အစ်ကိုရှိတယ်။
မောင်နှမ အားလုံးက ကိုကိုကြီးလို့ပဲ ခေါ်ကြတယ်။ နောက် မမပေါ့။ ကိုကိုကြီးက မီးမီးလို့ခေါ်ပေမယ့်
ကျွန်တော်တို့က မမခေါ်တယ်။ မမကြီးခေါ်တယ်။ လူကြီးတွေကခေါ်ရင်တော့ မီးငယ်ပေါ့။ နောက် ညီငယ်တစ်ယောက်ရှိသေး တယ်။
နောင့်နောင့်တဲ့ …အားလုံးက ခေါ်တာ။ ကျွန်တော်ကတော့ ချစ်စနိုးနဲ့…အဲဒီတုန်းက ချစ်စနိုးနဲ့ခေါ်တာလို့
မသိဘူး။ ချစ်လို့ခေါ်လိုက်တာ ညီလေးနောင့် လို့ပေါ့။ နောက်ထပ် ညီမငယ်လေးတစ်ယောက်က နောင့်ရင်း။
အားလုံးကို ချစ်တယ်။
အိမ်မှာက ကိုယ်ကအကြီးဆိုတော့ အလျှော့ပေးရတယ်။
အမှန်တရားဆိုတာ အလျှော့ပေးခြင်းပဲ။ လက်ထဲက ကိုယ့်ကစားစရာ အငယ်ကလာလုရင်လည်း ပေးလိုက်ရတာပဲ။
မပေးရင် အငယ်တွေအပေါ် မညှာဘူးပေါ့။ ဒီမှာတော့ ကိုယ်က အကြီးမဟုတ်တော့ဘူး။ ညှာစရာမလိုဘူး။
ဒါပေမယ့် အကြီးတွေကို ပြန်မပြောရဘူး။ အားလုံးဟာ အိုကေပါတယ်။ မမက ကျွန်တော့်ထက် တစ်နှစ်ကြီးတယ်။
ကိုကိုကြီးနဲ့က နည်းနည်းနှစ်ကွာတယ်။ အဲဒီတော့ မမနဲ့ပိုအဖွဲ့ကျတယ်။ သူက ဆရာလုပ်ရတာကို
သဘောကျတယ်။ ကျွန်တော်က အငယ်လုပ်ရတာကို နှစ်သက်တယ်။
ဆော့တဲ့အခါ မောင်နှမတတွေ ခွဲဆော့တာ
မဟုတ်ဘူး။ တစ်စုတည်းပဲ။ မမနဲ့ မငြင်းဖူးတာ သတိရတယ်။ နောက် မောင်နှမတတွေ ရန်မဖြစ်ဖူးဘူး။
ကိုကိုက အစသန်တယ်။ မမက အိညှောင့်အိညှောင့်နဲ့ ဂျီကျတယ်။ ညီလေးနောင့်က စိတ်ကြီးတယ်။
ခဏခဏလည်း စိတ်ကောက်တယ်။ ကျွန်တော်က ပုံပြောရတာကို သဘောကျတယ်။ မမနဲ့ မနက်အစောကြီး လက်ဖက်ရည် သွားဝယ်တာကိုလည်း
သတိရမိသေးတယ်။ အိမ်ကခိုင်းလို့ ဓာတ်ဗူးလေးနဲ့ မောင်နှမနှစ်ယောက် သွားဝယ်ကြတာ။ ဝယ်ပြီးပြန်လာတော့
လေကန်အားနဲ့ ဓာတ်ဗူးဖော့ဆို့လေးက "ဖောင်" ဆိုပြီး လမ်းတစ်ဖက်ရောက်တဲ့အထိ
ခုန်ထွက်သွားတယ်။ ကိုယ့်မှာ အံ့သြဘနန်းကို ဖြစ်လို့။ သိတယ်မို့လား ကလေးတွေသဘောကျရင်
ပြောပြီးရင်းရယ်၊ ရယ်ပြီးတော့လည်း ထပ်ပြောပြီးရယ်နဲ့။
နောက်ပြီး မှတ်မိတာတစ်ခုရှိသေးတယ်။
အိမ်က လူကြီးတွေက မမနဲ့ ကျွန်တော့်ကို ဈေးဝယ်သွား ခိုင်းတယ်။ အိမ်ကမှာလိုက်တာတွေဝယ်ပြီးတာတောင်
လက်ထဲမှာ ပိုက်ဆံတွေ ကျန်သေးတယ်။ အဲဒီမှာ မမက ပြောတယ်။ မောင်လေး ဒီမှာပိုက်ဆံတွေကျန်သေးတယ်၊
မမတို့ မုန့်ဝယ်စားရအောင်တဲ့။ ဒီကလည်း ဘာပြောကောင်းမလဲ၊ ဟုတ်ကဲ့ပေါ့။ မမကလည်း သူကြိုက်တဲ့မုန့်
သူဝယ်တယ်။ ကျွန်တော် ဝယ်ချင်တဲ့မုန့်လည်း ဝယ်ပေးတယ်။ စားချင်တာ မဟုတ်ဘူးနော်၊ ဝယ်ချင်တာ။
တကယ်တော့ ကိုယ့်ဘာသာ ကိုယ်ကြိုက်ရာဝယ်သုံးရတဲ့ အရသာကိုကြိုက်တာ။ ဒါကို ပိုက်ဆံတွေက
ပိုနေသေးတယ်။
အိမ်ရောက်တော့ ဝယ်လာတာတွေရော၊ ပိုတဲ့ပိုက်ဆံရော
ပြန်အပ်လိုက်တယ်။ ပိုက်ဆံတွေပိုနေလို့ မုန့်တွေဝယ်စားလာတာကိုလည်း ပြောပြလိုက်တယ်။ အဲဒီမှာ
ဆူခံထိတော့တာပဲ။ တကယ်တော့ လူကြီးတွေက ကလေးတွေချည်းသွားလို့ ပိုပေးလိုက်တာ။ ကံကောင်းတာက
ကျွန်တော်တို့က အရိုက်ကြမ်းတဲ့မိသားစုမှာ နေတာ မဟုတ်လို့ပဲ။ အဆူပဲ ခံရတယ်။ မမက အကြီးဆိုတော့
ပိုအဆူခံရတယ်။ အပြစ်ပေးခံရတာတော့ နှစ်ယောက်စလုံးပေါ့။ ဝယ်လာတဲ့အထဲကလား၊ အိမ်မှာလုပ်တာလား
မမှတ်မိဘူး၊ ဆနွင်းမကင်းတွေ မစားရဘူး။ ကျန်တဲ့မောင်နှမတွေအကုန်လုံး စားရတယ်။
အဲဒီမှာ သင်္ကြန်ကျရတာ နည်းနည်းတော့ ပျင်းစရာကောင်းတယ်။
ကိုယ့်မြို့မှာလို လမ်းသွားလမ်းလာ တွေကို ရေပက်ရတာထက် ခြံထဲမှာ ကိုယ့်မောင်နှမအချင်းချင်း
ရေပက်ကစားရတာကိုး။ သင်္ကြန်တစ်နှစ်မှာ တော့ အက်စ်အီးကိုဝယ် ဇိမ်နဲ့နေမယ်၊ ရင်ပူလာရင်
ဘီယာဆိုင်နားသွားစို့လား ဆိုတဲ့ မေဆွိရဲ့သီချင်းကို ညီလေးနောင့် အသံကုန်ဆိုတာကို အရင်ဆုံးကြားဖူးတာပါ။
ကိုယ့်မြို့ပြန်ရောက်မှ ကက်ဆက်ကဖွင့်တဲ့ အဲဒီသီချင်းကို ကြားခွင့်ရခဲ့တာပေါ့။ ညီလေးနောင့်က
ကျွန်တော့်ထက် တစ်နှစ်လောက်ငယ်ပါတယ်။ သူ့ဆီက ထမင်းချက်တာကို တတ်တာပါ။ သူ့ဆီကပဲ ဂနိုင်ဆိုတဲ့စကားလုံးကို
ကြားဖူးတာပါ။ ကိုယ်တွေက ပုဇွန်လုံးလို့သိထားတဲ့အကောင်ကို ဂဏန်းလို့ပြောတာက သူပါ။ (မတူဘူးဆိုတာကို
ကြီးမှသိပေမယ့် ဘယ်လိုမတူတာလဲဆိုတာကိုတော့ ခုထိရေရရာရာမသိသေးပါဘူး)။ (သိရသ္မိံမေ)ဆိုတဲ့ဂါထာကို
သူ့ဆီကနေ သင်ခဲ့ရတာပါ။
စာမေးပွဲပြီး နွေကျောင်းပိတ်ရက်တိုင်း
မေမြို့ကိုသွားဖြစ်ခဲ့တယ်။ ညနေဝင်တိုင်း ဆူညံနေတဲ့ ပုရစ်သံတွေကို အံ့သြဖူးတယ်။ ကျစ်…ကျစ်နဲ့
ညမှာမြည်သံကြားတိုင်း ကြယ်ကလေးတွေအော်တာလို့ ထင်မှတ်ဖူးတယ်။ လေးတန်းဖြေပြီးတဲ့နောက်မှာတော့
မေမြို့ကို မသွားဖြစ်တော့ဘူး။ ကျွန်တော် ခုနှစ်တန်းလောက်မှာ မောင်နှမတွေတစ်ခါဆုံတယ်။
နောက် နိုင်တီးနိုင်းမှာ ဆုံတယ်။ အဲဒီနောက် မောင်နှမတတွေ မဆုံဖြစ်ကြတော့ဘူး။ နိုင်တီးနိုင်းမှာ
မမနဲ့ စာအဆက်အသွယ်ရှိသေးတယ်။ သူရေးပြီး လှမ်းပို့လိုက်တဲ့ ကဗျာလေးတွေ သိမ်းထားတယ်။
(အိမ်မှာ ညီမအငယ်ဆုံးလေးရဲ့ သူငယ်ချင်းကောင်လေးတွေ အဆောင်အခက်အခဲကြောင့် အိမ်တစ်လုံးလုံးကို
အဆောင်အဖြစ် ငှားလိုက်တဲ့အခါ သေတ္တာထဲသိမ်းထားတဲ့ မမရဲ့ ကဗျာတွေ၊ ပေးစာတွေ အားလုံး ကဗျာချစ်တဲ့ အဆောင်နေကလေးတွေက
မ-ချသွားပါတယ်…၊ မှတ်မိတာတော့ ကောင်းကင်ကို မိုးရတာ သိပ်ပင်ပန်းတာပဲဖေဖေဆိုတဲ့ မမရဲ့
ကဗျာစာသားတချို့ပဲ)။
နောက်ပြီး စာရေးပျင်းတဲ့ကိုယ်ဟာ စာတစ်စောင်မှ
မပြန်ဖြစ်တော့ အဆက်ပြတ်သွား တယ်။ ဘော်ဒါဆောင်တစ်ခုမှာ စာသင်နေတာ သိတယ်။ လိပ်စာရှိတယ်။
စာမရေးဖြစ်၊ အလည်မသွားဖြစ်၊ ဖုန်းမဆက်ဖြစ်(အဲဒီတုန်းက ဖုန်းဆက်ဖို့ ခဲယဉ်းတယ်) ဒါပေမယ့်
စိတ်ထဲမှာ ဝေးသွားတယ်လို့ မခံစားမိဘူး။ သီချင်းရေးဖို့ ကြိုးစားနေတာ သိတယ်။ ကျွန်တော်မကြိုက်တဲ့(အဲဒီတုန်းက
ကြားတောင် မကြားဖူးသေးတဲ့) ထူးထူးခြားခြား ပုံသဏ္ဍာန်တွေ ဝတ်စားတတ်တဲ့ အဆိုတော်မမကို
သူပြောပြလို့ သူသဘောကျတာ သိတယ်။ ကျွန်တော် မင်္ဂလာဆောင်တော့ မမရောက်မလာတော့ဘူး။ ရန်ကုန်ကို
ရောက်နေပြီလို့ ထင်ပါတယ်။
ကိုကိုကြီးပဲ ရောက်လာတယ်။ သူကလည်း လာချင်လို့သာ
လာရတယ်။ မင်္ဂလာပွဲမပြီးခင် မန္တလေးကို ပြန်သွားရတာ။ ကျွန်တော့်ကို တွဲပြီးဓာတ်ပုံရိုက်ဖို့ပြောတယ်။
ခပ်ပိန်းပိန်းကိုယ်က ပွဲပြီးမှ အေးဆေးရိုက်မယ်စိတ်ကူးထားလို့ ပြီးမှရိုက်ကြရအောင် ကိုကိုကြီးလို့ပြောလိုက်မိတယ်။
ကိုကိုကြီးက ပြုံးလို့ပေါ့။ တကယ်တော့ သူ့ညီငယ်လေးကို ချီးမြှောက်ချင်လို့ မအားပဲနဲ့သူလာတာပါ။
ငယ်ငယ်တုန်းက ချစ်ကြောက်ခဲ့ရတဲ့ အစ်ကိုတစ်ယောက်ရဲ့အပြုံးကို ဒီနေ့ထိ ကျွန်တော်မမေ့သေးတာ
သေချာတယ်။ မင်္ဂလာဆောင် ဓာတ်ပုံတွေကြည့်ပြီး
ကိုကိုကြီးနဲ့ တွဲမရိုက်လိုက်ရတာကို စိတ်မကောင်းဘူး။ နောင်တရမိတယ်။
အဲဒီနောက်တော့ ရုန်းရင်းကန်ရင်း အားလုံးကို
အဆက်ပြတ်သွားတယ်။ ကျွန်တော် စာစရေးတော့ မမကို အရမ်းသတိရတယ်။ သူစာပေနယ်ထဲရောက်နေတာကို
မဂ္ဂဇင်းတွေဖတ်ရင်းသိတယ်။ သူတို့လောကသား အချင်းချင်းရဲ့ စာတချို့မှာပါတဲ့ သူ့အကြောင်းတိုတိတိလေးတွေဖတ်ရင်း
ဒီလောကထဲမှာ ဝင်ဆံ့နေတာ သိတယ်။ မဆက်သွယ်မိဘူး။ သူက ရန်ကုန်မဂ္ဂဇင်းတိုက်တစ်ခုမှာ လုပ်နေတာကိုသိတယ်။
မစုံစမ်းမိဘူး။ လွန်ခဲ့တဲ့သုံးနှစ်က သူ့အကြောင်းထည့်ရေးတတ်တဲ့သူတွေထဲက အယ်ဒီတာဆရာမ
တစ်ယောက်ကို မေးပြီး ဖေ့စ်ဘွတ်ခ်အကူအညီနဲ့ ပြန်တွေ့တယ်။ မမက ကျွန်တော့်ကို မမှတ်မိဘူး။
(Profile) ကို ဝင်ကြည့်ပြီး ကျွန်တော်ဖြစ်မယ်ဆိုတာ သိသွားတယ်တဲ့။ ကျွန်တော်လည်း အံ့အားသင့် မိတယ်။
နောက်ဆုံးတွေ့ခဲ့တုန်းက ခပ်ဝဝအစ်မကြီးက ပိန်သွားလိုက်တာ တကယ့်ကို ပိန်ပိန်သေးသေးလေး။
အဲဒီနောက်တော့ အဆက်အသွယ်ပြတ်နေတဲ့ ကိုကိုကြီးနဲ့ ပြန်တွေ့ရတယ်။ သူက နဖူးတွေဘာတွေပြောင်လို့…။
ငယ်တုန်းက အနီးစခန်းခြံထဲမှာ ပြေးလွှားခဲ့ကြတဲ့ ကလေးသုံးယောက်က ခုဆိုတစ်နေရာဆီမှာပေါ့။
ရန်ကုန်မှာ၊ မန္တလေးမှာ၊ နယ်မြို့လေးမှာ…။
(၂၀၁၃)ဟာ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်တယ်။
(၂၀၁၃)မှာ မေမေ မန္တလေးနန်းတော်ဆေးရုံ တက်တော့ ကိုကိုကြီးနဲ့ အပြင်မှာပြန်ဆုံခွင့်ရခဲ့တယ်။
နောက် (၂၀၁၄) ရှမ်းပြည်ဘက် ခရီးထွက်တော့ တောင်ကြီးမှာ ကိုကိုကြီးနဲ့ဆုံတယ်။ ဖေ့စ်ဘွတ်ခ်မှာ
ကျွန်တော်တင်တဲ့ပုံတွေကြောင့် မမကြီးက တောင်ကြီးရောက်နေမှန်း သိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ကိုကိုကြီးလည်း အလုပ်ကိစ္စနဲ့ အဲဒီနေ့ပဲ တောင်ကြီးကိုရောက်တယ်။ ကျွန်တော်ရှိတဲ့နေရာကိုရှာပြီး
လာတွေ့တယ်။ စားသောက်ဆိုင် တစ်ခုမှာပဲ ညနေစာ လိုက်ကျွေးတယ်။ ဘာပြောကောင်းမလဲ…ကျွန်တော်
ပျော်တာပေါ့…။ မမနဲ့ကတော့ ခုချိန်ထိ မဆုံဖြစ်သေးဘူး။
ဒီနေ့တော့ တိုက်ဆိုင်တာလေးတစ်ခုကြောင့်
အနီးစခန်းခြံထဲက ကလေးဘဝကို ပိုအမှတ်ရမိတယ်။ အဲဒီခြံထဲမှာ မမအမေ မေထားသောက်မယ့် ရေနွေးဓာတ်ဗူးနှစ်လုံးကုန်အောင်
ကျွန်တော်သောက်ထား မိတာကို သတိရတယ်။ ရေးမိုးချိုးပြီး အုန်းဆီလိမ်းတော့ နဖူးကနေစီးကျလာတဲ့အထိ
အုန်းဆီလိမ်းမိတာကို သတိရတယ်။ ခြံထဲက ငရုတ်သီးစိမ်း အရောင်တောက်တောက်လေးတွေခူးပြီး
ထမင်းစားရင် ထည့်စားဖို့ ရှပ်အင်္ကျီအိတ်ထောင်ထဲထည့်ထားမိတာကို သတိရတယ်။ (အဲဒီ ငရုတ်သီးတွေကို
မေထား အဝတ်လျှော်တော့ တွေ့သွားရော)။ အဲဒီတုန်းက အိမ်ဘေးမှာရှိတဲ့ လိပ်ခွံကြီးကိုလည်း
သတိရပါ တယ်။ ပြင်ဦးလွင်မှ ကြိုဆိုပါ၏ဆိုတဲ့ မြို့ဝင်ဂိတ်ကြီးကိုဖြတ်ပြီး ညာဘက်ဆက်သွားရတဲ့
ငယ်တုန်းကနေ ခဲ့ဖူးတဲ့ ကျောင်းကိုလည်း အမှတ်ရမိပါတယ်။ လွမ်းတော့ မလွမ်းမိပါဘူး။
ဒီနေ့ ကရွတ်ကင်းလျှောက် သတိရမိစေတာက
ကျွန်တော့်သားပါ။ သူက ပိုက်ဆံထားတဲ့နေရာကို သိတယ်။ သူ့အရပ်နဲ့ မမှီတော့ ကျွန်တော့်တူကို
ယူခိုင်းတယ်။ ကျွန်တော့်တူက သားထက် ခုနှစ်လကြီးပါတယ်။ သူက ပိုက်ဆံထားတဲ့နေရာက ယူပေးလိုက်တယ်။
နောက် ဈေးဆိုင်သွားပြီး ပုံဆွဲစာအုပ်ဝယ်တယ်။ မုန့်တွေဝယ်တယ်။ ပိုက်ဆံတွေဆုပ်ပြီးပြန်လာတာတွေ့လို့
သားတို့ အမေက မေးကြည့်မှ အကြောင်းစုံသိရတာ။ နောက်ပြီး ပိုက်ဆံထည့်ထားတာက သူကျောင်းသွားတိုင်း
ယူပေးနေတဲ့ မုန့်ဖိုးထည့်ထားတဲ့ထဲကလေ။ မနက်က ဖိုးဖိုးပေးထားတဲ့ မုန့်ဖိုးတွေမို့ သူ့မုန့်ဖိုးလို့
သားကြီးက ဆင်ခြေပေးပါတယ်။ ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေ ပေးလိုက်တဲ့ပိုက်ဆံတွေ ပိုတယ်မှတ်လို့သုံးခဲ့တာ ပါလို့
ဆင်ခြေကန်ခဲ့ဖူးတယ်။ သားတို့လက်ထက် မှာတော့ သူရတဲ့မုန့်ဖိုးမို့ သူသုံးတာပါလို့ ဆင်ခြေတက်တော့တာပဲ။
ငယ်တုန်းကတော့ အပြစ်ပေးတဲ့အနေနဲ့ မုန့်မစားရတော့ဘူး။ ခုသားတို့အမေကတော့ အိမ်နောက်ဘက်ခေါ်ပြီး
ဆုံးမနေလေရဲ့။ ဝါးခြမ်းပြားလေးလည်း ပါရဲ့။ သားကြီးလာလို့ အဖြစ်အပျက်လေးတွေကို ကျွန်တော့်လိုများ
မှတ်မိခဲ့ရင် (Sweet Memories) လို့များ ခေါင်းစဉ်တပ်နိုင် ပါ့မလားလို့လည်း တွေးလိုက်မိရင်း…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၇.၁၀.၂၀၁၆
ည ၉း၁၂ မိနစ်ပြီး)
(PS: ဓာတ်ပုံထဲမှာ မောင်နှမလေးယောက်ပါတယ်။ ကိုကိုကြီး၊ မမ၊ ကျွန်တော်၊ ညီလေးနောင့်)
https://www.facebook.com/htooaungwintt/
Comments
Post a Comment