သူငယ်ချင်း မင်း မကောင်းဘူး

သူငယ်ချင်း မင်း မကောင်းဘူး
 
ကျွန်တော့်ကို သူငယ်ချင်းတွေက ပြောတယ်။ ပြတ်သားလွန်းသူကြီးတဲ့။နေနိုင်လွန်းသူကြီးတဲ့။ အိမ်က မဒီ အပေါ်မှာပေါ့။ ဟုတ်တယ်...ကျွန်တော်က စိတ်မရှည်ဘူး။ အဲဒီတော့ ခပ်ပြတ်ပြတ်ပဲ။ ခင်ဗျားသဘောပေါက်အောင် နံပါတ်စဉ်ထိုး ပြောရရင်ဗျာ...
၁။ တစ်လကို လေးငါးရက်ကလွဲလို့ ကျန်တဲ့ရက်တွေ အိမ်ပြန်မအိပ်ဘူး ။
၂။ မိုးလင်းရင်လည်း ပြန်ချင်တဲ့အချိန်မှ ပြန်တယ်။
၃။ Breakfast ကို ဘယ်တော့မှ မျက်နှာချင်းဆိုင် တစ်ဝိုင်းထဲ မစားဘူး။
၎။ မိန်းမကို ဘယ်တော့မှ အရိပ်တကြည့်ကြည့် မနေဘူး။
၅။ တနေကုန် တနေခမ်းအိပ်ပြီး ညနေပိုင်း နိုးလာတော့လဲ သားတွေနဲ့သာ အတူနေတယ် ၊ မဒီ အနား ဘယ်တော့မှ မကပ်ဘူး။
၆။ ချွင်းချက်အနေနဲ့ ညစာလက်စုံစားပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း အွန်လိုင်းတက်တော့တာပဲ။
၇။ ပူညံပူညံလုပ်ခဲ့ရင်လည်း တစ်ခါတည်း အပြတ်ပြောတာ။ ကိုယ့်စကားတည်အောင်လို့။(ဆင်စွယ်တို့မည်သည် ပြန်ဝင်ရိုး ထုံးစံမရှိမဟုတ်လား။ ယောက်ျားကောင်းတို့စကားလည်း ဒီအတိုင်းပဲ)
၈။ သူဘာပြောပြော အမြဲတမ်း ကိုယ့်ဆုံးဖြတ်ချက်က အတည်ပဲ။
၉။ ကိုယ်က သိပ်ရွံတတ်တယ်။ နောက်ပြီး အရမ်းပဲ ဇီဇာကြောင်တယ်။
၁၀။ ကိုယ်က သိပ်နှမျောတယ်။ ကပ်စီးလည်းနည်းတယ်။
အဲဒီ အချက်တွေကြည့်ပြီး သူငယ်ချင်းတွေကပြောတယ်။ မင်းမကောင်းဘူးတဲ့။ ဘယ်တတ်နိုင်မလဲ။ ဒီအကျင့်က စွဲနေပြီကိုး။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပေါ့။ ဒီအချက်တွေ အားလုံးအတွက် ကိုယ့်မှာလဲ အကြောင်းပြချက် အဲလေ ဆင်ခြေရှိသဗျ...။ အချိန်ရရင်လည်း ဖတ်သွားပေါ့ဗျာ။
၁။ အလုပ်က ( Night Duty) ကိုးဗျ။ အဲဒီတော့ နားရက်နဲ့ (Public Holiday) မှာပဲ အိမ်မှာ ညအိပ်ရတာ။
၂။ မိုးလင်း ပြန်ချင်တဲ့အချိန် ပြန်ရတာပေါ့။ အလုပ်များတဲ့ရာသီဆို ကိုယ်ပြန်ချင်တိုင်း ပြန်ရမှတ်လို့။
၃။ Breakfast မျက်နှာချင်းဆိုင် စားလို့ရမလဲ။ ကိုယ်က ဘယ်အချိန်ပြန်ရောက်မယ်မှန်းမှ မသိတာ။ မတော် မဒီလေး အစာအိမ်တွေ၊ ဘာတွေ နာသွားရင် အခက်။
၎။ မဒီလေးကို အရိပ်တကြည့်ကြည့် ဘယ်နေနိုင်မလဲဗျ။ နေ့မအိပ်၊ညမအိပ်နဲ့ဆို ကြာရင် ဂေါက်သွားမှာပေါ့။
၅။ ညနေခင်းနိုးလာတော့ သူ့နား ဘယ်ကပ်နိုင်မလဲ။ မီးဖိုချောင်ဝင်နေတာကိုး။ သားတွေနဲ့ဆော့ရင်း ကလေးထိန်းရတာပေါ့။
၆။ ညစာစားပြီး သူက ကိုရီးယားကားကြည့်တယ်လေ။ အဲဒီတော့ တစ်ယောက်ထဲ ယောင်ချာချာမို့ အွန်လိုင်းတက်ရတာပေါ့။
၇။ ကိုယ်က နားပူ မခံနိုင်ဘူး။ (ဥပမာ-သူ့သူငယ်ချင်း ဘယ်သူဝယ်လာတဲ့ စိန်နားကပ်လေးက လှတာဘာညာဆို ချက်ခြင်းပဲ ဈေးမေးထားလိုက် ပြောပစ်လိုက်တယ်။ တစ်ဆက်တည်း ကိုယ့်ဟာကိုယ် ဘယ်တော့မှ လက်ဖက်ရည် ၀ယ်မသောက်တော့ဘူးလို့လဲ အပြတ်ပြောပစ်တာ။ ဟဲ ပိုက်ဆံတော့ ဘယ်အချိန်ပြည့်ပြည့်လေ။) ကိုယ်က နားပူ မခံနိုင်ဘူးမို့လား။ ခုဆို ဘယ်တော့မှ လက်ဖက်ရည် ၀ယ်မသောက်တော့ဘူး။
၈။ ကိုယ်က ဦးဆောင်သူပဲ။ ကိုယ့်ဆုံးဖြတ်ချက် အတည်ဖြစ်ရမှာပေါ့။ (ဆိုရရင် အထည်ဝယ်တဲ့အခါမျိုးပေါ့။ ဒီအဆင်လေးလည်း လှတယ်၊ ဒီအဆင်လေးလဲ ကြိုက်တယ်။ ဘယ်လို လုပ်ရပါ့။ သူ့ဆီက အဲဒီအသံထွက်လာရင် ကိုယ်ပဲဆုံးဖြတ်ပစ်လိုက်တာ။ ခပ်ပြတ်ပြတ်ပဲ။ နှစ်စ-စလုံးယူလိုက်။ ဟမ်း)
၉။ သိတယ်မို့လား။ လူပျိုထဲက ရွံတတ်၊ ဇီဇာကြောင်တတ်တော့လေ။ အလုပ်နားရက်မှာ အ၀တ်တွေ စုလျှော်တယ်။ သူလျှော်ရင် မစင်မှာ စိုးလို့။ ထမင်းစားရင်လည်း တစ်ဝိုင်းလုံးစာ ကိုယ်ပဲခူးလိုက်တယ်။ သူက ကလေးကိုင်လိုက်၊ ဘာလိုက်မို့လား။
၁၀။ ကိုယ်က ကပ်စီးလည်း သိပ်နဲတယ် မို့လား။ ကော်ဖီ ငါးဆယ်တန်တစ်ထုပ်တောင် နှစ်ရက်ခွဲသောက်တာ။ နှစ်ထုပ်ဆို ငါးရက်ရအောင် သောက်တာ။ မယုံမေးကြည့် အိမ်အလည်လာဖူးသူတိုင်း သိတယ်။ ဧည့်သည်တော့ မကောင်းတတ်လို့ တစ်ရာတန်တစ်ထုပ် နှစ်ခွက်ရအောင် ဖျော်လိုက်တယ်။ သူနဲ့ပတ်သက်လို့ ပြောရရင်တော့ နွေရာသီပူရင် ပန်ကာရှိပေမယ့် ဖွင့်မပေးဘူး။ မီတာတက်မှာစိုးလို့ ကိုယ်တိုင်ပဲ ယပ်ခပ်ပေးတယ်။ ယပ်တောင်ကတော့ အလှူနဲ့ နာရေးယပ်တောင် တချို့ပေါ့။ မင်္ဂလာဆောင် ယပ်တောင်ကတော့ သွားရင်းနဲ့ နှစ်ချောင်းထပ်ယူလာတတ်တော့ ပေါချင်းသောချင်းပေါ့။ အဲဒါက နွေမှာ။
မိုးရာသီ သူအပြင်သွားလို့ မိုးမိလာရင် ချက်ခြင်းပဲ ခေါင်းတွေဘာတွေ ရေသုတ်ပေးတယ်။ ကော်ဖီတွေဘာတွေ ကိုယ်တိုင်ဖျော်တယ်။(သူ့ကိုတော့ (၁၀၀)တန် ကော်ဖီတစ်ထုပ်တစ်ခွက်ပေါ့) ။ အအေးမိဖျားရင် ဆေးဖိုးက လွယ်ဘူးမို့လား။
ဆောင်းရာသီမှာတော့ တရုတ်ကလာတဲ့ စောင်တွေပဲ ချုံခိုင်းတယ်။ ငါးသောင်းခြောက်သောင်း ပေးရတယ်။ ၀ယ်ပြီး လေးငါးဆယ်ရက် ကျွန်တော် ထမင်းမစားနိုင်ဘူး။ ရင်တွေပြည့်နေလို့။ အဲလေ အဲဒီစောင်တွေကမှ နွေးတာမို့လား။ ကျွန်တော်ကတော့ အမွေးတုံးနေတဲ့ ဘာဘူစောင်ပြဲလေးနဲ့ အဆင်ပြေပါတယ်။ ယောက်ျားမို့လား။ သိပ်မအေးပါဘူး။ ကိုယ့်ဒူးလေးကိုယ် ပိုက်ထားလိုက်ရင် နွေးနေတာပဲ။ သူအအေးပတ်သွားရင် ဆေးဖိုးဝါးခနဲ့၊ ဓာတ်စာနဲ့ လွယ်ဘူးလေ။ ဒါ့ကြောင့်ပါ။
ဒါကို သူငယ်ချင်းတွေက ကျွန်တော့်ကို ပြောကြတယ်။ မင်းမကောင်းဘူးတဲ့။ ပိုက်ဆံမကုန်ရင် ကျွန်တော်ကတော့ အကုန်ကောင်းတာပဲ။ ကိုယ့်မူကိုတော့ အထိမခံနိုင်ဘူး။
ဟိုတစ်နေ့က လမ်းသွားရင်း ကံကောင်းပုံများ ပိုက်ဆံကောက်ရတယ်။ ကျနေတာလား လွင့်ပစ်ထားတာလား မသိဘူး။ နှစ်ရာတန် အနွမ်းလေးရယ်၊ တစ်ရာတန် တိတ်ကပ်လေးရယ်။ အဲဒါကောက်ပြီး ပလာတာ ၀ယ်ခဲ့တယ်။
အိမ်ရောက်တော့ သူ့ပေးလိုက်တယ်။ စကားရှည်ရှည်မပြောချင်တာနဲ့
" ရော့ ..."
သူက ပန်းကန်ထဲထည့်ပြီး ကိုယ့်ကျွေးမယ်လုပ်တော့ ခပ်တင်းတင်းပဲ ပြောလိုက်တယ်။
" စားပြီးပြီ ..."
အဲဒီ အကြောင်းတော့ သူငယ်ချင်းတွေ ပြောပြဘူးရယ်။ တော်နေ သူတို့က ပြောကြဦးမယ်။
"သူငယ်ချင်း မင်း မကောင်းဘူး ..." လို့...။
 
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.blogspot.com

Comments

Post a Comment

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း